မာနထောင်လွှားသော တတိယမင်းသား
Vol. 6 Ch. 79
အင်ပါယာမြို့တော်သည် ကြီးမားကျယ်ပြော၍ မြို့တော်အတွင်းပိုင်းတွင် တောက်ပသောရွှေရောင် အဆောက်အအုံများ၊ ကျောက်စိမ်းနန်းတော်များနှင့် ခမ်းနားသောမျှော်စင်များသာမက သာယာလှပသည့် ရေကန်များနှင့် တောင်တန်းကြီးတစ်ခုပင် ရှိ၏။
ထိုတောင်ကြီးသည် အလွန်ရှေးဟောင်းကျ၍ လျှို့ဝှက်နက်နဲလေသည်။ တော်ဝင်မိသားစုမှ မြို့တော် ကို ဤနေရာ၌ တည်ထောင်ခဲ့ခြင်းသည် ထိုတောင်ကြီးကြောင့်ဖြစ်သည်ဟု ဆိုကြ၏။
ချင်ချွမ်းက ချင်ကျီကို အင်ပါယာမြို့တော်သို့ ခေါ်လာ သောအခါ လူအုပ်ကြီးတစ်အုပ်က စောင့်ဆိုင်းနေလေသည်။ ထိုလူများသည် ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထားကြကာ သာမန်လူများ မဟုတ်ကြောင်းကို ထုတ်ပြထားလေ၏။
အရှေ့ဆုံးတွင် ခန္ဓာကိုယ်ကြီးမားသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးက နဂါးခြေသည်းလက်သည်းငါးစုံပါသော နဂါးဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူက လက်ရှိ ဧကရာဇ်မင်းဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
"နှစ်ယောက်စလုံးကို ကြိုဆိုပါတယ်"
ဧကရာဇ်မင်း၏မျက်နှာပေါ်၌ နူးညံ့သောအပြုံး ရှိနေသည်မှာ ဘယ်တော့မှ ဒေါသမထွက်တတ်သော ဖော်ရွေသည့် အဘိုးအိုကဲ့သို့ပင်။
"ဧကရာဇ်အရှင်က ကြင်နာလွန်းပါတယ်"
ချင်ချွမ်း သေချာကြည့်လိုက်ရာ ဤနေကိုးလုံးနယ်မြေ၏ ဧကရာဇ်မင်းသည် အနည်းငယ် သာမန်ဆန်လှသည်ကို တွေ့ရှိခဲ့ရ၏။ သူက ကောင်းကင်တက်လှမ်းနယ်ပယ်၏ သတ္တမအဆင့်တွင်သာ ရှိသည်။
သို့သော်ငြား ထိုသာမန်ဆန်မှုကြောင့်သာ ဧကရာဇ်မင်း ဖြစ်လာခြင်း ဖြစ်နိုင်လေ၏။ နောက်ဆုံးမှာတော့ တော်ဝင်မိသားစုဘက်က ရည်ရွယ်ချက်ရှိရှိပင် သူတို့၏အားနည်းချက်များကို ပြသထားကြသည် မဟုတ်ပါလော။
သူတို့သည် သူတို့၏ရန်သူများကို ရှုပ်ထွေးစေရန်အတွက် ထိုကဲ့သို့သောနည်းလမ်းမျိုးဖြင့် ဟန်ဆောင် ထားကြသည်။ ထိုအခါမှသာ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ပိုရရှိနိုင်မည်ဖြစ်၏။
တော်ဝင်မိသားစုက အရိပ်ထဲမှာပဲ နေလျှင် ဘာတွေဖြစ်နေမလဲဆိုတာကို ဘယ်သူမှမသိနိုင်ပေ။ တကယ်တော့ တော်ဝင်မိသားစုဝင်များစွာသည် အမှောင်ထဲ၌ ထားရှိခံထားရတာ ဖြစ်နိုင်သည်။
"ဘိုးဘေးက ချင်ကျီကို စိတ်ဝိညာဉ်ရေကန်ထဲ တိုက်ရိုက်ခေါ်သွားပေးဖို့ ညွှန်ကြားထားခဲ့ပါတယ်"
"အကြီးအကဲချင်ချွမ်းက ကိုယ်တော်တို့နဲ့အတူ လိုက်ခဲ့ချင်လား ဒါမှမဟုတ် နန်းတော်ထဲမှာပဲ အနားယူချင်လား"
ဧကရာဇ်မင်းက အပြုံးဖြင့် မေးလာလေ၏။
