အန္တိမအဆင့်သိုင်းပညာရှင်
Vol. 6 Ch. 76
ကျောက်ဖူလုံသည် အသက်ပြင်းပြင်းရှူသွင်းလျက် လေးနက်စွာ ဆိုလိုက်သည်။
"ဒီနေ့ တော်ဝင်မိသားစုက ကျုပ်တို့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို ထွက်ပေါက်မပေးတော့ဘူးလား"
"ဟဲဟဲ ရွေးချယ်နိုင်မယ့်လမ်းကို ပေးထားတာနဲ့တင် တော်တော်ကောင်းနေပြီ၊ မင်းတို့က တော်ဝင်မိသားစုနဲ့ ညှိနှိုင်းချင်သေးတာလား"
မိန်းမစိုးကြီးက မရိုးမသားပြုံးကာ လှောင်ပြောင်လာခဲ့၏။
"ဒီနေ့ ဖြစ်ပျက်နေတဲ့အကြောင်းကို ကျုပ်တို့ အရင်စကားပြောဖို့ လိုအပ်တယ်!"
ကျောက်ဖူလုံက အရှေ့ကို တိုးလာပြီး သူ့အော်ရာကလည်း မြင့်တက်လာသည်။ သူ့အနောက်မှာ ရပ်နေသော ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ နောက်ထပ် မဟာအကြီးအကဲလေးဦးလည်း အရှေ့တက်လာခဲ့ကြ၏။
ဝုန်း!!
ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထိုငါးဦး၏အော်ရာသည် လေထုထဲတွင် ကြီးမားသောဒီရေလှိုင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး တော်ဝင်မိသားစုမှ သိုင်းပညာရှင်များအား ဖိအားပေးလာခဲ့၏။
"မင်းတို့က မင်းတို့ရဲ့စွမ်းရည်ကို အထင်ကြီးလွန်းနေတာပဲ!"
မိန်းမစိုးကြီးက လှောင်ပြောင်လာပြီး တစ်လှမ်း နောက်ဆုတ်လိုက်လေသည်။ ထိုအခါ သူ့အနောက်မှာရှိသော စစ်သည်တော်များက တစ်ပြိုင်နက်တည်း အရှေ့ကို တက်လာခဲ့ကြ၏။
ဘုန်း! ဘုန်း!
အစွမ်းထက်အော်ရာများက တစ်ခုပြီးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ထိုစွမ်းအင်များက ကွဲပြားကြပေ၏။ သို့သော်ငြား အားအနည်းဆုံးအဆင့်ကပင် ကောင်းကင်တက်လှမ်းနယ်ပယ်၊ ပထမအဆင့်မှာ ရှိနေခဲ့၏။
"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း မင်းတို့ရဲ့ဂိုဏ်းတစ်ခုလုံးကို မင်းတို့ကိုယ်တိုင် လမ်းလွဲအောင် မလုပ်မိစေနဲ့"
တော်ဝင်မိသားစုမှ အဖြူရောင်ဝတ်လူအိုကြီးတစ်ဦး ထွက်ပေါ်လာပြီး သူ့အနောက်တွင် တခြားလူ(၁၁)ဦးလည်း လိုက်ပါလာကြသည်။
ထို (၁၂)ဦးစလုံးက ကောင်းကင်တက်လှမ်းနယ်ပယ် ၏အမြင့်ဆုံးအဆင့်တွင် ရှိကြလေ၏။ သူတို့ထွက်ပေါ်လာသောအခါ ကောင်းကင်ယံရှိ နေမင်းကြီးကိုပင် လွှမ်းမိုးသွားခဲ့သည်။
"ကျုပ်တို့ ဘာလုပ်နေတယ်ဆိုတာကို အတိအကျ သိပြီးသားပါ!"
