မြင့်မြတ်သောပုဂ္ဂိုလ်
Vol. 6 Ch. 81
"ဝီ! ဝီ! ဝီ!"
နှင်းဖြူဓားသည် ချင်ချွမ်း ရောက်ရှိလာသည်ကို ခံစား မိသည့်အလား ညင်သာစွာ တုန်ခါလာပြီး သတိပေးသော တဝီဝီဓားသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
"မဆူညံနေနဲ့ ဒီနေ့ မင်း အသံကုန်အော်ဟစ်ရင်တောင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး"
ချင်ချွမ်း အနည်းငယ် ပြုံးလိုက်မိ၏။
ဓားက တိတ်ဆိတ်သွားလေသည်။
ချင်ချွမ်း ပြောလိုက်၏။
"ငါနဲ့အတူ လိုက်ခဲ့...မင်းက အန္တိမအဆင့်စိတ်ဝိညာဥ်ဓားလေးပဲဆိုပေမယ့် မင်းက ခဏလောက်တော့ အသုံးဝင်ပါသေးတယ်"
သို့သော်ငြား ဓား သူ့ကို လျစ်လျူရှုထားလေသည်။ ဓားမျက်နှာပြင်ပေါ်ရှိ ငွေဖြူရောင်အလင်းပင်လျှင် လျော့ကျသွားခဲ့ရာ အိပ်ပျော်သွားသည့်အလားပင်။
"ဒီကိုရောက်လာပြီဆိုမှတော့ ငါ လက်ဗလာနဲ့ပြန်သွား မှာမဟုတ်ဘူး၊ ငါ့ကို အတင်းအကျပ် လုပ်ဆောင်အောင် မင်းဘက်က တွန်းအားမပေးဘူးလို့ မျှော်လင့်တယ်"
ချင်ချွမ်းက ခြိမ်းခြောက်နေလေ၏။
"ဝီ! ဝီ!"
ဓားက ညင်သာသောအသံကို ထုတ်လွှတ်လာပြီး ထိုအသံမှာ "ဟဲဟဲ"ဟု ရယ်နေသည့်အလားပင်။
"မင်းက ငါ့ရဲ့ကြင်နာမှုကို တန်ဖိုးမထားဘဲ ငါ့အရှေ့မှာ ဆက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေမယ်ဆိုရင် ငါ့မှာ ရေကန်ထဲကို သေးပေါက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး"
ချင်ချွမ်းက ဂရုမစိုက်စွာ ဆက်ပြောလေသည်။
"သေးကန်ထဲမှာ မင်းရဲ့ဂုဏ်သိက္ခာကို ဆက်ပြီး ထိန်းထားနိုင်လိမ့်မယ်လို့ ငါ မထင်ဘူး"
"ဝီ!!!!"
ရုတ်ချည်းပင် ဓားအလင်းက ပေါက်ကွဲထွက်လာခဲ့ပြီး ပြင်းထန်သောအော်ရာများ စီးဆင်းနေသည့် ဓားစွမ်းအင်များကို ထုတ်လွှတ်လာခဲ့၏။ ၎င်းက ချင်ချွမ်းကို ခြိမ်းခြောက်ချင်နေသည့်အလားပင်။
"ဟန်ဆောင်နေတာ ရပ်လိုက်...ဓားက ဘယ်လောက်ပဲ ထက်ရှနေပါစေ သူ့ကို ထောက်ပံ့ပေးတဲ့ စွမ်းအားမရှိလို့ကတော့ အမြစ်မရှိတဲ့ ဘဲစာမြက်သာသာပဲ"
(T/N - ရေမြောင်း၊ ရေကန်တွေပေါ်မှာ အမြဲပေါလောပေါ်နေတဲ့ အစိမ်းရောင်အပွင့်အဖတ်လေးတွေကို မြင်ဖူးလောက်မှာပါ၊ အဲ့ဒါလေးတွေကို ဘဲစာမြက်ပင်လို့ ခေါ်ပါတယ်)
ချင်ချွမ်းက တည်ငြိမ်စွာ ပြောလာခဲ့သည်။
"ဝီ! ဝီ! ဝီ!"
