တစ်ကယ်တော့ အဖေက ရည်ရွယ်ချက်ရှိရှိ အနာခံလိုက်တာ
Vol. 6 Ch. 87
"ဒါ…"
"ပြီးသွားပြီလား"
အောက်တွင်ရှိသောလူအုပ်ကြီးသည် ကောင်းကင်ပေါ်ရှိ ထိုမြင်ကွင်းကို ကြည့်ရင်း သူတို့၏မျက်လုံးများမှာ အိပ်မက်မက်နေသကဲ့သို့ ငေးကြောင်ကြောင်ဖြစ်နေလေသည်။
ယခင်က နတ်ဘုရားကဲ့သို့တည်ရှိမှုဖြစ်ခဲ့သော အန္တိမနယ်ပယ်မှ သိုင်းပညာရှင်သည် ယခုလိုပေါ့ပေါ့တန်တန် သတ်ဖြတ်ခံလိုက်ရလေ၏။
ဒါက တူညီတဲ့နယ်ပယ်ကြားက တိုက်ပွဲရော ဟုတ်ရဲ့လား။ ဘာကြောင့်များ ဒီလောက်အထိ ကြီးမားသော ကွာခြားချက်မျိုး ရှိနေရသနည်း။ ဒါက မဖြစ်သင့်ပေ။
စစ်မှန်သောယန် သို့မဟုတ် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ ဖြစ်လျှင် တူညီသောနယ်ပယ်အတွင်း ချက်ချင်း သတ်ဖြတ်နိုင်မှုများက သာမန်ပင်ဖြစ်သည်။ အကြောင်းမှာ ပါရမီရှင်များစွာက သူတို့ထက် ပို၍မြင့်မားသောအဆင့်များကို စိန်ခေါ်နိုင်သောကြောင့်ပင်။
သို့သော်ငြား အန္တိမနယ်ပယ်သို့ ရောက်ရှိလာသူတိုင်းက ငတုံးငအများ မဟုတ်ကြပေ။ သို့သော်ငြား ထိုကဲ့သို့သောအခြေအနေများအောက်တွင်ပင် ဒီလောက်ကြီးမားသော ကွာခြားချက်မျိုး ရှိနေသည်လော။
၎င်းမှာ ရိုးရှင်းစွာဖြင့် စိတ်ကူးယဉ်လို့ မရနိုင်ပေ။ သူတို့၏အထင်အမြင်မှာ ခွန်အားအားနည်းမှုကြောင့် အကန့်အသတ်ရှိနေသည်ဟုသာ ပြောနိုင်လေ၏။
လောကကြီးက အလွန်ကျယ်ပြန့်ကာ ပါရမီရှင်ပေါင်းများစွာ ရှိလေသည်။ အဆိုးဆုံးအဖြစ်အပျက်ဆိုတာ ဘယ်တော့မှမရှိဘဲ ဒီထက်ပိုဆိုးရွားသော အရာများက အမြဲပေါ်လာမည်ပင်။
ကောင်းကင်ထက်တွင် ချင်ချွမ်းသည် ဆံပင်အဖြူရောင်နှင့်လူငယ်၏ အလောင်းအား လွှင့်ပစ်လိုက်သောကြောင့် ထိုအလောင်းမှာ လေပြေနှင့်အတူ ကောင်းကင်ယံတစ်လျှောက် လွင့်ပျံသွားခဲ့၏။ ထို့နောက် သူ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
"အဖေ!"
