← Chapters

ငှက်နီနယ်မြေ၏ စိန်ခေါ်မှု

Vol. 6 Ch. 82

ငှက်နီနယ်မြေ၏ စိန်ခေါ်မှု

Vol. 6 Ch. 82

"ဘိုးဘေး!"

ထိုခြေဆာနေသော အဘိုးအိုကို မြင်သောအခါ စိတ်မကြည်မသာဖြစ်နေသော တော်ဝင်မိသားစုအဖွဲ့ဝင်များသည် ချက်ချင်းပင် လေးစားသော အမူအရာများကို ပြသလာကြသည်။

ထိုပုဂ္ဂိုလ်သည် တော်ဝင်မိသားစုထဲတွင် ကျန်ရှိနေသော ဘိုးဘေးနှစ်ဦးထဲမှ တစ်ဦး ဖြစ်ပြီး သူသည် မိသားစုကို ဦးဆောင်၍ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ဤနေရာတွင် နိုင်ငံ တည်ထောင်ခဲ့လေ၏။

တစ်ချိန်က အန္တိမနယ်ပယ်၏ အမြင့်ဆုံးအဆင့်၊ အင်အားကြီးပုဂ္ဂိုလ် ဖြစ်ခဲ့သော ထိုပုဂ္ဂိုလ်သည် ယခုအချိန်၌ အန္တိမနယ်ပယ်၏ ပထမအဆင့်ထိ လျော့ကျသွားခဲ့သည်။

သူ အန္တိမနယ်ပယ်မှ ကျဆင်းသောအချိန်သည် သူ၏သေဆုံးချိန်ဖြစ်နေလိမ့်မည်ကို စိုးရိမ်ရပေ၏။

"ခင်ဗျားက အကြီးအကဲ ယန်ကျီကျိုက် ဖြစ်မယ်လို့ကျုပ် ယူဆပါတယ်"

ဆံပင်အဖြူရောင်နှင့်လူငယ်သည် အဘိုးအို၏ ဆာနေသောခြေထောက်ကိုကြည့်၍ သက်ပြင်းချကာ စာနာသောအပြုံးဖြင့် ပြောလာသည်။

"ကမ္ဘာလောကကြီးက တကယ်ကို ခန့်မှန်းရခက်တယ်၊ တစ်ချိန်က အရှေ့ပိုင်နက်မှာ နာမည်ကျော်ကြားခဲ့တဲ့ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးက ဒီလိုပဲ အဆုံးသတ်ခဲ့ရတယ်"

ထို့နောက် သူက အသံကို ပြောင်း၍ လှောင်ပြောင်လာလေ၏။

"ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့အပေါ်မှာသာ အပြစ်တင်နိုင်တယ်၊ ခင်ဗျားတို့မျိုးနွယ်က လမ်းမှားရောက်နေတဲ့ မဟာနတ်ဆိုးတစ်ပါးကို မွေးထုတ်ခဲ့ကြတာကို"

ခြေဆာနေသောအဘိုးအိုက ထိုစကားကိုကြားသော်လည်း သူ၏အရေတွန့်နေသော မျက်နှာပေါ်၌ လှုပ်ရှားမှုမရှိခဲ့ပေ။ သူ၏တိမ်ဖြစ်နေသော မျက်လုံးများက တည်ငြိမ်စွာပင် ဆံပင်အဖြူရောင်နှင့်လူငယ်အား ကြည့်နေသည်။

"မင်းက ဘာလောင်းကစား လုပ်မလို့လဲ"

အဘိုးအိုက အချည်းနှီးစကားများကို မကြိုက်ကြောင်း သိသာပေ၏။ ဆံပင်အဖြူရောင်နှင့်လူငယ်သည် အဘိုးအိုက ထိုမျှတည်ငြိမ်နေသည်ကို မြင်သောအခါ အနည်းငယ်သောဖိအားကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူ အလွန်အကျွံ မလှောင်ရဲခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်တုန်းက အင်အားကြီးမားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့လေ၏။ ယိုယွင်းပျက်စီးနေသော်လည်း ကျန်ရှိနေသော စွမ်းအားများကတော့ ရှိနေဆဲပင်။

အထူးသဖြင့် ဆိုးရွားသောအခြေအနေ၌ပင် မတုန်လှုပ်သော စစ်သည်တော်တစ်ဦး၏ အမူအရာက ယုံကြည်မှုရှိနေခဲ့သော လူငယ်ကို အနည်းငယ် စိုးရိမ် စေခဲ့သည်။