ဓားက ရူးသွပ်စွာ တုန်ယင်နေလေ၏။ သို့သော်ငြား သူ့အော်ရာသည် တဖြည်းဖြည်း အားနည်းလာပြီး ဆုပ်လည်းစူး၊ စားလည်းရူး အခြေအနေသို့ ရောက်ရှိနေသည့်အလား နောက်ပြန်ဆုတ်နေလေသည်။
"အချိန်ဆွဲနေတာ ရပ်လိုက်တော့...မင်း ဒီလိုဆက်လုပ် နေရင် ငါ တစ်ကယ် သေးပေါက်လိုက်တော့မယ်"
ချင်ချွမ်းသည် သူ့ဘောင်းဘီထဲသို့ လက်လှမ်းနေသည့်ပုံစံ ဟန်ဆောင်လိုက်လေ၏။
"ဝူး!!!"
ဓားက ပြင်းထန်စွာ တုန်ယင်လာလေသည်။ ထို့နောက် ရေကန်ထဲမှ ဖြည်းဖြည်းချင်း တက်လာခဲ့လေ၏။ ထို့အပြင် သူတက်လာသည်နှင့်အမျှ ရေကန်က ပြင်းပြင်းထန်ထန် ဆူပွက်လာခဲ့သည်။
မြစိမ်းရောင်အလင်းတန်းများသည် ရေကန်ထဲ၌ လျင်မြန်စွာ ယှက်နွယ်လျက် အစိမ်းရောင်ကြာရွက်များအဖြစ် ပြောင်းလဲသွားခဲ့၏။ ထို့နောက် ရုတ်ချည်းပင် ကြာပန်းများ ထပွင့်လာခဲ့သည်။
နူးညံ့သော ကြာပန်းများသည် တောက်ပစွာ ယိမ်းနွဲ့နေပြီး ရွှေရောင်အမှုန်လေးများအဖြစ် လွင့်မျောလိုက်ပါ လာခဲ့၏။ ၎င်းက မယုံနိုင်စရာကောင်းလောက်အောင် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။
ထို့အပြင် ၎င်းတို့သည် ဂူထဲ၌ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အတားအဆီးများကိုပင် လျစ်လျူရှုကာ နေကိုးလုံးတောင်ကြီး၏ အပေါ်၌ ပေါ်ထွက်လာကြလေ၏။
အင်ပါယာမြို့တော်တစ်ခုလုံးကပင် တောင်ထိပ်ပေါ်၌ ကြာပန်းများ ပွင့်လန်းနေသော မြင်ကွင်းကို မြင်တွေ့နိုင်လေသည်။ ၎င်းမှာ အလေးအမြတ်ထားချင်စဖွယ် သန့်စင်လှ၏။
"အဲ့ဒါ… အဲ့ဒါများလား"
"မြစိမ်းရောင်ကြာပန်းဘိုးဘေးရဲ့ မြစိမ်းရောင်ကြာပန်းဓားပဲ! အဲ့ဒီဓားက မြစိမ်းရောင်ကြာပန်းဘိုးဘေး ကွယ်လွန်ပြီးနောက်မှာ နှစ်တစ်ထောင်ကျော်ကြာတဲ့အထိ အိပ်ပျော်နေခဲ့တာမလား"
"အဲ့ဒီဓားမှာ မယုံနိုင်စရာလောက်အောင် မြင့်မြတ်တဲ့ စိတ်နေစိတ်ထားရှိတယ်၊ မြင့်မြတ်တဲ့အကျင့်စရိုက်ကို ပိုင်ဆိုင်ထားတဲ့လူကိုပဲ အသိအမှတ်ပြုတယ်လို့ ဆိုကြတယ်၊ နှစ်ပေါင်းများစွာကြာလာတဲ့အထိ တော်ဝင်မိသားစုထဲက ဘယ်သူကမှ သူ့ကို နာခံအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး!"
