← Chapters

ရှယ်ကြမ်းနေသော အန္တိမနယ်ပယ်

Vol. 6 Ch. 86

ရှယ်ကြမ်းနေသော အန္တိမနယ်ပယ်

Vol. 6 Ch. 86

"အန္တိမနယ်ပယ်! မင်း ဘယ်လိုလုပ်ပြီး အန္တိမနယ်ပယ်ကို ရောက်သွားတာလဲ!!"

ဆံပင်အဖြူရောင်နှင့်လူငယ်က ထိတ်လန့်တကြား အော်ဟစ်လာလေသည်။ သူ့နှလုံးသားထဲရှိ အံ့အားသင့်မှု၊ ကြောက်ရွံ့မှုများနှင့်အတူပါလာသော စိတ်ပိုင်းဆိုင်ရာကွာခြားချက်များက သူ့အား ချက်ချင်းပင် စိတ်ဆိုးတကြီးဒေါသထွက်စေခဲ့၏။

ထိုလူက ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ခဲ့သည်မှာ သိသာပေသည်။ ဒါကို ဘယ်လိုလုပ်၍ ရုတ်တရက်ကြီး ကမ္ဘာဦးသားရဲ ဖြစ်လာသနည်း။

သူ့အရှေ့ရှိ ပုဂ္ဂိုလ်မှာ ကြီးမားသောအဆင့်ကွာခြားချက်ကို ရုတ်တရက်ကြီး ကျော်ဖြတ်ခဲ့ရုံသာမက အန္တိမနယ်ပယ်၏ဒုတိယအဆင့်ကိုတောင် တန်းရောက်လာခဲ့ပြီး သူ့ထက်ပို၍နက်ရှိုင်းသော ခွန်အားကိုပင် ပိုင်ဆိုင်ထားသေးသည်။

တူညီသောနယ်ပယ်မှာပင် ကွာခြားမှုများက ရှိနိုင်လေ၏။ ထို့အပြင် အန္တိမနယ်ပယ်မှ သိုင်းပညာရှင်များ ကြားတွင် ထိုကဲ့သို့သော ကွာခြားမှုများကို ကိုယ်စားပြုသော ဝမ်းတွင်းအသိမှာ တာအိုနန်းတော်ပင်။

တာအိုနန်းတော်က ကြီးလေ ၎င်းကဖော်ပြထားသော အခြေခံအုတ်မြစ်က နက်နဲလေ ဖြစ်သည်။ ထို့အပြင် ချင်ချွမ်း၏တာအိုနန်းတော်က သူ့ထက် အဆပေါင်းများစွာ ပိုကြီးနေလေ၏။ ထိုအရွယ်အစားကွာခြားမှုက တစ်စုံတစ်ယောက်၏ဇနီးကိုပင် ဖောက်ပြန်စေနိုင်လောက်သည်။

(T/N - တစ်စုံတစ်ယောက်က ကိုယ့်ထက်သာနေရင် ကိုယ့်မိန်းမဖောက်ပြန်သွားမှာ ကြောက်နေသလိုမျိုး သူ့နန်းတော်က ချင်ချွမ်းထက် သေးနေလို့ insecure ဖြစ်တဲ့သဘောပါ)

"အန္တိမနယ်ပယ်က ဒီလောက်ပဲ မြင့်တာလား"

ချင်ချွမ်း၏ခန္ဓာကိုယ်မှာ အပေါ်သို့ ဖြည်းဖြည်းချင်း ပျံဝဲနေလေ၏။ တောက်ပသောအလင်းရောင်က သူ့ပတ်ပတ်လည်၌ ဝန်းရံနေလျက်ရှိသောကြောင့် ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေလေသည်။ သူက ထိုကဲ့သို့ ပေါ့ပေါ့ဆဆ ပြောလာခဲ့လေ၏။

ထိုစကားများကြောင့် လူတိုင်းသည် သူတို့၏နှလုံးသားများထဲ၌ ထိတ်လန့်တုန်လှုပ်မှုလှိုင်းလုံးများ စုပြုံလာသည်ကို ခံစားလိုက်ရပေသည်။

