အရာအားလုံးက သူ့ကလေးအတွက်ပဲ
Vol. 6 Ch. 77
မတိုင်ခင်က ချင်ချွမ်း ပြောခဲ့သောစကားကို တွေးမိပြီး ယခု ခေါင်းပြောင်အဘိုးအို၏သဘောထားနှင့်ပါ ပေါင်းစပ်ကြည့်လိုက်သောအခါ ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများသည် ကြောက်လန့်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
အထူးသဖြင့် ကွေရီဓားဂိုဏ်းမှ ဆံပင်အနီရောင်နှင့် မဟာအကြီးအကဲ ဖြစ်၏။ ချင်ချွမ်းကို ဒူးထောက်ခိုင်းခဲ့သည့် ယခင်က သူ့ရည်ရွယ်ချက်ကို သတိရကာ နောင်တရသလို ခံစားနေရသည်။
ထိုအချိန်၌ လူတိုင်းက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းဘက်သို့ လှည့်ကြည့်၍ ချင်ချွမ်း ထွက်ပေါ်လာမည်ကို မျှော်လင့်နေကြ၏။ အထူးသဖြင့် တော်ဝင်မိသားစုမှ အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်သည်။
ဘိုးဘေးဆီမှ တရိုတသေဆက်ဆံခံရသော ချင်ချွမ်းဆိုသူက တကယ်ပင် ဘယ်သူများဖြစ်နေလဲ ဆိုတာကို သူတို့ အလွန်စိတ်ဝင်စားနေကြ၏။
မကြာလိုက်ပေ။ ချင်ချွမ်းက သူ့သား ချင်ကျီကိုခေါ်ဆောင်၍ ထွက်ပေါ်လာခဲ့သည်။ သူက သူ့သားကို ဤလောကကြီးအား မြင်တွေ့စေချင်ပုံ ရ၏။
"မိတ်ဆွေငယ်လေး ချင်ချွမ်း...တွေ့ရတာ ဝမ်းသာပါတယ်"
ခေါင်းပြောင်အဘိုးအိုက ဖော်ရွေသော အိမ်နီးနားချင်းအဘိုးအိုတစ်ဦးကဲ့သို့ အပြုံးဖြင့် နှုတ်ဆက်လာခဲ့သည်။ ထို့အပြင် ချင်ကျီကို မြင်မြင်ချင်း ချက်ချင်းပင် လက်ဆောင်တစ်ခု ပေးလာခဲ့၏။
"ဒါက ချင်ကျီ ဟုတ်မယ်ထင်တယ်... တကယ်ကို တော်တော်လေး စွမ်းရည်ရှိတဲ့ လူငယ်ပါလား၊ ရုပ်ရည်ကလည်း ထူးခြားပါပေတယ်၊ ဒါကတော့ ဒီအဘိုးကြီးရဲ့ကျင့်ကြံခြင်းလက်စွဲစာအုပ်ပါ...လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပိုးချည်ဖြင့် ချည်နှောင်ထားသော စာအုပ်အဟောင်းတစ်အုပ်က ပျံသန်းထွက်လာပြီး ချင်ကျီ၏အရှေ့တွင် ပျံဝဲနေလေသည်။
"ဒါ…"
ချင်ကျီ အံ့အားသင့်သွားရလေ၏။
ချင်ချွမ်းသည်လည်း မထင်ထားခဲ့မိပေ။ ထို့နောက် သူ့အစီအစဥ်က ပျက်စီးသွားပြီဟု တွေးမိကာ အသာလေး သက်ပြင်းချမိသည်။
"လက်ခံလိုက်ပါ"
သူ ချင်ကျီအား အမူအရာကင်းမဲ့စွာ ပြောလိုက်ပြီးနောက် အဘိုးအိုဘက်သို့ လှည့်၍ သူ့လက်များကို အနည်းငယ် ယှက်ကာ ဆိုခဲ့၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ မသိဘူး"