"ဘယ်လိုတောင် မြင့်မြတ်တဲ့သူ ဖြစ်နေလို့လဲ"
အင်ပါယာမြို့တော်တစ်ခုလုံးနှင့် တော်ဝင်မိသားစုမှအစွမ်းထက်ပုဂ္ဂိုလ်များကြားတွင် ပြောဆိုဆွေးနွေးမှုများဖြင့် ဆူညံနေခဲ့သည်။ သူတို့၏နှလုံးသားများထဲတွင် ထိုသန့်စင်မြင့်မြတ်သောပုဂ္ဂိုလ်အတွက် လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့၏။
မြင့်မြတ်သောလူများမှာ အမြဲတစေ လေးစားခံရပေသည်။
တစ်ချိန်တည်းမှာပင်။
ချင်ချွမ်း၏လက်ထဲ၌ ဓားကို ဆုပ်ကိုင်ထားပြီးသား ဖြစ်နေလေ၏။ ထို့နောက် ဖော်ပြ၍မရနိုင်သော စွမ်းအင်ခံစားမှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲ၌ ချက်ချင်း တိုးထွက်လာခဲ့သည်။
လက်ထဲ၌ ဓားတစ်လက်ကို ပိုင်ဆိုင်ထားသောအခါ ကမ္ဘာလောကကြီးက မင်းရဲ့အပိုင်ပင်။
သူ ယခု ဒီဓားအား ဝှေ့ယမ်းလိုက်သည်နှင့် ဘယ်သူမှ မတားဆီးလာသရွေ့ ဤအင်ပါယာမြို့တော်တစ်ခုလုံး အား ပြားပြားဝပ်စေနိုင်မည်ဟု ခံစားနေရ၏။
သူ၏လက်ရှိခွန်အားက ဓားစွမ်းအင်ကို အပြည့်အဝထုတ်လွှတ်နိုင်ရန် အလွန်အားနည်းနေသေးသည်။ အစောပိုင်းခန့်မှန်းချက်အပေါ် အခြေခံခြင်းအားဖြင့် ကိုယ်ပိုင်အသိစိတ်တချို့ရှိနေသော အန္တိမအဆင့်ရတနာများကို အန္တိမနယ်ပယ်၊ အမြင့်ဆုံးအဆင့်မှ သိုင်းပညာရှင်များကသာ ကိုင်ဆောင်သင့်ပေ၏။
အန္တိမနယ်ပယ်၊ အမြင့်ဆုံးအဆင့်၏ ကြီးမားသောစွမ်းအင်ကသာ ဓားစွမ်းအင်အပြည့်အဝထုတ်လွှတ်နိုင်မှာ ဖြစ်ပြီး ကောင်းကင်များနှင့် မြေပြင်များကို ခွဲခြမ်းကာ ပင်လယ်များနှင့် မြစ်များကို မှောက်ခုံလှန်ပစ်နိုင်လိမ့်မည်။
"ဟားဟား ဂုဏ်ယူပါတယ် မိတ်ဆွေလေး"
ထိုအချိန် အိုမင်းသောအသံတစ်ခုက သူ့အနောက်မှ ထွက်ပေါ်လာပြီး ရယ်မောနေလေသည်။ ချင်ချွမ်း လှည့်ကြည့်လိုက်ရာ ခေါင်းပြောင်အဘိုးအိုက ဂူအပြင်ဘက်၌ ရပ်နေသည်ကို မြင်ခဲ့ရလေ၏။
အဘိုးအိုက သူ့အနားကို ချဉ်းကပ်လာပြီး သက်ပြင်းချကာ ပြောလာသည်။
"ဒီဓားက ကျုပ်ရဲ့ညီအစ်ကိုကောင်း သေဆုံးပြီးနောက်မှာ နှစ်တစ်ထောင်ကျော် အိပ်ပျော်နေခဲ့တယ်၊ ယန်မိသားစုက ရေတွက်လို့တောင်မရတဲ့ လူငယ်ပါရမီရှင်တွေအများကြီးက သူ့ဆီကနေ အသိအမှတ်ပြုခံရဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါပေမဲ့ ဒီဓားက မြင့်မြတ်တဲ့စိတ်ထားရှိပြီး အထူးတင်းကျပ်တယ်၊ စစ်မှန်တဲ့ သူရဲကောင်းရဲ့စကားကိုပဲ လိုက်နာတယ်"
သူ စကားပြောနေစဉ်တွင် ချင်ချွမ်းအား စူးစမ်းလိုစိတ် ဖြင့် ကြည့်နေခဲ့လေ၏။ ထို့နောက် သူ မေးလိုက်သည်။
"မိတ်ဆွေလေးက သူ့ဆီကနေ အသိအမှတ်ပြုခံရဖို့ ဘာနည်းလမ်းတွေများ သုံးခဲ့တာလဲလို့ ကျုပ် တွေးနေမိတာ"
သူ တကယ်ပင် မသိခဲ့ချေ။ အကြောင်းမှာ သူသည် ချင်ချွမ်းအား တန်းတူအဆင့်မှာထား၍ လေးစားမှုဖြင့် ဆက်ဆံခဲ့လေ၏။ ထို့ကြောင့် သူသည် ဒီနေရာတွင် ဖြစ်ပျက်နေသော အခြေအနေကို ကြည့်ရှုရန်အတွက် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုခဲ့ချေ။
"ခင်ဗျား ဘယ်လိုထင်လဲ"
ချင်ချွမ်းက အပြုံးဖြင့် ပြန်ဖြေလာသည်။
အဘိုးအိုက မှင်သက်သွားပြီးနောက် ရယ်မောလာခဲ့၏။
"ဟားဟား ကျုပ်က အသက်ကြီးလာတော့ စိတ်တွေလည်း ရှုပ်ထွေးနေပြီ!"