အန္တိမနယ်ပယ်ကတောင် မမြင့်သေးဘူးလား။

ဘယ်လိုလူမျိုးက ဒီလိုသတ္တိမျိုးနဲ့ ဒီစကားကို ပြောရဲမှာလဲ။

အားနည်းသူတစ်ဦးကသာ ထိုစကားကိုပြောလျှင် လူတိုင်းက သေချာပေါက် လှောင်ပြောင်ကြလိမ့်မည်။ သို့သော်ငြား ထိုစကားများကို ပြောလာသူမှာ သူတို့ လေးစားရသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နေလေ၏။

သူက တကယ်ပဲ ဘယ်လောက်ထိ အားကောင်းတာလဲဆိုတာကို သူတို့ မသိကြပေ။ ထို့ကြောင့် သူပြောတာက ကြွားဝါနေခြင်း သို့မဟုတ် အမှန်တရားဖြစ်နေခြင်း ဟုတ်မဟုတ်ကို သူတို့ မေးခွန်းပင်မထုတ်နိုင်ကြပေ။

သူတို့ မေးခွန်းထုတ်လို့မရနိုင်သောကြောင့် ၎င်းအား အမှန်တရားအဖြစ်သာ ယူဆနိုင်ပေသည်။ သူတို့ရင်ထဲရှိ ထိတ်လန့်မှုကိုမူ စိတ်ကူးကြည့်နိုင်ပေ၏။

"ဟမ့်! ထောင်လွှားနေတဲ့စကားတွေ! မင်းက အန္တိမနယ်ပယ်ရဲ့ဒုတိယအဆင့်ကို ရောက်လာတိုင်း အန္တိမနယ်ပယ်တစ်ခုလုံးကို လျစ်လျူရှုထားနိုင်မယ်လို့ ထင်နေတာလား"

"ပြောစရာမလိုအောင် အန္တိမနယ်ပယ်၊ နဝမအဆင့်ရဲ့ အထက်မှာ အဆင့်မြင့်သိုင်းပညာရှင်တွေ ရှိတယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့နှိုင်းယှဉ်ရင် မင်းက ဘာမို့လို့လဲ!"

ဆံပင်အဖြူရောင်နှင့်လူငယ်က ဒေါသတကြီး ပြောလာခဲ့သည်။

သူ အများဆုံး ဂုဏ်ယူခဲ့ရသောအရာက အသုံးမဝင်တော့ကြောင်း သိလိုက်ရသောကြောင့် သူ့သိက္ခာတစ်ခုလုံး နင်းချေခံလိုက်ရသည်ဟု ခံစားနေရလေ၏။ ထိုအရာက သူ လုံးဝလက်မခံနိုင်သောအရာဖြစ်သည်။

"ဟက်! ငါ ဘယ်အချိန်တုန်းကများ အန္တိမနယ်ပယ်အဆင့် သိုင်းပညာရှင် ဖြစ်သွားတာပါလိမ့်၊ သိသိသာသာကိုပဲ ငါက ကောင်းကင်တက်လှမ်းနယ်ပယ်က ပုရွက်ဆိတ်လေး တစ်ကောင်ဖြစ်ခဲ့တာပါ...မင်းတောင်မှ ငါ့ကို ခုနက ချေမွလုနီးပါး ဖြစ်ခဲ့သေးတာပဲ"

ချင်ချွမ်းက လှောင်ပြောင်စွာ ရယ်မောလာခဲ့၏။

ထိုအဓိပ္ပာယ်မှာ - ငါရဲ့ကျင့်ကြံမှုနယ်ပယ်က မင်း ခွဲခြားသိမြင်နိုင်တဲ့အရာမျိုးလား...ငါ မင်းကို စနောက် နေရုံတင်။

"မင်း!!"

