အန္တိမအဆင့်ချင်ချွမ်း!
Vol. 6 Ch. 85
ချင်ကျီ၏ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားကာ အနည်းငယ်မျှ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ဖုန်မှုန့်များက ဖြည်းဖြည်းချင်း လွင့်ပျံသွားပြီး ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်း၏တောက်ပမှု မှာ မျက်စိကျိန်းစရာပင်။
ဆံပင်အဖြူရောင်နှင့်လူငယ်လေးက ထိုနေရာတွင် ဆက်လက်၍ ပျံဝဲနေလေသည်။ သူ့ထံမှ ခမ်းနားထည်ဝါသော အော်ရာများ ပျံ့နှံ့လာသည်မှာ မသေမျိုးနန်းတော်ထဲ မလှုပ်မယှက်ထိုင်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
"အိုး! မင်းမှာ ဒီလောက်အားပဲရှိတာလား...ငါ့အရှေ့မှာ ဝင့်ကြွားပြခဲ့တဲ့ မင်းရဲ့မာနက ဒီလောက်ပဲလား"
ဆံပင်အဖြူရောင်နှင့်လူငယ်က ချင်ချွမ်းအား လှောင်ပြောင်နေသောအကြည့်ဖြင့် ငုံ့ကြည့်လျက် သူ့ကို ပြောလာခဲ့၏။
"တချို့လူတွေရဲ့စိတ်နှလုံးတွေက ကောင်းကင်ထက်တောင် ပိုပြီးမြင့်သေးတယ်၊ ဒါပေမယ့် သူတို့ဆီမှာ အဲ့ဒီစိတ်နှလုံးနဲ့ လိုက်ဖက်တဲ့ ခွန်အားမရှိတော့ ပြက်လုံးတစ်ခုလိုပဲ အဆုံးသတ်ခဲ့ရတယ်လေ"
"အခု ဒီပြက်လုံးကိုတော့ ငါ အဆုံးသတ်ပေးမယ်!"
သူသည် သူ့ညာလက်ကို မြှောက်၍ တစ်ကြိမ်ထပ်ညွှန်ရန် ပြင်ဆင်လေသည်။ နောက်ထက်တစ်ကြိမ် ညင်သာစွာ ညွှန်လိုက်ခြင်းအားဖြင့် ဒီပုရွက်ဆိတ်ထံ၌ သင်္ဂြိုဟ်ရာနေရာပင် မရှိတော့လောက်ဘူးဟု သူ ယုံကြည်ပေ၏။
"ရပ်စမ်း!"
သို့သော်ငြား ထိုအချိန်၌ ပြင်းထန်သော အော်သံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအသံမှာ ချင်ကျီထံမှ ဖြစ်၏။
ချင်ကျီက သူ့ခေါင်းကို မြှောက်၍ ကြောက်ရွံ့မှုမရှိဘဲ ဆံပင်အဖြူရောင်နှင့်လူငယ်ကို စိုက်ကြည့်လာခဲ့သည်။ သူ့အသံက ရေခဲကဲ့သို့ အေးစက်နေလေ၏။
"ခင်ဗျားသာ ကျုပ်အဖေကို သတ်ရဲရင် ကျုပ် ချင်ကျီက အနာဂတ်မှာ ခင်ဗျားတို့မိသားစုတစ်ခုလုံးကို မသေမချင်း သတ်ဖြတ်ပစ်မယ်၊ ခင်ဗျားရဲ့မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေအားလုံးကို သတ်ပစ်မယ်! ခင်ဗျားနဲ့ပတ်သက်တဲ့အရာအားလုံးကို ဖျက်ဆီးပစ်မယ်!!"