သူ အသက်ပြင်းပြင်းရှူသွင်း၍ တည်ငြိမ်သလို ဟန်ဆောင်ကာ ပြောလိုက်၏။

"ထုံးစံအတိုင်း အကြီးအကဲအချင်းချင်း တိုက်ခိုက်တာက ပျက်စီးမှုများတယ်၊ ဒါကြောင့် လူငယ်တွေ ယှဉ်ပြိုင်ကြပါစေ...သုံးပွဲပြိုင် နှစ်ပွဲအနိုင် ဘယ်လိုလဲ"

တစ်ချိန်တည်းမှာပင် လူငယ်သုံးဦးက သူ့အနောက်မှနေ၍ အရှေ့ကို တက်လာသည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ရာ အားလုံးက အသက်နှစ်ဆယ်ဝန်းကျင် ဖြစ်လေ၏။

အမျိုးသားနှစ်ဦးက နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးငယ်ကတော့ အဆင့်မြင့်နန်းတွင်းဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ငှက်နီနယ်မြေ၏တော်ဝင်မိသားစုဝင်များ ဖြစ်ကြောင်း ရှင်းပေ၏။

"ကောင်းပြီ"

ခြေဆာနေသော အဘိုးအိုက ခေါင်းညိတ်လာ၍ ပြောသည်။

"နေကိုးလုံးတောင်ကို သွားတာပေါ့...အဲဒီမှာရှိတဲ့ တိုက်ပွဲစင်မြင့်က ပိုပြီးခိုင်ခံ့တယ်"

ဆံပင်အဖြူရောင်နှင့်လူငယ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူသည် နေကိုးလုံးတောင်အတွက် လာခဲ့ခြင်းဖြစ်သော်လည်း တောင်ထဲသို့ တိုက်ရိုက်ဝင်ရန်အတွက်တော့ အနည်းငယ် တွေဝေနေလေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုတောင်ပေါ်တွင် အန္တိမနယ်ပယ်၊ ထိပ်သီးအင်အားကြီးပုဂ္ဂိုလ်တစ်ဦးမှ ချထား ခဲ့သော အစီအရင် ရှိနေလေ၏။ နှစ်ပေါင်းနှစ်ထောင်ကျော် ကုန်လွန်ခဲ့ပြီးနောက် အစီအရင်က အားနည်းခဲ့သော်ငြားလည်း အစီအရင်မှာ သက်ရှိမဟုတ်သောကြောင့် ယိုယွင်းမြေ၏တိုက်စားမှုကို ခံခဲ့ရမှာမဟုတ်ပေ။ ထို့ကြောင့် အန္တိမနယ်ပယ်မှ လူများကဲ့သို့ မြန်မြန် အားနည်းသွားမှာ မဟုတ်ပေ။

၎င်း၌ ကျန်ရှိနေသော စွမ်းအားက သူ့ကို ခြိမ်းခြောက် ရန် လုံလောက်နိုင်သည်။

"ဘာလဲ...ကြောက်နေတာလား"

အဘိုးအို၏မျက်နှာပေါ်တွင် လှောင်ပြောင်နေသောအမူအရာတစ်ခုက ရှားရှားပါးပါး ထွက်ပေါ်လာခဲ့၏။

"ဟားဟားဟား ခင်ဗျား ဘာတွေပြောနေတာလဲ၊ ကျုပ်က အကြီးအကဲရဲ့ဂုဏ်သိက္ခာကို ယုံကြည်ပြီးသားပါ၊ ဆိုတော့ နေကိုးလုံးတောင်ကို သွားကြတာပေါ့"

ဆံပင်အဖြူရောင်နှင့်လူငယ်က ရယ်မောလာခဲ့သည်။ သူ့ကိုယ်သူ ထိုတောင်ပေါ်သို့ သွားရန် အတင်းအကျပ် ခွင့်ပြုထားလေ၏။

သူ ဒီတစ်ခေါက် လူများစွာ ခေါ်လာခဲ့ခြင်းသည် မိသားစုဝင်လူငယ်လေးများ အထူးသဖြင့် လှပသော တူမလေးတို့၏နှလုံးသားများထဲ၌ သူ၏ခမ်းနားသောပုံရိပ်တစ်ခုကို တည်ဆောက်ရန် ဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး ကြောက်ရွံ့မှုကိုပြသနိုင်မည်နည်း။