ချင်ချွမ်းက အဘိုးအိုကို အကိုကြီးဟုခေါ်ခဲ့၏။ မရိုသေခြင်းလည်း မဟုတ်သလို မာနကြီးခြင်းလည်း မဟုတ်ဘဲ မျိုးဆက်တူများကဲ့သို့ ခေါ်ဝေါ်လိုက်ခြင်းပင်။
ထူးဆန်းစွာပင် ဘယ်သူကမှ မသင့်လျော်ဘူးဟု မထင်ခဲ့ကြပေ။ ထိုအစား တော်တော်လေး သဘာဝကျ သည်ဟု ထင်ကြသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အဘိုးအို၏သဘောထား ကြောင့်ပင်။ သို့မဟုတ်… ချင်ချွမ်းဆီမှ ထွက်ပေါ်လာသော ယုံကြည်မှုကြောင့်လည်း ဖြစ်နိုင်၏။
"ဟားဟားဟား ကျုပ်က နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း သီးသန့်နေခဲ့တယ်၊ မကြာသေးခင်က ပြန်ထွက်လာတော့ မိတ်ဆွေလေးရဲ့ဂုဏ်သတင်းကို ကြားသိခဲ့ရတယ်၊ ဒါကြောင့်ပဲ ခင်ဗျားနဲ့ တွေ့ဆုံဖို့ကို စိတ်ဝင်စားနေခဲ့တာ"
ခေါင်းပြောင်အဘိုးအိုက အပြုံးဖြင့် ပြောလာသည်။
သူက အမှန်ပြောနေခြင်းဖြစ်၏။
ဤချင်ချွမ်းက အလွန်နက်နဲလေသည်။ ဒီနေ့ထိတိုင်အောင် တော်ဝင်မိသားစုသည် သူ ဘယ်လို အင်အားကြီးလာရသလဲ ဆိုတာကို မသိရှိနိုင်ခဲ့ပေ။
သူ့ကျင့်ကြံမှုက မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လေ၏။ သို့သော်ငြား သူက ထူးခြားသည့် အခွင့်အရေးများလည်း ရရှိခဲ့ပုံမရပေ။
တော်ဝင်မိသားစု၏လျှို့ဝှက်စုံစမ်းမှုများအရ သူသည် မကြာခဏပင် ထူးဆန်းသောလုပ်ဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
သူတို့သည် ဦးနှောက်များကို ကုတ်ခြစ်၍ စဥ်းစားခဲ့ကြသော်လည်း ချင်ချွမ်းက ဘာကြောင့် ထိုကဲ့သို့အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့လဲ ဆိုတာကို နားမလည်ခဲ့ကြရာ သူတို့အား ရှုပ်ထွေးစေခဲ့၏။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူ့သားအား လေ့ကျင့်ပေးနေခြင်းပင်။
သို့သော်ငြား ထိုဖြစ်နိုင်ခြေမှာလည်း သူ၏ ထူးဆန်းသောတချို့လုပ်ရပ်များအတွက် ခိုင်လုံမှုမရှိခဲ့ပေ။
သူတို့ နားမလည်နိုင်ခဲ့ပေ။
သူတို့ စူးစမ်းလေ့လာ၍မရနိုင်ခဲ့ပေ။
သူတို့ ဖောက်ထွင်း၍ မမြင်နိုင်ခဲ့ပေ။