ထိုစကားများကြောင့် လူတိုင်းမှာ ထိတ်လန့်သွားခဲ့ရသည်။ မြေပြင်ပေါ်တွင် မျက်လုံးဗလာဖြင့် လူသေ တစ်ဦးကဲ့သို့ လဲလျောင်းနေသော ယန်ရှန်ထျန်းပင်လျှင် တောင့်တင်းစွာ လှည့်ကြည့်လာခဲ့၏။
အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သော်လည်း အန္တိမနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်ကို မျက်နှာချင်းဆိုင် ခြိမ်းခြောက်ရဲခြင်း။
ဒါ ဘယ်လောက်တောင် ရဲရင့်လွန်းတာလဲ။
ထိုကဲ့သို့သောစကားများ ပြောခဲ့သည့်လူက သေဒဏ် သင့်တော့မည်မှာ အသေအချာပင်။
ဆံပင်အဖြူရောင်နှင့်လူငယ်က ချင်ကျီအား ငုံ့ကြည့်လာခဲ့သည်။ သူ့နှလုံးသားမှာ မလှုပ်မယှက်သာရှိနေပြီး သတ်ဖြတ်လိုစိတ်များ မရှိခဲ့ပေ။ သူက ရိုးရိုးလေးသာ ပြောခဲ့လေ၏။
"ပုရွက်စိတ်လေးကများ"
ထိုစကားကိုပြောပြီးနောက် ဂရုမစိုက်စွာပင် သူ့လက် ကို ဝှေ့ယမ်းလိုက်သည်။
"ဝုန်း!"
ထိုစွမ်းအင်လှိုင်းက ကောင်းကင်နှင့် မြေကြီးအား မှောက်ခုံလှန်လိုက်သကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသည့် အားကို ထုတ်ဖော်ကာ ချင်ကျီအား ဖိနှိပ်လာလေ၏။
"သတိထား!!"
တော်ဝင်မိသားစုမှ လူများစွာသည် ချင်ကျီအတွက် စိုးရိမ်ပူပန်သွားကြကာ ချွေးများပင်ထွက်လာကြသည်။ ချင်ကျီ၏ဆံပင်က ရွှေရောင်ပြောင်းသွားကာ သူ့မျက်လုံးများထဲ၌ ဆုံးဖြတ်ချက်ချထားသည့် အမူအရာတစ်ခုရှိနေခဲ့၏။
သူနှင့်သူ့ဆရာက အရာအားလုံးကို စွန့်လွှတ်ကာ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားလေသည်။ အောင်မြင်ခြင်း သို့မဟုတ် သေဆုံးခြင်းရလဒ်သာ ရှိတော့မည်။
သို့သော်ငြား ထိုအချိန်၌ အဘိုးအိုတစ်ယောက်၏ လက်တစ်ဖက်က သူ့ပခုံးကို ပုတ်လာလေ၏။
ဖတ်!
ထိုလက်ထဲ၌ နှိုင်းယှဉ်၍မရသော ခမ်းနားထည်ဝါသည့် စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းက သူ့အထဲရှိ ပရမ်းပတာဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်လေ၏။
ထို့နောက် ရွှေရောင်အတားအဆီးတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာခဲ့ကာ ဆံပင်အဖြူရောင်နှင့်လူငယ်မှ ထုတ်လွှတ်ခဲ့သော တိုက်ခိုက်မှုကို ပိတ်ဆို့ပေးခဲ့သည်။
"ဘုန်း!"
ထိုတိုက်ခိုက်မှုက အတားအဆီးကို ထိမှန်သွားပြီး နားကွဲစေလုနီးပါး အသံကို ဖြစ်ပေါ်စေခဲ့လေရာ လူများစွာမှာ သွေးအန်လုနီးပါးပင်။
ချင်ကျီ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ မတိုင်ခင်က တွေ့ဆုံခဲ့ဖူးသည့် ခေါင်းပြောင်းအဘိုးအိုမှာ သူ့အနောက်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။
"အကြီးအကဲ ကျွန်တော့်အဖေကို ကယ်ပေးပါဦး!"
ချင်ကျီတစ်ယောက် စိတ်ပူပန်စွာ အော်ဟစ်မိသည်။ သို့သော်ငြား ခေါင်းပြောင်အဘိုးအိုသည် ဘာမှမဖြစ် သကဲ့သို့ ကောင်းကင်ပေါ်ရှိ ဆံပင်အဖြူရောင်နှင့်လူငယ်ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေပြီး သူ့ကိုလုံးဝ လျစ်လျူရှုထားလေ၏။
သူ ခေါင်းပြောင်အဘိုးအို၏အနားသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့သော်လည်း သူ့ထံမှ ခမ်းနားထည်ဝါသည့်အော်ရာတစ်ခု ထွက်ပေါ်လာသည်ကို သူ တွေ့ရှိခဲ့ရပြီး အနားသို့ လုံးဝ မချဉ်းကပ်နိုင်ခဲ့ပေ။
ချက်ချင်းပင် သူ့စိတ်နှလုံးမှာ ချုံးချုံးကျသွားခဲ့သည်။
"မင်းအဖေက မင်းကို ငါ့ဆီမှာ အပ်ထားပြီးပြီ"
ခေါင်းပြောင်အဘိုးအိုက ရိုးရိုးရှင်းရှင်းသာ ပြောလာလေ၏။
"ဘာရယ်!"
