အန္တိမအဆင့်အံ့ဖွယ်လက်နက်
Vol. 6 Ch. 80
မောက်မာ၍ ဂရုမစိုက်သော စကားများကို ကြား သောအခါ ချင်ကျီ၏ဒေါသက ချက်ချင်းပင် ပေါက်ကွဲ ထွက်လာပြီး သူ့မျက်နှာတစ်ခုလုံး အေးစက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ့အမူအရာသည် မတိုင်ခင်ကကဲ့သို့ လိုက်လျောညီထွေမှုရှိကာ နာခံမှုရှိသည့်ပုံစံကနေ ဆန့်ကျင်ဘက်ပုံစံသို့ လုံးဝ ပြောင်းလဲသွားခဲ့၏။
သူ ဆက်ပြီးသည်းမခံနိုင်တော့ချေ။
ဆက်ပြီး သည်းခံနေရန်လည်း မလိုအပ်ပေ။
သူ ထိုလူငယ်ကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
"မင်းရဲ့စကားတွေက ရိုးရိုးနှောင့်ယှက်တဲ့အသံထက် မပိုဘူး... မင်းကိုယ်မင်း ဘာထင်နေလဲ"
"အမ်..."
လူငယ်သည် သူ့ဘက်မှ ပိုးကောင်တစ်ကောင်ကဲ့သို့ အထင်သေးခဲ့သော ထိုလူက သူ့အမိန့်ကို ဆန့်ကျင်ရဲ လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက် သူ့မျက်လုံးထဲမှ ထက်ရှကာ အေးစက်သော အလင်းတန်းကို ချက်ချင်း ထုတ်လွှတ်လိုက်လေသည်။
"မင်း တကယ်ပဲ သေချင်နေတာလား"
ဝှစ်!
စိတ်ဝိညာဉ်ရေကန်ထဲမှ သူ ထရပ်လိုက်သောအခါ ပင်လယ်ထဲမှ မြွေနဂါးကြီး ထွက်ပေါ်လာသကဲ့သို့ သို့မဟုတ် တောထဲတွင် နိုးထလာသော ခြင်္သေ့ တစ်ကောင်ကဲ့သို့ ချင်ကျီအပေါ်၌ အံ့သြဖွယ်ကောင်းသော ကြီးမားသည့် ဖိအားများ လွှမ်းခြုံလာခဲ့၏။
သူ့ကျင့်ကြံမှုအဆင့်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ သတ္တမအဆင့် ဖြစ်လေသည်။ ဤလူသည် အသက်နှစ်ဆယ်အရွယ်အစောပိုင်း မှာသာ ရှိသေး၏။ သို့သော်ငြား ဤကဲ့သို့ကျင့်ကြံမှုအဆင့်ပင် ရှိနေလေရာ တုန်လှုပ်စရာကောင်းလောက်အောင် ထူးခြားပေသည်။ အနည်းဆုံးတော့ ထိုပါရမီသည် နေကိုးလုံးနယ်မြေ၌ ထူးခြားပေ၏။
"တတိယညီတော် သူက ဘိုးဘေးဖိတ်ခေါ်ထားတဲ့ ဧည့်သည်၊ ဒီနေ့ မင်း တစ်ခုခုလုပ်ခဲ့ရင် အပြစ်ဒဏ်ကနေ ကင်းလွတ်နိုင်မှာမဟုတ်ဘူး"
ထိုအချိန်၌ မင်းသားကြီး ယန်ချီထျန်းက စကားဝင်ပြောလာသည်။
"ဟားဟား အသုံးမကျတဲ့ အမှိုက်...ဒီလိုပုရွက်ဆိတ် တစ်ကောင်ဆီမှာ ရှုံးခဲ့တာနဲ့တင် တော်ဝင်မိသားစုအတွက် အရှက်စရာ ဖြစ်နေပြီ...ဒါတောင် မင်းက ငါ့ကို ဆုံးမရဲတဲ့မျက်နှာ ရှိနေသေးတာလား"
တတိယမင်းသား ယန်ရှန်ထျန်းသည် သူ့ခေါင်းကိုလှည့်၍ မင်းသားကြီးအား ညှာတာမှုမရှိဘဲ လှောင်ပြောင်လာခဲ့၏။
"မင်း!"