"ကျွန်တော် အတူလိုက်ခဲ့ပါမယ်"
ချင်ချွမ်းက တည်ငြိမ်စွာ ပြောခဲ့သည်။ တစ်စုံတစ်ယောက်၏ နယ်မြေ၌ ရှိနေစဥ် သူ့သားကိုအနီးကပ် စောင့်ကြည့်တာက ပိုကောင်းလေ၏။
ဒီတော်ဝင်မိသားစုက အလွန်ရှုပ်ထွေးလေသည်။ သတိထားခြင်းက အသက်ရှည်ခြင်း၏ သော့ချက်ဖြစ်လေ၏။
"ကောင်းပါပြီ ဒီလမ်းက ကြွပါ"
ဧကရာဇ်မင်းက မအံ့သြခဲ့ပေ။ ချင်ချွမ်းက ထိုရွေးချယ်မှုကို ရွေးချယ်လိမ့်မည်ဟု သိထားသည့် အလားပင်။ ထို့အပြင် နန်းတော်မှာ အနားယူရန် ဖိတ်ခေါ်ခဲ့ခြင်းသည် ယဉ်ကျေးမှုကျင့်ဝတ် သက်သက် သာ ဖြစ်သည်။
သိပ်မကြာခင်မှာပင် လူတိုင်းသည် ဆန်းကြယ်သောတည်ရှိမှုကို ခံစားနိုင်သည့် တောင်ခြေသို့ ရောက်ရှိလာခဲ့ကြ၏။
၎င်း၏အမြင့်နှင့် အရွယ်အစားက သိပ်မကြီးမားပေ။ သို့သော်ငြား ၎င်း၏ခမ်းနားထည်ဝါသော အော်ရာမှာ ကောင်းကင်ဘုံဓားတစ်လက်ကဲ့သို့ မားမားမတ်မတ်ရပ်နေလေသည်။
ထို့အပြင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များကြားရှိ တောင်နံရံများပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်းများစွာက အမည်မဲ့သိုင်းသမားများ ချန်ရစ်ခဲ့သည့် ရှေးဟောင်းထွင်းထုမှုများကို မြင်တွေ့နိုင်လေ၏။
၎င်းထံမှ ကျောရိုးများကို တုန်ယင်စေသော အော်ရာကို ထုတ်လွှတ်နေလေသည်။ ထိုအချိန် ကောင်းကင်ယံ၌ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာလေ၏။
လူတိုင်း မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ မှိန်ဖျော့သည့် ရွှေရောင်အလင်းမျက်နှာပြင်တစ်ခုက လက်ခနဲ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
အလင်းမျက်နှာပြင်၏အပြင်ဘက်တွင် သွေးစများ ထွက်ပေါ်လာပြီး မီးလောင်ကျွမ်းထားသော အမွေးအတောင်အနည်းငယ်က ဖြည်းဖြည်းချင်း ပျံဝဲကျလာလေ၏။
"ဟားဟားဟား အပြင်က ငှက်တစ်ကောင်က နေကိုးလုံးတောင်ထဲကို ဝင်ဖို့ ကြိုးစားခဲ့တာထင်တယ်၊ တောင်ကာကွယ်ရေးအစီအရင်က အဲ့ဒီငှက်ကို သတ်လိုက်တာ"
ဧကရာဇ်မင်း ပြုံး၍ ချင်ချွမ်းကို ပြောလာသည်။
"ဒီအစီအရင်ကို လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်က ဘိုးဘေးတွေအများကြီး ပြုလုပ်ခဲ့ကြတာ၊ အန္တိမနယ်ပယ် သိုင်းပညာရှင်တစ်ဦး ရောက်လာရင်တောင် ပေါ့ပေါ့ဆဆ မကျူးကျော်ရဲဘူး၊ မဟုတ်ရင် သေတာ ဒါမှမဟုတ် ဒဏ်ရာရသွားလိမ့်မယ်"
ချင်ချွမ်းက ဘာမှမပြောခဲ့ပေ။
သားအဖနှစ်ယောက်သည် ရှေးဟောင်းကျောက်လှေကားပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း၍ ဧကရာဇ်မင်း၏အနောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့ကြ၏။