ချင်ကျီ၏ခန္ဓာကိုယ်က လျှပ်စီးလက်သကဲ့သို့ ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး ယိုင်နဲ့ကာ မျက်ရည်များ စီးကျလာသည်။
အပ်ထားပြီးပြီ။
ဒါက ဘာကိုဆိုလိုသနည်း။
သူ့အဖေက ဤအန္တရာယ်ဖြစ်နိုင်ခြေကို အချိန်အကြာကြီးကတည်းက ကြိုတင်မြင်ခဲ့သည်လော။
ဒါကြောင့်မလို့ သူ့အဖေက ဒီတစ်ခေါက် သေဖို့ ကံကြမ္မာပါလာတာလား။ အဲ့ဒါကြောင့် အကြီးအကဲက သူ့အဖေကို မကယ်တင်နိုင်တာလား။
လက်ရှိအချိန်၌ ထိုရွံရှာဖွယ်ကောင်းသော ဆံပင်အဖြူရောင်နှင့်လူငယ်သည် သူ့လက်အား နောက်တစ်ကြိမ် ထပ်မြှောက်နေသည်ကို သူ မြင်လိုက်ရလေ၏။ သူ့အဖေအား နောက်ဆုံးရိုက်ချက်ပေးရန် အဆင်သင့် ဖြစ်နေပုံရသည်။
သူ့နှလုံးသားထဲ၌ ဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်ရမှုများ ထပ်မံ၍ စုဝေးလာခဲ့ရာ အော်ဟစ်လိုက်မိ၏။
"အသက်ကြီးပြီးဖောက်ပြားတတ်တဲ့ခင်ဗျား! ခင်ဗျားအရမ်းတော်နေရင် ဒီကိုလာပြီး ကျုပ်ကိုသတ်လိုက်!"
"ကျုပ် သတိမထားမိဘူးလို့ ခင်ဗျား ထင်နေတာလား! အသက်ကြီးပြီးဖောက်ပြားတတ်တဲ့ခင်ဗျားက ခင်ဗျားရဲ့တူမကိုပဲ အချိန်တိုင်း ငမ်းငမ်းတက် ကြည့်နေပြီး သူမကို ကြံစည်နေခဲ့တာ မဟုတ်ဘူးလား!!"
လူတိုင်းမှာ ထိုစကားများကြောင့် အံ့အားသင့်သွားရသည်။ ထို့နောက် ငှက်နီနယ်မြေမှ မင်းသမီးဆီသို့ အလိုအလျောက် ကြည့်မိကုန်ကြလေ၏။ မင်းသမီး၏ ခန္ဓာကိုယ်လည်း တုန်ယင်သွားရကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
ဆံပင်အဖြူရောင်နှင့်လူငယ်၏အမူအရာက ရုတ်ချည်းပင် မည်းမှောင်သွားခဲ့ရ၏။ သူ့မျက်လုံးများထဲ၌ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များက ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်မှာ ချင်ကျီက ဆက်စော်ကားနေလေ၏။
"ဟားဟား ကျုပ်က ခင်ဗျားရဲ့တူတော်မောင်ကို သတ် ခဲ့တုန်းကကျ ခင်ဗျား ဘာလို့ ကျုပ်ကို မသတ်ချင်ခဲ့တာလဲ၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့တူတော်မောင်ကလည်း ခင်ဗျားရဲ့တူမကို စိတ်ဝင်စားနေခဲ့လို့ မလား...ကျုပ်က အသက်ကြီးပြီးဖောက်ပြားနေတဲ့ ခင်ဗျားရဲ့အချစ်ပြိုင်ဘက်ကို ကူညီဖယ်ရှားပေးခဲ့တာကြောင့်မလား"
"အိုး! ဟုတ်သားပဲ...အသက်ကြီးပြီးဖောက်ပြားနေတဲ့ခင်ဗျားက ခုနတုန်းက ခင်ဗျားရဲ့အစ်ကို အသတ်ခံလိုက်ရတဲ့အချိန်မှာ တမင်မကယ်ခဲ့တာများလား၊ ဒါဆို ခင်ဗျားရဲ့အစ်ကို သေဆုံးသွားပြီဆိုရင် ခင်ဗျားက ခင်ဗျားရဲ့တူမကို တရားဝင်ယူနိုင်ပြီလေ!"