ယန်ချီထျန်းက ပြန်စိုက်ကြည့်လာသည်။
"ဘာလဲ မကျေနပ်ဘူးလား၊ မကျေနပ်ရင် မင်း ကြိုးစားကြည့်လိုက်လေ... မင်း ငါ့ဆီကနေ ဘယ်နှစ်ချက်လောက် ခံနိုင်ရည်ရှိမလဲဆိုတာ ကြည့်လိုက်!"
ယန်ရှန်ထျန်းက အေးစက်သောအပြုံးဖြင့် ယန်ချီထျန်း ကို ကြည့်နေလေ၏။
သို့သော်ငြား သူ့အကြည့်ထဲ၌ အထင်အမြင်သေးခြင်းသာမက ဖော်ပြ၍မရသော ဒေါသလည်း ရှိနေခဲ့သည်။ ၎င်းက မနာလိုဖြစ်နေခြင်းနှင့် ဆင်တူပေသလို မကျေမနပ်ဖြစ်နေခြင်းနှင့်လည်း ဆင်တူ၏။
"တတိယညီတော် ဘာလို့ အကြီးဆုံးအစ်ကိုတော်ကို ဒီလိုတွေ ပြင်းပြင်းထန်ထန် ပြောနေရတာလဲ၊ နင်က တော်ဝင်မိသားစုက အသိအမှတ်ပြုထားတဲ့ ပထမအဆင့် ပါရမီရှင် ဆိုပေမယ့် အငယ်နဲ့အကြီးကြားက ရိုသေလေးစားမှုကို နားလည်ထားသင့်တယ်"
ဒုတိယမင်းသမီး ယန်ဝမ့်ယင်က တည်ငြိမ်စွာ ဝင်ပြောသည်။
"ဟားဟားဟား ဒုတိယအစ်မတော် နင် တိတ်တဆိတ်ပဲ ထိုင်နေသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ ငါ အကြီးဆုံးအစ်ကိုတော်ကို ပြောခဲ့တဲ့ စကားတွေက နင်နဲ့လည်း သက်ဆိုင်တယ်!"
ယန်ရှန်ထျန်းက သူ့ကို ကြည့်၍ အေးစက်စွာ ရယ်မောလာခဲ့၏။ ဒုတိယမင်းသမီးက သူ့အား မှိန်ဖျော့စွာ ကြည့်လာသည်။ သူမက ဒေါသထွက်နေပုံမရဘဲ ဆက်ပြောလာလေ၏။
"လုပ်ချင်ရင် ကြိုက်သလို လုပ်...ဒါပေမဲ့ ငါ နင့်ကို သတိပေးလိုက်မယ်၊ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ အမွေဆက်ခံလာခဲ့တဲ့ မိသားစုရတနာ၊ စိတ်ဝိညာဉ်ရေကန်ကို နင် ဖျက်ဆီးမိခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို နင် မခံနိုင်ဘူး"
