← Chapters

မပြေလည်သေးသော ပြဿနာအတွက် တွေ့ဆုံခြင်း

Vol. 34 Ch. 503

မပြေလည်သေးသော ပြဿနာအတွက် တွေ့ဆုံခြင်း

Vol. 34 Ch. 503

တိုက်ပွဲမှာ ပြင်းထန်သော်လည်း ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျမှာ အုပ်စုနှစ်ခုလုံးမှ စစ်သည်တော်များတွင် စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသည်ကို မြင်တွေ့ခဲ့ရသည်။ ထိခိုက်သေဆုံးမှု များကြောင့် စစ်တပ် ဖွဲ့စည်းပုံ ပြိုကွဲသွားသည့် သာမန် သီအိုရီမှာ သူတို့ အပေါ်တွင်တော့ အကျုံးမဝင်ခဲ့ပေ။

မယုံနိုင်ဖွယ်ရာ ဗစ်တိုးရီးယား မြို့သားများမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး မြေအောက်လောက သတ္တဝါများမှာလည်း သဘာဝအတိုင်း ကြောက်ရွံ့ခြင်း မရှိသော စစ်သည်တော်များ ဖြစ်ကြ၏။ မြေအောက်လောကတွင် မည်သည့် အရာမဆို ဖြစ်ပျက် နိုင်ပေသည်။

မြေအောက်လောက သတ္တဝါများမှာ ပြင်ဆင်ထား ခဲ့ကြသော်လည်း ဗစ်တိုးရီးယား မြို့သားများမှာ ပိုမို ပြင်ဆင်ထားခဲ့ပြီး အဆုံး မရှိဟန် ရသော စစ်ကူများ ရှိနေ ခဲ့ကြသည်။

ဗစ်တိုးရီးယား မြို့သားများမှာ အမှောင်ဝင်ပေါက်တွင် အသာစီး ရရှိနေ ခဲ့ကြသည်။ သုံးနာရီကြာမျှ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရုဏ်တက်ချိန်ခန့်တွင် ထာဝရတိုင်းပြည်မှ သတ္တဝါများ အမှောင်ဝင်ပေါက်တွင် များများစားစား ထွက်ပေါ်လာခြင်း မရှိတော့ပေ။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော အမှောင်ဝင်ပေါက်ကို ထိန်းချုပ်မှု ရယူနိုင်ခဲ့ပြီး သူတို့ ခံတပ်များကို တည်ဆောက်စ ပြုလာ ခဲ့ကြသည်။

ကြီးမားသော ကျောက်တုံးများကို ကာကွယ်ရေး တံတိုင်း များအဖြစ် အသုံးပြုခဲ့ကြပြီး ဝင်ပေါက်ရှေ့တွင်မူ လမ်းပိတ်ဆို့မှုများကို ထားခဲ့ကြသည်။ ဂိမ်းမာများ ကိုယ်တိုင် ပြုလုပ်ထားသော မြှားပစ်စင်များနှင့် လောက်လွှဲကြီးများ ကဲ့သို့သော အမျိုးမျိုးသော ဧရာမ စစ်လက်နက်ပစ္စည်းများလည်း ရှိနေ ခဲ့ကြ၏။ သူတို့ မြို့စားပေါက်စီထံမှ ရခဲ့သော မြင့်မြတ်သော အလင်းတန်း အမြောက်များကိုလည်း ပိုင်ဆိုင် ထားကြသေးသည်။

မြင့်မြတ်သော အလင်းတန်း အမြောက်များမှာ အစွမ်းထက်လှ၏။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာမှာ မဟာမှော်အရှင် ခေါင်းပြောင်ထံမှ အမြောက်များကို မြင့်မြတ်သော အလင်းတန်းစွမ်းအားဖြင့် အားဖြည့်သွင်းနည်းကို သင်ယူ ခဲ့ကြသည်။ ဗစ်တိုးရီးယား မြို့သားများမှာ အမြောက်များ၏ အစွမ်းကို ကြုံတွေ့ခဲ့ဖူးပြီး ယခုမူ သူတို့က ၎င်းတို့ကို အသုံးပြု နိုင်တော့မည်။ မြင့်မြတ်သော အလင်းတန်းစွမ်းအားကို အသုံးပြုနိုင်သော ဂိမ်းမာ အုပ်စု တစ်စုက အမြောက်များကို စိတ်အားထက်သန်စွာ စမ်းသပ်ခဲ့ကြသည်။