ချင်ကျီသည် အရှေ့ကို အမြန်သွားကာ သူ့အဖေအား စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်မိလေ၏။ သူ့မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာခဲ့သည်။ ထိုအရာမှာ ဆုံးရှုံးခဲ့သောအရာကို ပြန်လည်ရရှိခြင်းကြောင့် ပျော်ရွှင်မှုဖြစ်လေ၏။
မတိုင်ခင်က သူ့အဖေအား တကယ် ဆုံးရှုံးရတော့မည်ဟု ထင်ခဲ့သည်။ ထိုကဲ့သို့ စိတ်ပျက်အားငယ်ရမှုနှင့် နာကျင်မှုက သူ့နှလုံးသားအား ဆွဲဆုတ်နေသည့်အလားပင်။
"ပြီးသွားပြီ...ပြီးသွားပါပြီ"
ချင်ချွမ်းလည်း သူ့သား၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ ထို့နောက် ခေါင်းပြောင်အကြီးအကဲကိုပြောလိုက်သည်။
"ဒီတစ်ခေါက်မှာ ခင်ဗျားကို ဒုက္ခပေးမိခဲ့ပါပြီ"
"ဟားဟား ဘာမှမဖြစ်ဘူး"
ခေါင်းပြောင်အကြီးအကဲက ကျိုးနွံစွာ ပြုံးလာလေ၏။သို့သော်ငြား ချင်ကျီမှာ တစ်ခုခု မှားနေသလို ခံစားရတာကြောင့် ခေါင်းပြောင်အကြီးအကဲကို ကြည့်လိုက်မိပြီး ထို့နောက် သူ့အဖေကို ကြည့်လိုက်မိသည်။
"အဖေ ခုနက အခြေအနေက…"
သူ့အဖေက ဘာကြောင့် ဒဏ်ရာရခဲ့သနည်း။ ခေါင်းပြောင်အကြီးအကဲက သူ့ကို ကာကွယ်ပေးခဲ့သော်ငြား သူ့အဖေကိုကျ ဘာကြောင့် မကယ်တင်ပေးခဲ့သနည်း။ သူ့စိတ်ထဲ၌ အဖြေတစ်ခု ရှိနေသော်လည်း သူ အတည်ပြုချင်သေး၏။ သူ့အဖေကိုယ်တိုင် ပြောပြ၍ ရှင်းပြချက်ပေးစေချင်လေသည်။
"ဟားဟား မင်း ခန့်မှန်းမိလောက်မယ်ထင်တယ်၊ တကယ်ပဲ အဖေက တမင်သက်သက် ဒဏ်ရာရခံခဲ့တာ...ဘာကြောင့်လဲဆိုတော့ အဖေသာ မရှိရင် မင်း တစ်ယောက်တည်းနဲ့ အန္တိမနယ်ပယ်သိုင်းပညာရှင်ကို ရင်ဆိုင်ရဲလားဆိုတာ ကြည့်ချင်လို့ပဲ"
"တစ်ခြားလူအပေါ်မှီခိုပြီး ရရှိလာတဲ့ ရဲစွမ်းသတ္တိက စစ်မှန်တဲ့ ရဲစွမ်းသတ္တိ မဟုတ်ဘူး၊ အများဆုံးပြောလို့ရတာဆိုလို့ ဒါက ကျားရဲ့အော်ရာကို ချေးယူရုံသက်သက်ပဲ"
"အဲ့ဒီမှီခိုရာကို ဆုံးရှုံးပြီးတဲ့နောက်မှာတောင် အင်အားကြီးရန်သူတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတာကမှ စစ်မှန်တဲ့ ရဲစွမ်းသတ္တိပဲ"
ချင်ချွမ်းက ပြုံး၍ သက်ပြင်းချလာလေ၏။
"အဲ့ဒီလိုဖြစ်လာခဲ့တဲ့အချိန်မှာ မင်း တစ်ကယ် ကောင်းကောင်းလုပ်ခဲ့တယ်...မင်း အဖေ့ကို စိတ်မပျက်စေခဲ့ဘူး"
"အဖေ…"
ချင်ကျီမှာ သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ သူ လုံးဝ ထိရှခဲ့ရလေ၏။ သူ့အဖေက သူ့ကို အမြဲတမ်း စိတ်ထဲမှာ ထားထားလေသည်။
"ဟားဟားဟား ဒါပေမဲ့ ခင်ဗျားက တော်တော်လေးကို သရုပ်ဆောင်ကောင်းခဲ့တာပဲ၊ ခင်ဗျားရဲ့ခွန်အားကိုဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့တာ ကျူပ်တောင်မှ သတိမထားမိခဲ့ဘူး"
ခေါင်းပြောင်အကြီးအကဲက ချင်ချွမ်း၏ပခုံးကို ပုတ်၍ ပြုံးလာလေ၏။
"ကျုပ်ကို ခင်ဗျား ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်ကိုသာ မပြောပြထားခဲ့ရင် ခင်ဗျား တကယ်ဒဏ်ရာရသွားခဲ့တယ်လို့ ထင်မိမှာပဲ! အထင်ကြီးစရာပဲ တစ်ကယ်အထင်ကြီးစရာပဲ!"