ထိုစကားကို ကြားသောအခါ ယန်ရှန်ထျန်း၏အမူအရာက ခက်ထန်သွားခဲ့သည်။
စိတ်ဝိညာဉ်ရေကန်သည် တကယ်ပင် တော်ဝင်မိသားစု က နှစ်ပေါင်းနှစ်ထောင်ကြာ အမွေဆက်ခံလာခဲ့ကြသော ရတနာ ဖြစ်လေ၏။ ထို့အပြင် ဆယ်နှစ်တစ်ကြိမ်သာ အသုံးပြုနိုင်သေးသည်။ ၎င်းသည် တော်ဝင်မိသားစုမှ ထိပ်တန်းပါရမီရှင်များ၏ ခွန်အား ကို သိသိသာသာ မြှင့်တင်ပေးနိုင်လေ၏။ ထိုကဲ့သို့ အမွေအနှစ်ဖြစ်လေရာ များစွာအသုံးဝင်ပြီး အလွန် အရေးကြီးသည်။ ဧကရာဇ်မင်းကို ကွပ်မျက်လို့ရရင်တောင်မှ စိတ်ဝိညာဉ်ရေကန်ကို ဖျက်ဆီးလို့မရဟု ပြောနိုင်လေ၏။
ကောင်းကျိုးနှင့်ဆိုးကျိုးများကို ချိန်ဆပြီးနောက် ယန်ရှန်ထျန်းသည် ချင်ကျီကို ကြည့်၍ ခြိမ်းခြောက်လာခဲ့သည်။
"စိတ်ဝိညာဉ်ရေကန်ကနေ အခု ထွက်သွားလိုက်...ဒါပြီးရင် မတိုင်ခင်က မင်းရဲ့မိုက်မဲမှုကို ငါ ခွင့်လွှတ်ပေးနိုင်တယ်၊ မင်းဘာသာမင်း မထွက်သွားလို့ကတော့ ဒီစိတ်ဝိညာဉ်ရေကန်ရဲ့အပြင်ရောက်ရင် နောင်တရဖို့ အရမ်းနောက်ကျသွားပြီ!"
"ဟားဟား အရူး!"
ချင်ကျီက အေးစက်စွာ ရယ်မောလာခဲ့၏။ ထိုလူအားဂရုတစိုက်တုံ့ပြန်ရန် စိတ်မဝင်စားတော့ဘဲ စိတ်ဝိညာဉ်ရေကန်ထဲ၌ ချက်ချင်းထိုင်ချကာ ခြေထောက်ချိတ်၍ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။
စိတ်ဝိညာဉ်ရေကန်ထဲကနေ ထွက်သွားရမှာလား။
စိတ်ဝိညာဉ်ရေကန်ထဲကနေ ထွက်သွားပြီးတာတောင် မင်းကို ဆက်ကြောက်နေရဦးမှာတဲ့လား။
မင်း တစ်ယောက်တည်းမှ မဟုတ်ဘူး...မင်းအဖေ၊ မင်းအဖိုး၊ ဒါမှမဟုတ် မင်းရဲ့ဘိုးဘေးကိုတောင်မှ ငါက အမြင့်ကို ခုန်တက်ပြီး သူ့တို့ဒူးကို ရဲရဲဝံ့ဝံ့ ကန်ရဲတယ်!