အမြောက် တစ်လက် ပစ်ခတ်သည့်အခါတိုင်း ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာ အုပ်စုကြီး တစ်ခုလုံး အငွေ့ပျံ ပျောက်ကွယ်သွား ပေလိမ့်မည်။ ဂိမ်းမာများမှာ အောင်မြင်မှု ခံစားချက်နှင့် သူတို့၏ ဂုဏ်သတင်း ရမှတ်များ လျင်မြန်စွာ တိုးပွားလာခြင်းကို ပျော်မွေ့ခဲ့ကြသည်။

ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျမှာတော့ ဂိမ်းမာများ၏ စိတ်အားထက်သန်မှုကို နားမလည်နိုင်ပေ။ အကြောင်းမှာ သူ့အတွက် တစ်သက် မမေ့နိုင်စရာ ကြမ်းတမ်းသော တိုက်ပွဲ တစ်ခုကို ဖြတ်သန်း ခဲ့ရသောကြောင့်ပင်။

အလောင်းများ မရှိ နေခဲ့သော်လည်း စစ်မြေပြင်တွင် မီးလျှံများ လောင်ကျွမ်း နေခဲ့သည်။ စစ်မြေပြင် နေရာအနှံ့တွင် တွင်းနက်ပေါင်း များစွာလည်း ရှိနေခဲ့ပြီး ၎င်းက တိုက်ပွဲ၏ ပြင်းထန်မှုကို သက်သေခံ နေခဲ့သည်။

"အစည်းအရုံးဝင် အားလုံး၊ စုရုံးကြ။ ချက်ချင်း ဒီမှာစုရုံးကြ။"

ဂျော့ခ်ျက စစ်မြေပြင်ကို ကြည့်ရင်း စိတ်ဓာတ်ကျနေစဉ် သူ၏ နောက်မှ တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ပြော လိုက်သည်။ ဗစ်တိုးရီးယား မြို့သားများမှာ အနားယူရန် မလိုအပ်ပေ။ သူတို့က တိုက်ပွဲ အသစ် တစ်ခုတွင် ပါဝင် ကြတော့မည်လော။ ဂျော့ခ်ျ အံ့ဩ သွားခဲ့သည်။ သူ နောက်သို့ လှည့်ကြည့်လိုက်ရာ ပြုံးရွှင်ကာ စကားပြောဆို နေသော ဗစ်တိုးရီးယား မြို့သားများ စုရုံးနေသည်ကို မြင်လိုက် ရသည်။

"အမလေး၊ ဒါက အလန်းစားပဲ။ ငါ အော့ခ်ပစ္စည်း ကိရိယာ နှစ်စုံစာ ရခဲ့တယ်။"

"ငါတော့ ကန့်သတ်ဒန်ဂျင်နယ်မြေ တစ်ခုကို သွားစိန်ခေါ်တာထက် တိုက်ပွဲတွေမှာ ပါဝင်တာက ပစ္စည်း ကိရိယာတွေ ပိုမြန်မြန် ရနိုင်တယ်လို့ ခံစားရတယ်။"

"လူဆိုးလေး ယောဂအသင်းက အဖွဲ့ဝင်တွေ၊ အမြန် လုပ်ကြ။"

ထိုလူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီများ အော်ဟစ် ကြေညာနေသော လူအနီးတွင် စုရုံးနေခဲ့ကြသည်။ သူတို့က စည်းကမ်းမဲ့သော်လည်း သူတို့၏ အတိုက်အခိုက် စွမ်းဆောင်ရည်မှာတော့ မြင့်မားလှ၏။

ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျလည်း သူတို့ နောက်သို့ လိုက်သွားခဲ့သည်။ သူက သူတို့ ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို မေးမြန်းလိုသည်။ သူတို့က အနားယူရန် မလိုအပ်ကြသလော။