သူ ကျက်သရေအဖြာဖြာရှိနေရမည်။ အမြဲအားကောင်းနေရပြီး အရှုံးမရှိရပေ။

နယ်မြေရပ်ခြားတွင် နှစ်ပေါင်းများစွာ စွန့်စားခဲ့ပြီးနောက် အခက်အခဲများမှတစ်ဆင့် အခုလက်ရှိခွန်အား ကို သူ ရရှိခဲ့လေ၏။

မွေးရပ်မြေကို ပြန်ရောက်လာတာက ဘာအတွက်လဲ...မိသားစုအရှေ့မှာ ကြွားဝါဖို့ မဟုတ်ဘူးလား။

ထို့ကြောင့် သူ ကြွားဝါနေချိန်၌ ဘယ်လိုလုပ် မျက်နှာပျက်ရဲမည်နည်း။

မကြာခင်မှာပင် သူတို့အဖွဲ့သည် နေကိုးလုံးတောင် ပေါ်ရှိ ရှေးဟောင်းတိုက်ပွဲစင်မြင့်သို့ ရောက်ရှိခဲ့ကြသည်။ စင်မြင့်ကြီးက အချင်းမီတာ ရာပေါင်းများစွာ ကျယ်ပြန့်ပြီး အထူးအုတ်များ၊ ကျောက်များဖြင့်ခင်းကျင်းထားလေ၏။ အရောင်အမျိုးမျိုးရှိသော ကျောက်စာများနှင့် အစီအရင်များကို ရေးထိုးထားလေရာ ထိုစင်မြင့်အား အလွန်ခိုင်ခံ့စေလေသည်။

"နေကိုးလုံးတောင်က တကယ်ကို ရတနာတိုက်ပဲ...တောင်ပေါ်တက်လာတဲ့လမ်းမှာတောင် အန္တိမနယ်ပယ်က အင်အားကြီးပုဂ္ဂိုလ်တွေ ချန်ထားခဲ့တဲ့ ကျောက်စာအနည်းငယ်ကို ငါမြင်ခဲ့ရတယ်၊ ပြီးတော့ သူတို့ရဲ့ ဓားအမှတ်အသားတွေတောင် ရှိတယ်"

ဆံပင်အဖြူရောင်နှင့်လူငယ်က တိတ်တဆိတ် စဉ်းစားနေလေ၏။ သူ့မျက်လုံးများထဲ၌ လောဘရိပ်တစ်ခုမှာ လက်ခနဲဖြစ်သွားခဲ့သည်။ ဤကဲ့သို့ရတနာတိုက်မှာ သူ့ပိုင်ဆိုင်မှု ဖြစ်ရလိမ့်မည်။

"ကိုယ်တော်တို့ နေကိုးလုံးနယ်မြေက ပြိုင်ပွဲဝင်သုံးဦးလည်း ရောက်ရှိပါပြီ"

မကြာခင်မှာပင် နေကိုးလုံးဧကရာဇ်မင်းသည် လူသုံးဦးနှင့်အတူ ရောက်ရှိလာခဲ့၏။ တတိယမင်းသား ယန်ရှန်ထျန်း၊ ဒုတိယမင်းသမီး ယန်ဝမ့်ယင်နှင့် ချင်ကျီတို့ပင်။

ယန်ရှန်ထျန်းနှင့် ချင်ကျီတို့သည် အချင်းချင်း ရန်သူများအဖြစ် သတ်မှတ်ထားကြရာ စိတ်ဝိညာဉ်ရေကန်မှ ထွက်ရသည်နှင့် နေရာမှာတင် ချက်ချင်း တိုက်ခိုက်လု နီးပါးဖြစ်ခဲ့ကြသည်။

နေကိုးလုံးဧကရာဇ်မင်းကသာ သူတို့နှစ်ဦးကို အချိန်မီ ရပ်တန့်စေခဲ့ခြင်းပင်။ ထို့နောက် သူက ထိုသုံးဦးကိုခေါ်ဆောင်လာခဲ့လေ၏။

မင်းသားကြီး ယန်ချီထျန်းကတော့ မပါသွားခဲ့ပေ။ အကြောင်းမှာ လေနှင့်မိုးကြိုးချိုင့်ဝှမ်းတွင် ယန်ချီထျန်းသည် ချင်ကျီကို ရှုံးနိမ့်ခဲ့ပြီးသားဖြစ်သောကြောင့်ပင်။ ထိုအဖြစ်အပျက်က လူသိများခဲ့လေရာ ယခု သူ့နေရာအား ချင်ကျီက ယူထားခဲ့သည်။

