← Chapters

မဟာအကြီးအကဲလုပ်ရန် ပြတ်ပြတ်သားသား ငြင်းဆန်ခြင်း

Vol. 6 Ch. 78

မဟာအကြီးအကဲလုပ်ရန် ပြတ်ပြတ်သားသား ငြင်းဆန်ခြင်း

Vol. 6 Ch. 78

ညနေပိုင်းတွင် ခေါင်းပြောင်အဘိုးအိုက ပြန်သွားခဲ့သည်။

ချင်ကျီကတော့ စိတ်လှုပ်ရှားနေလေသည်။

"အဖေ တော်ဝင်မိသားစုမှာ အလွန်အဖိုးတန်တဲ့ စိတ်ဝိညာဉ်ရေကန် ရှိတယ်လို့ ကျွန်တော် ကြားဖူးခဲ့တာ ကြာပြီ၊ တစ်ကြိမ်လောက် ရေစိမ်လိုက်ရုံနဲ့ ဘေးထွက်ဆိုးကျိုးမရှိဘဲ အဆင့်ငယ်နှစ်ခု ဒါမှမဟုတ် သုံးခုလောက်အထိ တိုက်ရိုက် မြှင့်တင်ပေးနိုင်တယ်တဲ့၊ ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ!"

သူ့မျက်နှာမှာ နီရဲနေပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေလေ၏။

"စိတ်လျှော့စမ်းပါ"

ချင်ချွမ်းသည် သူ့ညာဘက်လက်မှ လက်ဖက်ရည်ခွက်ကိုချ၍ သူ၏အပေါစားသားလေးကြောင့် ညာဘက်လက်တွင် ဖိတ်စင်သွားသောလက်ဖက်ရည်အကြွင်းအကျန်ကို ဘယ်လက်ဖြင့် တည်ငြိမ်စွာ သုတ်လိုက်သည်။

"အဟွတ်! အဟွတ်! အဖေ မလှုပ်ပါနဲ့၊ ကျွန်တော့်ကိုသုတ်ခွင့်ပြုပါ...ကျွန်တော့်ကိုသုတ်ခွင့်ပြုပါ"

ချင်ကျီ ခြောက်ကပ်စွာ ချောင်းဆိုးလိုက်မိ၏။ သူ ရှက်ရွံ့စွာပင် လက်ဖက်ရည်ပန်းကန်ကိုချ၍ သူ့အဖေ၏လက်ကိုသုတ်ပေးရန် ကုန်းလိုက်သည်။

ချင်ချွမ်းကလည်း ငြင်းဆန်ခြင်းမရှိပေ။ အပေါစားသားလေးက အခမဲ့ အစေခံ ဖြစ်လေရာ ၎င်းကို အလဟဿဖြစ်ခွင့် မပေးနိုင်ပေ။

ထိုခေါင်းပြောင်အဘိုးအိုကိုတွေးမိပြီး သူ အနည်းငယ် စိတ်လှုပ်ရှားခဲ့ရ၏။ ဒီကမ္ဘာက သူ စိတ်ကူးထားသည့်အတိုင်း မဟုတ်နေပေ။ ထိုစစ်မှန်သော အင်အားကြီးပုဂ္ဂိုလ်များက မရူးမိုက်ကြပေ။ ထိုသို့ဖြစ်နေခြင်းက သူ့လုပ်ဆောင်မှုများ၏ အခက်အခဲကို တိုးမြှင့်စေသည်။

အန္တိမနယ်ပယ်ရှိ အင်အားကြီးပုဂ္ဂိုလ်များတောင်မှ ထိုကဲ့သို့စိတ်နေစိတ်ထားမျိုးနှင့် ကျင့်ကြံမှုမျိုး ရှိနေသည် ဆိုလျှင် သိုင်းဘုရင် သို့မဟုတ် သိုင်းအင်ပါယာအဆင့်များသည် ရေသေကဲ့သို့ တည်ငြိမ်နေကြလိမ့်မည် မဟုတ်ပါလော။

