ပြင်ဆင်လာတာ သိသာတယ်
Vol. 6 Ch. 89
"ကျွန်မ… ကျွန်မက ယဲ့လင်းရွှမ်ပါ"
ဆံပင်ရွှေအိုရောင်နှင့် အမျိုးသမီးက သူမ၏ခေါင်းကို အနည်းငယ် ငုံ့ထားကာ ချောမောသောမျက်နှာမှာလည်း အနည်းငယ်နီရဲနေလေသည်။ ထိုပုံစံမှာ အေးမြသောလေပြေကို ခံစားနေသော ကြာပန်း၏ ကျော့ရှင်းမှုနှင့် တူပေ၏။
ချင်ကျီမှာ အံ့အားသင့်သွားရသည်။
ဒါက သူ့ဆရာရော ဟုတ်ရဲ့လား။
ထိုခံစားမှုမှာ ယောက်ျားဆန်သော သူ့အစ်မက သူ၏ အနာဂတ်ခဲအိုအရှေ့၌ နူးညံ့သိမ်မွေ့ကာ မိန်းကလေးဆန်သည့်ဘက်ခြမ်းကို ဖော်ပြနေသကဲ့သို့ပင်။
၎င်းမှာ သိသိသာသာပင် ကြက်သီးထစရာ ကောင်းပေ၏။
"အင်း"
ချင်ချွမ်းက တည်ငြိမ်စွာ ခေါင်းညိတ်လာပြီး သူ့မျက်နှာပေါ်၌ အပြုံးရိပ်တစ်ခု ရှိနေသည်။
"ရှောင်ကျီကို တစ်ချိန်လုံးဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူက အလွန် တည်ငြိမ်စွာ ပြုမူနေလေ၏။ သူ့အသံမှာ အလျင်လိုခြင်း မရှိသလို နှေးကွေးနေခြင်းလည်း မရှိဘဲ ကျေးဇူးတင်မှုကိုပါ သယ်ဆောင်ထားကာ အနည်းငယ်သောကိုင်းညွတ်မှုတစ်ခုပါ ပါရှိနေလေ၏။
ကိုင်းညွတ်မှု ဆိုသည်မှာ အဘယ်နည်း။
ထိုအရာမှာ လေးစားမှုကို ပြသသောပုံစံတစ်မျိုး ဖြစ်လေရာ သူ့အား ပိုပြီးချဉ်းကပ်ရလွယ်ကူပြီး ဖော်ရွေပုံပေါ်စေသည်။
ရိုးရှင်းစွာ ပြောရလျှင်...
တစ်ဖက်လူက မင်းထက် ပိုမြင့်သည့်အနေအထားမှာ ရှိနေတာတောင် တစ်ဖက်လူက မင်းကို အလွန်ယဉ်ကျေးစွာ ဆက်ဆံနေခြင်းကဲ့သို့ပင်။
လက်ရှိအချိန်၌ သူသည် သူ့ကလေးက အဆင့်ကောင်းကောင်းရရှိခဲ့၍ အဖေဖြစ်သူအနေဖြင့် ဆရာမ အား ကိုယ်တိုင်ကျေးဇူးတင်နေသည့်အလား ပြုမူနေခဲ့၏။
ထို့အပြင် အရေးအကြီးဆုံးကတော့ ထိုကလေး၏ဖခင်သည် အလွန်မြင့်မားသော အနေအထားမှာရှိပြီး ဩဇာကြီးနေပေသည်။
"အာ! ရှင်က အရမ်းယဉ်ကျေးလွန်းနေပါပြီ၊ ဒါက ကျွန်မလုပ်ပေးသင့်တာပါ!"