သူလည်း သူမေးခဲ့သော မိုက်မဲသည့်မေးခွန်းကို ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။ ထိုဓားက မြင့်မြတ်သောပုဂ္ဂိုလ်၏အနောက်ကိုသာ လိုက်လျှင် ၎င်းသည် စိတ်နေစိတ်ထားမှတစ်ဆင့် အောင်နိုင်ခဲ့ခြင်း ဖြစ်ရမည်။
"ဝုန်း! ဝုန်း!"
"ဒုန်း! ဒုန်း!"
ထိုအချိန်တွင် ကောင်းကင်ကြီးသည် ရုတ်ချည်းပင် လေပြင်းများတိုက်ခတ်လာပြီး မိုးခြိမ်းသံများပေါက်ကွဲထွက်လာလေရာ ကြီးမားသောဖိအားနှင့်အတူ မြေပြင်နှင့် ကောင်းကင်အား တုန်လှုပ်လာစေခဲ့၏။
"ငှက်နီတော်ဝင်မိသားစုက နေကိုးလုံးနယ်မြေကို နှုတ်ဆက်ဖို့ ရောက်လာပါတယ်!!"
နတ်ဘုရား၏အသံကဲ့သို့ ခမ်းနားထည်ဝါသောအသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူအများ၏နားများကို အူစေကာ နှလုံးများ တုန်ယင်စေခဲ့သည်။
လက်ရှိအချိန်တွင် အင်ပါယာမြို့တော်တစ်ခုလုံးမှ ရေတွက်၍မရသော လူများသည် ကြောက်ရွံ့မှုများဖြင့် ကောင်းကင်ကို မော့ကြည့်လာကြလေ၏။
မီတာရာပေါင်းများစွာအထိ ကျယ်ပြန့်သော အတောင်ပံများရှိသည့် မီးငှက်ကြီးတစ်ကောင်မှာ အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှနေ၍ နံနက်ခင်းနေမင်း ကဲ့သို့ ထွက်ပေါ်လာလေသည်။
ထိုမီးငှက်၏ပတ်ပတ်လည်တွင် မီးလုံးကြီးကိုးလုံး ရှိနေပြီး ၎င်း၏သဘာဝအပေါင်းအဖော်များ ဖြစ်ပုံရကာ တစ်ခုချင်းစီ၌ ပင်မမြို့တော်တစ်ခုကို ဖျက်ဆီးရန်အတွက် လုံလောက်သော စွမ်းအင်များ ပါဝင်လေ၏။
ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုပင်။
ထို့အပြင် ထိုမီးငှက်၏ထိပ်တွင်မူ လူတစ်ဒါဇင်ခန့် ရပ်နေပြီး တစ်ဦးချင်းစီတိုင်းက မြင့်မြတ်သော အော်ရာများကို ထုတ်လွှတ်နေလေသည်။
အရှေ့ဆုံး၌ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဆံပင်အဖြူရောင်နှင့်လူငယ်လေးတစ်ဦး ရှိ၏။ သူ့အမူအရာမှာ အလွန်အေးစက်နေပြီး ခမ်းနားထည်ဝါသောအော်ရာကို ထုတ်လွှတ်နေလေသည်။ သူ့အသက်ကတော့ ပုံပန်းသွင်ပြင်ထက် အများကြီးပိုကြီးလေ၏။
ထို့အပြင် သူ့အနောက်တွင် ရပ်နေသူများထဲ၌ အသက်ကြီးရင့်သူများနှင့် လူငယ်လူရွယ်များ နှစ်မျိုးစလုံး ပါဝင်လေသည်။ သူတို့အထဲ၌ နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် တစ်စုံတစ်ယောက်လည်း ရှိနေခဲ့၏။