ထိုသို့သာဆိုလျှင် သူ၏အပေါစားသားက တစ်စုံတစ်ယောက်၏နှာခေါင်းကိုထိုး၍ အချိန်ကြာကြာ ဆဲဆိုခဲ့လျှင်ပင် သူတို့၏စိတ်ခံစားမှုများက တုံ့ပြန်မှုမရှိခဲ့ပါက ကိစ္စများ ခဲယဥ်းလာနိုင်၏။

အဆိုးဆုံးအခြေအနေမှာ သူတို့ထံ၌ စိတ်ခံစားချက် တုံ့ပြန်မှုများ မရှိသောကြောင့် သူ့သားအား ဘာမှပြောမနေဘဲ ယင်ကောင်တစ်ကောင်ကို သတ်လိုက်သကဲ့သို့ ခြေမွ၍သတ်ပစ်လိုက်နိုင်သည်။ ၎င်းက ပိုဆိုးသွားလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ စနစ်သည် တခြားလူများက သူ့သားကို သတ်ဖြတ်လိုစိတ်ရှိမှသာ သူ့စွမ်းအားက တိုးမြင့်လာနိုင်သည်ဟု သတ်မှတ်ထားလေ၏။

တစ်ဖက်လူက သတ်ဖြတ်လိုစိတ်မရှိလာခင်မှာပင် ပေါ့ပေါ့တန်တန် သတ်ပစ်လိုက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းမှ လွင့်ထွက်လာသော အသေးစားလှိုင်းတစ်ခုက မရည်ရွယ်ဘဲ သူ့သားကို သတ်မိခြင်း စသဖြင့် ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်လာလျှင် ၎င်းသည် အချည်းနှီးဖြစ်သော သေဆုံးမှုပင် မဟုတ်ပါလော။

"ဒါကြောင့် အပေါစားသားလေးရဲ့ ခွန်အားကို အမြန်ဆုံး မြှင့်တင်ပေးဖို့ လိုအပ်တယ်!"

သူ တိတ်တဆိတ် တွေးလိုက်မိသည်။

တကယ်တော့ သူ နည်းလမ်းတစ်ခုကိုလည်းတွေ့ရှိခဲ့လေ၏။

ဆိုလိုသည်မှာ လူတစ်ဦး၏သည်းခံနိုင်ခြင်းစွမ်ရည်သည် တစ်သမတ်တည်းမရှိဘဲ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားကြသည်။

ဥပမာ- အန္တိမနယ်ပယ်ရှိ အင်အားကြီးပုဂ္ဂိုလ်တစ်ဦး သည် သူနှင့် အဆင့်တူသူတစ်ဦး၏စော်ကားခြင်း ခံရ လျှင် ဒေါသထွက်နိုင်သည်။ သို့သော်ငြား ပုရွက်ဆိတ်တစ်ကောင်၏ စော်ကားခြင်းကို ခံရလျှင် စိတ်ခံစားမှု အတက်အကျမရှိဘဲ ရိုးရိုးလေးသာ နင်းချေ၍သတ်ပစ်လိမ့်မည်။

တစ်နည်းအားဖြင့် လူသားများသည် မိမိနှင့် အဆင့်တူသူများ သို့မဟုတ် အဆင့်အနည်းငယ် ကွာခြားသူများကိုသာ မကျေမနပ်ဖြစ်တတ်ကြသည် သို့မဟုတ် ဒေါသထွက်တတ်ကြလေ၏။ သို့သော်ငြား အဆင့်ကွာဟမှု အလွန်များနေလျှင် စိတ်ခံစားမှု အတက်အကျမရှိကြပေ။

ထိုအရာမှာ တစ်စုံတစ်ယောက်က မင်းထက် အနည်းငယ်ပိုသာနေလျှင် မနာလိုဖြစ်လာခြင်းနှင့် ဆင်တူသည်။ သို့သော်ငြား မင်းက သူတို့ထက် အများကြီးပိုကောင်းနေလျှင်တော့ မင်း ဘာမှခံစားရမှာမဟုတ်ပေ။

မင်းက မင်းထက်ပိုတော်သည့် အတန်းဖော်ကို မနာလို ဖြစ်လိမ့်မည်။ သို့သော်ငြား မင်းက Jack Maကိုတော့ မနာလို ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုလူကိုတော့ မင်းက စာထဲတွင် ရိုးရိုးသာ မှတ်ချက်ပေးထားလိမ့်မည်-ဒါက ကျွန်တော့်အဖေပဲ!