အဘိုးအိုကဲ့သို့ နှစ်ပေါင်းနှစ်ထောင်ကျော် နေထိုင်ခဲ့ပြီး ရေတွက်၍မရသော ကြီးမားသည့်ဖြစ်ရပ်များကို တွေ့ကြုံခဲ့ဖူးသူတစ်ဦးအနေဖြင့် သူ ကိစ္စတစ်ခုကိုတော့ နက်နက်နဲနဲ နားလည်ထားသည်။ မင်း တစ်စုံတစ်ယောက်ကို ဖောက်ထွင်း၍ မမြင်နိုင်ဘူးဆိုလျှင် မင်း သူတို့ကို ဒေါသထွက်အောင် မလုပ်သင့်ပေ။
ထို့ကြောင့် တော်ဝင်မိသားစုသည် ချင်ချွမ်းအား ဘယ်သောအခါမှ ရန်လိုချင်သော ရည်ရွယ်ချက် မရှိခဲ့ပေ။ သူတို့ကြား၌ ဖော်ရွေသောဆက်ဆံရေးတစ်ခုအား တည်ဆောက်ရန်အတွက် အချိန်အကြာကြီး ကတည်းက စီစဉ်နေခဲ့၏။
သူတို့သာ မိတ်ဆွေများဖြစ်နိုင်ခဲ့လျှင် အနာဂတ်၌ ချင်ချွမ်းသည် သူတို့မိသားစု၏ ပြန်လည်ရှင်သန်နိုင်ရေးအတွက် သိသိသာသာပင် ခွန်အားတစ်ခု ဖြစ်ပေးနိုင်လိမ့်မည်။
ဤတစ်ကြိမ်၌ တော်ဝင်မိသားစုမှ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသို့ ချီတက်လာခြင်းသည် ရည်ရွယ်ချက်နှစ်ခုပါဝင်သော လှည့်ကွက်တစ်ခုသာဖြစ်သည်။
ပထမတစ်ခုမှာ သဘာဝကျစွာပင် မိမိအားနည်းချက်အား ပြသရန် ဖြစ်၏။ ယန်မိသားစု၊ ပင်မအဖွဲ့အစည်း၏ စောင့်ကြပ်မှုများကို လျှော့ချရန်နှင့် မိသားစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ယူလိုခြင်းပင်။
ဒုတိယတစ်ခုမှာ "ခက်ထန်တစ်လှည့်၊ နူးညံ့တစ်လှည့်" ဟူသော ချဉ်းကပ်မှုကို အသုံးပြု၍ ချင်ချွမ်း၏ မျက်နှာသာပေးမှုကို ရယူရန် ဖြစ်သည်။
တော်ဝင်မိသားစု၏လူငယ်မျိုးဆက်အား လူဆိုးအဖြစ် ဟန်ဆောင်စေပြီး အဘိုးအိုကတော့ လူကောင်း အဖြစ် သရုပ်ဆောင်ကာ ဖော်ရွေပြခြင်းဖြင့် ခြားနားချက်အား သရုပ်ပြရန်ဖြစ်၏။
"သဘောပေါက်ပြီ"
ချင်ချွမ်းက အဓိပ္ပာယ်ရှိစွာ ခေါင်းညိတ်၍ အပြုံးတစ်ခုဖြင့် ပြောလာသည်။
"ဒါဆို အစ်ကိုကြီးက ကျုပ်ကိုသတ်ဖို့ လာတာ မဟုတ် ဘူးပေါ့"
"မိတ်ဆွေလေးက နောက်နေတာပဲ၊ ဒီနှစ်တွေထဲမှာ တဖြည်းဖြည်းကျဆင်းလာတဲ့ ကျုပ်ရဲ့သိုင်းကျင့်ကြံမှုကြောင့် ခင်ဗျားကို ထိခိုက်စေဖို့ဆိုတာက စဉ်းစားလို့တောင်မရပါဘူး...အန္တိမနယ်ပယ်၊ အမြင့်ဆုံးအဆင့်မှာ ရှိနေရင်တောင်မှ ကျုပ် ခင်ဗျားကို မထိနိုင်ပါဘူး"
ခေါင်းပြောင်အဘိုးအိုသည် ရှက်ရယ်ရယ်လျက် ခေါင်းခါယမ်းလာခဲ့၏။ သူသည် ချင်ချွမ်း၏မျက်နှာအမူအရာများကို တစ်ချိန်လုံး ပရိယာယ်ဆန်ဆန် လေ့လာနေခဲ့သည်။
သူက စမ်းသပ်နေခြင်းပင်။
