← Chapters

ထွက်ပြေးလော့၊ ဗိုလ်ချုပ်ရှီဒန်။

Vol. 34 Ch. 504

ထွက်ပြေးလော့၊ ဗိုလ်ချုပ်ရှီဒန်။

Vol. 34 Ch. 504

ဂိုးလ်ရှိုင်းယားမြို့တွင်။

ဗိုလ်ချုပ်ရှီဒန်မှာ ဂျော့ခ်ျထံမှ သတင်းကို စိုးရိမ်တကြီး စောင့်ဆိုင်း နေခဲ့သည်။ သူ ထွက်ခွာသွားသည်မှာ ငါးရက်ပင် ရှိနေလေပြီ။ ဗိုလ်ချုပ်ရှီဒန်က ဗစ်တိုးရီးယား မြို့သားများ လှည့်လည် သွားလာနေသည်ကို မြင်နိုင်ပြီး သူတို့ထံမှ ဂျော့ခ်ျအကြောင်း သတင်းများ ပြန်ကြားရသော်လည်း သူ သူတို့ကို အရူးများ အဖြစ်သာ ဆက်ဆံခဲ့သည်။ သူ သူတို့ကို တစ်စက်မျှပင် မယုံကြည်ခဲ့ပေ။

သူတို့က သူ့ကို အရူးတစ်ယောက်လို ဆက်ဆံနေကြသလော။

ဗိုလ်ချုပ်ရှီဒန်မှာ သူ့ကိုယ်သူ အရူးတစ်ယောက် မဟုတ်ဟု ထင်သည်။ သူက ဂျော့ခ်ျမှာ သူရဲကောင်း တစ်ဦး အဖြစ် မိမိကိုယ်ကို စတေးရခဲ့ဖွယ် ရှိသည်ဟု ယုံကြည် နေသည်။

မိမိကိုယ်ကို စတေးခဲ့သော သူရဲကောင်း ရာပေါင်း များစွာ ရှိနေခဲ့၏။ ဥပမာပေးရသော်- သူ စေလွှတ်ခဲ့သော ကင်းထောက်များ ကဲ့သို့ပင်။ သူတို့ထဲမှ တစ်ဦး တစ်ယောက်မျှ ပြန်မလာ နိုင်ခဲ့ကြပေ။

ဤသည်မှာ ဗစ်တိုးရီးယား မြို့သားများ ပြောခဲ့သော အရာပင်၊ "အရှင် စေလွှတ်ခဲ့တဲ့ ကင်းထောက်တွေလား။ သူတို့ရဲ့ ပစ္စည်း ကိရိယာတွေကို ချွတ်ယူပြီးနောက် ထွက်ပြေးသွားတဲ့ လူတွေလား။ ဘာလဲ။ ကျွန်တော်တို့ သူတို့ကို သတ်ခဲ့လား လို့ မေးတာလား။ ကျွန်တော်တို့ မသတ်ခဲ့ကြပါဘူးဗျာ။ သူတို့က ကျွန်တော်တို့ကို မတိုက်ခိုက် ခဲ့ကြဘူးလေ၊ ဘာဖြစ်လို့ ကျွန်တော်တို့ သူတို့ကို အလကား သွားသတ်ရမှာလဲ။ သူတို့က သူတို့ရဲ့ ပစ္စည်း ကိရိယာတွေနဲ့ မြင်းတွေကို ကျွန်တော်တို့ကို ပေးခဲ့တာပဲကို၊ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို လွှတ်ပေးခဲ့ပါတယ်။"

၎င်းမှာ ရယ်စရာ ကောင်းလှ၏။ အဘယ်ကြောင့် သူ၏ လက်ရွေးစင် စစ်သည်တော်များက မြေအောက်လောက သတ္တဝါများကို ကြောက်ရွံ့ပြီး ထွက်ပြေးကြ ရမည်နည်း။ အဓိပ္ပာယ်မရှိချေ။ ဗိုလ်ချုပ်ရှီဒန်မှာ ထိုအဓိပ္ပာယ် မရှိသော အရာကို ဘယ်တော့မှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

ထိုဗစ်တိုးရီးယား မြို့သားများနှင့် မြေအောက်လောက မွန်းစတားများက သူ၏ ကင်းထောက်များကို သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်ရမည်။ ထိုအရာမှာ ဗိုလ်ချုပ်ရှီဒန် ယုံကြည်ခဲ့သော အရာပင်။