(T/N - Jack Maက Alibaba group ရဲ့ co-founderပါ)

"သုံးရက် ကျန်သေးတယ်...မင်းကိုယ်မင်း ပြင်ဆင်ထားပါ၊ ပြီးတော့ မင်းရဲ့ဆရာကိုလည်းပြင်ဆင်ထားခိုင်းလိုက်...သုံးရက်ကြာရင် အဖေတို့တွေ အင်ပါယာမြို့တော်ကို သွားကြမယ်"

ချင်ချွမ်းသည် ချင်ကျီကို ပြောလိုက်သည်။

"သိပါပြီ!"

လက်ရှိအချိန်တွင် ချင်ကျီသည် ကျွမ်းကျင်သော ဖော်လံဖားတစ်ဦးကဲ့သို့ အလွန်နာခံနေလေ၏။ ထို့နောက် အမြန်ပင် သူ့အခန်းသို့ ပြန်သွားခဲ့သည်။

သိပ်မကြာလိုက်ဘဲ အပြင်ဘက်မှ လူအိုကြီးတစ်ဦး၏အသံ ထွက်ပေါ်လာလေ၏။

"အကြီးအကဲချင်ချွမ်း အပြင်ထွက်ပြီး စကားပြောလို့ရနိုင်မလား"

ထိုအသံကိုကြားသောအခါ ချင်ချွမ်းလည်း ထရပ်၍ အပြင်သို့ ထွက်သွားလိုက်သည်။ စံအိမ်၏အပြင်ဘက် ရှိ ချောက်ကမ်းပါး အစွန်းတွင် ဖြစ်၏။

ညနေဆည်းဆာသည် ခရမ်းနက်ရောင်အဖြစ်သို့ တဖြည်းဖြည်း မှိန်ဖျော့သွားလျက်ရှိသည်။ အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးကမူ ညနေခင်းလေထဲ၌ ရပ်နေလေ၏။

ထိုလူက ကျောက်ဖူလုံပင်။

"မဟာအကြီးအကဲ"

ချင်ချွမ်း ခေါ်လိုက်သည်။

"ညီအစ်ကိုချင်ချွမ်း အရင်တုန်းက ကျုပ်အမြင်က မကောင်းခဲ့လို့ ခင်ဗျားကို ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ အကြီးအကဲအဖြစ်ပဲ ခန့်အပ်ပြီး မတရားသဖြင့် လုပ်ခဲ့မိတယ်၊ ခင်ဗျားကို ဒုက္ခဖြစ်စေခဲ့မိပြီ"

ကျောက်ဖူလုံ လှည့်လာပြီး ခါးသီးစွာ ပြုံး၍ မေးလာခဲ့၏။

"ခင်ဗျားကို မေးချင်ပါတယ်…ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖြစ်ဖို့ ဆန္ဒရှိပါသလား"

ချင်ချွမ်းက တည်ငြိမ်စွာပင် ခေါင်းခါယမ်းလာသည်။

"ကျုပ်က ဂုဏ်ထူးဆောင်အကြီးအကဲမျှပါပဲ၊ ကျုပ် မတိုင်ခင်က ပြောခဲ့သလိုပဲ...ဒီနေရာက ကျုပ်အတွက် ယာယီရပ်နားရာသာ ဖြစ်ပါတယ်၊ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာ ကျုပ် အမြဲနေမှာမဟုတ်ပါဘူး"

"အာ...ထင်ထားတဲ့အတိုင်းပါပဲ"