ကျောက်ဖူလုံက အေးစက်စွာ ပြော၏။
"ဒီလိုအပြုအမူရဲ့အကျိုးဆက်တွေကို မင်းတို့သိလား"
တော်ဝင်မိသားစုမှ အဖြူရောင်ဝတ်အဘိုးအိုက စိတ်မဝင်စားစွာ ပြောလာသည်။
"ဘာအကျိုးဆက်တွေများလဲ"
ကျောက်ဖူလုံကလည်း နှာမှုတ်၍ မေးလာခဲ့၏။
"မင်းတို့ရဲ့ဂိုဏ်း ဖျက်ဆီးခံရလိမ့်မယ်"
အဖြူရောင်ဝတ်အဘိုးအိုက တည်ငြိမ်စွာ ပြောလာသည်။
"ဖျက်ဆီးခံရမယ်ဟုတ်လား... တော်ဝင်မိသားစုက အရာရာတိုင်းကို အမြဲအထင်သေးနေပြီး သူတို့ကြိုက်ရာ လိုက်လုပ်နေတာပဲ!"
ထိုအချိန်၌ ရယ်မောသံဖြင့် ပြည့်နှက်နေသည့် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏တားမြစ်ချိုင့်ဝှမ်းထဲမှ လူနှစ်ဆယ်ကျော် ထွက်ပေါ်လာခဲ့၏။
ထိုလူများ ထုတ်လွှတ်ထားသော အလင်းတန်းများက စွဲမက်ဖွယ်ကောင်းလေသည်။ ကောင်းကင်ယံ၌ နေမင်းကြီး အလုံးနှစ်ဆယ်လောက် ထွက်ပေါ်လာ သကဲ့သို့ တောက်ပနေလေ၏။ ထွက်ပေါ်နေသော လေးလံသည့်ဖိအားများကလည်း လေထုကိုပင် အေးခဲစေနိုင်သည်။
"မင်းတို့!"
အဖြူရောင်ဝတ် အဘိုးအို၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားလေ၏။ ဤကဲ့သို့ ဖြစ်လာလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပုံရသည်။ သို့သော်ငြား အမြန်ပင် စိတ်တည်ငြိမ်သွားခဲ့ပြီး အေးစက်စွာ ပြောလိုက်၏။
"ဘာလဲ...ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက တော်ဝင်အမိန့်တော်ကို ဆန့်ကျင်တဲ့နေရာမှာ မင်းတို့တွေ ကူညီ တော့မလို့လား"
"ကျုပ်တို့လည်း ဒါကို မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ တော်ဝင်မိသားစုရဲ့လုပ်ရပ်တွေက လွန်နေပြီ၊ ကျုပ်တို့လည်း ဘေးမှာ ရပ်ကြည့်နေလို့ မရတော့ဘူး"
ပေရွှယ်ဓားဂိုဏ်းမှ မဟာအကြီးအကဲတစ်ဦးက အေးစက်စွာ ပြောလာခဲ့သည်။
"တော်ဝင်မိသားစုက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို ဖိနှိပ်နေတဲ့အချိန် ကျုပ်တို့သာ တိတ်တဆိတ် ရပ်ကြည့်နေလို့ကတော့ အနာဂတ်မှာ တော်ဝင်မိသားစုက ကျုပ်တို့ကိုဆန့်ကျင်လာတဲ့အခါကျရင် ဘယ်သူက ကျုပ်တို့ကို ကူညီပေးမှာလဲ"
"အတိအကျ ပြောရရင်!"
"ကျုပ်တို့ဂိုဏ်းက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းနဲ့ ဆိုးလည်းအတူ ကောင်းလည်းအတူ ရှိနေမယ်!"
"ကျုပ်တို့ ကွေရီဓားဂိုဏ်းကလည်း စစ်ပွဲကို မကြောက်ဘူး!"
"ကျုပ်တို့ရောပဲ!"
တခြားဂိုဏ်းကြီးများမှ မဟာအကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာကြသည်။ ထို့နောက် အရှေ့ကို အနည်းငယ်တိုးကာ တန်းစီ၍ ရပ်လိုက်ကြလေ၏။
ကောင်းကင်တက်လှမ်းနယ်ပယ်၊ အမြင့်ဆုံးအဆင့်မှာ ရှိသော ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲ အယောက်သုံးဆယ်နီးပါးသည် ကောင်းကင်ထက်၌ မဖျက်ဆီးနိုင်သော မြို့ရိုးတစ်ခုအလား ရပ်တည်နေကြသည်။
စစ်သားတစ်ထောင်အားရှိသော တော်ဝင်မိသားစုပင်လျှင် ထိုအယောက်သုံးဆယ်၏အရှေ့၌ အနည်းငယ် ခွန်အားမရှိသကဲ့သို့ ဖြစ်နေလေ၏။
"မင်းတို့တွေ... ကောင်းတယ်! ကောင်းတယ်! သိပ်ကောင်းတယ်!"