အချိန်အတော်ကြာလျှောက်ပြီးနောက် တောင်စောင်း ပေါ်ရှိ တောက်ပြောင်နေသော ကျောက်သစ်တောထဲသို့ ရောက်ရှိလာခဲ့သည်။
မီးခိုးဖြူရောင် ကျောက်တိုင်များက မြင့်မားစွာ ရပ်တည်နေပြီး အရောင်အမျိုးမျိုးရှိသော ကျောက်စာများဖြင့် ဖုံးလွှမ်းခံထားရသောကြောင့် ၎င်းတို့ကို ထူးဆန်း၍ အန္တရာယ်ရှိသည့်ပုံပေါ်စေလေ၏။
"စိတ်ဝိညာဉ်ရေကန်က ဒီကျောက်သစ်တောထဲမှာ ရှိတယ်...ကိုယ်တော် ချင်ကျီကို ခေါ်သွားလိုက်မယ်"
ဧကရာဇ်မင်းက ချင်ချွမ်းကို ပြောလာသည်။ ချင်ချွမ်းက ဆက်သွားရန် မသင့်လျော်ကြောင်းကို ဆိုလိုနေခြင်းပင်။ သို့သော်ငြား ဧကရာဇ်မင်းက ညင်ညင်သာသာ ပြောနေခြင်းဖြစ်၏။
"ကောင်းပါပြီ"
ချင်ချွမ်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျောက်သစ်တောအစွန်းတွင် ထွင်းထုထားသော ကြာပန်းပုံစံကျောက်ခုံတစ်လုံးကို တွေ့လေရာ ဝင်ထိုင်ခဲ့လေ၏။
"အဖေ ကျွန်တော် ဝင်တော့မယ်"
ချင်ကျီက ဧကရာဇ်မင်း၏အနောက်သို့ လိုက်၍ ကျောက်သစ်တောအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူ့ပုံသဏ္ဌာန်က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
ချင်ချွမ်းက သူ့မျက်လုံးများကို ပိတ်၍ ကြာပန်းကျောက်ခုံပေါ်တွင် ထိုင်ကာ အနားယူနေလေသည်။ သူက မကျင့်ကြံနေဘဲ ထိုအစား သူ၏နေ့စဥ်အတွေးများကိုသာ ဆင်ခြင်တွေးတောနေခဲ့၏။ သူ့သားက အမြင့်ဆုံးအကျိုးကျေးဇူးများရစေရန် မည်ကဲ့သို့သောအခြေအနေမျိုးကို ဖန်တီးရမလဲဟု တွေးနေလေသည်။
သူ ထိုကိစ္စများကို မကြာခဏ တွေးတတ်လေ၏။ အခွင့်အရေးဆိုသည်မှာ ပြင်ဆင်ထားသူများအတွက်သာ ဖြစ်သည်။ နေ့စဉ်ကြိုတင်တွေးတောထားခြင်းဖြင့် အရေးပါသောအခိုက်အတန့်များတွင် ကောင်းမွန်သော အလှည့်အပြောင်းများကို ပြုလုပ် နိုင်လေ၏။
တစ်ချိန်တည်းမှာပင် သူတို့နှင့်အတူ လိုက်ပါလာသော နန်းတွင်းအမှုထမ်းများသည် အနားတွင် တိတ်တဆိတ်ရပ်နေကြပြီး စကားတစ်ခွန်းတောင် မပြောရဲကြပေ။
ချင်ချွမ်းသည် ဘိုးဘေးမှ ဖိတ်ခေါ်ထားသော ထူးချွန်ပြောင်မြောက်သည့် ဧည့်သည်ဖြစ်ကြောင်းကိုသူ သိထားသည်။ သူ့ဂုဏ်ပုဒ်က ကြောက်မက်ဖွယ်ကောင်းလှပေ၏။
…
သိပ်မကြာခင်မှာပင် ချင်ကျီသည် ဧကရာဇ်မင်း ၏ဦးဆောင်မှုဖြင့် စိတ်ဝိညာဉ်ရေကန်သို့ ရောက်ရှိလာခဲ့သည်။
၎င်းမှာ အချင်းမီတာသုံးဆယ်ကျော် ရှိသော စက်ဝိုင်းပုံရေကန်တစ်ကန်ဖြစ်၏။ ထိုရေမှာ မှိန်ဖျော့သော ရွှေရောင်အဆင်းရှိပြီး အံ့သြဖွယ် စိတ်ဝိညာဉ်စွမ်းအင် ကို ထုတ်လွှတ်ထားသည်။