ဆံပင်အဖြူရောင်နှင့်လူငယ်၏မျက်နှာမှာ မည်းပြာသွားခဲ့သည်။ သို့သော်ငြား သူ မည်ကဲ့သို့ပြန်ပြောရမှန်း မသိခဲ့ပေ။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ ချင်ချွမ်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာခဲ့၏။

"မင်း နားမလည်နိုင်တာကို ငါ ရှင်းပြဖို့ မလုပ်ချင်ဘူး၊ ဘာပဲဖြစ်ဖြစ် နွေဦးပိုးကောင်ကို ရေခဲအကြောင်းဆွေးနွေးပြလို့မရဘူးလေ"

ချင်ချွမ်းက ဂရုမစိုက်စွာ ပြောလာလေသည်။

"ထောင်လွှားမနေနဲ့! ငါက မင်းလက်ထဲမှာ ရှိနေပြီလို့ တကယ်ထင်နေတာလား၊ တိုက်ပွဲဆိုတာ ကြမ်းတမ်းပြင်းထန်တဲ့ ခွန်အားသက်သက်ပဲ မဟုတ်ဘူး၊ မင်းရဲ့ တာအိုနန်းတော်က ငါ့ထက် ပိုအားကောင်းနေပေမယ့် တကယ်တမ်း တိုက်ခိုက်ရမယ်ဆိုရင် ဘယ်သူ ရှုံးမလဲဆိုတာက မသေချာဘူး!"

ဆံပင်အဖြူရောင်နှင့်လူငယ်က အသံသြသြဖြင့် အော်ဟောက်လာလေ၏။

သူ့ပုံစံမှာ ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ပင်။ သူ၏နောက်ဆုံးသိက္ခာကို ထိန်းသိမ်းရန်အတွက် ပြင်းထန်သောဟိန်းဟောက်သံများကိုသာ အသုံးပြုနိုင်နေသည်။

"အိုး...ဟုတ်လား"

ချင်ချွမ်းက ပြုံးစစဖြင့် လက်တစ်ဖက် ဆန့်ထုတ်ကာ...

"ဒါဆိုရင် မင်း ကြိုးစားကြည့်နိုင်တယ်...ငါ လက်တစ်ဖက်ပဲ အသုံးပြုမယ်"

"ကောင်းပြီလေ!!!"

ဆံပင်အဖြူရောင်နှင့်လူငယ်က ဆက်ပြီးစကားမများတော့ချေ။ ဒီလူက ဒီလောက်အထိ မာနကြီး၍ သူ့ကိုယ်သူ ယုံကြည်နေတယ်ဆိုလျှင် သူလည်း မယဥ်ကျေးနေတော့ချေ။

သူသည် တစ်ဖက်လူအား သူ့ကို အထင်မသေးစေရန်အတွက် မစည်းရုံးနိုင်ပေ။ တစ်ဖက်လူက ရိုးသားစွာဖြင့် လက်တစ်ဖက်တည်းကိုသာ အသုံးပြုလာလိမ့်မည်ဟူ၍လည်း သူ မထင်ပေ။ နောက်ဆုံးမှာတော့ သေရေးရှင်ရေးကိစ္စမျိုး ရောက်လာသည့်အခါ ဘယ်သူကများ ထိုကျိန်စာသင့်နေသော သဘောတူညီချက်ကို ဂရုစိုက်မည်နည်း။

သူ လုပ်ရန်လိုအပ်သည်မှာ စစ်မှန်သောခွန်အားဖြင့် အတတ်နိုင်ဆုံး တိုက်ခိုက်ရန် ဖြစ်၏။ ထိုမှတဆင့် ပြိုင်ဘက်အား အလစ်အငိုက်မိစေခဲ့မိလျှင် ဤကြောက်မက်ဖွယ်ကောင်းသောရန်သူအား သေစေနိုင်သည့် ထိုးနှက်ချက်တစ်ခု ပေးနိုင်လိမ့်မည်။

"ဝှစ်!"