တော်ဝင်မိသားစုမှ အဖြူရောင်ဝတ် အဘိုးအိုသည် ရှက်ရွံ့နေသောမျက်နှာဖြင့် သူ့သွားများကို ကြိတ်ကာ ပြောလာသည်။
"ဒီနေ့ မင်းတို့ ဘယ်လောက်ထိ ခေါင်းမာနိုင်ဦးမလဲဆိုတာကို ငါ မြင်ချင်သေးတယ်!"
ထိုသို့ပြောပြီးနောက် သူ့ခေါင်းကိုလှည့်ကာ ကောင်းကင်ပေါ်သို့ ရိုသေစွာ ခါးညွှတ်၍ ပြောလိုက်၏။
"ကျေးဇူးပြုပြီး ဘိုးဘေးကို လှုပ်ရှားပေးဖို့ ဖိတ်ခေါ်ပါရစေ"
လူတိုင်းမှာ ကြောက်လန့်မှုဖြင့် ထိုနေရာကို မော့ကြည့် လိုက်ကြသည်။ သို့သော်ငြား ဘာလှုပ်ရှားမှုမှ မဖြစ်လာခဲ့ဘဲ ကောင်းကင်ယံမှာ အဖြူရောင်မိုးတိမ်များဖြင့် ပြာလွင်နေလေ၏။
ထိုအရာမှာ ဟန်ဆောင်နေခြင်း ဖြစ်နေသလော။
လူတိုင်းက အံ့အားသင့်နေစဉ်မှာ ကောင်းကင်တစ်ခုလုံးသည် မိုးကုတ်စက်ဝိုင်းမှ ကြီးမားသောရွှေရောင်မိုးတိမ်များ စုဝေးလာသကဲ့သို့ လှုပ်ရှားသွားခဲ့သည်။
ရွှေရောင်မိုးတိမ်များသည် ကောင်းကင်တစ်ခုလုံးကို လျင်မြန်စွာ ဖြန့်ကျက်သွားခဲ့ပြီး ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏တောင်များကို ရွှေရောင်သန်းစေခဲ့လေ၏။
ထို့နောက် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာခဲ့သည်။
သူ့ခေါင်းက ပြောင်ရှင်းနေပြီး နားရွက်အမြင့်နား၌ ငွေဖြူရောင်ဆံပင်တစ်ဆုပ်မျှသာရှိ၏။ ၎င်းက သူ့အား အလွန်အိုမင်းပုံ ပေါ်စေသည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုအားနည်းပုံပေါ်သော အဘိုးအို၏ လေထဲတွင် လျှောက်လှမ်းလာသော ခြေလှမ်းတိုင်းသည် ကောင်းကင်တစ်ခုလုံးအား တုန်ခါလာစေပြီး လူတိုင်း ၏နှလုံးသားများကို တုန်ယင်စေခဲ့၏။
အနီးကပ်ကြည့်ရှုလျှင် သူ့ခန္ဓာကိုယ်အပြင်ဘက်၌ နန်းတော်တစ်ခု၏ပုံသဏ္ဍာန်ကို ဝိုးတဝါး မြင်ရလိမ့်မည်။ ၎င်းမှာ ခမ်းနားသည့် ကောင်းကင်ဘုံနန်းတော်နှင့်ဆင်တူပြီး မြင်တွေ့ရန်ခက်ခဲသော မှိန်ဖျော့ဖျော့ ရောင်ဝါနှစ်ခုလည်း ဝန်းရံနေကာ ထိုရောင်ဝါနှစ်ခုကတော့ ခေတ္တပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
"ဘိုးဘေးကို ကြိုဆိုပါတယ်!"
"ဘိုးဘေးကို ကြိုဆိုပါတယ်!"