ရေကန်၏ပတ်ပတ်လည်တွင် ထူးခြားသောသားရဲ ရုပ်တု တစ်ဒါဇင်ခန့်က မားမားမတ်မတ် တည်ရှိနေလေ၏။ ထို့အပြင် ရုပ်တုတစ်ခုစီပေါ်တွင် ညစ်ပေနေသော အဘိုးအိုတစ်ဦးစီက ထိုင်လျက်ရှိသည်။ ထိုအဘိုးအိုများ၏ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး သူတို့၏အဝတ်အစားများသည်လည်း အချိန်ကြာကြာ ဝတ်ဆင်ထားခဲ့သောကြောင့် ထူထဲသောဖုန်များ ဖုံးလွှမ်းနေလေ၏။
သူတို့က အချိန်အတော်ကြာ မလှုပ်ရှားခဲ့ပုံ ရသည်။
"ဘိုးဘပိုင်ခန်းမမှ လေးစားအပ်ပါသော အကြီးအကဲများ...ချင်ကျီကို ဘိုးဘေးရဲ့အမိန့်တော်အရ စိတ်ဝိညာဉ်ရေကန်သို့ ခေါ်ဆောင်လာခဲ့ပါတယ်"
ဧကရာဇ်မင်းက တရိုတသေ ပြောလေ၏။
"ဝင်လာပါ"
အိုမင်းသောအသံတစ်ခုက ပဲ့တင်သံထပ်လာသည်။ ထို့နောက် ရေကန်၏ရွှေရောင်ရေမျက်နှာပြင်က ပိတ်ကားတစ်ခုကဲ့သို့ ကွဲထွက်သွားလေ၏။ အောက်ခြေ၌ နောက်ထပ်ရေကန်တစ်ခု ရှိပေသည်။ ၎င်းသည် အချင်း(၁၅)မီတာလောက်သာရှိပြီး အထဲ၌ ပုံသဏ္ဌာန်သုံးခု ရှိနေလေ၏။
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး အားလုံးက လူငယ်များ ဖြစ်ကြသည်။
သူတို့ထဲမှ လူငယ်တစ်ဦးက ချင်ကျီ၏မျက်လုံးများကိုချက်ချင်း ဖမ်းစားနိုင်ခဲ့၏။ သူက လေနှင့်မိုးကြိုးချိုင့်ဝှမ်းတွင် သူ အနိုင်ယူခဲ့သော မင်းသားကြီးယန်ချီထျန်း ဖြစ်သည်။
ရန်သူများ တွေ့ဆုံသောအခါ အဆင်မပြေဖြစ်စမြဲပင်။ အထူးသဖြင့် သူက ရန်သူ၏အိမ်သို့ အစားအစာ အတွက် လာခဲ့သောကြောင့်ပင်။ ထိုအရာက ချင်ကျီကို အနည်းငယ် ရှက်ရွံ့စေခဲ့၏။
သို့သော်ငြား မမျှော်လင့်ထားသည်မှာ ယခင်က သူ့ထံ၌ ရှုံးနိမ့်၍ အရှက်ရခဲ့သော မင်းသားကြီးသည် သူ့အား ကြင်နာစွာ ပြုံးပြလာခဲ့သည်။
ဘာ!
ချင်ကျီ ထိတ်လန့်သွားခဲ့ရ၏။ ထို့အပြင် ယန်ချီထျန်း၏ မျက်လုံးများထဲ၌ ကောင်းမွန်သောရည်ရွယ်ချက်များကို မြင်လိုက်ရသောကြောင့် သူ အနည်းငယ် သတိလွတ်သွားသလို ခံစားလိုက်ရသည်။
ထိုအရာက လုံးဝ မဟုတ်သေးပေ။
သို့သော်ငြား ပြုံးနေသော တစ်စုံတစ်ယောက်ကို မရိုက်သင့်သောကြောင့် သူ ပြန်ပြုံးပြခဲ့လေ၏။ ပါးလွှာသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် မြင့်မြတ်ကာ ကျက်သရေရှိသော မိန်းကလေးကလည်း သူမ၏မျက်လုံးများကို ဖွင့်၍ ချင်ကျီကိုခေါင်းညိတ်ကာ နှုတ်ဆက်လာခဲ့သည်။
သို့သော်ငြား နောက်ဆုံးလူငယ်ကမူ မျက်လုံးများပိတ် ၍ ရေကန်ထဲမှာ တိတ်တဆိတ် ထိုင်နေပြီး ဂရုမစိုက်သော အမူအရာရှိနေလေ၏။