"ကျွန်တော်တို့ အရှင့်ရဲ့ သတင်းစကားကို ဂျော့ခ်ျဆီ ပေးပို့ခဲ့ပါတယ်။ သူလည်း အံ့ဩနေပေမဲ့ အရှင့်ရဲ့ စိုးရိမ်မှု အတွက် ကျေးဇူးတင် နေပါတယ်။ အမှောင်ဝင်ပေါက်က တိုက်ပွဲက အရေးကြီးတဲ့ အတွက် သူ ရက်အနည်းငယ် ကြာမှ ပြန်လာပါ့မယ်တဲ့။ တာဝန်သိလူသား တစ်ဦး အနေနဲ့ သူက ကျွန်တော်တို့ကို မပစ်ပယ် ထားခဲ့နိုင်ပါဘူးတဲ့။ ကျွန်တော်တို့လည်း သူ့ကို ပြန်လာ စေချင်ပါတယ်။ သူ ရှေ့တန်းမှာ ရှိနေရင်လည်း အကူအညီ သိပ်မရပါဘူး။"

၎င်းမှာ နောက်ထပ် သာမန် နေ့တစ်နေ့ပင်။ ဗိုလ်ချုပ်ရှီဒန်က ဂိုးလ်ရှိုင်းယားမြို့တွင် ရှိသော တဲထဲတွင် ထိုင်ကာ ဂျော့ခ်ျအကြောင်း သတင်းများကို သူ့အား ပြောပြနေသော ဗစ်တိုးရီးယားမြို့သား စကားကို နားထောင် နေခဲ့သည်။

သို့သော် ဗိုလ်ချုပ်ရှီဒန်မှာ ထိုသတင်းကို အဓိပ္ပာယ်မရှိဟုသာ ထင်သည်။ အကြောင်းမှာ ထိုဗစ်တိုးရီးယားမြို့သားမှာ ဂိုးလ်ရှိုင်းယားမြို့မှ ဤငါးရက်လုံးလုံး ထွက်ခွာသွားခြင်း မရှိခဲ့သောကြောင့်ပင်။ သူက ဗစ်တိုးရီးယားမြို့သားမှ ရှေ့တန်းအကြောင်း သတင်းများကို သတင်းပို့နေရင်း နေ့စဉ် သူ၏ ရှေ့တွင် သွားလာနေသည်ကို မြင်နေရသည်။

သူ မေးခွန်း တစ်ခု မေးမြန်းလိုက်သည့် အခါတိုင်း ထိုဗစ်တိုးရီးယားမြို့သားမှာ လှဲလျောင်းရန် နေရာ တစ်ခုကို ရှာဖွေပြီး လဲချလိုက် ပေလိမ့်မည်။ ထို့နောက် သူက အဖြေရရှိခဲ့ သကဲ့သို့ ဗိုလ်ချုပ်ရှီဒန်၏ မေးခွန်းကို ထရပ်ကာ ဖြေကြား ပေလိမ့်မည်။

အကယ်၍ ဗိုလ်ချုပ်ရှီဒန်တွင်သာ ဗစ်တိုးရီးယားမြို့နှင့် မိတ်ဖွဲ့ရန် ရည်ရွယ်ချက် မရှိပါက သူက သူ၏ ဉာဏ်ရည်ကို လာစော်ကားနေသော ထိုဗစ်တိုးရီးယားမြို့သားကို ကွပ်မျက်ခဲ့ ပေလိမ့်မည်။

ယနေ့တွင်လည်း ဗစ်တိုးရီးယားမြို့သားမှာ ရှေ့တန်းမှ အခြေအနေများကို ဗိုလ်ချုပ်ရှီဒန်အား ပုံမှန်အတိုင်း သတင်းပို့ ခဲ့သည်။

"ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ ရှေ့တန်းကနေ ပြန်ဆုတ်ခွာ လာပါပြီ။ ထာဝရတိုင်းပြည်က စစ်သည်တော်တွေရဲ့ တိုက်ခိုက်မှုလှိုင်းတွေ ပိုပြင်းထန်လာလို့ ကျွန်တော်တို့က ဂျော့ခ်ျ အသတ်ခံရမှာ စိုးရိမ်တဲ့ အတွက် သူ့ကို ပြန်ဆွဲခေါ် ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ ဗစ်တိုးရီးယား တောအုပ်ကနေ ပြန်ထွက်ပြီး ဂိုးလ်ရှိုင်းယားမြို့ကို ပြန်လို့ မရနေဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ထာဝရဝက်တွေ အများကြီးက အမှောင်ဝင်ပေါက်ကို ကျူးကျော် ဝင်လာပြီး ဗစ်တိုးရီးယား တောအုပ်ထဲမှာ လှည့်ပတ်သွား နေကြလို့ပဲ။ အရှင် အခု ဗစ်တိုးရီးယား တောအုပ်ထဲကို ဝင်သွားရင် အရမ်း အန္တရာယ် များလိမ့်မယ်။ ဂျော့ခ်ျလည်းပဲ ဗစ်တိုးရီးယား တောအုပ်ကနေ ပြန်ရရင် သူ့အသက် အန္တရာယ် ရှိလိမ့်မယ်။ ဟုတ်သား၊ ကျွန်တော်တို့ ဂျော့ခ်ျကို ပြန်ခေါ်လာဖို့ လိုက်ပါပို့ဆောင်ရေး ဝန်ဆောင်မှု တစ်ခု ပေးနိုင်တယ်။ ဒါမှမဟုတ် အရှင် အရှင့်ရဲ့ သူရဲကောင်းတွေကို စေလွှတ် ကြည့်ချင်သလား။" ဗစ်တိုးရီးယားမြို့သားက ဗိုလ်ချုပ်ရှီဒန်ကို မျှော်လင့်တကြီး ကြည့်ရင်း ပြောလိုက်သည်။

ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယားမြို့သား ဘာလုပ်နေသည်ကို သိသည်။ ဤဗစ်တိုးရီးယားမြို့သားမှာ ဗိုလ်ချုပ်ရှီဒန်အား ရက်ရောသော ဆုများ ပါသော ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ပေးအပ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

အကယ်၍ ဗစ်တိုးရီးယားမြို့သားသာ ဘုရင်မ ဗစ်တိုးရီးယား သို့မဟုတ် ဂျော့ခ်ျနှင့် ဆက်သွယ်နိုင်ခဲ့ပါက ဗိုလ်ချုပ်ရှီဒန် သူ့ကို ငွေ သို့မဟုတ် ပစ္စည်း ကိရိယာများ ပေးအပ်လိုက်ရန် နှစ်ခါစဉ်းစားနေမည် မဟုတ်ပေ။ သို့သော် ထိုဗစ်တိုးရီးယားမြို့သားမှာ အရူးတစ်ယောက်နှင့်ပင် ဘာမှ မခြားပေ။ အဘယ်ကြောင့် ဗိုလ်ချုပ်ရှီဒန်က အရူး တစ်ယောက်နှင့် အလုပ်လုပ် ရမည်နည်း။

ဟုတ်သည်၊ သူ လုပ်မည် မဟုတ်ပေ။

သို့သော် ကိစ္စများမှာ ရပ်တန့် နေသည်။ ဗိုလ်ချုပ်ရှီဒန်မှာလည်း အကျပ်အတည်းကို မည်သို့ ဖြေရှင်း ရမည်ကို စဉ်းစား နေရသည်။ သူက သူ၏ စစ်တပ်ကို သစ်တောထဲသို့ စေလွှတ်ခြင်း အန္တရာယ်ကို ယူရမည်လော။ ဗိုလ်ချုပ်ရှီဒန်မှာ ထိုအရာကို သူ၏ နောက်ဆုံး ထွက်ပေါက်အဖြစ် ထည့်သွင်း စဉ်းစားခဲ့သည်။

သူ စဉ်းစားနေစဉ်မှာပင် သစ်တောထဲမှ ဗစ်တိုးရီးယား မြို့သား အုပ်စုကြီး တစ်ခု ဂိုးလ်ရှိုင်းယားမြို့ဆီသို့ ပြေးဝင်လာသည်ကို တွေ့လိုက် ရသည်။ ဗစ်တိုးရီးယား မြို့သားများမှာ ပရမ်းပတာ ဖြစ်နေကြပြီး ပွဲတော် တစ်ခု ကျင်းပနေ သကဲ့သို့ စိတ်လှုပ်ရှား နေပုံ ရ၏။ သူတို့ ပြေးရင်းလွှားရင်း အော်ဟစ် နေခဲ့ကြသည်။