သူ့ညာဘက်လက်မှာ မြင့်မားစွာ ထိုးတက်သွားခဲ့လေ၏။ ထို့အပြင် သူ့အနောက်တွင်ရှိသော တာအိုနန်းတော်သည်လည်း နှလုံးခုန်နေသကဲ့သို့ ပြင်းထန်စွာ ကျုံ့သွားကာ ကြီးမားသောစွမ်းအင်ကို ထုတ်လွှတ်လာခဲ့သည်။

"နေနှင့်လ လှည့်ပတ်ခြင်း"

ထိုသို့ အော်ဟစ်လာပြီးနောက် သူ့ညာဘက်လက်ကနေ ကြီးမားသောအလင်းတန်းတစ်ခု ထုတ်လွှတ်လာခဲ့၏။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဘယ်ကရောက်လာမှန်းမသိသော နေနှင့်လ နှစ်စင်းက ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့မှာ မီးအနီရောင်ကဲ့သို့သော နေမင်းနှင့် ရေခဲပြာရောင်ကဲ့သို့သော လမင်းဖြစ်ပြီး အပူလွန်ကဲမှုနှင့် အအေးလွန်ကဲမှုကို ကိုယ်စားပြုထားလေ၏။

ထိုနေနှင့်လက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ လှည့်ပတ်နေသည်မှာ လုံးထွက်နေသော ဆီးနှင်းဘောလုံးကြီးကဲ့သို့ပင်ဖြစ်ပြီး တစ်ဆထက်တစ်ဆ ပိုကြီးလာခဲ့သည်။

"ဒုန်း၊ ဒုန်း!"

နေနှင့်လ လှည့်ပတ်လာသောအခါ ကောင်းကင်ယံသည် ထိုဖိအားကို မခံနိုင်တော့သကဲ့သို့ မြည်ဟိန်းလာခဲ့၏။

"သွား!!"

ဆံပင်အဖြူရောင်နှင့်လူငယ်က အော်ဟစ်လာပြီး သူ့ညာဘက်လက်အား အောက်သို့ ပြင်းထန်စွာ ဝှေ့ယမ်း လာလေသည်။ ထို့နောက် နေနှင့်လ၏ အရိပ်များမှာ တဒုန်းဒုန်းမြည်လျက် အောက်ကို ချက်ချင်းကျဆင်းလာခဲ့၏။

"ဒုန်း! ဒုန်း! ဒုန်း!"

နေနှင့်လက မီးနဂါးကဲ့သို့ တစ်ပြိုင်နက်တည်း အရှေ့ကို တိုးလာကြသောကြောင့် လေထုအား ကျယ်လိုက်ကျုံ့လိုက်ဖြစ်စေခဲ့ရာ ပေါက်ကွဲမှုများက ဆက်တိုက်ပင် ဖြစ်ပေါ်လာခဲ့သည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအား!"

"ဟင်း!"

"ဒါက အန္တိမနယ်ပယ်ရဲ့စွမ်းအားလား၊ တစ်ချက်ထိုးလိုက်ရင်တောင် အင်ပါယာမြို့တော်တစ်ခုလုံးကိုပြားချပ်စေနိုင်တယ်!"

"ငါတို့ ကာကွယ်ထားရမယ်!"

နေကိုးလုံးနယ်မြေမှ လူများမှာ ချွေးအေးများ ထွက်လာကြလေသည်။

"အသေးစား ဝှက်ဖဲတွေ"

ချင်ချွမ်းက သူ့ညာလက်ကို ပေါ့ပေါ့တန်တန် မြှောက် ၍ အစပျိုးခြင်းပင်မရှိဘဲ တိုက်ရိုက်ထိုးလိုက်လေ၏။

လေကဲ့သို့မမြင်နိုင်သောတိုင်လုံးကြီးက ကောင်းကင် ကိုပင် ဖြတ်ကာ သူ့ဆီသို့ လည်ပတ်လျက် တိုက်ခိုက်လာသော နေနှင့်လကို တိုက်ရိုက်ထိမှန်၍ ပေါက်ကွဲထွက်သွားလေသည်။

ထို့အပြင် မမြင်နိုင်သော လေလက်သီးက အပေါ်သို့ ဆက်လက်တိုးဝင်သွားခဲ့ပြီး အဖြူရောင်မိုးတိမ်လွှာများကို ထိုးဖောက်သွားခဲ့လေရာ ကောင်းကင်ကြီးကိုယ်တိုင် ချေမှုန်းခံနေရသကဲ့သို့ပင်။

"ထွက်ပြေး!"