ဆံပင်ရွှေအိုရောင်နှင့် အမျိုးသမီးဖြစ်သည့် ယဲ့လင်းရွှမ်မှာ အနည်းငယ် ပျာယာခတ်သွားရ၏။ အကြောင်းမှာ သူမ၏မျက်လုံးများထဲ၌ ချင်ချွမ်းသည် သူမမြင်ဖူးသမျှ ဒဏ္ဍာရီလာပုဂ္ဂိုလ်များထက် ပို၍ဒဏ္ဍာရီဆန်သောကြောင့် ဖြစ်သည်။
နားမလည်နိုင်ခဲ့သည့်အပြင် နားမလည်နိုင်ဆဲပင်။
ဒီလိုအဆင့်မြင့်သော ပုဂ္ဂိုလ်က သူမ၏အရှေ့မှာ ရပ်၍ သူမကို အလွန်ယဉ်ကျေးစွာပြောဆိုလာခဲ့ရာ သူမဘယ်လိုလုပ်ပြီး ဘဝင်မြင့်နိုင်မည်နည်း။
"မင်း ကျိုးနွံနေစရာမလိုပါဘူး၊ မင်း မရှိရင် ရှောင်ကျီ ရဲ့ခွန်အားက ဒီလောက်အထိ မြန်မြန် တိုးတက်လာနိုင်မှာမဟုတ်ဘူး"
ချင်ချွမ်း ပြုံး၍ ပြောလိုက်ရာ ယဲ့လင်းရွှမ်၏မျက်နှာက အနည်းငယ် နီရဲသွားလေ၏။ သူမ ရှက်ရွံ့စွာဖြင့် သူမ၏ဂါဝန်အနားသတ်ကို ဖိထားမိသည်။ ထို့နောက် သူမ ရုတ်တရက် မေးလိုက်မိ၏။
"ကျွန်မ မေးချင်တာက ရှင်ကို ဘယ်လိုခေါ်ရမလဲ"
ချင်ချွမ်းက အလွန်တည်ငြိမ်နေသည်။
သူ ဒီလိုအခြေအနေအား အချိန်အကြာကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သောကြောင့် အသင့်ပြင်ထားသည့် စကားလုံးများ ရှိ၏။ ထို့ကြောင့် မျက်နှာအရေထူစွာ ပြောလိုက်သည်။
"ကျုပ်က မင်းထက်ပိုပြီးတော့ နှစ်သန်းပေါင်းများစွာ အသက်ကြီးတယ်၊ မင်းသာ ကျုပ်ရဲ့အသက်ကို စိတ်ထဲမထားဘူးဆိုရင် ကျုပ်ကို အစ်ကိုချင်လို့ ခေါ်နိုင်ပါတယ်"
ယဲ့လင်းရွှမ်မှာ ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားရ၏။ နှစ်သန်းပေါင်းများစွာဆိုသည်မှာ သူမ စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူများအတွက် အသက်ဆိုသည်မှာ စွမ်းအား၏သင်္ကေတ ဖြစ်လေ၏။ အကြောင်းမှာ ကျင့်ကြံမှုအားနည်းသောသူများသည် ဒီလောက်ကြာကြာ အသက်မရှင်နိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် မသိလိုက်ဘာသာပင် ချင်ချွမ်း၏ပုံရိပ်က သူမ၏နှလုံးသားထဲ၌ ပို၍မြင့်မားလာခဲ့၏။ ထိုလူသည် သူမ ထင်ထားသည်ထက် ရင့်ကျက်ကာ တည်ငြိမ်ပြီး အနားမှာရှိသူအား လုံခြုံသလို ခံစားရစေသည်။
"ချင်… အစ်ကိုချင်"
သူမက မျက်နှာနီရဲစွာဖြင့် ခေါ်လာလေ၏။ သူမ တကယ်ပင် မိန်းကလေးငယ်တစ်ဦး၏ ရှက်ရွံ့မှုမျိုးကိုခံစားနေရသည်။ သူနှင့်ယှဥ်လျှင် နှစ်တစ်ထောင်ကျော်သာရှိသေးသောကြောင့် မိန်းကလေးငယ်လေး ဖြစ်တုန်းပင်။
"ဒါဆို ကျုပ်လည်း နောက်ဆိုရင် မင်းကို လင်းရွှမ်လို့ခေါ်မယ်"
ချင်ချွမ်းက ပြော၏။
"အင်း"
ယဲ့လင်းရွှမ်က ခေါင်းညိတ်သည်။