တကယ်လည်း ချင်ချွမ်း၏အစီအစဉ်ကို သူ ကြိုသိထားသော်ငြား ချွေးထွက်ခဲ့ရသေးသည်။ အကြောင်းမှာ ဒီလူကလည်း ယုံချင်စရာကောင်းအောင်ကို သရုပ်ဆောင်နိုင်ခဲ့လေ၏။ သူက မည်သည့်နည်းလမ်းကို အသုံးပြု၍ သူ့ခွန်အားကိုဖုံးကွယ်ထားသလဲဆိုတာကို သူ မသိသော်ငြား လုံးဝ ဟာကွက် မရှိခဲ့ပေ။
"ဝှက်ဖဲနည်းနည်းလေးပါ...အရေးတယူပြုစရာမလိုပါဘူးဗျာ"
ချင်ချွမ်းက ကျိုးနွံစွာ ပြုံးနေလေသည်။ တစ်ကယ်တမ်း၌ အမှန်တရားကို ထုတ်ပြောသောအခါ လူများက သိပ်မယုံတတ်ကြဘူးဆိုတာကို သူ နက်နက်ရှိုင်းရှိုင်း သိထားလေ၏။ မင်းက ကျိုးနွံစွာ ပြုမူလေလေ လူများက မင်းကို ပိုပြီးအထင်ကြီးကြလေလေဖြစ်သည်။
"ဘိုးဘေး ဒီလူတွေကို ကိုယ်တော်တို့ ဘယ်လိုလုပ် သင့်လဲ"
ထိုအချိန်တွင် တည်ရှိမှုပျောက်ဆုံးနေရှာသော နေကိုးလုံးဧကရာဇ်မင်းက ငှက်နီနယ်မြေမှ ကျန်ရှိသော လူအနည်းငယ်ကို ညွှန်ပြ၍ မေးလာခဲ့၏။
ငှက်နီနယ်မြေမှ မင်းသားနှင့် မင်းသမီးသည် မြေပြင် ပေါ်၌ ထိုင်နေကြကာ အလွန်တရာပင် ညှိုးနွမ်းအားငယ်နေကြသည်။ ထို့အပြင် မိန်းမစိုးများစွာကလည်း တုန်လှုပ်နေကြလေ၏။
"အန္တိမနယ်ပယ်သိုင်းပညာရှင်နဲ့ ဧကရာဇ်ကို သတ်လိုက်တာက ဖြေရှင်းလို့မရတဲ့ အာဃာတတစ်ခု ဖြစ်နှင့်ပြီးနေပြီ...သူတို့ကို လွှတ်ပေးလိုက်တာက အဓိပ္ပာယ်မရှိဘူး"
ခေါင်းပြောင်အကြီးအကဲက တည်ငြိမ်စွာ ပြောလာသည်။ ချင်ချွမ်း၏အရှေ့မှာ အမြဲပြသနေတတ်သော သူ၏ကောင်းမွန်သော သဘောထားကြောင့် လှည့်စားခြင်းမခံရလေနှင့်။ သူ့ထံ၌ ကောင်းမွန်သော သဘောထား မရှိပေ။ သူသည်လည်း လိုအပ် သောအခါ၌ ရက်စက်တတ်ပေ၏။
အမြစ်ကို မဖယ်ရှားဘဲ မြက်ကိုသာ ဖြတ်ခဲ့လျှင် နွေဦးလေနှင့်အတူ ပြန်လည်၍ ကြီးထွားလာကြလိမ့်မည်။
"ကျွန်တော်တို့ကို ချမ်းသာပေးပါ...ကျွန်တော်တို့ကိုချမ်းသာပေးပါ! ကျွန်တော်တို့ လက်နက်ချဖို့ဆန္ဒရှိပါတယ်၊ နေကိုးလုံးတော်ဝင်မိသားစုအတွက်လည်း နွားလိုမြင်းလို အစေခံဖို့ ဆန္ဒရှိပါတယ်!"