ဆံပင်အဖြူရောင်နှင့်လူငယ်မှာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချ၍ ထွက်ပြေးလိုက်လေ၏။ သို့သော်ငြား ချင်ချွမ်းက ခြေလှမ်းတစ်လှမ်းစာလေးဖြင့် ဟင်းလင်းပြင်အလွှာများစွာကို ဖြတ်သန်းလာခဲ့သည့်အလား သူ့အရှေ့မှာ တိုက်ရိုက်ပေါ်လာခဲ့သည်။

"မင်း!"

သူ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွားခဲ့လေ၏။ သူ့လည်ပင်းမှာ ဖမ်းဆုပ်ခံလိုက်ရသောကြောင့် အသက်ရှူကျပ်လာခဲ့သည်။

"ငါ လက်တစ်ဖက်တည်းပဲလို့ပြောခဲ့တဲ့အတွက်ကြောင့် လက်တစ်ဖက်တည်းပဲသုံးမယ်"

ချင်ချွမ်းက သူ့လက်တစ်ဖက်ဖြင့် ဆံပင်အဖြူရောင်နှင့်လူငယ်၏ လည်ပင်းကို ဆုပ်ကိုင်ကာ အပေါ်သို့မြှောက်လာခဲ့လေ၏။

"ဦးရီးတော်!"

ငှက်နီနယ်မြေမှ မင်းသားနှင့် မင်းသမီးလည်း ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြကာ အားမရှိစွာပင် မြေပြင်ပေါ်သို့ လဲကျကုန်လေသည်။

ပြီးသွားပြီ....လုံးဝ ပြီးသွားပြီ။

သူတို့အဖေလည်း သေဆုံးသွားပြီ။

သူတို့ရဲ့ဦးရီးတော်လည်း အရေးနိမ့်သွားခဲ့ပြီ။

ဒီနေ့မှာ သူတို့သည် နေကိုးလုံးနယ်မြေထဲမှ အသက်ရှင်လျက် ထွက်ခွာနိုင်ကြတော့မည် မဟုတ်ချေ။

သို့သော်ငြား ထိုအချိန်တွင် ဆံပင်အဖြူရောင်နှင့်လူငယ်၏ မျက်လုံးများထဲ၌ ရက်စက်သော အလင်းတစ်ခုက လက်ခနဲ ဖြစ်သွားခဲ့လေ၏။

"သေစမ်း!!"

"ဝှစ်!"

မည်းမှောင်ကာ သန့်စင်ခြင်းမရှိသော အလင်းတန်းတစ်ခုက သူ့မျက်ခုံးအလယ်မှ ထွက်လာပြီး ချင်ချွမ်း ၏မျက်ခုံးကို ပစ်မှတ်ထားခဲ့လေသည်။

ထိုအရာက အလွန်မြန်ဆန်လှ၏။ ဤကဲ့သို့ နီးကပ်လွန်းသော အကွာအဝေး၌ ချင်ချွမ်းပင်လျှင် ရှောင်လွှဲ လို့မရနိုင်ပေ။

"ဖောက်!"

ချင်ချွမ်း၏ခန္ဓာကိုယ်က ရုတ်ချည်းပင် တောင့်ခဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆံပင်အဖြူရောင်နှင့်လူငယ်သည် အခွင့်အရေးရသည်နှင့် ချင်ချွမ်း၏ရင်ဘတ်ကိုကန်ကာ ထွက်ပြေးလေ၏။

သူက ချက်ချင်းပင် ကီလိုမီတာပေါင်းများစွာ ပျံသန်း သွားခဲ့သည်။ သူ ကွေးညွှတ်လျက် သွေးအန်နေသော ချင်ချွမ်းကို ကြည့်ကာ လှောင်ပြောင်လိုက်လေ၏။

"မထင်ထားဘူး မဟုတ်လား...ဒါက ငါ့ရဲ့သေကွက်ပဲ! တစ်ခြားသူရဲ့လည်ပင်းကို သဘောတကျညှစ်နေတာက ကောင်းတဲ့အကျင့်မဟုတ်ဘူးကွ!"