ထိုပုဂ္ဂိုလ်ကို မြင်သောအခါ တော်ဝင်မိသားစု၏ သိုင်းပညာရှင်များက ဦးညွှတ်လာကြလေ၏။ ကောင်းကင်တက်လှမ်းနယ်ပယ်၊ အမြင့်ဆုံးအဆင့်မှာ ရှိသော အဘိုးအိုဆယ့်နှစ်ဦးပင်လျှင် အရိုအသေပြုခဲ့ကြသည်။
အန္တိမအဆင့်သိုင်းပညာရှင်!
ထိုတည်ရှိမှုသည် နေကိုးလုံးနယ်မြေနှင့် နယ်မြေခုနစ်ခုစလုံးမှာပါ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အဆင့်ဖြစ်လေ၏။ သူတို့ပေါ်လာတိုင်း ကြီးမားသောလှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်ပင်။
"အဲ့ဒါ သူပဲ!"
ထိုပုဂ္ဂိုလ်ကို မြင်သောအခါ ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများလည်း ကြောက်ရွံ့မှုကို ပြသလာကြသည်။ သို့သော်ငြား တစ်ချိန်တည်းမှာပင် သူတို့၏စိတ်ထဲ၌ လျှို့ဝှက်စွာ ရယ်မောနေကြလေ၏။
သူတို့ ထိုလူကို မှတ်မိပေသည်။
ထိုလူသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်၌ တော်ဝင်မိသားစုကို တည်ထောင်ခဲ့စဥ်က ထွက်ပေါ်လာခဲ့သော ကျင့်ကြံမှုအမြင့်ဆုံးသိုင်းပညာရှင်သုံးဦးထဲမှ တစ်ဦး ဖြစ်လေရာ သူတို့အားလုံးထံ၌ ထိုပုဂ္ဂိုလ်၏ ပုံတူများ ရှိခဲ့၏။
ယခု ထိုလူက အများကြီးအားနည်းသွားခဲ့လေပြီ။
အကြောင်းမှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်အကြာက ထိုလူ ပထမဆုံးပေါ်လာခဲ့သည့်အချိန်တွင် သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ နန်းတော်ပုံရိပ်မှာ ရောင်ဝါကိုးခုဖြင့် ဝန်းရံခံထားခဲ့ရသည်။
ရောင်ဝါကိုးခု၏ အဓိပ္ပာယ်မှာ အန္တိမနယ်ပယ်၊ နဝမအဆင့်ပင်။
သို့သော်ငြား ယခုအချိန်၌ ရောင်ဝါနှစ်ခုသာ ကျန်ရစ်တော့လေ၏။ ၎င်းမှာ သူ့ကျင့်ကြံမှုက အန္တိမနယ်ပယ်၊ ဒုတိယအဆင့်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်းကို ဆိုလိုပေသည်။
ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရသည်ဟု ပြောလျှင်ပင် မမှားနိုင်ပေ။
ဆိုရိုးစကားပင် ရှိသေး၏။ ငတ်မွတ်နေသောကုလားအုတ်သည် မြင်းထက် ပိုကြီးမားသေး၏။ သို့သော်ငြား အပြန်အလှန်အားဖြင့် ကုလားအုတ်ကသာ မြင်းလောက်အထိ ပိန်လာခဲ့လျှင် ၎င်းက သေခါနီး ဖြစ်နေပြီဟု ဆိုလိုသည်။
"တော်ဝင်မိသားစုက တကယ် ကျဆင်းသွားပြီပဲ"
ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများအားလုံး ကိုယ်စီတွေးနေကြလေ၏။ သူတို့၏စူးစမ်းမှုက တန်ဖိုးရှိသည်ဟု ခံစားနေရသည်။ အနာဂတ်မှာ သူတို့အားလုံး ငြိမ်းချမ်းစွာ အိပ်စက်နိုင်လေပြီ။