ထိုလူက ငှက်နီနယ်မြေ၏ဧကရာဇ်မင်း ဖြစ်လိမ့်မည်။ဧကရာဇ်မင်းပင်လျှင် ထိုပုဂ္ဂိုလ်၏အနောက်၌ ရိုသေစွာ ရပ်နေရသည်။
"ဒုတိယညီတော် နေကိုးလုံးတော်ဝင်မိသားစုမှာ ထူးခြားတဲ့ နောက်ခံရှိတယ်၊ နက်ရှိုင်းပြီး ကြွယ်ဝတဲ့ အမွေအနှစ်တွေလည်း ရှိတယ်၊ ကိုယ်တော်တို့ ဖြစ်ပါ့မလား…"
ငှက်နီနယ်မြေ၏ ဧကရာဇ်မင်းက စိုးရိမ်မှုအနည်းငယ် ဖော်ပြနေလေ၏။
"ဟက်! ထူးခြားတဲ့ နောက်ခံလား၊ သူတို့က ဒီယိုယွင်းမြေပေါ်မှာပဲ ဆက်ပြီးတည်ရှိနေဖို့ ကံပါလာတဲ့ ပျက်စီးပြီးသားမိသားစုပဲ၊ ဘယ်တော့မှ ပြန်ပြီး နာလန်ထူနိုင်မှာမဟုတ်ဘူး"
ဆံပင်အဖြူရောင်နှင့် လူငယ်က လှောင်ပြောင်လာခဲ့သည်။
သူသည် အရှေ့ပိုင်နက်တွင် နှစ်ပေါင်းများစွာ လှည့်လည်ခဲ့ပြီးနောက် အန္တိမနယ်ပယ်၊ ဒုတိယအဆင့်သို့ရောက်ရှိခဲ့လေ၏။ ထို့အပြင် တကယ် အစွမ်းထက်သော အဖွဲ့အစည်းတစ်ခုနှင့်လည်း ပူးပေါင်းထားခဲ့သည်။ နယ်မြေခုနစ်ခုမှ လူများ မသိနိုင်သော အရာများစွာကို သဘာဝကျစွာပင် သူ သိရှိ ထားလေ၏။
နေကိုးလုံးတော်ဝင်မိသားစုသည် သူတို့ခေတ်တွင် တကယ် အားကောင်းခဲ့ကြသည်။ သို့သော်ငြား ယခု…ယိုယွင်းမြေထံမှ နှစ်ပေါင်းနှစ်ထောင်ကျော် စားသုံးခံထားရခြင်းကြောင့် သူတို့၏အခြေခံအုတ်မြစ်က ယိုင်နဲ့နေခဲ့တာ ကြာလေပြီ။ ထိုကြောင့် သူ ကြောက်ရွံ့စရာမရှိဟု ခံစားခဲ့ရလေ၏။
အခွင့်အရေးကိုဖမ်းဆုပ်ခြင်းမှာ စောစောစီးစီး လုပ်ဆောင်ရခြင်းဖြစ်ပြီး နောက်ကျသွားခဲ့လျှင် ထိုသားကောင်ကို အခြားလူများက ယူသွားကြလိမ့်မည်။
"ဟားဟားဟား! ထင်ရှားကျော်ကြားတဲ့ဧည့်သည်တွေပါလား...ပြင်ဆင်ပြီး မဧည့်ခံခဲ့မိလို့ ခွင့်လွှတ်ပေးကြပါဦး"
ထိုအချိန်တွင် အင်ပါယာမြို့တော်မှ လူဒါဇင်ပေါင်းများစွာသည် ကောင်းကင်သို့ တက်လာပြီး မမြင်နိုင်သော နံရံတစ်ခုကဲ့သို့ ကြီးမားသော စွမ်းအင်အော်ရာကို ထုတ်လွှတ်လာကြသည်။ အရှေ့ဆုံးမှာ ရပ်နေသူက နေကိုးလုံးနယ်မြေ၏ ဧကရာဇ်မင်း ဖြစ်လေ၏။
"ယဉ်ကျေးနေစရာ မလိုပါဘူး"
ဆံပင်အဖြူရောင်နှင့် လူငယ်က အနည်းငယ်လှောင်ပြောင်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အန္တိမနယ်ပယ်နှင့်သက်ဆိုင်သော အော်ရာကို ထုတ်လွှတ်၍ ပတ်ပတ်လည်ကို လွှမ်းခြုံလိုက်လေ၏။
"ဘုန်း!"