"ကျုပ်တို့အချင်းချင်း မတွေ့ဘဲနေလာကြတာ ကြာပြီကို ဒီနေ့မှာ ဘာလို့ ရုတ်တရက်ကြီး ထွက်လာပြီး ကျုပ်နဲ့ တွေ့ဖို့ စဉ်းစားမိသွားတာလဲ"
ချင်ချွမ်းက အရင်မေးလာခဲ့၏။
"ကျွန်မ…"
ယဲ့လင်းရွှမ်၏မျက်နှာမှာ နီရဲသွားလေသည်။ ထို့နောက် သူမ ရှက်ရွံ့စွာ ပြောမိ၏။
"အဓိကက… ကျွန်မ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"
ချင်ချွမ်း ထိတ်လန့်သွားရသည့်အပြင် ချွေးအေးများပင် တိတ်တဆိတ်ထွက်လာခဲ့သည်။
အကူအညီတောင်းတာလား။
ဘယ်လိုအကူအညီမျိုးလဲ။
ထိုအရာကသာ အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်ပြီး သူ မလုပ်ဆောင်နိုင်ခဲ့ပါက သူ့ပုံရိပ်ကို ကြီးကြီးမားမား လျော့ကျစေမည် မဟုတ်ပါလော။
ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဆိုသည်မှာ အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်နိုင်စွမ်းရှိခြင်းကို ဆိုလို၏။
ဥပမာအားဖြင့် သိုင်းအင်ပါယာတစ်ယောက်သည် အမြင့်ဆုံးအဆင့်မှာရှိသော ပြဿနာများနှင့်ရင်ဆိုင်ရသောအခါ ယခင်က လုံးဝ မလေ့လာဖူးသည့်အရာဖြစ်သော်ငြား အခြေခံနားလည်မှုတော့ ရှိသည်ပင်။
၎င်းအား တစ်စုံတစ်ရာကို တစ်ခါထိတွေ့ရုံနှင့် အခြားအရာများကို ခန့်မှန်းနိုင်ခြင်းဟုခေါ်သည်။
"အစ်ကိုချင် ကျွန်မ…ရဲတင်းမိသွားလား"
ယဲ့လင်းရွှမ်သည် ချင်ချွမ်းက တွန့်ဆုတ်နေသည်ကိုမြင်သောအခါ ချက်ချင်းပင် စိတ်ပူသွားရ၏။
"လုံးဝ မဟုတ်ပါဘူး"
ချင်ချွမ်း ခေါင်းခါယမ်းလျက် မိမိကိုယ်ကိုနှိမ့်ချစွာဖြင့် ပြန်ပြောလိုက်သည်။
"ကျုပ်ရဲ့လက်ရှိအခြေအနေကြောင့် ခင်ဗျားကို မကူညီနိုင်ခဲ့ရင် အလွန် ရှက်စရာကောင်းသွားမှာကို ကျုပ် စိုးရိမ်နေတာပါ"
သူသည် အဓိကသော့ချက်ဖြစ်သော စကားလုံးကို ထုတ်ဖော်ခဲ့လေ၏။
အခြေအနေ!
၎င်းမှာ ကြိုတင်သတိပေးချက်တစ်ခုနှင့် ညီပေသည်။နောက်ပိုင်း၌ သူ တစ်ကယ် မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုလျှင် ထိုအရာအား အကြောင်းပြချက်အဖြစ် သူ သုံး နိုင်လေ၏။
ငါ မစွမ်းဆောင်နိုင်တာမဟုတ်ဘူး...ငါ့ရဲ့လက်ရှိ အခြေအနေက မကောင်းလို့ပဲ။ ငါ့ရဲ့လက်ရှိခွန်အားက ငါ အထွတ်အထိပ်ရောက်ခဲ့တဲ့အချိန်ရဲ့တစ်ဘီလီယံပုံတစ်ပုံတောင်မရှိသေးဘူး!
"ကျွန်မ သဘောပေါက်ပြီ၊ အစ်ကိုချင်...ရှင်က အတွေးလွန်နေတာပါ"
ယဲ့လင်းရွှမ်မှာ ချက်ချင်းပင် သက်ပြင်းချမိသည်။ ထို့နောက် သူမ၏ပါးစပ်ကိုအုပ်၍ ရယ်မောကာ...