"ကျွန်တော်တို့ကို ချမ်းသာပေးပါ ဝူး!"
ငှက်နီနယ်မြေမှ မိန်းမစိုးများသည် မထိန်းထားနိုင်တော့ဘဲ မျက်ရည်များ စီးကျကာ ဒူးထောက်လာကြသည်။
ငှက်နီနယ်မြေမှ မင်းသားနှင့်မင်းသမီးကမူ ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာများဖြင့် အားနည်းစွာ မတ်တပ်ရပ်နေကြသော်လည်း သူတို့၏နောက်ဆုံး သတ္တိကိုမူ ထိန်းထားကြလေ၏။ သူတို့က အံတင်းတင်းကြိတ်ကာ ဘာမှမပြောလာကြပေ။
"သတ်"
ခေါင်းပြောင်အကြီးအကဲက တည်ငြိမ်စွာ ပြောလာခဲ့သည်။
"ဟုတ်ကဲ့!!"
တော်ဝင်မိသားစု၏ထိပ်သီးသိုင်းပညာရှင်များစွာကလည်း ချက်ချင်းပင် အရှေ့ကို တက်သွားကြလေ၏။ ထို့နောက် ငှက်နီနယ်မြေမှ ကျန်ရှိသောအဖွဲ့ဝင်များကိုလျင်မြန်စွာ ဖယ်ရှားလိုက်လေသည်။
မင်းသားနှင့်မင်းသမီးလည်း သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူတို့၏နာမည်များပင်လျှင် အဆုံးထိ ဖော်ပြခြင်းမခံခဲ့ရပေ။
ထိုအချိန်၌ ချင်ကျီက ယန်ရှန်ထျန်း၏အရှေ့ကို ရောက်သွားလေ၏။ ထိုလူက မြေပြင်ပေါ်မှာ လဲလျောင်းပြီး သေဟန်ဆောင်နေတုန်းပင်။
ခုနတုန်း ဆူဆူညံညံဖြစ်ရပ်များ ဖြစ်ခဲ့ပြီး လူများစွာက တုန်ခါမှုလှိုင်းများကို ရှောင်ရှားရန်အတွက် ဆုတ်ခွာသွားခဲ့ကြသော်လည်း သူကတော့ ထိုနေရာမှာသာ မလှုပ်မယှက် လဲလျောင်းနေခဲ့သည်။ သူ့မျက်လုံးများကမူ ကောင်းကင်ကို ဗလာနတ္တိ စိုက်ကြည့်နေလေ၏။
"ထတော့"
ချင်ကျီ ကုန်းကာ သူ့လက်ကို ဆန့်ထုတ်၍ ပြောခဲ့လေသည်။
ယန်ရှန်ထျန်းက သူ့ကို မော့ကြည့်လာသော်လည်း လက်မဆန့်ပေးခဲ့ပေ။ ထိုအစား သူက အမူအရာကင်းမဲ့စွာဖြင့် ထရပ်ကာ သူ့ကိုကျော်၍ လျှောက်သွားလေ၏။
ချင်ကျီ၏လှုပ်ရှားမှုများက နေရာမှာတင် ရပ်တန့်သွားခဲ့သည်။ နှစ်ယောက်သားက တစ်ယောက်နှင့်တစ်ယောက် တိုက်မိသွားချိန်တွင် ရှင်းပြ၍မရသော ဝမ်းနည်းမှုများ ပါဝင်သည့် အသံခပ်တိုးတိုးလေးကို ကြားလိုက်ရလေ၏။
"တကယ်တော့ ငါ မင်းကို မမုန်းပါဘူး…"
ချင်ကျီမှာ ခဏတာမျှ ကြောင်အသွားရသည်။ ထို့နောက် သူ့ခေါင်းကို ရုတ်တရက် လှည့်ကာ ထွက်ခွာ သွားသောသူကို ကြည့်လိုက်မိလေ၏။ ထိုလူကတော့ အလွန်ဝေးလံသည့်နေရာအထိ လျှောက်လှမ်းပြီးနေလေပြီ။
ထိုပုံစံမှာ အနည်းငယ် အထီးကျန်ဆန်ပေသည်။
"ရှန်ထျန်း ပြန်လာခဲ့စမ်း!"