၎င်းက ကောင်းမွန်သော တာဝန်မဟုတ်ခဲ့ပေ။ ထို့အပြင် ယန်ချီထျန်းကို ချင်ကျီ အနိုင်ရခဲ့ခြင်းကလည်း သူ့အတွက် မည်သည့်အကျိုးကျေးဇူးမှ မရခဲ့ပေ။ သို့သော်ငြား ချင်ကျီအနေဖြင့် သူတို့၏စိတ်ဝိညာဉ်ရေကန်၌ နေရာတစ်ခု ရရှိခဲ့တာကြောင့် ငြင်းဆန်လို့မရခဲ့ပေ။

ထို့ကြောင့် သူ ပါဝင်ခဲ့ရလေ၏။

"အခု အားလုံးရောက်ပြီဆိုတော့ စကြစို့...သုံးယောက်-သုံးယောက်ဆိုတော့ မင်းတို့ပြိုင်ချင်တဲ့လူကို စိတ်ကြိုက်ရွေးပါ"

ဆံပင်အဖြူရောင်နှင့်လူငယ်က မောက်မာစွာ ပြောလေသည်။

သူသည် သူ၏ လူငယ်မျိုးဆက်သုံးဦးအပေါ်၌ အလွန်ယုံကြည်မှုရှိပေ၏။ သူတို့ထံ၌ ထူးချွန်သော ပါရမီများရှိသည့်အပြင် မကြာသေးခင်ကလည်း နှစ်တစ်သောင်းအရွယ် ကျောက်စက်ရေခဲများကို အမြောက်အမြား ရရှိခဲ့ရာ သူတို့၏စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။

ယခုဆိုလျှင် သူတို့သုံးယောက်စလုံးက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ အဋ္ဌမအဆင့် ထိ ရောက်ရှိထားလေပြီ။ ထိုအသက်အရွယ်၌ ထိုစွမ်းအားဖြင့်ဆိုလျှင် သူတို့သည် နယ်မြေခုနှစ်ခု၌ ပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရလေ၏။

"ငါ နင်နဲ့ တိုက်မယ်"

ဒုတိယမင်းသမီး ယန်ဝမ့်ယင်သည် ငှက်နီနယ်မြေမှ မင်းသမီးကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ"

ထိုမင်းသမီးကလည်း အနည်းငယ် ပြုံး၍ လက်ခံလာလေ၏။ ထို့နောက် တိုက်ပွဲက စတင်လေပြီ။

"ဒုန်း! ဒုန်း!"

"ငှက်နီမီးတောက်!!"

"နေကိုးလုံး ကောင်းကင်၌လည်ပတ်ခြင်း"

"ဘုန်း!!"

မင်းသမီးနှစ်ပါးသည် နူးညံ့ပုံရသော်လည်း သူတို့၏လုပ်ဆောင်မှုများကတော့ အလွန်ပြင်းထန်လှပြီး တိုက်ခိုက်မှုတစ်ခုစီတိုင်းက တောင်များကို ခွဲခြမ်းနိုင်သည့် ခွန်အားဖြင့် ကြောက်မက်ဖွယ်ရာကောင်းလှသည်။

တိုက်ပွဲက ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲပင်။

တတိယမင်းသား ယန်ရှန်ထျန်းသည် ဒုတိယမင်းသမီး ယန်ဝမ့်ယင်၏ တင့်တယ်မှုကို ကြည့်နေရင်း သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်ထားခဲ့၏။ သူ့မျက်လုံးများထဲ၌ သောကအရိပ်အယောင်တစ်ခုက လက်ခနဲ ဖြစ်သွားခဲ့လေသည်။

တော်ဝင်မိသားစု၏ ပထမဆုံးပါရမီရှင်ဂုဏ်ပုဒ်...

ဟက်!

မကြာခင်မှာပင် မင်းသမီးနှစ်ပါး၏တိုက်ပွဲက နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့၏။

"နေကိုးလုံးဘေးအန္တရာယ်ဖျက်ဆီးခြင်းလက်ညှိုး!"

