← Chapters

ဆရာနဲ့အဖေ တွေ့ပြီ

Vol. 6 Ch. 88

ဆရာနဲ့အဖေ တွေ့ပြီ

Vol. 6 Ch. 88

အရာအားလုံး ပြီးဆုံးသွားပြီးနောက် ချင်ချွမ်းသည် ချင်ကျီအား ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသို့ ပြန်ခေါ်သွားခဲ့သည်။

မပြန်ခင်မှာလည်း သူ အဂ္ဂိရတ်ပညာရှင်များအဖွဲ့အစည်းသို့ နောက်ထပ် ဝင်ခဲ့သေး၏။ ထို့နောက် အဂ္ဂိရတ်ပညာရှင်များ၏ စိတ်ဆင်းရဲနေသော အကြည့်များအောက်တွင် သူသည် သူတို့ထံမှ အတော်လေးများပြားသော ဘဏ္ဍာများကို ယူဆောင်သွားခဲ့သည်။

သူ တဖြည်းဖြည်း သဘောပေါက်လာသည်မှာ သူသည် ငွေကြေးမပြည့်စုံခြင်း မရှိတော့ဘဲ မသိလိုက်ခင်မှာပင် ချမ်းသာလာခဲ့လေ၏။

ထို့အပြင် သူ ငွေသုံးရန်လည်း မလိုအပ်တော့ချေ။ အကြောင်းမှာ သူကိုယ်တိုင်ကလည်း ငွေနှင့်ဝယ်နိုင်သော အရာများကို စိတ်မဝင်စားသည့်အပြင် နေ့စဉ် အသုံးစရိတ်များအတွက် ဝယ်သည့်အခါတွင်လည်း သူ့ကို ဘယ်သူကမှ ငွေမတောင်းရဲကြပေ။

ထို့ကြောင့် ငွေကြေးက ဖုန်မှုန့်ကဲ့သို့ဖြစ်လာသည်။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ချောက်ကမ်းပါးဘေးတွင် ဖြစ်၏။

ချင်ချွမ်းသည် သူ့သားနှင့်အတူ ကျောက်တုံးကြီး တစ်ခုပေါ်မှာ ထိုင်၍ တောင်လေညှင်းများနှင့်အတူ နက်နဲသော တိတ်ဆိတ်ငြိမ်သက်ခြင်းကို ခံစားနေလေသည်။

"မင်း ဘာကို ခံစားရလဲ"

ချင်ချွမ်းက နက်နဲစွာ မေးလာ၏။

"ကျွန်တော်… ကျွန်တော် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲမှာ နက်နဲတဲ့ တစ်စုံတစ်ရာ ရှိနေတယ်လို့ ခံစားရတယ်၊ ကျွန်တော် နားလည်သလိုလို ရှိပေမဲ့ လုံးဝ မဖမ်းဆုပ်နိုင်ဘူး"

ချင်ကျီက မျက်တောင်ခတ်၍ မသေချာမရေရာစွာ ပြောလာသည်။

တကယ်တော့ သူ ဘာမှမခံစားခဲ့ရပေ။ သို့သော်ငြား သူ့အဖေကို စိတ်မပျက်စေချင်သောကြောင့် သူနားလည်သလို ဟန်ဆောင်ခဲ့ခြင်းပင်။

သို့သော်ငြား ထိုစကားကို ပြောပြီးနောက် ထပ်မံ၍ အတွင်းကျကျ စဉ်းစားကြည့်သောအခါ တကယ်ပင် ခပ်မှိန်မှိန်ခံစားမှုလေးတစ်ခု ရှိနေပုံရ၏။

"အင်း...မင်းက သင်ယူလို့ရတဲ့ကလေးပဲလေ...အချိန်ယူပြီး စဥ်းစားပါ၊ မင်း အဲဒီခံစားမှုကို ဖမ်းဆုပ်နိုင်ပြီးတာနဲ့ အကျိုးများများရလိမ့်မယ်"

ချင်ချွမ်းက လျှို့ဝှက်နက်နဲစွာ ပြုံးလာသည်။

တကယ်တော့ သူ ဟန်ဆောင်နေခြင်းပင်။

သို့သော်ငြား တိတ်ဆိတ်ငြိမ်သက်ခြင်းကဲ့သို့သော မထိမတွေ့နိုင်သည့် အရာမှာ လုံးဝအဓိပ္ပါယ်မဲ့လေရာ သူ ပြောချင်ရာ ပြောနိုင်လေ၏။

မင်းသာ မခံစားနိုင်ဘူးဆိုလျှင် မင်းရဲ့ကျွမ်းကျင်မှုက မလုံလောက်၍ပင်။ မင်းသာ တစ်ခုခုကို တကယ်နားလည်ခဲ့လျှင်တော့ ထိုအရာမှာ သူ၏ ကောင်းမွန်သော လမ်းညွှန်မှုကြောင့်ပင်။

"ဟုတ်ကဲ့ အဖေ! ကျွန်တော် အဖေ့ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး!"