နေကိုးလုံးဧကရာဇ်မင်းက မျက်နှာမည်းမှောင်စွာဖြင့် အော်ဟစ်ဆူပူလာသော်လည်း ထိုလူက အဝေးမှာ ရောက်နေလေပြီ။
နေကိုးလုံးဧကရာဇ်မင်းက ချင်ချွမ်းအား တောင်းပန် သောလေသံဖြင့် ပြောလာခဲ့၏။
"ဆရာကြီးချင်ချွမ်းကို ကိုယ်တော် တောင်းပန်ပါတယ်၊ ဒီကလေးက ပျက်စီးနေတော့ သိက္ခာပါ မရှိတော့ဘူး"
"ကိစ္စမရှိပါဘူး"
ချင်ချွမ်း ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။ ခုနတုန်းက လူငယ်သည် သူ၏ အပေါစားသားလေးအား စကားတချို့ ပြောခဲ့လေ၏။ အခြားသူများ မကြားနိုင်လောက်အောင် တိုးတိုးလေး ပြောခဲ့သော်လည်း သူ ကြားခဲ့သည်။
ဒီကလေးထံ၌ ဇာတ်လမ်းတစ်ခု ရှိနေပုံရ၏။ ဇာတ်လမ်းများရှိသော လူငယ်များကို သူ သဘောကျ သည်။ အကြောင်းမှာ ဇာတ်လမ်းများ ရှိသည့် လူများသည် ကြီးမားသောအခွင့်အလမ်းများနှင့် အောင်မြင်မှုများကို ရရှိတတ်သောကြောင့်ပင်။
သူတို့၏နှလုံးသားများထဲရှိ ဇာတ်လမ်းများက စွဲလမ်းမှုတစ်ခု ဖြစ်လာပြီး သူတို့အား အရာရာကို ခံနိုင်ရည်ရှိစေသောကြောင့် သူတို့၏သိုင်းပညာလမ်းကြောင်းမှာ ပို၍ဝေးသောနေရာအထိ ရောက်ရှိသွားလိမ့်မည်။
ထို့အပြင် ခေါင်းပြောင်အဘိုးအိုသည်လည်း ထွက်ခွာ သွားသောသူကို တစ်ချက်ကြည့်၍ သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာ သက်ပြင်းချလေသည်။
ဤလောကကြီး၌ မမြင်နိုင်သော နံရံများစွာ ရှိ၏။အပြင်ဘက်ရှိလူများက ဝင်လာရန် လိုချင်ကြပြီး အတွင်းဘက်ရှိလူများကတော့ ထွက်သွားရန် ဆန္ဒရှိ ကြသည်။
(T/N - 'ရတာမလို လိုတာမရ' ကို ဆိုလိုတာပါ)
...
