← Chapters

အမှီအခိုကင်းသောအဖေ

Vol. 6 Ch. 84

အမှီအခိုကင်းသောအဖေ

Vol. 6 Ch. 84

လူတိုင်း အံ့အားသင့်သွားကြသည်။

ဒီလိုအချိန်တိုလေးအတွင်းမှာပင် အများကြီး ဖြစ်ပျက်သွားခဲ့တာကြောင့် နားလည်ရန် ခက်ခဲပေ၏။

တစ်ခဏအတွင်းမှာပင် ငှက်နီမင်းသား၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကြောင့် သူတို့ ထိတ်လန့်ခဲ့ရသည်။ နောက်တစ်ခဏအတွင်းမှာပင် သူတို့မင်းသားက တန်ပြန်လက်တုံ့ပြန်မှုကြောင့် သေဆုံးခဲ့ရလေ၏။

"ဟုန်အာ!"

ငှက်နီဧကရာဇ်က ပထမဆုံး တုံ့ပြန်လာသူ ဖြစ်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်၍ သူ့သား၏ အလောင်းကို ပွေ့ရန်အတွက် အမြန် သွားနေလေ၏။ထို့နောက် သူ့သား သေသွားပြီ ဆိုတာကို အတည်ပြု ပြီးနောက်မှာ သူ့အမူအရာက ရက်စက်သွားပြီး မျက်လုံးနီများဖြင့် ချင်ကျီကို စိုက်ကြည့်လာသည်။

"ငါ မင်းကို သတ်ချင်တယ်!!"

သူ့ညာဘက်လက်က နဂါးလက်သည်းကဲ့သို့ ချင်ကျီ ဆီသို့ တိုက်ရိုက်လှမ်းနေကာ ဆုတ်ဖြဲရန် ရည်ရွယ်ထားပုံရ၏။

"ချွမ်!"

သို့သော်ငြား နောက်တစ်ခဏတွင် မှိန်ဖျော့သော ရွှေရောင်အတားအဆီးတစ်ခုက သူ့ကို တားဆီးလာခဲ့သည်။ ထူးခြားစွာပင် ဝင်ရောက်စွက်ဖက်ခဲ့သူက ခြေဆာနေသော အဘိုးအို ဖြစ်နေလေ၏။

အန္တိမစွမ်းအားမှဖွဲ့စည်းထားသော မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းလွှာသည် ကမ္ဘာ့အမာကျောဆုံး ဒိုင်းကာအလား ငှက်နီဧကရာဇ်ကို ရပ်တန့်စေခဲ့သည်။

"ဒုတိယညီတော် ငါ့ကို ကူညီပေးပါ!!"

ငှက်နီဧကရာဇ်က ကျယ်လောင်စွာ အော်ဟစ်လာလေ၏။

ဆံပင်အဖြူရောင်နှင့်လူငယ်၏မျက်ခုံးက အနည်းငယ် တွန့်ကျုံ့သွားခဲ့သည်။ တကယ်တော့ သူ့တူတော်မောင်က သူ့ကံကြမ္မာနှင့် ထိုက်တန်သည်ဟု သူထင်လေ၏။ ထို့အပြင် လက်စားချေရန်လည်း မလိုအပ်ဘူးဟု သူ မြင်သည်။

သို့သော်ငြား သူ့အစ်ကိုကြီး၏ လက်စားချေလိုစိတ်ကိုလည်း သူ နားလည်နိုင်၏။ ထို့ကြောင့် သူ ခြေဆာနေသော အဘိုးအိုကို ကြည့်၍ အသံခပ်နက်နက်ဖြင့် ပြော လိုက်သည်။

"ကျေးဇူးပြုပြီး အကြီးအကဲက ဝင်မစွက်ဖက်ပါနဲ့၊ မဟုတ်ရင်… ကျုပ်ပါ ဝင်ပါရလိမ့်မယ်"