"ထွက်ပြေးကြဟေ။ ထာဝရဝက်တွေ ရောက်လာပြီ။"

"ငါတို့တော့ ‌သွားပြီဟေ။ ဂိုးလ်ရှိုင်းယားမြို့တော့ အစုလိုက် အပြုံလိုက် အသတ်ခံရ တော့မယ်။"

ထိုဗစ်တိုးရီးယား မြို့သားများ၏ အဝေးမှ အော်ဟစ်သံ ကြားကြားချင်း ဗိုလ်ချုပ်ရှီဒန် ထရပ် လိုက်သည်။ သူ ဂိုးလ်ရှိုင်းယားမြို့တွင် ငါးရက်ကြာ နေထိုင်ခဲ့ပြီးနောက်တွင် ထာဝရဝက်များ ဟူသော အခေါ်အဝေါ်၏ အဓိပ္ပာယ်ကို သိနေလေပြီ။ ထိုအရာမှာ ဗစ်တိုးရီးယား မြို့သားများက မြေအောက်လောက သတ္တဝါများကို ရည်ညွှန်းခေါ်သော အမည်ပင်။

ဗိုလ်ချုပ်ရှီဒန်တွင် ထိုအမည်တပ်ခြင်းနှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ မရှိပေ။ မြေအောက်လောက သတ္တဝါများကို မည်သည့် နည်းလမ်းဖြင့် မဆို စော်ကားစေကာမူ ယင်းက လွန်ကဲခြင်း မရှိပေ။

"အခြေအနေက ဘယ်လိုတဲ့လဲ။ ဘာဖြစ်လို့ မြေအောက်လောက သတ္တဝါတွေက ဒီကို ရောက်လာကြတာလဲ။ ဗစ်တိုးရီးယားမြို့ ကျဆုံးသွားပြီလား။" ဗိုလ်ချုပ်ရှီဒန် ကျယ်လောင်စွာ မေးလိုက်သည်။ သူ၏ လက်ထောက်ကမူ အခြေအနေကို စူးစမ်းလေ့လာရန် ကင်းထောက် အချို့ကို လျင်မြန်စွာ စေလွှတ်လိုက်သည်။ ဗိုလ်ချုပ်ရှီဒန်ရှေ့မှ ဗစ်တိုးရီးယားမြို့သားမှာမူ မြေပြင်ပေါ်သို့ လဲကျ သွားခဲ့သည်။

ဗိုလ်ချုပ်ရှီဒန်က ဆရာဝန် ခေါ်ရန် သို့မဟုတ် ထိတ်လန့်မှုကြောင့် သေဆုံးသွားခြင်း ဟုတ်၊မဟုတ် စမ်းသပ်ရန် ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ထိုဗစ်တိုးရီးယားမြို့သား ပြန်နိုးလာပြီး အော်ပြော လိုက်သည်။ "အဲ့ဒီ ထာဝရဝက်တွေက အရမ်း ကောက်ကျစ်ကြတယ်ပဲ။ သူတို့က ဗစ်တိုးရီးယားမြို့က သစ္စာဖောက်တွေကို လာဘ်ထိုး ခဲ့ကြတယ်၊ အခု သူတို့က အဲ့ကောင်တွေကို ဂိုးလ်ရှိုင်းယားမြို့ကို ခေါ်လာနေကြပြီ။ ဗိုလ်ချုပ်ရှီဒန်၊ အရှင် ထွက်ပြေးမှ ရမယ်။ သူတို့ အရှင့် အတွက် လာနေကြပြီ။"

"ဘာလဲ။ သူတို့က ငါ့ အတွက် လာနေကြတာလား။" ဗိုလ်ချုပ်ရှီဒန် ထိုဗစ်တိုးရီးယားမြို့သားကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူ ဗစ်တိုးရီးယားမြို့သားကို အရူး တစ်ယောက်သာ မှတ်ယူပြီး သူ့ကို မယုံကြည်သင့်ဟု သတ်မှတ်ထား ခဲ့သော်လည်း ဤဗစ်တိုးရီးယားမြို့သားမှာ လေးနက်နေပြီး အမှန်အတိုင်း ပြောနေပုံ ရ၏။ ဗိုလ်ချုပ်ရှီဒန်က စိုးရိမ်တကြီး မေးလိုက်သည်။ "ဘယ်လို ဖြစ်နိုင်မှာလဲ။ ထာဝရတိုင်းပြည်က သတ္တဝါတွေက ငါ့ တည်ရှိမှုကို ဘယ်လိုဖြစ်ပြီး သိခဲ့ကြတာလဲ။ ငါတို့ သူတို့နဲ့ တိုက်တောင် မတိုက်ခိုက်ရသေးဘူး။"