…
မျက်တောင်တစ်ခတ်စာအတွင်းမှာပင် အချိန်နှစ်ရက် ကုန်လွန်သွားခဲ့လေ၏။
ကျောက်သစ်တော၏အပြင်ဘက်တွင် တစ်နေကုန်၊ တစ်နေခန်း တရားထိုင်နေပြီးနောက် ချင်ချွမ်းမှာ ပျင်းရိသလို ခံစားခဲ့ရသည်။ ထို့ကြောင့် တောင်ပေါ်၌ လမ်းလျှောက်ရန် ဆုံးဖြတ်ခဲ့လေ၏။
ဤနေကိုးလုံးတောင်မှာ ကျယ်ဝန်းလှသည်။ ထို့အပြင် အတွင်းပိုင်း၌ ထူးခြားသောနေရာများစွာလည်း ရှိ၏။ ဥပမာ- ရှားပါးသော စိတ်ဝိညာဉ်မြက် များကို စိုက်ပျိုးထားသည့် ချိုင့်ဝှမ်းများ၊ သိုင်းတာအိုသိမြင်ခဲ့သော အကြီးအကဲများ ချန်ထားခဲ့သည့် နံရံဆေးရေးပန်းချီများနှင့် ထွင်းထုမှုများ ဖြစ်သည်။ ထို့အပြင် အချို့နေရာများတွင် ကျိုးပဲ့နေသော ဓားရိုးများ က မြေကြီးထဲ၌ နစ်မြုပ်နေကြ၏။
ခေါင်းပြောင်အကြီးအကဲ၏ ကြိုတင်ညွှန်ကြားချက်များကြောင့် ဖြစ်နိုင်လေသည်။ ချင်ချွမ်းက လှုပ်ရှားလာသောအခါ ဘယ်သူကမှ သူ့ကို ပိတ်ဆို့လာခြင်းမရှိခဲ့ပေ။
ဤနေကိုးလုံးတောင်သည် တော်ဝင်မိသားစုထံမှ ခွင့်ပြုချက်မရှိပါက မဝင်ရောက်ရန် တားမြစ်ထားသောနယ်မြေအဖြစ် သတ်မှတ်ခံထားရ၏။ သူ့ကိုတော့ လှည့်လည်၍ လည်ပတ်ရန် ဖွင့်ထားပေးခဲ့ကြသည်။
သူသည် ဆေးမြစ်အနည်းငယ်အား သာမန်ကာလျှံကာ ဆွဲနှုတ်ခဲ့သေး၏။ သို့သော်ငြားလည်း ဘယ်သူကမှ သူ့ကို တားဆီးရန် မထွက်လာကြသောအခါ သူ့သတ္တိက ထိုးတက်လာတော့သည်။
မကြာခင်အချိန်အတွင်းမှာပင် သူသည် ချိုင့်ဝှမ်းနှစ်ခုထဲမှ ဆေးဘက်ဝင်ပစ္စည်းများကို နှုတ်ယူခဲ့လေ၏။ ထိုအချိန်အတွင်း၌ သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကို ခံစားသိရှိခဲ့ရသည်။ သို့သော်ငြား ဘယ်သူကမှ သူ့ကို ရပ်တန့်ခိုင်းရန် မထွက်လာခဲ့ကြပေ။ ၎င်းက ဘာကို ညွှန်ပြနေသနည်း။ ဆိုလိုသည်မှာ သူ့ကို လက်ဆောင်အဖြစ် ပေးလိုက်ခြင်းဖြစ်သည်ကို ညွှန်ပြနေခြင်းပင်။
လူတွေက မင်းကို လွတ်လွတ်လပ်လပ် ပေးယူထားတဲ့အချိန် မင်းက မယူခဲ့ဘူးဆိုလျှင် ထိုအရာက မိုက်မဲခြင်း မဟုတ်ပါလော။
တော်ဝင်မိသားစုက သူ့ကို ဆွဲဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းမည်ဟု ဆုံးဖြတ်ထားကြပုံရ၏။ မဟုတ်လျှင် "အိမ်ထဲသို့ ဝံပုလွေတစ်ကောင် ဖိတ်ခေါ်ခြင်း" ကဲ့သို့ သူ့အား ဖိတ်ခေါ်ခဲ့ကြလိမ့်မည် မဟုတ်ပေ။
သို့သော်ငြား သူ့ဘက်ကလည်း လက်ခံချင်နေသည်ကို ဝန်ခံရမည်။
လူတွေက ငါ့ကို တစ်လက်မ လေးစားခဲ့ရင် ငါက ဆယ်ပေလောက် ပြန်လေးစားမယ်!