"ကျုပ်ပါ ဝင်ပါလာပြီဆိုရင် ဒီအင်ပါယာမြို့တော်မှာ ဘယ်နှစ်ယောက်လောက် အသက်ရှင်နိုင်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ၊ အန္တိမနယ်ပယ်ရဲ့စွမ်းအားကို နားလည်တဲ့ အကြီးအကဲက ကျုပ်ထက် ပိုပြီးသိပါလိမ့်မယ်"

ခြေဆာနေသော အဘိုးအိုက တိတ်ဆိတ်သွားလေ၏။

သူ့မျက်လုံးများထဲ၌ ပဋိပက္ခဖြစ်နေသော အမူအရာကို ပြသလာပြီး နောက်ဆုံးမှာတော့ သက်ပြင်းချလာသည်။ ထို့နောက် မှိန်ဖျော့သော ရွှေရောင်အလင်းလွှာကို ဖယ်ရှားလိုက်လေ၏။

"သေစမ်း!!!"

ငှက်နီဧကရာဇ်က ချင်ကျီကို ထပ်မံ၍တိုက်ခိုက်လာသည်။ သို့သော်ငြား နေကိုးလုံးတော်ဝင်မိသားစုနှင့်အတူလိုက်ပါလာသော သိုင်းပညာရှင်များက စုပေါင်းသဘောတူညီမှုဖြင့် ချင်ကျီကို လျင်မြန်စွာ ကာကွယ်ပေးခဲ့ကြ၏။

ခြေဆာနေသော အဘိုးအိုမှ ဝင်ပါလို့မရတိုင်း သူတို့ပါ ဝင်ပါလို့မရဘူးဟု မဆိုလိုပေ။ ချင်ကျီက သူတို့တော်ဝင်မိသားစုအတွက် တိုက်ခိုက်ပေးနေခြင်းဖြစ်လေရာ သဘာဝကျစွာပင် သူတို့ ချင်ကျီအား ကာကွယ်ပေးရမည်။

"ငါ့ရှေ့ကဖယ်!!"

ငှက်နီဧကရာဇ်က အော်ဟောက်လာခဲ့သည်။ ထို့နောက် ကြီးမားသော ငှက်နီအရိပ်မှာ မြေပြင်ပေါ်မှ ထိုးထွက်လာပြီး ကြီးမားသောစွမ်းအင်ကို ထုတ်လွှတ်လျက် နေကိုးလုံးတော်ဝင်မိသားစုမှ သိုင်းပညာရှင်များကို တွန်းလှန်လာခဲ့၏။

သူက သာမန်အုပ်ချုပ်သူဖြစ်သော နေကိုးလုံးဧကရာဇ်မင်းနှင့် မတူပေ။ သူက စစ်မှန်သော ဧကရာဇ် ဖြစ်ပြီး သူ့ကျင့်ကြံမှုမှာ ကောင်းကင်တက်လှမ်းနယ်ပယ်၏ထိပ်ဆုံးအဆင့်၌ ရှိရုံသာမက နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ခြင်းဖြင့် တည်ဆောက်ထားသော ခိုင်မာသည့် အခြေခံလည်း ရှိသည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်တူသူများထက် များစွာ သာလွန်ပေ၏။ ခွန်အားအရဆိုလျှင် သူ့ကို အန္တိမနယ်ပယ်တစ်ဝက်သို့ ရောက်ရှိထားသူအဖြစ် သတ်မှတ်နိုင်ပေသည်။

လက်ရှိအချိန်၌ သူက ချင်ကျီကို သတ်ချင်နေလေ၏။

"သတ်!"

သူ့ညာဘက်လက်ကို ဆန့်ထုတ်၍ ချင်ကျီ၏နှလုံးတည့်တည့်ကို တိုက်ရိုက်ပင် ပစ်မှတ်ထားလိုက်သည်။ ၎င်းက အံ့အားသင့်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ရွေ့လျား နေခြင်းပင်။ ထို့အပြင် သူ၏နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက ချင်ကျီကို ချုပ်နှောင်ထားပြီးသားဖြစ်သောကြောင့် မလှုပ်ရှားစေနိုင်တော့ပေ။

"အဖေ!"