ချင်ကျီက ခိုင်မာသောယုံကြည်ချက်ဖြင့် ကြွေးကြော်လာလေသည်။

ချင်ချွမ်းလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။ သူသည် ဇာတ်ခုံတစ်ခုအား လုံလောက်စွာ ပြင်ဆင် ထားသည်ဟု ခံစားနေရသည်။ သူက လျှို့ဝှက်နက်နဲသော အော်ရာတစ်ခုကို ဖန်တီးထားလေ၏။ ထို့ကြောင့် သူ အရေးကြီးသောကိစ္စများအကြောင်းကို စတင်ပြောဆိုလိုက်သည်။

"ရှောင်ကျီ အဖေ ပြန်ပြီးကျန်းမာလာဖို့ ခဏလောက် သီးသန့်ခွဲနေဖို့ လိုအပ်တယ်"

သူ အလေးအနက် ပြောလိုက်၏။

"အဖေ အဖေ့ဒဏ်ရာတွေက မပျောက်သေးဘူးလား၊ ဖေဖေ ဟန်ဆောင်နေခဲ့တာ မဟုတ်ဘူးလား"

ချင်ကျီသည် အနည်းငယ် တုန်လှုပ်သွားရပြီးနောက် စိုးရိမ်ပူပန်သွားခဲ့သည်။

"ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေကတော့ ပျောက်သွားပါပြီ၊ ဒါပေမဲ့ အဖေ့ရဲ့ သိုင်းကျင့်ကြံခြင်းလမ်းကြောင်းက ဒဏ်ပြန်ထိထားတယ်၊ အဲ့တာကို ကောင်းကောင်းမကိုင်တွယ်ထားနိုင်ရင် ဒီထက်ပြင်းထန်လာနိုင်တယ်"

ချင်ချွမ်းက သက်ပြင်းချ၍ ဆက်ပြောလာလေ၏။

"ကျင့်ကြံမှုကို အတင်းအကျပ် ပြန်ရယူရင် ဘာဖြစ် လိမ့်မယ်ဆိုပြီး အဖေ တစ်ခါက မင်းကို ပြောပြဖူးတာကို မှတ်မိသေးလား"

ချင်ကျီ ခဏတာ စဉ်းစားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ရုတ်ချည်းပင် တုန်လှုပ်သွားခဲ့သည်။

သူ မှတ်မိပေ၏။

ရွှင်းယန်မြို့မှ မင်ဟောက်မြို့သို့ ထွက်ခွာလာစဥ်တွင် သူ့အဖေက သူ့ကို ကျင့်ကြံမှုပြန်လည်ရရှိခြင်းက အချိန်ယူရသည်ဟု ပြောပြခဲ့ဖူးသည်။ ထို့အပြင် အတင်းအကျပ် ရယူမိခဲ့လျှင် ထိုအရာက အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည်။

"မှတ်မိတယ် ထင်တယ်"

ချင်ချွမ်းက ညင်သာစွာ ပြုံးလေ၏။

ချင်ကျီမှာ သူ့နှုတ်ခမ်းကို တင်းတင်းစေ့၍ ရှက်ရွံ့စွာ ခေါင်းငုံ့လျက် အသံတိုးတိုးလေး ပြောလိုက်မိသည်။

"အဖေ ကျွန်တော် တောင်းပန်ပါတယ်"

ထိုကိစ္စအား သူ့အဖေသည် အချိန်အကြာကြီးကတည်းက သူ့ကို ပြောပြခဲ့လေ၏။ သို့သော်ငြား သူကတော့ အလေးအနက်မထားခဲ့ပေ။