"တကယ်တော့ အဲ့ဒါက အစ်ကိုချင်အတွက် ခက်ခဲတဲ့ အရာမဟုတ်ပါဘူး၊ အစ်ကိုချင်မှာ အရင်တုန်းက ကျင့်ကြံမှုတွေ မရှိတော့ပေမယ့်...နယ်ပယ်တိုင်းမှာရှိတဲ့ ဉာဏ်အလင်းနဲ့ အတွေးအမြင်တွေကတော့ ရှိနေဦးမှာပဲ"
အာ ဒါက…
ချင်ချွမ်းတစ်ယောက် ထပ်ပြီးစိတ်ပူသွားရပြန်၏။
ဒါဟာ နယ်ပယ်ကိစ္စလား...ကျင့်ကြံမှုဉာဏ်အလင်းကိစ္စလား။
ထိုအတိုင်းသာဆိုလျှင် သူ့အတွက် ရှောင်တိမ်းရန် ပိုခက်ခဲသွားလေပြီ။ နောက်ဆုံးမှာတော့ သူ၏ လက်ရှိ အခြေအနေသည် "ကျင့်ကြံမှုဆုံးရှုံးနေခြင်း"သာ ဖြစ်နေသည်။ သူ့ဉာဏ်အလင်းများကို ဆုံးရှုံးသွားခြင်း မဟုတ်ပေ။ သူသာ အခြေခံမေးခွန်းအချို့ကို မှားယွင်းစွာ ဖြေခဲ့မိလျှင်...
သို့သော်ငြား လက်ရှိအခြေအနေ၌ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။ သူ သူ့ကိုယ်သူအတွက် အားတင်းထားရန်သာ တတ်နိုင်လေ၏။
သူသည် ခွေးအိုကြီးကဲ့သို့ပင် တည်ငြိမ်သောအသွင်အပြင်ကို ထိန်းသိမ်းထားကာ ပြုံးလိုက်သည်။
"ဒါဖြင့် အတိအကျ ပြောပါဦး"
"ဟုတ်ကဲ့"
ယဲ့လင်းရွှမ်က ခေါင်းညိတ်လာလေ၏။ သူမ၏အမူအရာမှာ လေးနက်လာပြီး ပေါ့ပေါ့တန်တန် မပြုမူရဲဘဲ မေးလိုက်သည်။
"အစ်ကိုချင်ကို မေးခွင့်ပြုပါ၊ တစ်သက်တာလုံးကျင့်ကြံနိုင်ဖို့အတွက် စကားလုံးတစ်လုံး ရှိပါသလား"
ချင်ချွမ်း မှင်သက်သွားရကာ ပါးစပ်က ပြောမိသွားခဲ့လေ၏။
"မိမိကိုယ်တိုင်က မလိုလားအပ်သောအရာကို တစ်ပါးသူအပေါ် မပြုကျင့်လေနှင့်"
သူ ပြောပြီးသည်နှင့် သူ့ကိုယ်သူ ထရိုက်လုနီးပါး ဖြစ်သွားရသည်။
ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာတွေလဲ။ သူ့စိတ်က အတိတ်ဘဝမှ စာသားများကို မှတ်မိနေသောကြောင့် အလိုလိုထွက်သွားခြင်းဖြစ်၏။
သူမက ကျင့်ကြံမှုအကြောင်း မေးနေတာ သိသာလှသည်။
သို့သော်ငြား မမျှော်လင့်ထားသည်မှာ ယဲ့လင်းရွှမ်သည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားခဲ့ရပြီး အတွေးနက်ရှိုင်းသွားသည့် အသွင်အပြင်ကို ဖော်ပြလာခဲ့၏။
ချင်ချွမ်းလည်း ထိုပုံစံကိုမြင်သောကြောင့် သဘာဝကျစွာပင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ အခုလိုအခြေအနေမျိုး၌ သူ ဘာမှရှင်းပြလို့မရချေ။
အချိန်အတော်ကြာပြီးနောက် ယဲ့လင်းရွှမ်သည် အသိပြန်ဝင်လာပြီး ချင်ချွမ်းအား လေးစားစွာ ဦးညွှတ်၍ ရိုးသားစွာ ပြောလာခဲ့၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုချင်၊ ကျွန်မရဲ့မသေချာမှုတွေကိုဖယ်ရှားပေးတဲ့အတွက်"
"အရေးမကြီးတဲ့ ကိစ္စပါ"
ချင်ချွမ်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် ပြုံးကာဖြင့် လျှို့ဝှက်အောင်မြင်မှုများရှိထားသူတစ်ဦး၏ ခမ်းနားသောအမူအရာကို ပြသခဲ့လေ၏။
တစ်ဖက်လူက ဘာကြောင့် ထိုကဲ့သို့မေးခွန်းမျိုးကို မေးလာသလဲဆိုတာကို သူအလွန်သိချင်နေသော်လည်း မမေးမြန်းခဲ့ပေ။
မေးမြန်းခြင်းက သူ၏ဉာဏ်ပညာကိုသာ ဖော်ပြမိသွားလိမ့်မည်မဟုတ်ပါလော။ သူသည် သူ့အပိုင်သင်္ချိုင်းတွင်းကို တူးမည်မဟုတ်ပေ။
သူ ထင်မြင်ယူဆသလောက်တော့...