ချင်ကျီသည် စိတ်ပျက်အားငယ်နေရာမှ အသက်ပြင်းပြင်းရှူသွင်းကာ သူ့မျက်လုံးများကို မှိတ်ထားမိ၏။ ထို့နောက် သူ့ခွန်အားအားလုံးဖြင့် ကောင်းကင်သို့ အော်ဟစ်လိုက်သည်။

"အဖေ ရှိတယ်"

နောက်တစ်ခဏတွင် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ချင်ကျီသည် သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ ရင်းနှီးသောပုဂ္ဂိုလ်က သူ့အရှေ့မှာ ရပ်နေသည်ကို မြင်လိုက်ရသည်။

ချင်ချွမ်းမှာ သူ့သားကို ပြန်ကြည့်၍ ဆူပူလိုက်မိ၏။

"နေ့ခင်းကြောင်တောင်ကြီး ဘာတွေအော်ဟစ်နေတာလဲ"

"အဖေ"

ချင်ကျီက ထပ်ခေါ်လာခဲ့သည်။ သူ့နှာခေါင်းက အနည်းငယ်နာနေသလို ခံစားနေရပြီး သူ့မျက်လုံးများကလည်း အနည်းငယ် စိုစွတ်နေလေ၏။

အန္တရာယ်များနှင့် အားငယ်ရမှုများကို ရင်ဆိုင်ရတိုင်းမှာ သူ့အဖေက သူနှင့်အတူ အမြဲရှိနေပေးခဲ့သည်။ ဤကဲ့သို့သောအဖေတစ်ယောက်ရှိနေခြင်းက… တကယ်ပင် အံ့သြဖွယ်ရာကောင်း၏။

ချင်ချွမ်းသည် သူ့သား၏ ဟန်ပန်ကို မြင်သောအခါ စိတ်အနှောက်အယှက်မရှိဘဲ ပြုံးလိုက်မိ၏။ ထို့နောက် ငှက်နီဧကရာဇ်ကို ရင်ဆိုင်ရန် လှည့်လိုက်သည်။

ဒီလူက တကယ်ပင် မအားမနည်းချေ။ ခုနတုန်းက စနစ်သည် သူ့ကျင့်ကြံမှုကို ကောင်းကင်တက်လှမ်းနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ တိုက်ရိုက် မြှင့်တင်ပေးခဲ့၏။ ထိုအရာမှာ သူ့ဘက်မှ အဆင့်ကျော်၍ ဒီလူကို မတိုက်ခိုက်နိုင်ဘူးဟု ဆိုလိုခြင်းပင်။

"မင်းက ဘယ်သူလဲ...ဒီလူမိုက်ကို သတ်မယ့် ငါ့ကို တားဆီးဖို့ စီစဉ်နေတာလား"

ငှက်နီဧကရာဇ်က ဒေါသတကြီးပြောလာသည်။

"ကျုပ်က သူ့အဖေ...ခင်ဗျားက ဘာထင်နေလို့လဲ"

ချင်ချွမ်းသည် ဂရုမစိုက်စွာ ပြောလိုက်လေ၏။

"ဒါဆို မင်းတို့နှစ်ယောက်စလုံးကို သတ်ပေးရတာပေါ့!!"

ငှက်နီဧကရာဇ်က နှာမှုတ်လာပြီး အရှေ့ကို ခုန်တက်လာခဲ့သည်။

ဒုန်း!

သူ၏သွေးသောက်ဖြစ်သော ငှက်နီမှာ အနီရောင်မိုးတိမ်တစ်ခုကဲ့သို့ ကောင်းကင်ယံကို လွှမ်းမိုးလျက် ချင်ချွမ်း၏မြင်ကွင်းကို ဖုံးအုပ်ထားလေ၏။

မီးလျှံများ၏ရှုပ်ထွေးသော ယှက်နွယ်မှုအောက်တွင် မီးပုံစံဓားရှည်တစ်ခုက သူ့လက်ထဲမှာ ပေါ်လာပြီး ချင်ချွမ်းဆီသို့ ပြင်းထန်စွာ ထိုးသွင်းလာလေသည်။

"ချွမ်!"