ကျောက်ဖူလုံက သက်ပြင်းချလေ၏။

"ခင်ဗျားလိုလူမျိုးက ဒီလိုနေရာသေးသေးလေးမှာ နေ မှာမဟုတ်ဘူး ဆိုတာကို ကျုပ် သိပါတယ်"

ချင်ချွမ်းသည် အတိတ်က တချို့ဖြစ်ရပ်များကို တွေး ၍ မေးကြည့်လိုက်သည်။

"ခင်ဗျားက နေကိုးလုံးနယ်မြေက မဟုတ်ဘူးမလား"

"ဟဲဟဲ ခင်ဗျားက ကျုပ်ကို မြင်နိုင်ခဲ့တာပဲ"

ကျောက်ဖူလုံက သူ့ကိုယ်သူ ရယ်မောလာ၍ ဆက်ပြောခဲ့လေ၏။

"ကျုပ်က နေကိုးလုံးနယ်မြေက မဟုတ်တာ အမှန်ပါပဲ၊ ကျုပ်က အရှေ့ပိုင်နက်ကနေ လာတာ...ဒါပေမယ့် နှစ်ရာပေါင်းများစွာကြာလာတော့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို ကျုပ်ရဲ့အိမ်လို့ စဉ်းစားထားခဲ့တာကြာပါပြီ"

"နောက်ဆုံးတော့ ကျုပ်က ဒီမှာပဲ ကြီးပြင်းခဲ့တာလေ၊ ဒီမှာပဲ လက်ထပ်ခဲ့တယ်...ကျုပ်ရဲ့သားကိုလည်း ဒီမှာပဲ မွေးဖွားခဲ့တယ် ပြီးတော့ ကျုပ်ရဲ့မြေးကိုလည်း ဒီမှာမွေးဖွားခဲ့တယ်၊ ကျုပ် မွေးဖွားခဲ့တဲ့ နေရာကတော့ မှတ်ဉာဏ်ထဲ မရှိသလောက်ပါပဲ"

ချင်ချွမ်းသည် ခဏတာမျှ ဆင်ခြင်ပြီးနောက် မေးလိုက်ပြန်၏။

"ခင်ဗျား အခု အဲ့ဒီမိသားစုကို နာခံနေသေးလား၊ ကျုပ်ဆိုလိုတာက ကျောက်မိသားစုကိုပါ"

"ဟဲဟဲ ကျုပ်မိသားစုမှာ ကျောက်ဆိုတဲ့ မျိုးရိုးမရှိပါဘူး"

ကျောက်ဖူလုံ၏မျက်နှာက သူ့ကိုယ်သူကဲ့ရဲ့မှုများဖြင့် ပြည့်နှက်နေလေသည်။ ထို့နောက် ချင်ချွမ်းကို အားနာသော မျက်နှာဖြင့် ပြောလာခဲ့၏။

"ကျုပ်မိသားစုအကြောင်းကို ပြောပြလို့မဖြစ်လို့ပါ...မဟုတ်ရင် ဘေးဥပဒ်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်...ကျေးဇူးပြုပြီး နားလည်ပေးပါ"

"ကောင်းပြီ"

ချင်ချွမ်း ခေါင်းညိတ်လိုက်ကာ ဆက်ပြီးဖိအားမပေးတော့ပေ။ သူနှင့်လည်း တကယ် မဆိုင်သောကိစ္စ ဖြစ်သောကြောင့်ပင်။

သူ ဒီအတိုင်း စိတ်ဝင်စား၍သာ ပေါ့ပေါ့ပါးပါး မေးခဲ့ခြင်း ဖြစ်သည်။

ခဏအကြာမှာ ကျောက်ဖူလုံက ပြုံး၍ ဆက်ပြောလာခဲ့၏။

"ဒီအချိန်မှာ ခင်ဗျားက မဟာအကြီးအကဲ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဘာမှမကွာခြားတော့ပါဘူး...ဘာကြောင့်လဲဆိုတော့ ဂိုဏ်းတပည့်တွေရဲ့ အမြင်မှာလည်း ခင်ဗျားရဲ့ရာထူးက မဟာအကြီးအကဲ ထက် မနည်းတော့ဘူး"