ထို့အပြင် ယန်မိသားစု၏ပင်မအဖွဲ့အစည်းမှ လျှို့ဝှက်သူလျှိုများလည်း သက်ပြင်းချခဲ့ကြ၏။ တော်ဝင်မိသားစုက တကယ် ကျဆင်းသွားလေပြီ။ သူတို့က နောက်ထပ် မခြိမ်းခြောက်နိုင်တော့ပေ။
ထိုခေါင်းပြောင်လူအိုကြီးသည် တော်ဝင်မိသားစုတွင် ဝါအကြီးဆုံးလည်း ဖြစ်၏။ သူတို့ဆီ၌ အားကောင်းသောသူများ မရှိနေ၍သာ မဟုတ်လျှင် ထိုလူအား စေလွှတ်ခဲ့ကြလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ထိုလူက အခုလို အလွန်အားနည်းသွားခြင်းသည် အချက်တစ်ခု ကိုလည်း ထောက်ပြနေလေသည်။ တော်ဝင်မိသားစုက ဤယိုယွင်းမြေ၏ စွမ်းအင်တိုက်စားမှုကို တွန်းလှန်ရန် နည်းလမ်းအား မရှာဖွေနိုင်သေးပေ။
ဤယိုယွင်းမြေပေါ်တွင် မမြင်နိုင်သော မကောင်းသည့်စွမ်းအင်များ ရှိနေလေ၏။ ၎င်းတို့က အန္တိမနယ်ပယ်မှ သိုင်းပညာရှင်များ၏စွမ်းအင်များကို တဖြည်းဖြည်း တိုက်စားကာ သိုင်းအဆင့်များ ကျဆင်းစေလေသည်။
တော်ဝင်မိသားစုက ထိုတိုက်စားမှုအား တွန်းလှန်ရန် နည်းလမ်းကို မရှာဖွေနိုင်သေးလျှင် သူတို့သည် အန္တိမနယ်ပယ်သိုင်းပညာရှင်အသစ်များ ထွက်ပေါ်လာမည်ကို မတွေ့နိုင်တော့ရုံသာမက ကျန်ရှိနေသော အန္တိမနယ်ပယ်သိုင်းပညာရှင်များပင်လျှင် လျင်မြန်စွာ ညှိုးနွမ်းပျက်စီးသွားကြလိမ့်မည်။
အခုတောင်မှ သူတို့ထဲက အများစုသည် သေဆုံးနှင့်ပြီးသားဖြစ်နိုင်၏။
"အင်း...တူညီတဲ့အရင်းအမြစ်ကနေ မွေးဖွားခဲ့ကြပြီး ဘာလို့များ တစ်ယောက်နဲ့တစ်ယောက် ဖျက်ဆီးဖို့အရေး ဒီလောက်အထိ စိတ်အားထက်သန်နေကြတာလဲ…"
ကျောက်ဖူလုံကတော့ တိတ်တဆိတ် သက်ပြင်းချနေသည်။
လွန်ခဲ့သောနှစ်များတွင် တော်ဝင်မိသားစုသည် ယန်မိသားစု၏ ပင်မအဖွဲ့အစည်း၌ ကြီးထွားလာခဲ့ပြီး ပင်မမိသားစုနေရာအတွက်ပင် ယှဉ်ပြိုင်ခဲ့ကြ၏။ ထူးဆန်းသောလူတစ်ယောက်သာ မပေါ်လာခဲ့လျှင် သူတို့သည် ဤမျှအတိုင်းအတာအထိ ဖိနှိပ်ခံထားရလိမ့်မည် မဟုတ်ပေ။
လူတိုင်းက ကိုယ်စီအတွေးများထဲ နစ်မြုပ်နေစဉ်တွင် ခေါင်းပြောင်အဘိုးအိုကတော့ တော်ဝင်မိသားစု၏အရှေ့သို့ ရောက်ရှိလာလေပြီ။
မမျှော်လင့်ထားသည်မှာ သူက ဒေါသမထွက်နေခဲ့ပေ။ ထိုအစား ကြင်နာသောအပြုံးကို ပြသလာပြီး မေးလာခဲ့သည်။
"အဲ့ဒီလူငယ်နှစ်ယောက်ကရော ဘယ်မှာလဲ"
လူငယ်လား။