ချင်ချွမ်း၏စွမ်းရည်က ဘယ်လောက်ထိ နက်နဲလဲဆိုတာကို သူ တိုင်းတာချင်ခဲ့၏။ သို့သော်ငြား သူ သတိပြုမိခဲ့သည်မှာ ထိုစကားကို ဆိုပြီးနောက် ချင်ချွမ်း၏မျက်လုံးများက လှုပ်ရှားမှုမရှိခဲ့ပေ။ စိုးရိမ်ပူပန်မှု သို့မဟုတ် အပြစ်ရှိသောခံစားချက်များ မရှိခဲ့ပေ။ ထိုအစား…သူတို့ မျှော်လင့်ထားသည့်အတိုင်း တည်ငြိမ်နေခဲ့သည်။
ခေါင်းပြောင် အဘိုးအို၏ အတွင်းစိတ်မှာ တုန်လှုပ်သွားခဲ့ရ၏။ ချင်ချွမ်းက တကယ် ထူးခြားပေသည်။
ထိုကဲ့သို့ အလွန်တည်ငြိမ်သော အမူအရာက အတုလုပ်လို့ မရပေ။ ထိုအမူအရာမှာ မိမိအားသာချက်များကို သိနားလည်ခြင်းကနေ အလိုလိုရရှိလာသော အကြွင်းမဲ့ယုံကြည်မှု ဖြစ်ပေ၏။
"အစ်ကိုကြီး ခင်ဗျားက မကြွားဝါဘဲ နှိမ့်ချတတ်တဲ့လူပဲ"
ချင်ချွမ်းက တည်ငြိမ်စွာဆို၍ အကြံပြုလာသည်။
"ခင်ဗျားက ဧည့်သည်အနေနဲ့ ရောက်လာခဲ့တယ်ဆိုမှတော့ ကျုပ်တို့ အထဲမှာပဲ ဆက်ပြီး စကားပြောကြတာပေါ့"
"ကောင်းပြီ"
ခေါင်းပြောင်အဘိုးအိုက အပြုံးဖြင့် ခေါင်းညိတ်လာခဲ့၏။ ထို့နောက် သူ့အကြည့်ကို တော်ဝင်မိသားစုဘက်သို့ လှည့်၍ ဂရုမစိုက်စွာ ပြောလိုက်သည်။
"မင်းတို့အားလုံး အခု ထွက်သွားနိုင်ပြီ၊ ဒီနေ့ကိစ္စက ဒီမှာပဲ ပြီးသွားခဲ့ပြီ...ဧကရာဇ်ကို နေ့တိုင်း ဝင့်ကြွားမနေနဲ့လို့ ပြောလိုက်ပါ"
ထိုသို့ပြောပြီးနောက် သူ ချင်ချွမ်း၏အနောက်ကို လိုက်၍ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲသို့ ဝင်သွားခဲ့လေ၏။
ကောင်းကင်ထက်မှ တော်ဝင်မိသားစု၏ အင်အားကြီးပုဂ္ဂိုလ်များနှင့် ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများသည် အချင်းချင်း အကြည့်များ ဖလှယ်ကုန်ကြသည်။ မူလဇာတ်ညွှန်းက ဤကဲ့သို့ မဟုတ်ခဲ့ပေ။ သူတို့စိတ်ကူးထားကြသည်မှာ ပြင်းထန်သောတိုက်ပွဲအကြောင်းဖြစ်၏။
ပြင်းထန်တဲ့တိုက်ပွဲက ဘယ်မှာလဲ။ သူတို့က ဘယ်လိုလုပ်ပြီး အပိုလူတွေ ဖြစ်သွားရတာလဲ။
သို့သော်ငြား ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများအတွက်မူ နစ်နာမှုများ သက်သာခဲ့လေသည်။ အကြောင်းမှာ သူတို့သာ ခေါင်းပြောင်အဘိုးအိုနှင့် တကယ်တိုက်ခိုက်ခဲ့ရလျှင် သူတို့၏ဘိုးဘေးများ ချန်ထားခဲ့သော တန်ဖိုးကြီးဝှက်ဖဲများကို များစွာ သုံးစွဲရလိမ့်မည်။