"ညစ်ပတ်ပြီး ရွံစရာကောင်းလွန်းတယ်! မနှစ်မြို့ဖွယ်ရာပဲ!"
ချင်ကျီသည် စော်ကားရန်စရာ၌ သူ၏ကျွမ်းကျင်မှုများကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်နေခဲ့သည်။ သူက တမင်တကာပင် ဆံပင်အဖြူရောင်နှင့်လူငယ် ကို ဆွပေးနေခြင်းဖြစ်၏။
သူ၏လေ့လာတွေ့ရှိချက်များမှာ အမြဲတစေ အသေးစိတ်ကျပေသည်။ ထို့အပြင် သူ တစ်ခုခု လွဲချော်ခဲ့လျှင်တောင်မှ သူ့ဆရာအပေါ်မှီခိုနိုင်သေး၏။ သူ့ဆရာက အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ကာ လူမျိုးစုံကို မြင်ဖူးလေသည်။ ထို့ကြောင့် လူများအပေါ်ရှိ ထင်မြင်ယူဆချက်များက လွဲချော်လိမ့်မည်မဟုတ်ပေ။
"သေစမ်း!!"
ဆံပင်အဖြူရောင်နှင့်လူငယ်သည် စိတ်မထိန်းနိုင်တော့ဘဲ သူ့ညာဘက်လက်သီးကို ဆုပ်၍ ခွန်အားကို စုစည်းကာ ချင်ကျီဆီသို့ ထိုးလွှတ်လာခဲ့၏။ ၎င်းက အင်အားအပြည့်ဖြင့် ထိုးနှက်ချက် ဖြစ်သည်။
"ဘုန်း!"
ထိုလက်သီးဖြင့် ထိုးချလိုက်သောအခါ ကောင်းကင်ယံ၌ မြင်ကွင်းဖုံးလုနီးပါး ခဲရောင်တိမ်တိုက်များက အလွှာလိုက် ထွက်ပေါ်လာလေ၏။
"ခရက်!"
ကမ္ဘာကြီး ကွဲကြေသွားသကဲ့သို့ ပြတ်သားသောအသံ ထွက်ပါ်လာရာ လူတိုင်း၏နှလုံးသားက ရှုပ်ထွေးစွာ တုန်ယင်လာခဲ့ကြသည်။
ချင်ကျီအရှေ့ရှိ အတားအဆီးပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းတစ်ခု ပေါ်လာခဲ့၏။ ၎င်းမှာ ပင့်ကူမျှင်ပုံစံဖြင့် အက်ကွဲနေလေရာ ဖန်ပုလင်းကွဲအက်နေသကဲ့သို့ပင်။
"ပွက်!"
ချင်ကျီ၏အနောက်ရှိ ခေါင်းပြောင်အဘိုးအိုမှာ ရုတ်ချည်းပင် လတ်လတ်ဆတ်ဆတ်သွေးတစ်ပွက်ကို အန် လိုက်ရပြီး ခြေလှမ်းနှစ်လှမ်းမျှ ယိုင်နဲ့သွားရကာ အနည်းငယ် မတည်မငြိမ်ဖြစ်သွားခဲ့လေသည်။
"ဟဲဟဲ အကြီးအကဲ...ခင်ဗျားက အတော်လေး ပျက်စီးနေတဲ့ပုံပဲ၊ ခင်ဗျားသာ ကိုယ့်ကိစ္စကိုယ်ပဲ စိတ်ဝင်စားရင် ခင်ဗျား နှစ်အနည်းငယ်လောက် ပိုပြီးနေထိုင်နိုင်လိမ့်မယ်"
ဆံပင်အဖြူရောင်နှင့်လူငယ်က လှောင်ပြောင်လာလေ၏။ သူနှင့်အဆင့်တူညီသောနယ်ပယ်ရှိသည့် အဘိုးအိုက သွေးအန်သွားသည်ကို မြင်သောအခါ သူ ပို၍ပင် အဆင်အခြင်မဲ့လာတော့သည်။
သူက အန္တိမနယ်ပယ်၏အားကောင်းသောဒုတိယအဆင့်မှာ ရှိပြီးသူ့စွမ်းအားက ဆက်လက်တိုးတက် နေလေ၏။ အဘိုးအို၏ဒုတိယအဆင့်ကမူ အခွံလွတ်တစ်ခုသာကျန်ရှိတော့ခြင်း ဖြစ်သည်။ ထိုနှစ်ခုက လုံးဝ နှိုင်းယှဉ်လို့မရချေ။
"ဟက်! ငါ အချိန်ဘယ်လောက်ကြာကြာရှင်သန်ရမလဲဆိုတာက မင်းနဲ့မဆိုင်ပါဘူး၊ ဒါပေမဲ့… ငါက မင်းထက် ပိုပြီးကြာကြာနေရလိမ့်မယ် ဆိုတာတော့ သေချာတယ်"
ခေါင်းပြောင်အဘိုးအိုက ရုတ်တရက်ပြုံးလာလေ၏။
"အမ်.."