အနာဂတ်တွင် တော်ဝင်မိသားစုက အခက်အခဲများအား တကယ်ကြုံတွေ့ခဲ့လျှင် သူ့ကိုယ်ပိုင်စွမ်းအင်ကို မထိခိုက်သရွေ့ သူ ကူညီပေးရန် ဆန္ဒရှိလေသည်။
ဤနေကိုးလုံးတောင်သည် တော်ဝင်မိသားစုမှ နှစ်ပေါင်းနှစ်ထောင်ကျော် စုဆောင်းခဲ့သော ဘဏ္ဍာတိုက်ကြီးဖြစ်ကာ တကယ့်ရတနာ ဖြစ်လေ၏။
တစ်ရက်အတွင်းမှာပင် ချင်ချွမ်း စုဆောင်းခဲ့သော ရတနာများက သူ့စည်းစိမ်ဥစ္စာများကို အဆပေါင်းများစွာ တိုးပွားစေရန် လုံလောက်ခဲ့သည်။
သူသည် အဂ္ဂိရတ်ပညာရှင်များအဖွဲ့အစည်း၏ ထောက်ပံ့မှုကို ရရှိထား၍ ပိုက်ဆံမရှားသော်လည်း ဒီနေရာတွင် ရှိနေသော ပစ္စည်းများစွာမှာ ဝယ်ယူ၍မရအောင် တန်ဖိုးကြီးလေ၏။ ပိုက်ဆံရှိနေလျှင်တောင် ဝယ်ယူလို့ မရနိုင်ပေ။
အချိန်အတော်ကြာပြီးနောက် သူ ဓားသင်္ချိုင်းဂူသို့ရောက်ရှိလာခဲ့သည်။ ၎င်းသည် အေးစက်သော ကျောက်ချောက်ကမ်းပါးထဲမှာ ဖြစ်ပြီး ရေတွက်၍မရနိုင်သော ဓားများမှာလည်း မျက်စိတစ်ဆုံး မြှုပ်နှံခံထားရလေ၏။ အများစုမှာ ကျိုးပဲ့နေသောဓားများ ဖြစ်ပြီး အနည်းစုကသာ မပျက်စီးသေးခြင်းဖြစ်သည်။
"ဝှီး!"
ရေတွက်၍မရနိုင်သော ဓားစွမ်းအင်များက ချိုင့်ဝှမ်း အတွင်း၌ ပျံဝဲနေလေရာ ငွေရောင်ငါးအုပ်ကြီး ရေကူး နေသည့်အလားပင်။ ထိုဓားစွမ်းအင်များက ချိုင့်ဝှမ်းတစ်ခုလုံးကို အလွန်အေးစိမ့်စေ၏။
ချိုင့်ဝှမ်းထဲသို့ ချင်ချွမ်း ဝင်လိုက်သောအခါ ရေတွက်၍မရသော ဓားစွမ်းအင်များသည် တိုက်ခိုက် ရန် ပစ်မှတ်တစ်ခုကို ရှာတွေ့သွားသည့်အလား အသားစားငါးများကဲ့သို့ သူ့ဆီ အလျင်အမြန် ပြေးဝင်လာကြသည်။
"ဝှစ်! ဝှစ်! ဝှစ်!"
ချင်ချွမ်း လှောင်ရယ်လိုက်မိပြီး သူ၏ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ထုတ်ကာ သူ့ကိုဝန်းရံ ထားသော ရွှေရောင်ခေါင်းလောင်းအဖြစ် ပြောင်းလဲလိုက်လေ၏။
"ဒေါက်! ဒေါက်! ဒေါက်!"