သေချာပေါက် သူတို့၏ဘိုးဘေးများသည်လည်း တစ်ချိန်တုန်းက ဤလောကတွင် အန္တိမအဆင့်သိုင်းပညာရှင်များ ဖြစ်ခဲ့ကြလေ၏။ သူတို့အသက်ကြီးလာသောအခါ အိမ်သို့ပြန်လာ၍ သူတို့၏ဇာတိမြို့များပေါ်၌ ဂိုဏ်းများ ထူထောင်ခဲ့ကြသည်။
အင်အားကြီးပုဂ္ဂိုလ်များအနေဖြင့် သူတို့၏ဂိုဏ်းများ ရှင်သန်ရေးအတွက် အစီအမံများစွာကို သေချာပေါက် ချန်ရစ်ထားခဲ့လေ၏။ ဥပမာအားဖြင့် ဂိုဏ်းကာကွယ်ရေးအခင်းအကျင်း၊ ဂိုဏ်း၏ရတနာ သို့မဟုတ် အန္တိမနယ်ပယ်၊ သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားအပြည့် ပါဝင်သော အဆောင်လက်ဖွဲ့များ ဖြစ်ကြသည်။
ထို့ကြောင့်သာ ဂိုဏ်းကြီးခြောက်ခုစလုံးသည် တော်ဝင်မိသားစုကို စမ်းသပ်ရဲခဲ့ကြခြင်း ဖြစ်၏။ မဟုတ်လျှင် သူတို့အကုန်လုံး ရှုံးနိမ့်သွားကြလိမ့်မည်။
"အာ...သွားကြစို့"
"ဟဲဟဲ...ရယ်စရာအဖြစ်အပျက်က ငါတို့အပေါ်မှာ ဖြစ်သွားတာပဲ"
"အိမ်ပြန်ရမယ်"
တော်ဝင်မိသားစုမှ အဘိုးအိုများသည် ခေါင်းခါယမ်းကာ ခါးသီးသောအပြုံးများဖြင့် သူတို့၏ စစ်သည်တော်များနှင့် ဗိုလ်ချုပ်များကို ဦးဆောင်လျက် ဝေးရာသို့ ထွက်သွားခဲ့ကြသည်။
ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများလည်း အကြည့်ချင်းဖလှယ်ကြပြီးနောက် အမူအရာမျိုးစုံဖြင့် ပြန်ဆုတ်ကုန်ကြ၏။ သူတို့က လက်ဖက်ရည်သောက် ရန်ပင် မနေခဲ့ကြတော့ချေ။
အကြောင်းမှာ ချင်ချွမ်းနှင့် တော်ဝင်မိသားစုမှအဘိုးအိုက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲ၌ လက်ဖက်ရည်သောက်ကာ စကားပြောနေကြသောကြောင့်ပင်။ သူတို့အတွက် နေရတာ အဆင်မပြေသလို ခံစားခဲ့ကြရသည်။
ချင်ချွမ်း၏စံအိမ်အတွင်း၌ ဖြစ်လေ၏။
ချင်ချွမ်းနှင့် အဘိုးအိုသည် ထိုင်ခုံပေါ်၌ ခြေထောက်များချိတ်လျက် ထိုင်နေကြသည်။ သူတို့က ချင်ကျီ ပြင်ဆင်ပေးလာသော လက်ဖက်ရည်ကိုသောက်ကာ ဖော်ရွေသောစကားများ ဖလှယ်နေကြ၏။ ထို့နောက် အရေးကြီးသော ကိစ္စများဆီသို့ ရောက်ရှိသွားခဲ့လေသည်။
"မိတ်ဆွေလေးချင်ချွမ်း ခင်ဗျားလည်း သတိထားမိလောက်ပေမယ့် ကျုပ် ဒီတစ်ကြိမ် ရောက်လာခဲ့တာက အဓိကအားဖြင့်တော့ တော်ဝင်မိသားစု၊ ယန်မိသားစုကိုယ်စား ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ဖို့ပါ"
အဘိုးအိုက နွေးထွေးစွာ ပြုံး၍ ပြောလာခဲ့၏။