၎င်းမှာ အဆင့်မြင့်နယ်ပယ်ကျွမ်းကျင်သူများ၏ နည်းလမ်းတစ်ခု ဖြစ်လောက်သည်။ ဖြစ်နိုင်သည်မှာ သူတို့၏ကျင်ကြံခြင်းကို စောင့်ထိန်းရန်အတွက် မှန်ကန်သော စကားတစ်ခွန်း လိုအပ်နေခြင်း သို့မဟုတ် ယုံကြည်ချက်တစ်ချို့ဖြင့် သိုင်းတာအိုထဲသို့ ဝင်ရောက်လိုခြင်း သို့မဟုတ် ချောချောမွေ့မွေ့ စီးဆင်းနေသော အတွေးနောက်ကိုသာ လိုက်လျှောက်လိုခြင်းပင်။
ထိုအရာများအား သူ ယခုအချိန်၌ ခေါင်းမစားထားပေ။ တစ်စုံတစ်ဦးကသာ ထိုအဆင့်ကို ရောက်ရှိခဲ့လျှင် သဘာဝကျစွာပင် သူတို့ နားလည်လာလိမ့်မည်။
"ဘုန်း!"
ရုတ်တရက်ပင် ဖိအားတစ်ခုက ကောင်းကင်ယံမှဆင်းသက်လာခဲ့ကာ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ မိုင်တစ်ထောင်နီးပါးရှိမည့်ပတ်ဝန်းကျင်ကို ပြင်းထန်စွာ တုန်ခါစေခဲ့၏။
"အရှေ့ပိုင်နက်က ရွှယ်မိသားစုရဲ့ ဒုတိယသား ရောက်ရှိလာတယ်! ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ထွက်လာပြီး နှုတ်ဆက်ကြစမ်း!"
ဩဇာရှိသောအသံတစ်ခုက ပဲ့တင်သံထပ်လာသည်။
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ တပည့်များစွာသည် ချက်ချင်းပင် ထိတ်လန့်စွာ မော့ကြည့်မိကြလေ၏။ အကြီးအကဲများနှင့် မဟာအကြီးအကဲများ၏ အမူအရာများပင်လျှင် ပြောင်းလဲကုန်ကြသည်။
ရွှယ်မိသားစုလား။
ရွှယ်မိသားစုဆိုတာ ဘာလဲ။
သူတို့ လုံးဝမကြားဖူးကြပေ။
သူတို့ မကြားဖူးသော်လည်း ကောင်းကင်မှ ဆင်းသက် လာသော ဖိအားမှာ တော်ရုံမဟုတ်ပေ။ ၎င်းမှာ ကောင်းကင်ဘုံ စွမ်းအားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး လူတိုင်းအား ထိတ်လန့်စေခဲ့၏။
"ကျုပ် ကျောက်ဖူလုံက ကိုယ်ခံပညာခုနစ်ဂိုဏ်းရဲ့မဟာအကြီးအကဲပါ၊ ဒီလိုကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေက ဘာကြောင့်များ ကျုပ်တို့ကိုယ်ခံပညာဂိုဏ်းရဲ့ တည်ရှိမှုကို သတိထားမိသွားခဲ့တာလဲ မေးပါရစေ"
ကျောက်ဖူလုံက လျှို့ဝှက်ချိုင့်ဝှမ်းထဲမှ ပျံသန်း ထွက်လာသည်။ ထို့နောက် ဖိတ်ခေါ်ထားခြင်းမရှိသော ဧည့်သည်နှစ်ဦးနှင့် မီတာတစ်ရာအကွာအဝေးမှာ ရပ်လိုက်၏။
"ခင်ဗျားက ကျောက်ဖူလုံလား"
ရွှယ်မိသားစု၏ဒုတိယသားမှာ သာမန်အသွင်အပြင်သာ ရှိသည်။ သူက ရိုးရှင်းပုံရသော်လည်း ယုံကြည်ချက်များဖြင့် လုံးဝပြည့်နှက်နေလေ၏။