ယန်ရှန်ထျန်းသည် ချင်ကျီအား တစ်ကယ်ပင် မမုန်းခဲ့ချေ။ ချင်ကျီကို ဆန့်ကျင်ခဲ့သော သူ၏ယခင် လုပ်ဆောင်ချက်များသည် သူ့အပြုအမူ၏ အလေ့အကျင့် တစ်ခုမျှသာ ဖြစ်လေ၏။ သို့မဟုတ် သူ့ကို စိတ်သက်သာရာရစေသော ပုံစံတစ်ခုလည်း ဖြစ်နိုင်သည်။
သူ့နှလုံးသားက အလွန်ပင် မတည်မငြိမ်ဖြစ်နေခဲ့၏။ ထိုမတည်မငြိမ်မှုမှာ အခြားသူများဆီကနေ မဟုတ်ဘဲ သူ့မိသားစုမှ လာခြင်းဖြစ်သည်။ အကြောင်းမှာ မိသားစုက သူ့အား တစ်ခုခု ဖုံးကွယ်ထားသည်ကို သူတွေ့ရှိခဲ့သောကြောင့် ဖြစ်၏။
သူသည် တစ်လောကလုံး အသိအမှတ်ပြုထားသော တော်ဝင်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။ ထိုအရာဟာ သူ ငယ်စဉ်ကလေးဘဝကတည်းက ထိုကဲ့သို့ ဖြစ်ခဲ့သောကြောင့် သူကလည်း အမှန်တရားဟု ယုံကြည်ခဲ့လေ၏။ ထို့ကြောင့် သူ မာနကြီးသလို သူ့ကိုယ်သူလည်း အထင်ကြီးလေးစားသည်။
သို့သော်ငြား တဖြည်းဖြည်းနှင့် သူခွဲခြားသိမြင်လာသည်မှာ သူ့အစ်ကိုကြီး၊ ဒုတိယအစ်မနှင့် အချို့သော အပေါင်းအဖော်များသည် အပေါ်ယံ၌ သူ့ကို လက်ခံထားကြသော်လည်း အတွင်းစိတ်များကမူ သူ့ကို မကြောက်ရွံ့ကြပုံရ၏။
တစ်ခါတစ်ရံ၌ ထိုပုဂ္ဂိုလ်များသည် သူ့အား သနားခြင်းအကြည့်ဖြင့် ကြည့်နေတတ်သည်ကိုပင် သူ ယောင်ယောင်လေး သတိပြုမိခဲ့သည်။
သူတို့၏ပုံစံမှာ ရွေးချယ်ပွဲ၌ ကျရှုံးခဲ့သော ကိုယ်စားလှယ်လောင်းကို ကြည့်နေသကဲ့သို့ပင်။ သို့မဟုတ် လမ်းပေါ်တွင် လမ်းပျောက်နေသော ကြောင်ကို သနားစရာ ပြက်လုံးကဲ့သို့ ကြည့်နေသည့်အလားပင်။
သူ အသက်ကြီးလာသည်နှင့်အမျှ ထိုခံစားမှုက ပို၍ပင် သိသာထင်ရှားလာခဲ့၏။ သို့သော် ၎င်းက သာမာန်စိတ်ထင်မှုမဟုတ်ဘူး ဆိုတာကို သူ ပို၍ ယုံကြည်လာခဲ့သည်။
နောက်ဆုံးတွင် သူသည် တော်ဝင်မိသားစု၏ အမျိုးမျိုးသော သမိုင်းကြောင်းများအား လျှို့ဝှက်စွာ လေ့လာခဲ့ပြီး အချိန်ကြာမြင့်စွာ လေ့လာခဲ့ရာမှတဆင့် သဲလွန်စများရရှိလာကာ စိတ်ပျက်စရာကောင်းသော ယူဆချက်တစ်ခုကို ရရှိခဲ့လေ၏။
ထိုယူဆချက်မှာ သူ့ကို ဒေါသထွက်စေပြီး ရူးသွပ်စေကာ ပျက်စီးစေခဲ့သည်။ မိသားစုသည် ကြီးမားသောအစီအစဉ်တစ်ခုကို လုပ်ဆောင်နေကြသော်လည်း သူ့ကိုမူ အစကတည်းက ဖယ်ထုတ်ထားခဲ့ကြ၏။
သူ မကျေနပ်သလို ဒေါသလည်းထွက်သည်။
ဘာကြောင့်! ဘာကြောင့်များ သူ့ကို ဒီလိုမျိုး ဆက်ဆံကြသနည်း။
သူက ယန်မိသားစု၏တစ်စိတ်တစ်ပိုင်းပင် မဟုတ်ပါလော။