ဒုတိယမင်းသမီး ယန်ဝမ့်ယင်၏ အဝတ်အစားများက လွင့်နေပြီး တစ်ဖက်မင်းသမီးအား သူမလက်ညှိုးဖြင့် ထိုးလိုက်လေသည်။ ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်သော အလင်းတန်းတစ်ခုက ငှက်နီမင်းသမီး၏ အကာအကွယ်များကို ထိုးဖောက်ချေမှုန်းပြီးနောက် သူမ၏ပခုံးကို ထိုးဖောက်သွားခဲ့လေ၏။

"အင့်!"

ငှက်နီမင်းသမီးသည် တိုးညှင်းစွာ ညည်းညူ၍ မြေပြင် ပေါ် လဲကျသွားခဲ့သည်။ သူမ၏ညာဘက်ပခုံးမှ သွေးများစွာ ထွက်လာပြီး သူမ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့လေ၏။

ရလဒ်က ဆုံးဖြတ်ပြီးသွားလေပြီ။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဆံပင်အဖြူရောင်နှင့်လူငယ်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ နေကိုးလုံးနယ်မြေ၏ဒုတိယမင်းသမီးက ဒီလောက်အထိ အားကောင်းနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ထိုအဖြစ်အပျက်သည် မတိုင်ခင်ကရှိခဲ့သော သူ၏ယုံကြည်ချက်များကို တုန်လှုပ်စေခဲ့သည်။ သူ၏ လူငယ်မျိုးဆက်သုံးယောက်က အနိုင်ရရန်မှာ မသေချာတော့ပေ။

သို့သော်…

သူ အသက်ပြင်းပြင်းရှူသွင်း၍ မျက်လုံးများကျဥ်းမြောင်းလိုက်မိ၏။ သူ့ဘက်က ရှုံးခဲ့လျှင်တောင်မှ ဒီတစ်ခေါက် လာခဲ့ရခြင်းကို အချည်းနှီး ဖြစ်ခွင့်မပေးနိုင်ပေ။

ချက်ပြုတ်ပြီးသားဘဲတစ်ကောင်မှာ အဝေးသို့ မပျံသန်းနိုင်ပေ။

"ကျန်တဲ့နှစ်ယောက်မှာ မင်း အရင်ဆုံး ကြိုက်တာရွေး နိုင်တယ်"

ထိုအချိန်တွင် ယန်ရှန်ထျန်းသည် ချင်ကျီအား အေးစက်စွာ ကြည့်၍ အမိန့်ပေးသောလေသံဖြင့် ပြောလာသည်။

"မင်းက ဘာလို့ အရင်မရွေးတာလဲ"

ချင်ကျီက ခနဲ့လာလေ၏။

ယန်ရှန်ထျန်းက ဘယအမူအရာမှမပြဘဲ ညင်သာစွာ ပြောလာသည်။

"ငါသာ အရင်ရွေးလိုက်လျှင် တတိယပွဲဆိုတာ ရှိတော့ မှာ မဟုတ်ဘူး"

ချင်ကျီမှာ ထိုအဓိပ္ပာယ်ကို နားလည်ပေ၏။ ထိုမောက်မာသောလူကို သူ စူးစမ်းသလို ကြည့်၍ ပြုံးကာ ပြောလိုက်မိသည်။

"မင်း ကြိုးစားကြည့်လိုက်ပေါ့"

"ဟမ့်!"

ယန်ရှန်ထျန်းက နှာမှုတ်လာပြီး လူပြက်တစ်ဦးကို ကြည့်နေသကဲ့သို့ ချင်ကျီအား စိုက်ကြည့်လာခဲ့၏။ ထို့နောက် ဖြည်းဖြည်းချင်း ထွက်သွားလေသည်။

သူက နောက်ထပ် ဘာမှဆက်မပြောခဲ့သော်လည်း ဆိုလိုချင်သည့်အဓိပ္ပာယ်က ရှင်းပေ၏။

မင်း မအောင်မြင်နိုင်တိုင်း ငါကပါ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး...မင်းက ငါ့ကို မေးခွန်းထုတ်ရဲတယ်ဆိုမှတော့ မင်းရဲ့မသိနားမလည်မှုကို ဖော်ပြနေတာပဲ။

ယန်ရှန်ထျန်းသည် သူ့ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်၍ မျက်နှာချင်းဆိုင်ရှိ ငှက်နီနယ်မြေမှ မင်းသားတစ်ပါးကို ညွှန်လိုက်သည်။ ထို့နောက် ဂရုမစိုက်စွာ ပြောလိုက်လေ၏။

"မင်း ငါနဲ့လာတိုက်!"

*********************

All Chapters