ဒီတစ်လျှောက်လုံးမှာ သူသည် သူ့အဖေ ထိခိုက်မည်ကို ဂရုမစိုက်ဘဲ ပေါ့ဆစွာနေ၍ ဒုက္ခပေးခဲ့မိသည်။

"မင်း ဘာတွေတောင်းပန်နေတာလဲ"

ချင်ချွမ်းသည် သူ့သား၏ ဆံပင်ကို ပွတ်သပ်၍ ပြော လိုက်လေ၏။

"မင်းရဲ့အမှားသာ မဟုတ်သ၍ မင်း ဘယ်လိုရန်သူမျိုး ကိုပဲ ဆွခဲ့သည်ဖြစ်စေ အဖေက မင်းကို ကာကွယ်ပေးမှာပဲ၊ အရာအားလုံးကို စွန့်စားရရင်တောင်မှ...အခြေခံအုတ်မြစ်နည်းနည်းလောက် ပျက်စီးရရင်တောင်မှ ဘာအရေးလဲ"

ချင်ကျီ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားလေသည်။ နွေးထွေးသောခံစားမှုတစ်ခုက သူ့နှလုံးသားထဲသို့ စီးဝင်လာခဲ့ပြီး သူ့မျက်လုံးများကို အနည်းငယ် စိုစွတ်စေခဲ့၏။

သူ့ဘဝမှာ အခုလိုမျိုး သူ့ကို ချစ်ခင်သောဖခင်တစ်ဦး ရှိနေခြင်းက ဘယ်လောက်တောင်မှ ကံကောင်းလိုက်သနည်း။

သူ့သားမျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ ချင်ချွမ်းလည်း သူ့ရည်မှန်းချက် အောင်မြင်သွားပြီမှန်း ချက်ချင်းသိလိုက်သည်။

သူ့ထံ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များတော့ မရှိပေ။ သူသည် သူ့သားအား ကျင့်ကြံမှုပြန်လည်ရရှိခြင်း အတွက် ပေးဆပ်စရာတန်ဖိုးတစ်ခု လိုအပ်သည်ကို ညင်ညင်သာသာဖြင့် သတိပေးနေရုံမျှသာ ဖြစ်၏။

ထို့ကြောင့် နောက်တစ်ကြိမ်ကျ သူ မတိုက်ခိုက်နိုင်ခဲ့လျှင် သူ့သားသည် သူ့အဖေက ပြိုင်ဘက်ကင်းအားကောင်းသူလား အယောင်ဆောင်လား ဆိုတာကို သံသယဝင်လိမ့်မည်မဟုတ်ပေ။ ကျင့်ကြံမှုပြန်လည်ရရှိခြင်းက ပေးဆပ်ရသောတန်ဖိုးတစ်ခု လိုအပ်သည် သို့မဟုတ် ပြင်ဆင်ချိန်အချို့လိုအပ်သည်ဟု ပထမဆုံး စဉ်းစားမိလိမ့်မည်။

သူ့သားအား ဒီတစ်ကြိမ်၌ သူ တမင်တကာ အနာခံခဲ့သည်ဟု ပြောခဲ့ရခြင်းမှာလည်း အဓိကအားဖြင့်… ခေါင်းပြောင်အကြီးအကဲကြောင့် ဖြစ်သည်။

သူ မသွားခင်မှာ သူ့သား၏သတ္တိကို စမ်းသပ်ရန်အတွက် တမင်သက်သက် ဒဏ်ရာရဟန်ဆောင်ရလိမ့်မည်ဟု ခေါင်းပြောင်အကြီးအကဲအား ပြောခဲ့ပြီးသား ဖြစ်၏။ ထို့နောက် ခေါင်းပြောင်အကြီးအကဲအား သူ့သားကို ကာကွယ်စေခဲ့သည်။

ထိုကဲ့သို့လုပ်ရသောအကြောင်းပြချက်မှာ...