ဓားသံက ပဲ့တင်သံထပ်နေလေ၏။ ချင်ချွမ်းကလည်း သူ့ဓားကို ထုတ်လိုက်သည်။ ထို့နောက် သူ့ခေါင်း အထက်၌ ကြာပန်းသုံးပွင့် ပေါ်လာပြီး သူ့စွမ်းအားမှာ သုံးဆ မြင့်တက်သွားလေ၏။ ထို့နောက် သူ ဓားသွားတစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။

တောက်ပသော အဖြူရောင်အလင်းတန်း ဓားသွားသည် ကြီးမားသော တိုင်ကြီးတစ်ခုကဲ့သို့ ဝှေ့ယမ်းလျက်ထွက်သွားကာ သူ့လမ်းကြောင်းရှိ အရာအားလုံးကို ပြာများအဖြစ် ဖျက်ဆီးခဲ့လေ၏။

"အား!!"

ငှက်နီဧကရာဇ်က နာကျင်ဖွယ် အော်ဟစ်လာခဲ့သည်။သူ့ခန္ဓာကိုယ်က ကြီးမားသော ဓားအလင်းတန်းထဲ၌ ပျောက်ကွယ်သွားသည်မှာ အပူရှိန်ပြင်းသောမီးဖိုထဲ၌ ဆီးနှင်းများ အရည်ပျော်သွားသည့်အလားပင်။ ထို့အပြင် မြစိမ်းရောင်ကြာပန်းဓား၏ ထူးခြားသော ပြတ်သားထက်ရှမှုက သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကိုလည်း ချေမှုန်းပစ်ခဲ့၏။

"အစ်ကိုတော်!!"

ဆံပင်အဖြူရောင်နှင့်လူငယ်က ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။ သူ့မျက်လုံးများက နီရဲလာပြီး သတ်ဖြတ်လိုစိတ်များက သူ့ခန္ဓာကိုယ်ထဲမှ မရပ်မနား ပေါက်ကွဲထွက်လာလေ၏။

အရာအားလုံးက မြန်မြန်ဆန်ဆန် ဖြစ်ပျက်ခဲ့ခြင်းပင်။ သူ့အစ်ကိုတော် အသတ်မခံရခင်မှာ သူ တုံ့ပြန်နိုင်ရန်အတွက် အချိန်ပင်မရခဲ့ချေ။

မတိုင်ခင်က သူ့တူတော်မောင် အသတ်ခံရသောအခါ သူ့ထံ၌ ပြင်းထန်သည့် လက်စားချေလိုစိတ်ကို မခံစား ခဲ့ရပေ။ သူက *အိုယန်ဖုန်း မဟုတ်သည့်အပြင် သူ့တူတော်မောင်၏ လုပ်ဆောင်ချက်များကလည်း သူ၏ကန့်သတ်ချက်များကို ကျော်လွန်ခဲ့သည်။ သူက သေဒဏ်ထိုက်သင့်သည်ဟု ထင်ခဲ့လေ၏။

သို့သော်ငြား ယခု သူ့အစ်ကိုကြီးက အသတ်ခံခဲ့ရလေသည်။ သူ၏တစ်ဦးတည်းသော အစ်ကိုကြီးဖြစ်သည့်အပြင် မိခင်တစ်ဦးတည်းက မွေးဖွားလာခဲ့ကြသောကြောင့် အတူတူ ကြီးပြင်းလာခဲ့ကြလေ၏။

ဤအာဃာတက ဖြေရှင်း၍ မရနိုင်ပေ။

သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အပေါ်ကို မြင့်တက်လာခဲ့သည်။ ထို့နောက် နန်းတော်အရိပ်တစ်ခုက သူ့ထဲမှတဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။

ထိုမြင့်မားသောနန်းတော်မှာ ခမ်းနားလှပြီး တောက်ပသော ရောင်ဝါနှစ်ခုဖြင့် ပတ်ပတ်လည် ဝန်းရံခံထားရလေသည်။ ၎င်းက မြင့်မြတ်ထည်ဝါကာ အားကောင်းလှ၏။