လူတိုင်း ထိတ်လန့်သွားကြလေ၏။ ပြီးတော့မှသာ သူက ချင်ချွမ်းနှင့် ချင်ကျီတို့ကို ဆိုလိုနေမှန်း အမြန် သဘောပေါက်ခဲ့ကြသည်။
သို့သော်ငြား ဘယ်သူကမှ ပြန်မဖြေခဲ့ပေ။
အဘိုးအိုက အနည်းငယ်ပြုံးလာပြီး ပြောလေ၏။
"တကယ်တော့ ကျုပ် သူတို့ကို အပြစ်ပေးဖို့ ဒီရောက်လာတာ မဟုတ်ပါဘူး၊ နန်းတော်ထဲမှာက ကလေးငယ်တွေ သိပ်ရှုပ်လွန်းတယ်၊ နှစ်ပေါင်းနှစ်ထောင်ကျော် နေထိုင်လာခဲ့တဲ့ ဒီအဘိုးကြီးအနေနဲ့ သူတို့ရဲ့မိုက်မဲတဲ့ကိစ္စတွေမှာ ဝင်ပါမှာမဟုတ်ဘူး"
"အားနည်းသူတွေကို အနိုင်ကျင့်တတ်တဲ့ အရည်အချင်းမရှိ မိန်းမစိုးတစ်ယောက်က သေဆုံးခဲ့တာကို သူတို့က ဒီလိုမြင်ကွင်းမျိုးတွေ လုပ်ဆောင်နေတယ်...ကျုပ် သူတို့အစား ရှက်မိပါတယ်"
"ကျုပ် ဒီနေ့လာခဲ့တာက အဲ့ဒီလူငယ်နှစ်ဦးကို တွေ့ဆုံ ချင်ရုံ သက်သက်ပဲ"
ဘာကြီး?
လူတိုင်း ထိတ်လန့်သွားကြသည်။ ကောင်းကင်တက်လှမ်းနယ်ပယ်၊ အမြင့်ဆုံးအဆင့်မှာရှိသော တော်ဝင်မိသားစုမှ အဘိုးအိုဆယ့်နှစ်ဦးပင်လျှင် ကြောင်အသွားခဲ့ကြ၏။
ဘာတွေဖြစ်နေတာလဲ။
ဘိုးဘေးက သူတို့ကို ကျောထောက်နောက်ခံပြုပေးဖို့ လိုက်လာတာ မဟုတ်ဘူးလား။
ဘာလို့ ရုတ်တရက်ကြီး ရန်သူဘက် ကူးသွားတဲ့ပုံပေါက်နေရတာလဲ။
မဖြစ်နိုင်တာ!!
ဘိုးဘေး၏ဆန္ဒက နတ်ဘုရား၏ဆန္ဒကို ကိုယ်စားပြုသလိုပင် ဖြစ်သောကြောင့် သူတို့သာ ဘိုးဘေးကို ဆန့်ကျင်ခဲ့လျှင် သစ္စာဖောက်သူက သူတို့ ဖြစ်သွားလိမ့်မည်။
"မိတ်ဆွေလူငယ်လေးနှစ်ယောက်က ထွက်လာပြီး ကျုပ်နဲ့ တွေ့ဆုံပေးနိုင်မလား"
ခေါင်းပြောင်အဘိုးအိုသည် တားမြစ်ချိုင့်ဝှမ်းဆီသို့ လှည့်ခေါ်လိုက်သည်။
တုံ့ပြန်မှုမရှိခဲ့ပေ။
သူ အသာအယာ ချောင်းဆိုး၍ ရှက်ရယ်ရယ်ကာ ပြောလိုက်မိ၏။
"အနည်းဆုံးတော့ ကျုပ်မျက်နှာကို ထောက်ပြီး ညှာတာပေးပါဦး"
လူအုပ်ကြီးမှာ ထပ်မံ၍ အံ့အားသင့်သွားခဲ့ကြသည်။ ထိုကဲ့သို့ ယဉ်ကျေးနေခြင်းက သူတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေလေပြီ!
သို့သော်ငြား ထိုအချိန်တွင် ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများ၏ စိတ်ထဲ၌ အတွေးတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ မတိုင်ခင်က ချင်ချွမ်း ပြောခဲ့သောစကားကို သူတို့ သတိရသွားခဲ့ကြသည်။
သူ၏ ကျင့်ကြံခြင်းက ပြန်လည်ကောင်းမွန်လာသောကြောင့် အားကောင်းနေရခြင်းဖြစ်သည်ဟု သူ ပြောခဲ့လေ၏။
******************