တစ်ဖက်က -

"ကျင့်ကြံမှုပြန်လည်ရရှိစေရန် အတင်းအကျပ် လုပ်ဆောင်ခြင်းက အခြေခံအုတ်မြစ်ကို ထိခိုက် စေသည်"ဟူသော အကြောင်းပြချက်ကို ခေါင်းပြောင် အကြီးအကဲအား မပြောနိုင်သောကြောင့်ပင်။ အကြောင်းမှာ ထိုလူကသာ မင်းရဲ့အားနည်းချက်ကိုဖော်ထုတ်ခဲ့ပါက မည်သူမဆို မင်းကိုသေစေနိုင်သော ကြောင့် ဖြစ်၏။

ထို့ကြောင့် ခေါင်းပြောင်အကြီးအကဲ၏အရှေ့၌ သူ၏ အားကောင်းသော ပုံရိပ်ကို ထိန်းသိမ်းရန် လိုအပ်သည်။ ထို့အပြင် တကယ်လည်း သူက ဆံပင်အဖြူရောင်နှင့်လူငယ်ကို မတိုက်နိုင်သောကြောင့် သူ့အကြောင်း ဖုံးကွယ်ရန်အတွက် ခေါင်းပြောင် အကြီးအကဲအား အသုံးချရာ၌ "ဒဏ်ရာရဟန်ဆောင်ခြင်း"အကြောင်းပြချက်ကို အသုံးပြုခဲ့လေ၏။

အခြားတစ်ဖက်တွင် -

သူ ချင်ကျီကို ကာကွယ်ရန်အတွက် ခေါင်းပြောင် အကြီးအကဲကို အသုံးပြုရန် လိုအပ်သည်။ အကြောင်းမှာ စနစ်၏စည်းမျဥ်းအရ တစ်စုံတစ်ဦးကသာ ချင်ကျီကို သတ်ဖြတ်လိုစိတ် ရှိလာခဲ့လျှင် သူ့ကျင့်ကြံမှုက တိုးတက်လာလိမ့်မည်ပင်။

အန္တိမနယ်ပယ်သိုင်းပညာရှင်တစ်ဦးထံ၌ စိတ်ခံစားချက် များစွာ မရှိနိုင်ပေ။ မင်း သူ့ကို စော်ကားလျှင်တောင် သူ့ထံ၌ သတ်ဖြတ်လိုစိတ် မရှိလာနိုင်ပေ။ သို့သော်ငြား သူက ယင်ကောင်ပုတ်လိုက်သကဲ့သို့ မင်းအား ပေါ့ပေါ့တန်တန် ရိုက်သတ်ပစ်နိုင်၏။

မည်သူကမျှ ချင်ကျီကို မကာကွယ်ထားလျှင် သူ စိန်ခေါ်ခဲ့သည့် ပထမဆုံးစကား ပြီးသည်နှင့်တစ်ဖက်လူ၏သတ်ဖြတ်လိုစိတ်မှာ မနိုးကြားလာဘဲ တိုက်ရိုက်ပင် ရိုက်သတ်ခံရလိမ့်မည်။

ထိုအရာမှာ အဓိပ္ပါယ်မရှိသော သေဆုံးမှုပင်။

ထို့ကြောင့် ချင်ကျီက ဆံပင်အဖြူရောင်နှင့်လူငယ်အား နှုတ်ဖြင့် များများဆွပေး၍ သူ၏ သတ်ဖြတ်လိုစိတ်အား အောင်မြင်စွာ လှုံ့ဆော်စေနိုင်ရန်အလို့ငှာ ခေါင်းပြောင်အကြီးအကဲအား ချင်ကျီကိုကာကွယ်စေခဲ့သည်။

ထိုသို့လုပ်ခြင်းဖြင့် သူသည် "သူ့သား၏သတ္တိကိုလေ့ကျင့်ပေးခြင်း"ဟူသော အကြောင်းပြချက် အောက်တွင် ခေါင်းပြောင်အကြီးအကဲကို လှည့်စား နိုင်ခဲ့၏။ ထို့နောက် သားဖြစ်သူကို လေ့ကျင့်ပေးခြင်းအစီအစဉ်၏ စစ်မှန်မှုကို ခေါင်းပြောင်အကြီးအကဲကလည်း ပါဝင်သူအဖြစ် သက်သေပြနိုင်ခဲ့သည်။

သူ ချင်ကျီကို အသုံးပြု၍ ခေါင်းပြောင်အကြီးအကဲ ကို လှည့်စားနိုင်ခဲ့သလို ခေါင်းပြောင်အကြီးအကဲကိုလည်း ချင်ကျီကို လှည့်စားရန် အသုံးပြုနိုင်ခဲ့ပြီး ပြဿနာအမျိုးမျိုးကို ပြီးပြည့်စုံစွာ ဖြေရှင်းခဲ့လေ၏။