ချင်ကျီလည်း စိတ်ဝိညာဉ်ရေကန်ထဲသို့ ဝင်လိုက်သည်။ ချက်ချင်းပင် ရွှေရောင်လှိုင်းများက ပျံ့နှံ့လာခဲ့ပြီး သူ့ခြေထောက်အောက်မှ သန့်စင်သောစွမ်းအင်များ တက်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင် ရောက်လာသောကြောင့် အနည်းငယ် ညည်းညူခဲ့မိ၏။
"အာ~"
ထိုအသံမှာ လုံးဝပင် ညှို့ယူနိုင်စွမ်း ရှိသောကြောင့် ထိုအသံထွက်ပေါ်လာသည်နှင့် ချင်ကျီ၏မျက်နှာမှာ နီရဲ သွားခဲ့သည်။
သူ မလှမ်းမကမ်းရှိ လူသုံးယောက်ကို ကြည့်လိုက်မိ၏။ မင်းသားကြီးယန်ချီထျန်းက ရယ်မောနေပြီး မိန်းကလေး၏မျက်နှာက အနည်းငယ်ပြုံးနေသည်ကို သူ သတိပြုမိခဲ့သည်။
သို့သော်ငြား အေးစက်သော လူငယ်လေးကတော့ အနည်းငယ် တုန်ယင်သွားကာ သူ့မျက်လုံးများကို ဖွင့် ၍ ချင်ကျီကို အေးစက်စွာ ပြောလာခဲ့၏။
"ထွက်သွား"
ချင်ကျီ၏ မတိုင်ခင်က ရှက်ရွံ့နေသောအမူအရာမှာ ချက်ချင်းပင် အေးခဲသွားလေသည်။ ထို့နောက် အမည်မဲ့မီးတောက်တစ်ခုက သူ့ထဲမှာ ထိုးတက်လာခဲ့၏။
မည်သို့ပင်ဆိုစေကာမူ သူက ဧည့်သည်တစ်ဦး ဖြစ်လေသည်။ ဘာကြောင့် ဒီလို စော်ကားခံရသနည်း။
ထွက်သွားဖို့ အပြောခံလိုက်ရတာလား။
ဧည့်သည်ကို ဒီလိုပဲ ဆက်ဆံလိုက်တာလား။
သို့သော်ငြား သူ ချက်ချင်း မပေါက်ကွဲခဲ့ပေ။ ဧည့်သည်တစ်ဦးအနေဖြင့် သူသည် ဧည့်သည်ကဲ့သို့ ပြုမူရမည်။ သူ အသက်ပြင်းပြင်းရှူသွင်း၍ လေးနက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
"မင်းတို့ရဲ့ဘိုးဘေးက ငါ့ကို ဖိတ်ခဲ့တာ"
သို့သော်ငြား လူငယ်၏အမူအရာက လုံးဝမပြောင်းလဲ သွားခဲ့ပေ။ ထို့နောက် သူ့မျက်လုံးများကိုပင် ပိတ်၍ ဂရုမစိုက်စွာ ပြောလာခဲ့၏။
"ထွက်သွား"
"မင်း!!"
ချင်ကျီ ဒေါသထွက်သွားခဲ့ပြီး တိုက်ခိုက်လိုစိတ်ဖြင့် သူ့လက်သီးများကို ဆုပ်လိုက်မိသည်။ သို့သော်ငြား ဤနေရာက တစ်စုံတစ်ယောက်၏ အိမ်ဖြစ်တာကြောင့် သည်းခံထားလေ၏။
သူ့အရှေ့က လူက အနည်းငယ် စိတ်တိုစရာကောင်းသော်လည်း သူတို့၏အကြီးအကဲများကမူ ကောင်းမွန်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူသည် နှစ်ဖက်စလုံး၏ အကြီးအကဲများအတွက် အရှက်ရစရာလုပ်ရပ်မျိုး မလုပ်နိုင်ပေ။
ထို့ကြောင့် သူ တိတ်ဆိတ်စွာပင် စိတ်ဝိညာဉ်ရေကန် ထဲ၌ ထိုင်လိုက်လေ၏။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော ထိုလူအား လျစ်လျူရှုလိုက်ခြင်းက အကောင်းဆုံးပင်။
သို့သော်ငြား သူ ပြန်ထိုင်လိုက်သည်နှင့် ဖိအားပေးလာသော အေးစက်စက်စွမ်းအားတစ်ခုက သူ့ကို ဝန်းရံလာခဲ့သည်။ ထို့နောက် အေးစက်သောလူငယ်၏အသံက ထပ်မံ ထွက်ပေါ်လာခဲ့၏။
"မင်းက ငါ့စကားတွေကို လျစ်လျူရှုခဲ့တဲ့ပုံပဲ"
******************