သူက ဘုရားသခင်တစ်ပါးကဲ့သို့ ချင်ချွမ်းအား အထက်မှ ငုံ့ကြည့်လာခဲ့ပြီး အေးစက်စွာ မေးလာလေသည်။

"မင်း ဘယ်လိုသေချင်လဲ"

ချင်ချွမ်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ ဒီတစ်ကြိမ်က အရင်တစ်ခါနှင့် မတူပေ။ အကြောင်းမှာ တစ်ဖက်လူက လက်စားချေရန် ပစ်မှတ်ထားနေသောလူမှာ သူ့သား မဟုတ်ဘဲ သူ ဖြစ်လေသည်။

သို့သော်...

အချို့သောအရာများကို ထာဝရ ရှောင်ရှားနေလို့ မရချေ။ ၎င်းအား မကြာခင်မှာ ရင်ဆိုင်ရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်း၏။

မည်သို့ပင်ဆိုစေကာမူ သူက ဖခင်တစ်ဦး ဖြစ်ခဲ့ပြီးနေလေပြီ။ သူ တည်ငြိမ်စွာပင် ခေါင်းကိုမော့၍ ဆံပင်အဖြူရောင်နှင့်လူငယ်ကို ကြည့်ကာ ဂရုမစိုက်စွာ ပြောလိုက်သည်။

"မင်းက ငါ့ကို သတ်ဖို့ မထိုက်တန်သေးဘူး"

"သေခါနီးမှာတောင် ခေါင်းမာနေတုန်းပဲလား"

ဆံပင်အဖြူရောင်နှင့်လူငယ်က အေးစက်စွာ ပြောလာခဲ့၏။

"မင်းမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိပြီး အန္တိမအဆင့်လက်နက်နဲ့ နတ်ဘုရားပညာရပ်တွေကို မှီခိုနိုင်ရုံနဲ့ပဲ စစ်မှန်တဲ့ အန္တိမနယ်ပယ်သိုင်းပညာရှင်တွေကို ယှဉ်ပြိုင်နိုင်ပြီလို့ ထင်နေတာလား"

"အန္တိမနယ်ပယ်က မင်းထင်ထားသလောက် မရိုးရှင်းဘူး!"

ထိုစကားကို ပြောပြီးနောက် သူ့ညာလက်ကို မြှောက် ကာ ချင်ချွမ်းကို ညွှန်လိုက်လေသည်။

ထိုလက်ညှိုး၏အောက်တွင် အထက်ကောင်းကင်သည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။ ရေတွက်၍မရနိုင်သော စိတ်ဝိညာဉ်စွမ်းအင်များက စုစည်းလာပြီး ကြီးမားကာ မီတာသုံးရာရှည်သော သလင်းကျောက်လက်ညှိုးတစ်ခုအဖြစ် ဖွဲ့စည်းသွားလေသည်။ ၎င်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို ကြိတ်ချေနေသကဲ့သို့ ချင်ချွမ်းအပေါ် ဖိနှိပ်လာခဲ့၏။

"ခရက်! ခရက်! ခရက်!"

ထိုလက်ညှိုးမကျလာခင်မှာပင် အလွန်ကြီးမားသောစွမ်းအားကြောင့် ချင်ချွမ်း၏အဝတ်အစားများမှာ လွင့်ထွက်နေပြီး သူ့အောက်ရှိ မြေပြင်မှာလည်း ကွဲအက်ကာ သူ့ခြေထောက်များပင်လျှင် မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။

သို့သော်ငြား ချင်ချွမ်းက ထိတ်လန့်နေခြင်းမရှိခဲ့ပေ။ ထိုအစား ပြင်းထန်သောအမူအရာဖြင့် သူ့ဓားကို ညာဘက်လက်ဖြင့် ဆုပ်ကိုင်လျက် သူ၏အလုံးစုံသောခွန်အားကို စုစည်းကာ ဧရာမလက်ညှိုးဆီသို့ ထိုးသွင်းလိုက်လေ၏။

"ရွှစ်!"