ဓားစွမ်းအင်များက ရွှေရောင်ခေါင်းလောင်းနှင့် တိုက်မိကုန်ကြကာ အုတ်ကြွပ်အမိုးများပေါ်သို့ မိုးရေစက်များ ကျဆင်းလာသည့် အသံများကို ထုတ်လွှတ်လာခဲ့ကြသည်။ ထို့နောက် ဓားစွမ်းအင်များ ပြန့်ကျဲသွားခဲ့လေ၏။
"ဟက်"
သူ ဂရုမစိုက်စွာ ရယ်မောလိုက်မိသည်။ သူက သူ၏ ပြိုင်ဘက်ကင်းစွမ်းအားကို မသိဘဲ ရမ်းကားရဲသည့် သေးငယ်သော ဓားစွမ်းအင်များကို လှောင်ပြောင်နေခဲ့၏။
ချင်ချွမ်းကတော့ သူ့ဇာတ်ကောင်ထဲ၌ အလွန်ဈာန်ဝင်နေလေသည်။
သို့သော်ငြား ထက်ရှသည့် ဓားသံတစ်သံက ဓားသင်္ချိုင်းဂူ၏ နက်ရှိုင်းသော အတွင်းဘက်မှ ထွက်ပေါ် လာခဲ့၏။
ထိုအသံကိုကြားသောအခါ ဓားစွမ်းအင်များသည် အိမ်ပြန်မည့် ငှက်များအလား ဓားသင်္ချိုင်းဂူ၏ နက်ရှိုင်းသော အတွင်းပိုင်းဆီသို့ တိုးဝင်သွားကြသည်။
"ဝှစ်!"
ရုတ်တရက်ပင် ပုံရိပ်ယောင်ဓားအရိပ်တစ်ခုသည် မိုးတိမ်များကို ထိုးဖောက်တော့မည့် အလင်းတန်း တစ်ခုကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားခဲ့လေ၏။ ထို့နောက် ရေတွက်၍မရသော ငွေရောင်ဓားစွမ်းအင်များသည် ပုံသဏ္ဌာန်တစ်ခုအဖြစ် လျင်မြန်စွာ စုစည်းလာကြပြီး ထိုပုံရိပ်မှာ ဖြည်းဖြည်းချင်း ထင်ရှား လာခဲ့သည်။
၎င်း၏ထင်ရှားပြတ်သားမှုက ဆက်တိုက် မြင့်တက်နေခဲ့လေ၏။ ထိုဓားအလင်းများက လုံးဝပင် ကိုယ်ထည်တစ်ခု ဖြစ်လာသောအခါ ငွေဖြူရောင် တိုင်လုံးကြီးအလား ချင်ချွမ်းပေါ်သို့ ပြိုလဲကျလာသည်။
"ဘုန်း!"
ထိုဓားကြီးမှာ နေကိုးလုံးတောင်ကို တစ်ဝက်တိတိ ခွဲနိုင်စွမ်းရှိပုံရပြီး မိုးကောင်းကင်ကိုပင် ခွဲခြမ်းနိုင်သည့်အလားပင်။
"အရမ်းအားကောင်းတယ်!"
ချင်ချွမ်း၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့လေ၏။ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားမှတဆင့် ထိုလက်နက်၏အဆင့်က အန္တိမအဆင့်မှန်း သိသာပေသည်။ ထိုလက်နက်ထံမှ အကြွင်းမဲ့စွမ်းအားများ ထုတ်ဖော်နေလေ၏။
သူ မနှောင့်နှေးရဲဘဲ စိတ်ထဲ၌ အတွေးတစ်ခုထွက်ပေါ် သွားခဲ့သည်။ ထို့နောက် သူ့တန်ထျန်းထဲ၌ သိုဝှက်ထားခဲ့သော အန္တိမစိတ်ဝိညာဉ်ရတနာဖြစ်သည့် "အကျဥ်းထောင်နှိမ်နင်းခြင်းဒယ်စောက်"က သူ့ခေါင်းထက်၌ ထွက်ပေါ်လာခဲ့၏။
သို့သော်ငြား သူ၏ အန္တရာယ်ခံစားရမှုက မလျော့ကျသွားဘဲ သူ့ဆံပင်များပင် ထောင်လာခဲ့သည်။
"ဒီဓားက ကိုယ်ပိုင်အသိစိတ် တစ်ဝက်နီးပါးလောက် ရရှိထားလို့ ဓားသင်္ချိုင်းဂူက ဓားစွမ်းအင်တွေကို အမိန့်ပေးနိုင်တယ်၊ ဒါကြောင့် အန္တိမနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်တစ်ဝက်နဲ့ ညီမျှတယ်၊ ဒီရိုက်ချက်ထဲမှာလည်း အန္တိမနယ်ပယ်၊ အမြင့်ဆုံးအဆင့်မှာရှိတဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းလောက် ပါဝင်နေတယ်"
ချင်ချွမ်းသည် အသက်ပြင်းပြင်းရှူသွင်းလျက် အော်ဟစ်လိုက်လေ၏။
"ထိပ်ဆုံး၌ ပန်းသုံးပွင့်စုဝေးခြင်း!"