သူ့မှာ စိတ်ရှုပ်ထွေး နေခဲ့သည်။ အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံများလည်း ကြားနေရ၏။ မှိန်ဖျော့ဖျော့ လင်းနေသော ဥမင်လိုဏ်ခေါင်းထဲတွင် ဂျော့ခ်ျက သတ္တဝါ အုပ်စုကြီး တစ်ခု သူတို့ ဆီသို့ ပြေးဝင်လာသည်ကို တွေ့ခဲ့သည်။ ထိုအရာများမှာ မြေအောက်လောက သတ္တဝါများ ဖြစ်ကြောင်း သူ မှန်းဆနိုင်သည်။ ထိုဆိုးယုတ်တဲ့ သတ္တဝါများ နောက်တစ်ကြိမ် တိုက်ခိုက် လာကြသလော။

ဂျော့ခ်ျမှာ စိုးရိမ်မှုကို ခံစားခဲ့ရပြီး သူ၏ လက်နက်ကို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်သည်။ သူ၏ လက်မှာ အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် နာကျင်ကိုက်ခဲ နေခဲ့သော်လည်း ရန်သူများ ရောက်ရှိလာ နေကြဆဲပင်။ အခုက ကြောက်ရွံ့တုန်လှုပ်ရန် အချိန် မဟုတ်ပေ။

သူ သူ၏ ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို တွန်းပို့နေစဉ်မှာပင် သူ တုန်လှုပ်စ ပြုလာခဲ့သည်။

ဂျော့ခ်ျမှာ သူ လာမည့် နောက်ထပ် တိုက်ပွဲတွင်း ရှင်သန်နိုင်၊ မရှင်သန်နိုင်ကို သေချာ မသိတော့ပေ။ သူရဲကောင်း တစ်ဦး အနေဖြင့် သူ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် တိုက်ပွဲမှ ရှောင်ပုန်းနေ၍ မရပေ။

ဥမင်လိုဏ်ခေါင်း အဆုံးတွင်တော့ အော့ခ်များ၊ ဂိုဘလင်များ၊ ဂနိုမ်းများနှင့် ခွေးခေါင်းလူသားများက မြေလျှောက်ငှက်များကို စီးကာ ဂျော့ခ်ျနှင့် ဗစ်တိုးရီးယား မြို့သားများဆီသို့ ပြေးဝင် တိုက်ခိုက် ခဲ့ကြသည်။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည်လည်း မြေလျှောက်ငှက် မြင်းတပ်ယူနစ် ဆီသို့ ပြေးဝင် တိုက်ခိုက်ရင်း ကျယ်လောင်စွာ ဟစ်ကြွေး နေခဲ့ကြသည်။

...

ပက်ထရစ်စတားမှာတော့ ဖိုးဉာဏ်ကျယ် အနောက်သို့ လိုက်ရင်း ဒူးပင်ခွေကျ သွားခဲ့သည်။ သူ့ ပတ်လည်တွင်တော့ ထာဝရတိုင်းပြည်မှ ပြေးဝင် တိုက်ခိုက် လာနေသော စစ်သည်တော်များ ရှိနေ၏။ ပက်ထရစ်စတားမှာ စီနီယာ ဗိုလ်ကြီး ချယ်ရီ၊ ဖိုးဉာဏ်ကျယ်တို့ နှင့်အတူ တိုက်ပွဲငယ်များကိုသာ သွားရောက် လေ့လာ ရမည်ဟု ထင်ခဲ့သည်။ သို့သော် ၎င်းမှာ တိုက်ပွဲကြီး တစ်ခု ဖြစ်နေခဲ့သည်။

"စစ်ပွဲက ဒီလောက်ထိ ပြင်းထန်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ စစ်ပွဲက အရေးကြီးသည့် အလှည့်အပြောင်း အခြေအနေသို့ ရောက်ရှိနေ လိမ့်မည်ဟု မမျှော်လင့် ထားပေ။ တိုက်ခိုက်သူ ထောင်ပေါင်း များစွာပင် ရှိခဲ့ကြသည်။ ထို မြေပေါ်ကမ္ဘာ မွန်းစတားများမှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များကို အငွေ့ပျံစေရန် မြင့်မြတ်သော အလင်းတန်းစွမ်းအား ဖြည့်တင်းထားသော သူတို့၏ အမြောက်များကိုပင် အသုံးပြု ခဲ့ကြသည်။ ဟုတ်ပါသည်၊ သူတို့ အငွေ့ပျံ သွားခဲ့ကြသည်။