ချင်ချွမ်းက စကားမပြောဘဲ ပြုံးလာခဲ့သည်။

တကယ်လည်း မှန်သည်ပင်။

မင်းရဲ့ခွန်အားက ထင်ရှားပေါ်လွင်နေလျှင် ရာထူးမရှိလျှင်တောင်မှ လူတွေက မင်းကို သဘာဝကျစွာ လေးစားကြလိမ့်မည်။ ထိုအရာမှာ တစ်လောကလုံး လက်ခံထားကြသော အကြောင်းပြချက် ဖြစ်ပြီး လူအပေါင်းက အားကောင်းသူများကို ရိုသေလေးစားကြလေသည်။

၎င်းက မည်သည့်လောကမှာမဆို မှန်ကန်ပေ၏။

သို့သော်ငြား မဟာအကြီးအကဲဖြစ်ရခြင်းသည် သူတကယ် မလုပ်ချင်သောအရာ ဖြစ်သည်။ အကြောင်းမှာ မဟာအကြီးအကဲဟူသည် ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်ရုံသာမက တာဝန်လည်း ကြီးပေ၏။ ဂိုဏ်းတစ်ခုလုံးအတွက် တာဝန်ယူရန် လိုအပ်သည်။

ပုံမှန်လုပ်ထုံးလုပ်နည်းများအရ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ကြီးမားသောတာဝန်ကို သူ ယူလိုက်သည်နှင့် ယခင်က လေလုံခဲ့သော သူ့အိမ်သည် ချက်ချင်း ယိုစိမ့် ၍ မိုးများကျဆင်းလာလိမ့်မည်။ ဆိုလိုသည်မှာ ဒုက္ခ၊ ရန်သူနှင့် မည်သည့်အရာမဆို တစ်ခုပြီးတစ်ခု လိုက် လာလိမ့်မည်။

နောက်ဆုံးတွင် သူသည် ဂိုဏ်း၏ရန်သူများကို ဖြေရှင်းရင်း အရင်းအမြစ်များ ပံ့ပိုးပေးနေရလိမ့်မည်။ ဂိုဏ်းတပည့်များကို သင်ကြားကာ လူငယ်များ၏တင်ပါးကိုလိုက်သုတ်ပေးနေရသော ကလေးထိန်း ဖြစ်သွားလိမ့်မည်။

ဘာကြောင့် ဒုက္ခခံရမည်နည်း။

ဒါက သူ့အတွက် မလိုအပ်နေပေ။

ထို့ကြောင့် သူ့ထံ၌ အလွန်ရှင်းလင်းသော စိတ်ထားတစ်ခု ရှိထားလေ၏။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက အနာဂတ်မှာ ဒုက္ခကြုံတွေ့ခဲ့လျှင် သူသည် ဆုံးရှုံးမှုမကြီးမားသရွေ့ ကူညီပေးရန် ဆန္ဒရှိသည်။

"ညီအစ်ကိုချင်ချွမ်း တကယ်တော့…"

ထိုအချိန် ကျောက်ဖူလုံက တစ်ခုခုကို တွေးမိသွားပုံရ၏။ သို့သော်ငြားလည်း ပြန်မြိုသိပ်လိုက်ပြန်သည်။

"နောက် ဘာကျန်သေးလဲ"

ချင်ချွမ်းကပဲ မေးလိုက်ရ၏။

"ဪ ဒီလိုပါ...ဂိုဏ်းထဲမှာ ဆရာဘိုးဘေးချန်ထားခဲ့တဲ့ ဘိုးဘပိုင်ရတနာခန်းမ ရှိတယ်...ချင်ကျီအနေနဲ့ ဝင် ရောက်ပြီး ရတနာနှစ်ခု ရွေးချယ်နိုင်တယ်လို့ ကျုပ် ထင်တယ်...ဂိုဏ်းကနေ ကျေးဇူးတင်တဲ့အမှတ်အသား အဖြစ်နဲ့ပါ"