ဒီလူတွေက သူ့ကို အစကတည်းက အဖတ်ဆယ်လို့မရဘူးလို့ ထင်နေကြတာလား။
အဲ့ဒီအစီအစဉ်ကို သူ သိရှိသွားမှာ ကြောက်နေကြတာလား။
သူ့ရဲ့လျှာ ဒါမှမဟုတ် မိုက်မဲမှုက အဲ့ဒီအစီအစဥ်ကို ပေါက်ကြားစေနိုင်တယ်လို့ ထင်နေကြတာလား။
ဘာကြောင့် ဒီလို ဖြစ်ရသနည်း။
ငယ်စဉ်ကလေးဘဝက သူ အနည်းငယ် ဆိုးသွမ်းခဲ့ပြီး အပြစ်အနာအဆာများ အနည်းငယ် ရှိခဲ့ရုံနှင့် ထာဝရ အသုံးမဝင်သူအဖြစ် သတ်မှတ်ခံလိုက်ရတာလား။
သို့သော် အမှန်တရားများက သက်သေပြသည်မှာ ထိုလူများက မှားယွင်းခဲ့ကြသည်ဟူ၍ပင်။
သူ ယန်ရှန်ထျန်းက မိသားစုကို မဆွဲချခဲ့ပေ။ သူ စွန့်ပစ်ခံထားရလျှင်တောင်မှ သူသည် "စွန့်ပစ်ခံကလေး" အခန်းကဏ္ဍကို အပြည့်အဝ ထမ်းဆောင်ရန်အတွက် သူ့ကိုယ်သူ လုံးဝ မြှုပ်နှံထားခဲ့၏။
သူ ထောင်လွှားကာ အာဏာရှင်ဆန်ခဲ့သည်။
သူ အကြီးအကဲများကိုလည်း လေးစားမှုမပြသခဲ့ပေ။
သူ ရက်စက်၍ ဆိုးယုတ်ခဲ့၏။
လူများ ရွံရှာသော လက္ခဏာရပ်များ အားလုံးကို သူ သဘာဝကျစွာ လုပ်ဆောင်နိုင်ခဲ့သည်။
သူသည် သူ၏ပျက်စီးမှုများအားလုံးကို လောကကြီးအား ပြသ၍ လူအများကို ဤတစ်ချက်အပေါ်၌ အာရုံစိုက်စေခဲ့သည်မှာ အမှန်တရားကို ဖုံးကွယ်ရန်အတွက် ဖြစ်လေ၏။
သူ သိပေသည်။ ဝန်ထုပ်ဝန်ပိုးများထမ်းထားရသော ဤမိသားစုတွင် ဝှက်ထားသော အရည်အချင်းများစွာ ရှိ၏။ ထို့ကြောင့် ၎င်းတို့အား ဖုံးကွယ်ရန် စစ်မှန်သော လူဆိုးလူမိုက် လိုအပ်သည်။
သူက ထိုလူဆိုးလူမိုက်ပင်။
သူသာ ဘာမှမသိခဲ့လျှင် သူ ဒီဘဝကြီး၌ မာနကြီးစွာ နေထိုင်နိုင်လိမ့်မည်။ အနည်းဆုံးတော့ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်။
သို့သော် သူ သိခဲ့လေ၏။
ထိုနောက်ပိုင်းမှာ သူ့နှလုံးသားထဲ၌ အတားအဆီးတစ်ခု ရှိခဲ့သည်။
သူ လက်ခံရန် မလိုလားသောအရာမှာ မိသားစု၏ အနာဂါတ်သမိုင်းတွင် အခြားလူများ၏ စွန့်လွှတ်အနစ်နာခံမှုသည် စံနမူနာဖြစ်လာမည်ဟူသောအချက်ပင်။ သူ၏ အနစ်နာခံမှုကတော့ သဘာဝကျသော အရာ ဖြစ်လာလိမ့်မည်။ သူက မျှော်လင့်ချက်မရှိအောင် အရည်အချင်းမရှိနေ၍ ဟူ၍သာ ယူဆကြလိမ့်မည်။
မိသားစုက သူ့ကို စွန့်ပစ်ခဲ့သောအချိန်မှစ၍ တစ်နေ့နေ့ သူ ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရလျှင်တောင်မှ သူ့အဖြစ်ကို မိသားစုပြန်လည်ရှင်သန်ရေးအတွက် စတေးခြင်းအဖြစ် မဟုတ်ဘဲ အလေအလွင့်တစ်ဦး၏ သေဆုံးခြင်း အဖြစ်သာ မြင်ရလိမ့်မည်။
ဒါတောင်မှ...