၎င်းက အနည်းငယ် ရှုပ်ထွေးသော်ငြားလည်း သူ့ကျင့်ကြံမှုအဆင့်ကို ချက်ချင်းပင် အန္တိမနယ်ပယ်၊ ဒုတိယအဆင့်သို့ မြင့်တက်စေခဲ့သည်။ ထို့ကြောင့် ၎င်းက တန်ဖိုးရှိခဲ့လေ၏။

"အဖေ ကျွန်တော့်ဆရာက အဖေနဲ့ တွေ့ချင်လို့တဲ့"

ရုတ်တရက် ချင်ကျီက တွန့်ဆုတ်ဆုတ်ဖြင့် ပြောလာသည်။

"မင်းရဲ့ဆရာလား"

ချင်ချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားရလေ၏။ ထို့နောက် ကျောကို ဖြောင့်မတ်ကာ သူ့ဝမ်းဗိုက်ကို တင်းကျပ်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အကြောင်းမှာ ထိုကဲ့သို့လုပ်ခြင်းအားဖြင့် သူ မည်သူ့ကိုပဲ မြင်ရပါစေ တည်ငြိမ်သော အမူအရာကို သေချာစွာ ထိန်းသိမ်းထားနိုင်လိမ့်မည်ဖြစ်၏။

အနည်းဆုံးတော့ သူ အံ့အားသင့်သွားသည့်ပုံစံကို ပြမိခြင်း သို့မဟုတ် အံ့သြမှုကြောင့် အသက်ရှုမှားကုန်သည့်ပုံစံကို ပြမိခြင်းတို့အား လုပ်လို့မရပေ။

ထို့အပြင် သူ့စိတ်ထဲ၌လည်း အမျိုးမျိုးသော ဇာတ်ကောင်ပုံရိပ်များကို လျင်မြန်စွာ စိတ်ကူးထားခဲ့သည်။ နတ်ဘုရားကဲ့သို့ အော်ရာရှိသော တာအိုပညာရှင်တစ်ယောက်၊ ညစ်ပတ်နေသော အရက်သောက်မပြတ်သည့် လူတစ်ဦး၊ ကာမဂုဏ်ခံစားတတ်သော ခပ်ဝဝအဘိုးအိုတစ်ဦး၊ ချောမောသော လူငယ်လေးတစ်ဦး၊ ထူးဆန်းသော မိန်းမငယ် တစ်ဦး စသဖြင့်ပင်။

ယောက်ျားများနှင့်မိန်းမများ၊ အသက်ကြီးသူများနှင့် ငယ်ရွယ်သူများ၊ ပုံသဏ္ဌာန်အားလုံးနှင့်အရွယ်အစားအားလုံးအပြင် လူတစ်ပိုင်းသားရဲတစ်ပိုင်း ပုံသဏ္ဌာန်များနှင့် ဂျပန်စတိုင်အမျိုးသမီးဆရာမ တစ်ဦးကိုပင် စိတ်ကူးခဲ့လေ၏။

အကြောင်းမှာ ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခြင်းဖြင့်သာ ချင်ကျီ၏ဆရာထံ၌ မည်သည့်ပုံပန်းသဏ္ဌာန်ရှိနေသည်ဖြစ်စေ သူ ကိုင်တွယ်နိုင်လိမ့်မည်။ သူ့အမူအရာမှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိ ဖြစ်ရမည်။

သူ ထိုစမ်းသပ်မှုကို အောင်မြင်မှရမည်။

သူသာ ချင်ကျီ၏ဆရာအရှေ့၌ အံ့အားသင့်မှု သို့မဟုတ် အံ့သြမှုကို ပြသခဲ့မိလျှင် သူ၏ အားကောင်းသောပုံရိပ်က မေးခွန်းထုတ်စရာ ဖြစ်သွားလိမ့်မည်။

သူသည် အချိန်အကြာကြီးကတည်းက ချင်ကျီ၏ဆရာအပေါ်၌ "ဝိညာဉ်ဆက်သွယ်မှု" အား သုံးခဲ့သလို ပြုမူခဲ့ပြီး ချင်ကျီ၏လက်စွပ်ကို အဓိပ္ပါယ်ရှိသော အကြည့်များ ပစ်လွှတ်ခဲ့သည်မဟုတ်ပါလော။

ထို့ကြောင့် အခုလိုအချိန်၌ သူသာ ထိုပုဂ္ဂိုလ်၏ပုံပန်းသဏ္ဌာန်ကြောင့် ထိတ်လန့်မိခဲ့လျှင် သူက သေချာပေါက် ထင်သွားလိမ့်မည်။

မင်းက ငါ့ကို သတိပေးသလိုအကြည့်တွေ ဆက်တိုက်ပေးခဲ့လို့ မင်းက လက်စွပ်ထဲကနေတဆင့် ငါ့ကို မြင်နိုင်တယ်လို့ ငါ ထင်ခဲ့တာ...တကယ်တော့ မင်း မမြင်နိုင်ခဲ့ဘူးလား!!