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သူတို့ကို ပြောခဲ့လို့ပဲပေါ့။" ဗစ်တိုးရီးယားမြို့သား ဂုဏ်ယူစွာ ပြောလိုက်သည်။ ထို့နောက် သူ တစ်စုံတစ်ခုကို သတိရသွားပုံ ရပြီး လေးနက်စွာ ပြန်ရှင်းပြ လိုက်သည်။ "ကျွန်တော် ဆိုလိုတာကလေ အဲ့ဒီ ကောင်တွေက အရှင့်တည်ရှိမှုကို နည်းလမ်း အမျိုးမျိုးကနေ သိရှိခဲ့ကြတာဗျ။ ဒီကမ္ဘာကြီးမှာ သစ္စာဖောက်တွေ အများကြီး ရှိနေတယ်လေ။ အရှင် ပိုက်ဆံပေးဖို့ ဆန္ဒရှိသရွှေ့ သူတို့က အှရှင့်ကို လမ်းပြ ပေးကြလိမ့်မယ်။ ဒါက လက်တွေ့ကျတဲ့ ကမ္ဘာကြီးပဲ မဟုတ်လား။"

ဗစ်တိုးရီးယားမြို့သားမှာ အလွန် လေးနက်နေပုံ ရ၏။

ဗိုလ်ချုပ်ရှီဒန်က သူ့ကို အဓိပ္ပာယ် မရှိသော စကားများ ပြောဆိုခြင်း အတွက် ဆူပူကြိမ်းမောင်းရန် ပြင်နေစဉ်မှာပင် ဗစ်တိုးရီးယား တောအုပ်၏ နယ်နိမိတ်တွင် ကင်းထောက်အဖြစ် ဖြန့်ကျက်ထားသော သူရဲကောင်း တစ်ဦးက မြင်းစီး၍ ပြန်ရောက် လာခဲ့သည်။

"မွန်းစတားတွေ။ ငါ အစိမ်းရောင် အသားအရေ ရှိတဲ့ သတ္တဝါတွေ အများကြီး မြင်ခဲ့ရတယ်။ သူတို့ ငါတို့ဆီ လာနေကြပြီ။"

"ပြင်ဆင်ကြ။ တိုက်ပွဲ အတွက် ပြင်ဆင်ကြဟေ့။"

"သူတို့က အရမ်း များတယ်။"

ဗိုလ်ချုပ်ရှီဒန်က တစ်စုံတစ်ယောက် အော်ဟစ်နေသည်ကို ကြားလိုက်ရပြီး စိုးရိမ် လာခဲ့သည်။

"မြေအောက်လောက သတ္တဝါတွေက ဗစ်တိုးရီးယားမြို့ရဲ့ ကာကွယ်ရေး စည်းတွေကိုတောင် ထိုးဖောက် နိုင်ခဲ့ကြပြီလား။ သူတို့က အခု ဂိုးလ်ရှိုင်းယားမြို့ဆီကို ပြေးဝင် တိုက်ခိုက် နေကြတာလား။"

"လူတိုင်းကို တိုက်ပွဲ အတွက် အဆင်သင့် ပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်ပါ။" ဗိုလ်ချုပ်ရှီဒန် သူ၏ လက်နက်ကို ထုတ်ကာ အော်ပြော လိုက်သည်။ အချက်ပြအရာရှိက ဗိုလ်ချုပ်ရှီဒန်၏ အမိန့်ကို စစ်တပ်သို့ ဖြန့်ဝေ ကြေညာခဲ့သည်။ ဂိုးလ်ရှိုင်းယားမြို့မှ စစ်သားများနှင့် နေထိုင်သူများသည်လည်း အလျင်အမြန် စုရုံးခဲ့ကြသည်။ သူတို့ကလည်း ဤမြေအောက်လောက သတ္တဝါများနှင့် တိုက်ခိုက်ရန် စိုးရိမ် နေခဲ့ကြသည်။

အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများ ဗစ်တိုးရီးယား တောအုပ်ထဲမှ ပြေးထွက်လာပြီး ဗိုလ်ချုပ်ရှီဒန်၏ မြင်ကွင်းထဲတွင် ပေါ်လာ ခဲ့ကြသည်။ အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါ ရာပေါင်း များစွာက ထူးဆန်းသော မြေလျှောက်ငှက်များကို စီးနင်းကာ သူတို့ ဆီသို့ ပြေးဝင် တိုက်ခိုက်ကြသည်။ သတ္တဝါများမှာ အရပ်အမောင်း အမျိုးမျိုးဖြင့် ရှိနေကြ၏။ သူတို့မှာ ဗိုလ်ချုပ်ရှီဒန်က သမိုင်းဝင် ရုပ်ပုံစာအုပ်များတွင်သာ မြင်ဖူးခဲ့သော ဒဏ္ဍာရီလာ အော့ခ်များနှင့် ဂိုဘလင်များပင်။

ဗိုလ်ချုပ်ရှီဒန်က အစစ်အမှန် မြေအောက်လောက သတ္တဝါများကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့ ရသောအခါ သူ၏ လက်များပင် တုန်လှုပ်စ ပြုလာခဲ့သည်။ ထိုအကောင်များမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာ အကြာက ထွက်ပေါ်ခဲ့သော မွန်းစတားများပင်။ သိပ်မကြာသေးမီကသာ သူက ဤအစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများနှင့် တခြား သွေးစုပ်ဖုတ်ကောင်များကို မြင်တွေ့ခဲ့ရကြောင်း သတင်းကို ကြားသိ ခဲ့ရသည်။ သို့သော် သူတို့က ခိုင်လုံသော သက်သေ အထောက်အထား တစ်စုံတစ်ရာမှ မပေးနိုင်ခဲ့ကြပေ။

ယခုအချိန်တွင်တော့ ထိုမြေအောက်လောက သတ္တဝါ ရာပေါင်း များစွာက သူတို့ ဆီသို့ ပြေးဝင် တိုက်ခိုက် နေကြလေပြီ။

ဤသည်မှာ နှစ်ထောင်ပေါင်း များစွာ အကြာက ဖြစ်ပွားခဲ့သော မြေပေါ်ကမ္ဘာနှင့် မြေအောက်လောက,ကြားမှ သေရေးရှင်ရေး တိုက်ပွဲပင်။

ဗိုလ်ချုပ်ရှီဒန်မှာ လေးနက် နေခဲ့သည်။ သူက ဗစ်တိုးရီးယား မြို့သားများ သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုကာ တိုးတိုးလေး ပြောဆို နေသည်ကို သတိမပြုမိခဲ့ပေ။

"ငါတို့ ကံကောင်းတယ်ကွ။ အဲ့ဒီ ထာဝရဝက်တွေ တကယ်ပဲ ဒီကို လာရဲကြတယ်။ သူတို့ နတ်ဘုရား တိုင်းပြည်စစ်တပ်နဲ့ တိုက်ခိုက်ပြီးရင် ငါတို့ သူတို့ရဲ့ ပစ္စည်း ကိရိယာတွေကို ကောက်ယူကြမယ်။"

"နတ်ဘုရား တိုင်းပြည် စစ်တပ်က အဲ့ဒီထာဝရဝက်တွေကို အနိုင်ယူနိုင်၊ မနိုင်ကို ငါတို့ မသိသေးဘူး။"

"ပြဿနာ မရှိဘူး။ နတ်ဘုရား တိုင်းပြည်မှာ သူရဲကောင်းတွေ အများကြီး ရှိနေတယ်။"

"ငါ ထာဝရဝက်တွေ လမ်းတစ်ဝက်မှာ ပြန်ထွက်ပြေးသွားမှာကို ပိုစိတ်ပူတယ်။"

"မဖြစ်နိုင်ဘူး။ ငါ သူတို့ကို နတ်ဘုရား တိုင်းပြည်က တပ်မှူး တစ်ယောက် ရှိနေတယ်လို့ ပြောခဲ့တယ်ပဲ။ သူတို့က ဗိုလ်ချုပ်ရှီဒန်ကို ဖမ်းဆီးဖို့ သူတို့ရဲ့ အသက်တွေကို စတေးကြလိမ့်မယ်။"