ဝုန်း!
နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ သူ့အပေါ်တွင် တောက်ပသော ကြာပန်းသုံးပွင့် ထွက်ပေါ်လာခဲ့ပြီး သူ့စွမ်းအားမှာလည်း ချက်ချင်းပင် သုံးဆတိတိ တိုးမြင့်သွားခဲ့သည်။
"သွား!"
သူ့အပေါ်တွင်ရှိနေသော "အကျဥ်းထောင်နှိမ်နင်းခြင်းဒယ်စောက်"ထဲသို့ သူ့စွမ်းအားအားလုံးကို ပြင်းထန်သော ရိုက်ချက်ဖြင့် ထည့်သွင်းလိုက်လေ၏။၎င်းက အနက်ရောင်အရိပ်များ ထုတ်လွှတ်လျက် ဆင်းသက်လာသော ငွေဖြူရောင် ဓားကြီးနှင့် တိုက်မိသွားခဲ့သည်။
"ဒုန်း!!"
ကြီးမားသော ပေါက်ကွဲသံတစ်သံက ပဲ့တင်သံထပ်သွားခဲ့ပြီး နေကိုးလုံးတောင်တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ယမ်းစေခဲ့၏။ ထိုဖျက်ဆီးနိုင်စွမ်းရှိသော ထိတ်လန့်ဖွယ် လှိုင်းများက အပြင်ဘက်ထိ ပျံ့နှံ့သွားခဲ့ကာ တောင်ကြီးကိုပင် ပြားချပ်စေနိုင်သည်အထိ ခြိမ်းခြောက်နိုင်ခဲ့သည်။
ကံကောင်းစွာဖြင့် ကာကွယ်ရေးအစီအရင်ကြောင့် အလွှာတစ်ထပ်က ကောင်းကင်ယံမှာ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်လှိုင်းကြီးနှင့် အားကြီးသော တုန်ခါမှုများကို စုပ်ယူသွားခဲ့ရာ တောင်ကြီးကို ပြန်လည်ငြိမ်သက်စေခဲ့၏။
"ပွက်!"