ကျောက်ဖူလုံက ခြောက်ကပ်စွာ ရယ်မောလာသည်။ သူ့နှလုံးက အင်မတန်ခုန်လှုပ်နေလေ၏။ မဟာဘေးဥပဒ်ဆေးကိစ္စကို သူ ဖော်ထုတ်မိမလို ဖြစ်ခဲ့သောကြောင့် သူ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

သူ ဝန်ခံတော့မလို ဖြစ်ခဲ့သော်ငြား ထိုသို့သော ကိစ္စအကြောင်း ဝန်ခံခြင်းသည် သေခြင်းတရားကို ရှာဖွေနေခြင်းမဟုတ်ဘူးလားဟု တွေးမိပြန်၏။

ယခုဆိုလျှင် တော်ဝင်မိသားစု၏ဘိုးဘေးထံမှ ရိုသေစွာ ဆက်ဆံခံရသော ဒီလူငယ်လေးသည် သူ့အား သတ်ဖြတ်ရန် စွမ်းရည်ရှိနေသည်။

သူ တကယ်ပင် နောင်တရခဲ့ပေ၏။ ထိုအချိန်က သူသည် ချင်ချွမ်း၏အကြောင်းကို သိပ်မသိခဲ့ပေ။ ချင်ကျီက နောက်ခံမရှိသော ကလေးတစ်ယောက်မျှသာဖြစ်သည်ဟု တွေးခဲ့မိသည်။ ထို့အပြင် သူ့ကိုထိန်းချုပ်ခြင်းက ဘာမှ သိပ်အရေးမကြီးဘူးဟု ထင်ခဲ့လေ၏။

သို့သော် သူ ရိုးရိုးလေး ထင်ထားခဲ့သူက သူ၏ဝှက်ဖဲများကို ဖော်ပြလာခဲ့သည်။ ထိုအခါမှသာ ဒီလူငယ်လေးသည် ထင်ထားသည်ထက် ပို၍ကြောက်စရာကောင်းသည်ကို သိခဲ့ရသောကြောင့် အင်မတန်ထိတ်လန့်ခဲ့ရ၏။

"မဟာအကြီးအကဲက စဉ်းစားပေးတတ်တာပဲ"

ချင်ချွမ်းက အပြုံးဖြင့် ခေါင်းညိတ်လာသည်။

ဘာတွေဖြစ်ခဲ့လဲဆိုတာကို ချင်ချွမ်းကတော့ မသိခဲ့ပေ။ ဤအဘိုးအိုက ရှက်စရာကောင်းသော တစ်ခုခုကို ချင်ကျီအပေါ်မှာ ပြုလုပ်ခဲ့ပြီး ယခုမှသာ ချင်ကျီအား ပြန်လည်ပေးဆပ်ချင်နေသကဲ့သို့ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်ကို သူ မြင်နိုင်ပေ၏။

သို့သော်ငြား ထိုကိစ္စက သိပ်အရေးမကြီးလောက်ဘူးဆိုတာကိုတော့ သူ သိပေသည်။ မည်သို့ပင်ဆိုစေကာမူ ချင်ကျီ၏ဘေး၌ အသိပညာကြွယ်ဝသော ဆရာ တစ်ဦးရှိနေသည်ဖြစ်ရာ လျှို့ဝှက်အန္တရာယ်များကို ဖြေရှင်းပြီးသား ဖြစ်လိမ့်မည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး သုံးရက် ကုန်လွန်သွားခဲ့လေ၏။

ချင်ချွမ်းသည် ချင်ကျီကို ခေါ်ဆောင်၍ ခမ်းနားထည်ဝါသော အင်ပါယာမြို့တော်သို့ ထပ်မံရောက်ရှိခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ အင်ပါယာမြို့တော်အတွင်းပိုင်းသို့ တိုက်ရိုက်ဝင်ရောက်ခဲ့လေ၏။

*******************

All Chapters