ဗစ်တိုးရီးယား မြို့သားများက စကားပြောဆိုကာ နတ်ဘုရား တိုင်းပြည်၏ တပ်ဖွဲ့များ လှုပ်ရှား သွားလာနေသည်ကို လျစ်လျူရှု ထားခဲ့ကြသည်။ သူတို့ အတွက်မူ နတ်ဘုရား တိုင်းပြည်မှ စစ်သားများမှာ ကိရိယာများ သက်သက်သာ ဖြစ်၏။

မြေလျှောက်ငှက်များ ပေါ်မှ အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများ ဗိုလ်ချုပ်ရှီဒန်ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာ ခဲ့ကြသည်။ သူ သဘောပေါက် သွားလေပြီ။ ဗစ်တိုးရီးယား မြို့သားများ ပြောခဲ့သည့် အတိုင်းပင် ထိုသတ္တဝါများက သူ့ အတွက် လာနေကြခြင်း ဖြစ်၏။

ဗိုလ်ချုပ်ရှီဒန်မှာ စဉ်းစားရန် အချိန် မရှိပေ။ မြေလျှောက်ငှက်များ ပေါ်မှ သတ္တဝါများ သူ၏ ရှေ့သို့ အချိန်ခဏအတွင်း ရောက်ရှိလာ ခဲ့ကြသည်။ ဗိုလ်ချုပ်ရှီဒန်က သူ၏ လက်နက်ကို မြှောက်ကာ အော့ခ်များကို ခုတ်ပိုင်း လိုက်သည်။

...

မြောက်ပိုင်း မြေအောက်လောကမှ ဒန်ဂျင်အရှင်များ နီကိုလပ်စ်၏ အကြောင်းကြားချက်ကို လက်ခံရရှိပြီး ဆောင်းတောင်ကုန်းမြို့သို့ ရောက်လာကြသည်။

သူတို့က မြေပေါ်ကမ္ဘာ မွန်းစတားများ၏ မြေအောက်လောက,ကျူးကျော်မှု ကိစ္စကို ကိုင်တွယ်ရန် ထိုနေရာတွင် စုရုံးနေကြခြင်း ဖြစ်၏။ မြေပေါ်ကမ္ဘာ မွန်းစတားများက ထာဝရတိုင်းပြည်ကို ဝင်တိုက်ခိုက် ခဲ့၏။ အကယ်၍ သူတို့ အသုံး ပြုနေသော နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ပိတ်ဆို့ခြင်း မပြုနိုင်ခဲ့ပါက သူတို့က တခြားသော ဒန်ဂျင်များကိုပင် လာရောက် တိုက်ခိုက် နိုင်ပေသည်။ ထို့ကြောင့် အမျိုးမျိုးသော ဒန်ဂျင်အရှင်များမှာ ဤကိစ္စမှ လက်ရှောင်၍ မရနိုင်ခဲ့ပေ။

နီကိုလပ်စ်က ကုန်သည် မဟာမိတ် အဖွဲ့၏ ဌာနချုပ်မှ ပြန်ကြားချက် တစ်ခု လက်ခံရရှိခဲ့သည်။

ကုန်သည် မဟာမိတ် အဖွဲ့၏ ဌာနချုပ်မှာ နီကိုလပ်စ်ကို ယုံကြည်ပြီး ဤအကျပ်အတည်းကို ကိုင်တွယ်ရန် သူ့အား အာဏာကုန် အပ်နှင်းခဲ့သည်။

သို့သော် ကုန်သည် မဟာမိတ် အဖွဲ့မှာ မည်သည့် ပစ္စည်းအထောက်အပံ့ သို့မဟုတ် အင်အားဖြည့်တင်းမှုမျှတော့ ပေးအပ်လိမ့်မည် မဟုတ်ပေ။

၎င်းမှာ ကြီးမားသော ပြဿနာတော့ မဟုတ်ပေ။ နီကိုလပ်စ်မှာ တခြား ဒန်ဂျင်အရှင်များ၏ အကူအညီအပေါ် မှီခိုနိုင်သည်။ ထိုအရာမှာ သူ၏ အစီအစဉ် ဖြစ်သော်လည်း အမှန်တကယ် အစည်းအဝေး စသည့်အခါ သူ့အတွေးများက အလွန် ရိုးရှင်းလွန်းနေသည်ကို သိခဲ့ရသည်။ ဒန်ဂျင်အရှင်များမှာ မြေပေါ်ကမ္ဘာ မွန်းစတားများ၏ ခြိမ်းခြောက်မှုအား စိုးရိမ် နေခဲ့ကြသော်လည်း သူတို့က ထာဝရတိုင်းပြည်သို့ ပစ္စည်း အထောက်အပံ့ သို့မဟုတ် အင်အားဖြည့်တင်းမှု ပေးအပ်ရန် အတွက်မူ ငြင်းဆန် ခဲ့ကြသည်။