သူ ဆက်လက်တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့လေ၏။အကြောင်းမှာ ထိုကဲ့သို့ကိစ္စများကိုလည်း သူ ဘယ်တော့မှ ထုတ်မပြောနိုင်သောကြောင့်ပင်။ သူ ဘယ်တော့မှ မညည်းညူနိုင်သလို မေးခွန်းထုတ်လို့လည်း မရနိုင်ပေ။
အကြောင်းမှာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်မိပါက ထိုလူမှာ ချေမှုန်းခံရလိမ့်မည်။ မိသားစု၏ နှစ်ပေါင်းများစွာသော ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်သွားနိုင်သောကြောင့်ပင်။
ထို့ကြောင့် သူ့ဘဝက စွန့်ပစ်ခံကလေးတစ်ဦးသာဖြစ်နိုင်လေသည်။ တိတ်တဆိတ်နေရမည့် စွန့်ပစ်ခံကလေးတစ်ဦး၊ လူတိုင်းကို ရွံရှာစေသော လူတစ်ဦးအဖြစ်ပင်။
သို့သော်ငြား မိသားစု၏ဆန္ဒကိုတော့ သူ လုံးဝ စိတ်မပျက်စေခဲ့ပေ။
သူ မည်သူ့ကိုမှ မကြောက်ခဲ့သလို မည်သူ့ကိုမှ မလေးစားခဲ့ပေ။
ဘိုးဘေး ဖြစ်နေလျှင်တောင် မထူးပေ။ ဒေါသထွက်လာလျှင် သူ ဆက်လက်ပြီး ကျိန်ဆဲခဲ့သည်။ စိတ်ဝိညာဉ်ရေကန်ထဲ၌ သူ့အစ်ကိုကြီးအား ဆဲဆိုခဲ့သည့်အတိုင်းပင်။
အကြောင်းမှာ ဤမိသားစုတစ်ခုလုံးက သူ့အပေါ်၌ အကြွေးတင်ထားသောကြောင့် ဖြစ်သလို သူကလည်း ဘယ်အချိန်မှာမဆို သေဆုံးနိုင်သောကြောင့်ပင်။ သူ အချိန်မရွေးသေရန် အမြဲပြင်ဆင်ထားခဲ့၏။
သူ ဘယ်အချိန်မှာ သေဆုံးသည်ဖြစ်စေ သူ့တာဝန်က ပြီးမြောက်သွားလိမ့်မည်။ သူ့တာဝန်မှာ ရွံစရာကောင်းအောင် နေထိုင်ရန်နှင့် ရယ်စရာကောင်းအောင် သေဆုံး ရန် ဖြစ်သည်။
စွန့်ပစ်ခံကလေး...
သူ ထိုအခန်းကဏ္ဍကို ဒီလောက်အထိ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့လေ၏။
သို့သော်ငြား ဤမိသားစုအပေါ်၌ သူ၏ ချစ်ခြင်းမေတ္တာမှာ နက်ရှိုင်းစွာ စီးဝင်နေဆဲပင်။
********************