အင်ပါယာအဆင့်အသုံးအဆောင်ဖြစ်တဲ့ သိုလှောင်လက်စွပ်တစ်ခုကိုတောင် မမြင်နိုင်ဘဲနဲ့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဟုတ်လား... မင်းက တစ္ဆေတစ်ကောင်ကို လာပြီး လှည့်စားနေတာလား ဟမ်!!

"အဖေ မရဘူးလား"

ချင်ကျီသည် သူ့အဖေက ခဏတာမျှ တွန့်ဆုတ်သွားသည်ကို မြင်လိုက်ရသောကြောင့် သူ မလိုလားဘူးလို့ထင်မိသွားလေသည်။ ထို့ကြောင့် သူ အနည်းငယ် စိုးရိမ်သွားခဲ့ရ၏။

မည်သို့ပင်ဆိုစေကာမူ ဒီနေရာ၌ ငြင်းဆိုခံလိုက်ရခြင်းက သူ့ဆရာအတွက် ရှက်စရာကောင်းသွားလိမ့်မည်။ ထို့အပြင် သူကိုယ်တိုင်လည်း အပြစ်ရှိသလို ခံစားရလိမ့်မည်။

"ဟားဟား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ချင်ချွမ် ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။

"ဒါက ပထမဆုံးအကြိမ် တွေ့ဆုံမှုမလား၊ အဖေက ဘာလက်ဆောင်မှ မပြင်ဆင်ရသေးဘူးလေ...မင်းဆရာအပေါ် မရိုမသေ ဆက်ဆံမိမှာကိုပဲ စိုးရိမ်သွားတာပါ"

"မလိုအပ်ပါဘူး!"

ထိုအချိန်၌ ထိတ်လန့်နေသော အမျိုးသမီး၏အသံ တစ်သံ ထွက်ပေါ်လာခဲ့လေ၏။ ထိုအသံမှာ အနည်းငယ်မျှ မရေမရာဖြစ်နေသလို အနည်းငယ်လည်း ရှက်ရွံ့နေသည့်ပုံပင်။

ချင်ချွမ်း၏မျက်ခုံးများ အနည်းငယ် တွန့်သွားရသည်။

တစ်ကယ်ပဲ အမျိုးသမီးတစ်ယောက်လား။

သူ၏ ဝမ်းဗိုက်မှာ ရုတ်တရက် တင်းကျပ်သွားပြီးနောက် ချက်ချင်းပင် ပြန်ပြေလျော့သွားခဲ့သည်။ သူ တည်ငြိမ်စွာ ခေါင်းမော့၍ အရှေ့ကို ကြည့်လိုက်လေ၏။

"ဝှစ်!"

မြေပြင်ပေါ်မှ ရွှေရောင်အလင်းတန်းများသည် ရေမြှုပ်များအလား အပေါ်သို့ လည်ပတ်လာပြီးနောက် ဖြည်းဖြည်းချင်း ပြန်ကျဆင်းလာခဲ့သည်။

ရွှေရောင်ဆံပင်ရှိသောအမျိုးသမီးတစ်ဦးသည် အဆင့်မြင့်ဂါဝန်ကို ဝတ်ဆင်ထားကာ လှပကြော့ရှင်းမှု နှင့် မြင့်မြတ်ထည်ဝါမှုကို ထုတ်လွှတ်နေပြီး အလင်းရောင်ထဲ၌ ထွက်ပေါ်လာလေ၏။ သူမ၏သေးငယ်ကာ ဖြူဖွေးနေသည့် လက်လေးများက သူမ၏စကတ်ကို အနည်းငယ် မထားလေသည်။ သူမက ခေါင်းငုံ့နေပြီး အနည်းငယ်လည်း စိတ်လှုပ်ရှားနေသည့်ပုံပင်။

***************

All Chapters