ထို့နောက် သူ သက်ပြင်းရှည်စွာ ချလိုက်မိပေသည်။ ဤအရာမှာ အန္တရာယ်ရှိသော လုပ်ဆောင်ချက်ပင်။ အနည်းငယ်မျှ မတော်တဆဖြစ်သွားသည်နှင့် သူ ချင်ချွမ်း၏လက်ထဲမှာ သေဆုံးနိုင်လေ၏။ သို့သော်ငြား ကံကောင်းစွာပင် သူ အောင်မြင်ခဲ့သည်။

သို့သော်ငြား သူ အနိုင်ရပြီဟု ထင်နေချိန်၌ တည်ငြိမ်ကာ ခပ်တန်းတန်းရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"တကယ်တော့ ဒီအကျင့်က တော်တော်လေး အဆင်ပြေပါတယ်၊ ဒါပေမဲ့ တွဲဖက်လုပ်ဆောင်မှုတစ်ခု ပျောက်နေတော့ မပြည့်စုံနေဘူး"

ဆံပင်အဖြူရောင်နှင့်လူငယ်၏ မျက်ဆံများက ရုတ်တရက် ကျုံ့သွားလေသည်။ သူ ချက်ချင်း ပြန်ကြည့်လိုက်ရာ ချင်ချွမ်းက သူ့ခေါင်းအား ဖြည်းဖြည်းချင်း မြှောက်လာသည်ကို သူ မြင်လိုက်ရ၏။ သူ့မျက်ခုံးထဲမှ ရွှေရောင်အလင်းများလည်း ထုတ်လွှတ်နေလေသည်။ ထို့နောက် သူ့ညာဘက်လက်သည် ရွှေရောင်အလင်းတန်းမှ ထွက်ပေါ်လာသော အနက်ရောင်ခပ်ချွန်ချွန်တစ်စုံတစ်ရာကို ဆုပ်ကိုင်၍ တစ်ရစ်ချင်းစီ ဆွဲထုတ်နေလေ၏။

သူ ဆွဲထုတ်နေစဥ်၌ သွေးများက သူ့မျက်ခုံးမှ ယိုစီးနေလေသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!"

ဆံပင်အဖြူရောင်နှင့်လူငယ်မှာ ထိတ်လန့်တကြား ဖြစ်သွားရ၏။ သို့သော်ငြား သူ ဘာမှ မလုပ်ဆောင် နိုင်ခင်မှာပင် ချင်ချွမ်း၏ခန္ဓာကိုယ်က သူ့မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။

သူ့နှလုံးမှာ ပြင်းထန်စွာ ကျုံ့သွားခဲ့ရ၏။ သူ ရှောင်တိမ်းလိုသော်လည်း မအောင်မြင်ခဲ့ချေ။ သံညှပ် ကဲ့သို့သော လက်ကြီးတစ်ခုက သူ့လည်ချောင်းကိုထပ်မံ၍ဆုပ်ကိုင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့လည်ချောင်းအား ဆုပ်ကိုင်ထားသူကို သူ မြင်ခဲ့ရ၏။ သူက သူ့ညာလက်တွင် ဆုပ်ကိုင်ထားသော ဓားမြှောင်ကဲ့သို့ အနက်ရောင်ခပ်ချွန်ချွန်တစ်စုံတစ်ရာကို သူ့နဖူးထဲသို့ ပြင်းထန်းစွာ ထိုးသွင်းလာခဲ့သည်။

သွေးများပန်းထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်မှာ ချက်ချင်းပင် အေးခဲသွားပြီး မျက်ဆံများလည်း ကျုံ့လိုက် ကျယ်လိုက်ဖြစ်သွားလေ၏။

ချင်ချွမ်းသည် ဘယ်ဘက်လက်ဖြင့် သူ့လည်ချောင်းကို ဆုပ်ကိုင်ထားကာ ညာဘက်လက်ကတော့ အချွန်၏အဆုံးကို ဆုပ်ကိုင်ထားလေသည်။

သူက အဖက်မတန်စွာ ပြောလာလေ၏။

"အခုတော့ ဒါက ပြီးပြည့်စုံသွားပြီ"

*********************

All Chapters