နေကိုးလုံးတော်ဝင်မိသားစုမှ အင်အားကြီးမားသောပုဂ္ဂိုလ်ဒါဇင်ပေါင်းများစွာက ဖွဲ့စည်းထားခဲ့သည့် မမြင်နိုင်သောနံရံမှာ ချက်ချင်းပင် ပြိုကျသွားခဲ့ပြီး သူတို့ အားလုံး အနည်းငယ် ညည်းညူခဲ့ရသည်။ သူတို့ထဲမှ တချို့လူများက အတွင်းဒဏ်ရာများ ခံစားခဲ့ရသည်မှာ ရှင်းပေ၏။
"ဟက်! ဒီလောက်ဝေးတဲ့ခရီးကို ဘာကြောင့်များ ရောက်လာကြတာလဲလို့ တွေးမိပါတယ်"
ဒေါသထွက်သွားခဲ့သော်လည်း နေကိုးလုံးဧကရာဇ်မင်းသည် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို သတိပြုမိပေသည်။ ထို့ကြောင့် ရိုင်းစိုင်းစွာ မပြုမူရဲသေးဘဲ အပြုံးတစ်ခုကို ညှစ်ထုတ်၍ မေးမိ၏။
"အလုပ်ကိစ္စ ဆွေးနွေးဖို့"
ဆံပင်အဖြူရောင်နှင့်လူငယ်က အင်ပါယာမြို့တော် အတွင်းဘက်ရှိ မြင့်မားသောတောင်ကြီးအား တည်ငြိမ်စွာ ထောက်ပြလာခဲ့သည်။ ထို့နောက် ပြုံးကာ ဆက်ပြောလာခဲ့၏။
"ကျုပ်တို့ရဲ့ငှက်နီနယ်မြေက ငှက်နီရေကန်နဲ့ ခင်ဗျားတို့ရဲ့နေကိုးလုံးနယ်မြေက နေကိုးလုံးတောင်ကို လောင်းကစား လုပ်ကြရအောင်"
"ခင်ဗျားတို့ရှုံးရင် နေကိုးလုံးတောင်ကို ကျုပ် ရွှေ့ယူသွားမယ်၊ ကျုပ်တို့ရှုံးရင်တော့ ငှက်နီရေကန်ကို ခင်ဗျားတို့ ရွှေ့ယူသွားနိုင်ပါတယ်"
"မင်း!!"
နေကိုးလုံးဧကရာဇ်မင်း၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူတို့က နောက်ပြောင်နေကြခြင်း မဟုတ်မှန်း သူ သိ လေ၏။ အကြောင်းမှာ အန္တိမနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်၏ စွမ်းအားနှင့်ဆိုလျှင် တကယ်ပင် တောင်တစ်ခုလုံးကို လွယ်ကူစွာ ရွှေ့ပစ်နိုင်သောကြောင့်ပင်။တကယ်တော့ ကောင်းကင်တက်လှမ်းနယ်ပယ်၏နှောင်းပိုင်းအဆင့်များပင် လုပ်ဆောင် နိုင်လေသည်။
"ကြောက်နေတာလား"
ဆံပင်အဖြူရောင်နှင့်လူငယ်က မထီမဲ့မြင်ပြုလျက် လှောင်ပြောင်လာခဲ့၏။
"နေကိုးလုံးတော်ဝင်မိသားစုက ဒီအဆင့်ကို ကြောက်ရွံ့နေတယ်ဆိုရင် လောင်းကစားလုပ်ဖို့မလိုတော့ဘူး၊ ကျုပ်အနေနဲ့ ဒီတောင်ကို ရွှေ့ယူသွားလိုက်ရုံပဲ"
"မင်း…လုပ်ရဲလား!"
နေကိုးလုံးဧကရာဇ်သည် စိတ်ထဲ၌ အရှက်ရသလို ခံစားခဲ့ရသည်။ သို့သော် အန္တိမနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်ကို ဆန့်ကျင်ရာ၌ သူ၏ကောင်းကင်တက်လှမ်းနယ်ပယ်၊ သတ္တမအဆင့်မှာ အရေးမပါနေပေ။
"ဟက်!"
ဆံပင်အဖြူရောင်နှင့်လူငယ်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ ရယ်မောနေလေ၏။
"ဘယ်လို လောင်းကစားမျိုး လုပ်ချင်တာလဲ"
ထိုအချိန်မှာ သက်ကြီးရွယ်အိုတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီးက လှည့်ကြည့်လိုက်ရာ ခြေဆာနေသော အဘိုးအိုတစ်ဦးက နန်းတော် ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်ကို မြင်လိုက်ရလေ၏။
**********************