"အင်း"
ချင်ချွမ်း ခေါင်းညိတ်လိုက်သည်။
"ကျုပ်တို့ယန်မိသားစုက မိတ်ဆွေဖွဲ့တဲ့အခါမှာ သေချာပေါက် စကားလုံးသက်သက်နဲ့ပဲတော့ မဟုတ်လေဘူး၊ စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့သာ မိတ်ဆွေဖွဲ့လိုခြင်းပါ"
အဘိုးအိုက ဆက်ပြောလာခဲ့၏။
"ကျုပ်တို့ရဲ့ဧကရာဇ်က အံ့ဖွယ်စိတ်ဝိညာဉ်ရေကန် တစ်ခုကို ချုပ်ကိုင်ထားတယ်၊ အဲ့ဒီရေကန်က ရှေးခေတ်အချိန်မှာ သေဆုံးခဲ့တဲ့ ထူးခြားတဲ့သားရဲကနေ ဖြစ်တည်လာတယ်လို့ ဆိုကြတယ်၊ ပြီးတော့ ရေကန်ထဲမှာဆိုရင်လည်း များပြားတဲ့ စိတ်ဝိညာဉ်အရည်တွေက ရုပ်ပိုင်းဆိုင်ရာပင်ကိုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်"
ချင်ချွမ်း မျက်ခုံးပင့်လိုက်မိသည်။
အဘိုးအိုက ပြုံး၍ ဆက်ပြောလာခဲ့၏။
"ဒီစိတ်ဝိညာဉ်ရေကန်က ဆယ်နှစ်တစ်ကြိမ် ပွင့်ပြီး အကြိမ်တိုင်းမှာ နေရာငါးခုပဲ ရရှိနိုင်တယ်၊ ကျုပ်တို့က ချင်ကျီကို နေရာတစ်နေရာစာပေးဖို့ စီစဉ်ထားပါတယ်"
"ဒါက… နည်းနည်းတော့ မသင့်လျော်ဘူး မဟုတ်လား"
ချင်ချွမ်းက နှိမ့်ချစွာ ပြောလေသည်။
"ဒါက တစ်ကယ်ကို နေရာနည်းပါးတာကြောင့် နည်းနည်း မသင့်လျော်ဘူးပေါ့"
အဘိုးအိုက ခေါင်းညိတ်၍ သဘောတူခဲ့၏။ ထို့နောက် လေသံပြောင်း၍ ပြုံးကာ ဆက်ပြောလာသည်။
"ဒါပေမဲ့ အရမ်းသင့်လျော်တာမျိုး ပေးခဲ့ရင်လည်း စိတ်ရင်းမှန်လို့ မခေါ်ဆိုနိုင်တော့ဘူး"
ချင်ချွမ်းလည်း အနည်းငယ်မျှ အံ့အားသင့်သွားခဲ့လေ၏။ ဒါက တော်တော်လေး အဓိပ္ပာယ်ရှိသည်ပင်။
ချင်ချွမ်း သူ့သားကို ကြည့်လိုက်ရာ သားဖြစ်သူက သူ့အား စိတ်အားထက်သန်မှုအပြည့်ဖြင့် မျှော်လင့်တကြီးကြည့်နေသည်ကို သတိပြုမိခဲ့ပေသည်။
ချင်ချွမ်းသည် သူ့သားအား "တိုးတက်ကြီးပွားလိုစိတ် မရှိဘူးလား" ဟူသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။
(T/N - သူ့သားကို ဒီလောက်လေးနဲ့ စိတ်လှုပ်ရှားနေရလားလို့ ခနဲ့လိုက်တာပါ)
ထို့နောက် အပြုံးတစ်ခုဖြင့် သူ့လက်ဖက်ရည်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
"ကျုပ်လည်း ခင်ဗျားတို့နဲ့ မိတ်ဆွေဖြစ်ရတာ ဝမ်းသာ ပါတယ်"
သူ လက်ခံခဲ့သည့် ရည်ရွယ်ချက်ကတော့ အလွန်ရိုးရှင်းပေ၏။ အရာအားလုံးက သူ့ကလေးအတွက်သာ ဖြစ်သည်။
*******************