ဆံပင်အဖြူရောင်နှင့်လူငယ်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီအဘိုးကြီးက ဘာဆေးတွေသောက်ထားလို့ ဒီလောက်အထိသတ္တိရှိနေမှန်း သူ နားမလည်သော်လည်း သူ အနည်းငယ် မလွယ်ကူသလို ခံစားလိုက်ရပေ၏။
ရုတ်တရက် အလွန်ပြင်းထန်သော အန္တရာယ်ခံစားမှုက သူ့ထံသို့ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးများပင် ထောင်မတ်သွားရသည်။
"မဖြစ်နိုင်ဘူး!!"
သူ ချက်ချင်းပင် အောက်ကို ငုံ့ကြည့်မိ၏။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ချင်ချွမ်း၏ပုံသဏ္ဌာန်သည် သူ့ဓားကို ထောက်လျက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်နေလေသည်။
"ခရက်! ခရက်!"
သူ မတ်တပ်ရပ်လိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသော အရိုးများကွဲအက်နေသည့် အသံများ ထွက်ပေါ်လာခဲ့၏။ ကျိုးနေသောအရိုးများက အလိုအလျောက် ပြန်ဆက်နေသည့်အလားပင်။
ထို့နောက် သူ့ပတ်ပတ်လည်ရှိ အော်ရာက ဆက်လက်၍ မြင့်တက်လာနေသည်မှာ နက်ရှိုင်းသောပင်လယ်ထဲမှ နိုးထလာသည့် ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ပင်ဖြစ်ပြီး အလွန်အားကောင်းကာ လူအများကို အသက်ရှူရကြပ်စေခဲ့သည်။
နောက်ဆုံးတွင် သူ၏ကျောပြင်မှာ တံတားတစ်ခုကဲ့သို့ ကွေးညွှတ်သွားခဲ့ပြီး ရွှေရောင်အလင်းတန်းများက သူ၏ ကျယ်ပြန့်သောနောက်ကျောမှ ပေါက်ကွဲ ထွက်လာခဲ့လေ၏။ ထိုအလင်းတန်းများမှာ ပိုးအိမ်ထဲမှထွက်လာသော လိပ်ပြာတစ်ကောင်၏ အတောင်ပံများကဲ့သို့ပင် ကောင်းကင်တစ်ခွင်၌ ကျယ်ပြန့်စွာ ဖြာထွက်သွားလေသည်။
"ဘုန်း! ဘုန်း! ဘုန်း!"
၎င်းမှာ ခမ်းနားသော နန်းတော်တစ်ခုဖြစ်လာပြီး လွှမ်းမိုးနိုင်သည့် အော်ရာများဖြင့် ပြည့်နှက်နေလေ၏။ နန်းတော်အား တောက်ပသော ရောင်ဝါနှစ်ခု က ဖုံးအုပ်ထားပြီး မြင့်မြတ်ထည်ဝါလှသည်။
ထိုအရာမှာ အန္တိမနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ် ၏သင်္ကေတဖြစ်သော အန္တိမတာအိုနန်းတော်ပင်။
ချင်ချွမ်းက အန္တိမနယ်ပယ်ကို ချိုးဖောက်သွားပြီ!!
*******************