သူတို့က ရှေးဟောင်း နတ်ဘုရားများ၏ စစ်တပ်နှင့် ရင်ဆိုင်နေရစဉ် ဒန်ဂျင်အရှင်များမှာ စိတ်အားထက်သန် ခဲ့ကြသည်။ အကြောင်းမှာ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်မှာ ယခင်ကဲ့သို့ အားမကောင်း နေတော့သောကြောင့်ပင်။ သူတို့က ရှေးဟောင်း နတ်ဘုရားများ စစ်တပ်၏ အားနည်းသော ခြိမ်းခြောက်မှုကို အလွယ်တကူ ကိုင်တွယ် နိုင်ခဲ့ကြသည်။ သို့သော် မြေပေါ်ကမ္ဘာ မွန်းစတားများကျတော့ မတူပေ။ နှစ်ထောင်ပေါင်း များစွာ အကြာက မြေအောက်လောက,ကို စည်းလုံး ညီညွတ် စေခဲ့သော မိုက်ကယ်အိန်ဂျယ်လို သည်ပင် မြေပေါ်ကမ္ဘာ မွန်းစတားများ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ဤတစ်ကြိမ် မြေပေါ်ကမ္ဘာ မွန်းစတားများ ပြန်လည် ပေါ်ပေါက်လာပြီး ထာဝရတိုင်းပြည်ကို ဝင်တိုက်ခိုက်သည့်အခါ မည်သူမျှ ထာဝရတိုင်းပြည်၏ နေရာတွင် အစားဝင်ခံလိုစိတ် မရှိကြပေ။

အစည်းအဝေးမှာ တိုးတက်မှု တစ်စုံတစ်ရာမျှ မရှိဘဲ နှစ်ရက် ကြာမြင့်ခဲ့သည်။ နီကိုလပ်စ်မှာ စိတ်မရှည်တော့ပေ။ သူတို့က ထာဝရတိုင်းပြည်အား မြေပေါ်ကမ္ဘာ မွန်းစတားများ၏ ဖျက်ဆီးခြင်းကို ခံရသည်ကို ရပ်ကြည့် နေကြမည်လော။ အကယ်၍ အရှင်ရှားလော့ခ်သာ ရှိနေခဲ့ပါက သူက ထိုကြောက်ရွံ့နေသော ဒန်ဂျင်အရှင်များကို ဆွဲဆောင်နိုင် ပေလိမ့်မည်။

နီကိုလပ်စ်မှာ စိတ်ကူးနေခြင်းသာ ဖြစ်၏။ အရှင်ရှားလော့ခ်က ထိုအချိန်တွင် ဆောင်းတောင်ကုန်းမြို့တွင် ပေါ်လာနိုင်မည် မဟုတ်ပေ။

အကြောင်းမှာ ရှားလော့ခ်တွင် တခြား ပိုအရေးကြီးသော ကိစ္စရပ်များ ရှိ နေသောကြောင့်ပင်။

မီးဘီလူးကြီးထံမှ ပြန်ထွက်ခွာ လာပြီးနောက် ရှားလော့ခ်က ထာဝရတိုင်းပြည်ဆီသို့ ပြန်ရောက် လာခဲ့သည်။ သူက အုပ်စုစစ်ပွဲ ကိစ္စကို ကိုင်တွယ်နေခြင်း မဟုတ်ပေ။ ယင်းအစား သူက အိဗလင်းကို ရှာဖွေရန် သွားခဲ့သည်။

သူက အိဗလင်း၏ စိတ်ထဲသို့ ဝင်ရောက်ပြီး မြေခွေး စပျစ်သီးနှင့် ဆက်သွယ်နိုင်ရန် မာနာပုံစံကွက် တစ်ခု သုံးရန် ရည်ရွယ် ထားခဲ့သည်။

All Chapters