အဖြူရောင်ဓားအလင်းတန်းသည် တိုင်လုံးကြီးတစ်ခုကဲ့သို့ သလင်းကျောက်လက်ညှိုးကို ဆန့်ကျင်တိုက်ခိုက်ခဲ့လေသည်။

"ဘုန်း!!!!"

အသံခဏတိတ်ဆိတ်သွားပြီးနောက် ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများသည် ရေလွှမ်းမိုးလိုက်သည့်အလား ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုပြားချပ်စေခဲ့၏။

လူတိုင်းမှာ အနောက်သို့ လွှင့်ထွက်ကုန်ကြသည်။ အချို့က နားစည်များ ပေါက်ပြဲ၍ သွေးများထွက်လာကြကာ အချို့ကမူ ကိုယ်တွင်းအင်္ဂါအားလုံးမှ သွေးများထွက်လာကြ၏။

ခဏအကြာမှသာ ပြန်တည်ငြိမ်လာခဲ့သည်။ လူတိုင်း လှည့်ကြည့်လိုက်သောအခါ သလင်းကျောက်လက်ညှိုးက ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေ၏။

ချင်ချွမ်းကမူ မြစိမ်းရောင်ကြာပန်းဓားကို မှီကာ ဒူးတစ်ဖက်ထောက်ထားလေသည်။ သူ၏ အဖြူရောင်အဝတ်အစားများက စုတ်ပြတ်နေပြီး နေရာများစွာတွင် သွေးများစွန်းထင်းနေကာ သူ့နဖူးပင်လျှင် သွေးများထွက်နေလေ၏။

"အဟွတ်! အဟွတ်!"

သူက သွေးအန်ပြီးနောက် သူ့ကိုယ်သူ ထောက်ရပ်နိုင်ရန်အတွက် ဓားကို အသုံးပြုရန် ကြိုးစားခဲ့သော်လည်း ပြန်လဲကျခဲ့လေသည်။

"အဖေ!!!"

ချင်ကျီက ထိတ်လန့်တကြား အော်ဟစ်လာခဲ့၏။ သူ အမြဲဆုပ်ကိုင်ထားခဲ့သည့် ခိုင်မာသောအတွေးများအားလုံး ပျက်စီးသွားသကဲ့သို့ပင်။

အဖေက ဒဏ်ရာရသွားတာလား။

အဖေက ဘယ်လိုလုပ်ပြီး ဒဏ်ရာရနိုင်မှာလဲ။

သို့သော်ငြား သူ့အဖေက ပြိုင်ဘက်ကင်းခြင်း၊ မကင်းခြင်းဆိုသည့်အချက်နှင့် နှိုင်းယှဉ်လျှင် ယခုအချိန်၌ အရေးအကြီးဆုံးမှာ သူ့အဖေက နာကျင်နေပြီး သူ့ကိုလိုအပ်နေသည်ဆိုသော အချက်ပင်။

ချင်ချွမ်းက သွေးစွန်းနေသော လက်များဖြင့် အနောက်သို့ လှမ်းကာ သူ့သားကို ရပ်တန့်ရန် လက်ဟန်ပြနေလေသည်။ ထို့နောက် လေးနက်စွာ ပြောလာခဲ့၏။

"အဖေ အဆင်ပြေတယ်"

(T/N - အိုယန်ဖုန်းက ကောကျင့်နဲ့ဟွမ်ရုန်တို့ဇာတ်ကားထဲက ဗီလိန်ပါ။ အိုယန်ဖုန်းက သူ့သား (စစချင်းမှာ 'တူ' လို့သာသိထား ) အိုယန်ခယ်ကို အရမ်းချစ်ပြီး အစွန်းရောက်တာမလို့ သူကတော့ အိုယန်ဖုန်းလို မဟုတ်ဘူးလို့ သုံးထားတာပါ။ ဇာတ်ကားကို သေချာမကြည့်ဖူးတာမလို့ အမှားပါသွားရင် တောင်းပန်ပါတယ်နော်)

********************

All Chapters