ချင်ချွမ်းသည် သွေးတစ်ပွက် အန်လိုက်ရပြီး သူ့မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ နောက်ဆက်တွဲရိုက်ခတ်မှုက သူ့အား အနောက်သို့ခြေလှမ်းများစွာ ဆုတ်စေခဲ့လေ၏။
ဤဒဏ်ရာသည် သူ ဒီကမ္ဘာသို့ရောက်လာခဲ့သည့်အချိန်မှစ၍ ပထမဆုံးရှိခဲ့သော ဒဏ်ရာ ဖြစ်သည်။ ကံကောင်းစွာဖြင့် သူ၏အပေါစားသားက ဤနေရာ၌ မရှိခဲ့ပေ။ မဟုတ်လျှင် သူ အကြီးအကျယ် ရှက်ရွံ့ရလိမ့်မည်။
သို့သော်ငြား ထိုတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းသော ဓားကိုလည်း ဖျက်ဆီးနိုင်ခဲ့လေ၏။ ဓားစွမ်းအင်များ၏ ရှုပ်ထွေးသော အဖြူရောင်အလင်းတန်းများက အရပ်မျက်နှာအားလုံးသို့ ပြန့်ကျဲ သွားခဲ့ရသည်။ အချိန်တိုအတွင်း ပြန်လည်စုစည်းရန် ခက်ခဲလိမ့်မည်ဟု ထင်ရပေ၏။ တစ်နည်းအားဖြင့် ဓားသင်္ချိုင်းဂူ၏ နက်ရှိုင်းသော အတွင်းပိုင်းမှာ ရှိသည့် အန္တိမဓားသည် အခုလောလောဆယ်၌ သူ့ကို မတိုက်ခိုက်နိုင်သေးပေ။
"မြေပြင်ပေါ်ကနေ မြင့်မားတဲ့အဆောက်အဦးတွေ တဖြည်းဖြည်း မြင့်တက်လာတာကို ကြည့်ရင် ထူးချွန်မှုက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကနေ လာ တယ်ဆိုတာ သိနိုင်တယ်...ရတနာတစ်ခုနဲ့ ကြုံတွေ့ရရင် လက်လွတ်ခံလို့ မဖြစ်ဘူးလေ"
သူ့အပေါ်၌ အကျဥ်းထောင်နှိပ်နှင်းခြင်းဒယ်စောက်က ပျံဝဲနေလေသည်။ ချင်ချွမ်းသည် သူ့နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်၍ ဓားသင်္ချိုင်းဂူ၏ နက်ရှိုင်းသော အတွင်းဘက်ပိုင်းသို့ ဆက်လက်သွားခဲ့လေ၏။ သူ ဖြတ်သွားသည့်အခါတိုင်း မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော ဓားများသည် အန္တိမအဆင့်စိတ်ဝိညာဥ်လက်နက်ဖြစ်သော အကျဥ်းထောင်နှိပ်နှင်းခြင်းဒယ်စောက်၏ဖိအားအောက်တွင် တုန်ယင်နေခဲ့ကြသည်။
သိပ်မကြာခင်မှာပင် ဓားသင်္ချိုင်းဂူ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ ရှိနေသည်က ဂူတစ်ခု ဖြစ်ပြီး ဂူ၏အလယ်ဗဟိုတွင် အချင်းငါးမီတာ မှ ခြောက်မီတာအတွင်း ရှိသော ရေကန်တစ်ခု ရှိနေသည်။ ရေများသည် ဂူနံရံများပေါ်မှ ယိုစိမ့်လာပြီး ကြည်လင်သော အသံများကို ထုတ်လွှတ်နေလေ၏။
"တောက်! တောက်!"
ရေကန်၏အလယ်ဗဟိုတွင်မူ နှင်းကဲ့သို့ ဖြူဖွေးနေသော ဓားရှည်တစ်လက်ကို မြှုပ်နှံထားလေသည်။ ၎င်းက ထိုနေရာ၌ တိတ်ဆိတ်စွာ ထောင်မတ်နေပြီး ရေစက်ကြောင့် လှိုင်းတစ်ခု ထသွားတိုင်းမှာ ဓားထံမှ မှိန်ဖျော့သော ငွေရောင်အလင်းတန်းတစ်ခုက လက်ခနဲ ထွက်ပေါ်လျက်ရှိ၏။ ထိုဖြစ်ရပ်ကြောင့်ပင် မှောင်မည်းနေသော ဂူထဲ၌ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်လာလေသည်။ ထိုဓားမှာ ငွေရောင်ပိုးစုန်းကြူးကောင်လေးကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေလေ၏။
ချင်ချွမ်းသည်လည်း အန္တိမနယ်ပယ်အဆင့်၏ ဓားစွမ်းအင်ကို ခုခံတွန်းလှန်ပြီးနောက်မှာ အန္တရာယ်၏ အရင်းအမြစ် ဖြစ်သော နှင်းဖြူဓားကို တွေ့ရှိခဲ့လေပြီ။
*******************