"ခင်ဗျားဆီမှာ အသားအရေဖြူစင်ပြီး နိုင်ငံတော်အလှတရားမျိုးကို ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး ရှိတယ်လို့ ကျုပ်ကြားတယ်"
ကျောက်ဖူလုံသည် ထိုစကားကို ကြားသောအခါ သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားလေသည်။ ဒီဧည့်သည်များက ဖော်ရွေမှုမရှိကြောင်း သူ သိလိုက်ပေ၏။
ထိုကဲ့သို့စကားလုံးများဖြင့် ဤလူငယ်လေးထံ၌ မည်ကဲ့သို့သောကြံစည်မှုမျိုး ရှိနေလဲဆိုတာကို သူ မသိဘဲ မနေချေ။
သူ အတင်းအကျပ် ပြုံးကာ ပြောလိုက်သည်။
"ဒါက ပြက်လုံးတစ်ခုပါပဲ၊ ကျုပ်တပည့်မလေးရဲ့အသွင်အပြင်က တော်တော်လေးကောင်းပေမယ့် သူမကို ရင်သပ်ရှုမောဖွယ်ရာအလှတရားအဖြစ်တော့ သတ်မှတ်လို့မရပါဘူး၊ ဒီနယ်မြေခုနစ်ခုလို သေးငယ်တဲ့မြေပေါ်မှာသာ လူသိများတာပါ၊ သူမက ဒုတိယသခင်လေးကို ဘယ်လိုလုပ်ပြီး မျက်စိကျစေနိုင်ပါ့မလဲ"
ထိုစကားလုံးများက အသုံးမဝင်ဘူးဆိုတာကို သူသိ သော်လည်း သူ ပြန်ပြောရန် လိုအပ်ဆဲပင်။ အကျိုးသက်ရောက်မှုတစ်ချို့ ရှိကောင်းရှိနိုင်သည်ဟု သူ မျှော်လင့်မိခဲ့၏။
"ဟဲဟဲ ရင်သပ်ရှုမောဖွယ်ရာမရှိဘူးဆိုရင်တောင် ကျုပ် ရောက်လာပြီးသားဖြစ်နေမှတော့ သူမကို တွေ့သွားရမယ်"
ရွှယ်မိသားစု၏ဒုတိယသားက အနည်းငယ် ပြုံးလာကာ ခြိမ်းခြောက်မှုအရိပ်အမြွက်ဖြင့် ပြောလာသည်။
"ကျုပ်က သူမကို တစ်ကြိမ်လောက်လေး တွေ့ဖို့တောင် အရည်အချင်းမပြည့်မီတာတော့ မဟုတ်ဘူးမလား"
"ဒါက…"
ကျောက်ဖူလုံက တွန့်ဆုတ်သွားပြီးနောက် ခါးသီးစွာ ပြုံးလေ၏။
"ဒီလိုဆိုမှတော့ ကျုပ်ရဲ့တပည့်မလေးကို ဒုတိယသခင်လေးနဲ့ တွေ့ဖို့ ထွက်လာခိုင်းလိုက်ပါ့မယ်"
သူ လျင်မြန်စွာ သတင်းပို့ခဲ့သည်။
မကြာခင်မှာပင် ရွှေ့ချင်းရိုက ထွက်လာလေ၏။ သူမသည် ကျော့ရှင်းသော အပြာဖျော့ရောင် ပိုးသားဂါဝန်ကို ဝတ်ဆင်ထားသည်။ ၎င်းက သူမ၏ လှပသောခန္ဓာကိုယ်ကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ သူမသည် ဖြူစင်၍ အပြစ်အနာအဆာမရှိသော အပြာရောင်ကြာပန်းနှင့်တူလှ၏။
သို့သော်…
သူမ၏မျက်နှာပေါ်တွင် နက်ပြာရောင် မွေးရာပါအမှတ်အသားတစ်ခု ရှိနေလေရာ သူမ၏အလှအပကို ပျက်စီးစေလေသည်။ အနည်းငယ်မျှပင် ရုပ်ဆိုးနေသေး၏။
အပြစ်ကင်းစင်ကာ ချစ်စရာကောင်း၍ အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သော မိန်းမငယ်လေးက အံ့အားသင့်စရာအား ထုတ်ပြလာသကဲ့သို့ပင်။
သူမက သူ့ထက်ပင် အရွယ်ရင့်နေသေးသည်။