ထာဝရတိုင်းပြည်မှ စစ်သည်တော်များမှာလည်း အခြေအနေ ဆိုးရွားနေသည့် ကြားမှ လက်မလျှော့ ခဲ့ကြပေ။ သူတို့က သိမ်းပိုက် ခံထားရသော အမှောင်ဝင်ပေါက်ကို ပြန်လည် ရယူနိုင်ရန် ရဲရင့်စွာ ပြေးဝင် တိုက်ခိုက် ခဲ့ကြသည်။

စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ ထိုမျှ ရက်စက် ကြမ်းကြုတ်သော စစ်ပွဲကို ယခင်က မမြင်ဖူးခဲ့ပေ။

စီနီယာ ဗိုလ်ကြီး ချယ်ရီကို အလွန် ထိတ်လန့် စေခဲ့သော အရာမှာ အုပ်စုနှစ်ခုလုံးက သူတို့၏ စစ်သည်တော် အားလုံးကို အရုဏ်တက်ချိန်မှ နေဝင်ချိန်အထိ တိုက်ခိုက်ရန် စစ်ကြောင်း ဖြန့်ကျက် ခဲ့ကြခြင်းပင်။ သူတို့၌ အနားယူရန် ရည်ရွယ်ချက်ပင် မရှိကြပေ။

ပက်ထရစ်စတား၊ စီနီယာ ဗိုလ်ကြီး ချယ်ရီနှင့် ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျတို့မှာ စစ်ပွဲ၏ ရက်စက် ကြမ်းကြုတ်မှုတွင် နစ်မြော နေခဲ့ကြပြီး သူတို့ တုန်လှုပ် နေခဲ့ကြသည်...

...

ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အရှင်၏ ရုံးခန်းတွင်။

နီကိုလပ်စ်က သူ၏ ရုံးခန်းစားပွဲ ရှေ့တွင် ထိုင်ကာ အစီရင်ခံစာကို လေးနက်စွာ စိုက်ကြည့်နေ ခဲ့သည်။ ၎င်းမှာ စီနီယာ ဗိုလ်ကြီး ချယ်ရီထံမှ ခုလေးတင် ရောက်လာသော အစီရင်ခံစာ တစ်စောင် ဖြစ်၏။

အစီရင်ခံစာကို ဖတ်ရှုပြီးနောက် နီကိုလပ်စ်၏ နှလုံးသားမှာ နက်ရှိုင်းသော ချောက်နက်ကြီးထဲသို့ ပြုတ်ကျ သွားခဲ့ရသလိုပင်။

အစီရင်ခံစာပါ အကြောင်းအရာမှာ အလွန် အသေးစိတ်ကျပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။ နီကိုလပ်စ်မှာ မြေပေါ်ကမ္ဘာ မွန်းစတားများ၏ ကြီးမားသော အစွမ်းကြောင့် ထိတ်လန့် သွားခဲ့သည်။ ၎င်းရန်သူများမှာ သူကောင်းမျိုး သို့မဟုတ် မြို့ငယ်လေး တစ်ခုမှ အင်အားစု တစ်စုမျှသာ မဟုတ်ခဲ့ပေ။ အမှောင်ဝင်ပေါက်ကို ထိန်းချုပ်နိုင်ရန် စစ်သည်တော် သောင်းဂဏန်းမျှ ကျဆုံးခဲ့ရသည်။ နှစ်ဖက်စလုံးမှ အဆုံး မရှိသော စစ်ကူများ ရောက်လာကြပြီး ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲမှာ အခုအချိန်အထိ ဆက်လက် ဖြစ်ပွားနေဆဲပင်။ ထာဝရတိုင်းပြည်မှာ အမှောင်ဝင်ပေါက်ကို ထိန်းချုပ်နိုင်ထားခြင်း မရှိပေ။

နီကိုလပ်စ် သူ၏ မေးစေ့ကို သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် ထောက်ထားခဲ့သည်။ သူ သူ၏ လက်ထောက်ကို လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်။ "အမြန်လုပ်။ ဒီစာကို ကုန်သည် မဟာမိတ် အဖွဲ့ ဌာနချုပ်ကို ပို့လိုက်။ မြောက်ပိုင်း မြေအောက်လောက,က ဒန်ဂျင်အရှင် အားလုံးကို အကြောင်းကြားလိုက်ပါ။ ငါတို့ အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပရတော့မယ်။"

All Chapters