သခင်လေး၏ရွေးချယ်မှုနှင့် ဂူသင်္ချိုင်း အဖောက်ခံရခြင်း
Vol. 6 Ch. 90
"ရွှေ့ချင်းရိုက ဒုတိယသခင်လေးကို ဂါရဝပြုပါတယ်"
ရွှေ့ချင်းရိုက အနည်းငယ် ဦးညွှတ်လာသည်။ သူမ၏မျက်လုံးများက တမင်တကာ ရှောင်ရှားနေခြင်းမရှိသလို အလွန်အမင်း အကျိုးလိုလားနေခြင်းလည်း မရှိပေ။ တည်ငြိမ်နေရုံမျှသာ ဖြစ်၏။
သူမ၏သဘာဝကိုက ထိုကဲ့သို့ဖြစ်နေပုံရသည်။
ရုပ်ဆိုးသော်လည်း သိက္ခာရှိ၏။
ရုပ်ဆိုးသော်လည်း ယုံကြည်မှုရှိသည်။
ရုပ်ဆိုးသော်လည်း တည်ငြိမ်၏။
အမှားတစ်ခုခုကို လုံးဝသတိမထားနိုင်ပေ။
"ဒါက..."
ရွှယ်ကျုံး၏မျက်နှာပေါ်တွင် ပြင်ဆင်ထားသော အပြုံးက ရုတ်တရက် တောင့်ခဲသွားလေသည်။
သူ ခဏတာမျှ မှင်သက်သွားရပြီးနောက် ရွှေချင်းရိုအား ဂရုတစိုက် စစ်ဆေးမိ၏။ သူမမျက်နှာပေါ်ရှိ မွေးရာပါအမှတ်အသားမှာ ဆေးခြယ်ထားခြင်းမရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။ ထိုအရာက သူမ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်နေကာ ခွဲခြား၍မရနိုင်ပေ။
ထို့အပြင် ထိုမိန်းကလေးသည် အလွန်နှိမ့်ချခြင်းမရှိ သလို အလွန်မာနကြီးနေခြင်းလည်း မရှိချေ။ သူမ၏မျက်နှာပေါ်၌ ပုံမှန်မဟုတ်သော အမူအရာမျိုး မရှိနေပေ။ ထိုကဲ့သို့ပုံစံမျိုးဖြစ်နေခြင်းအား အသားကျနေသည့်အလားပင်။
သူမသာ အလွန်စိတ်လှုပ်ရှားနေခဲ့လျှင် သူ့ကိုကြောက်လန့်စေရန်အတွက် တမင်တကာ ရုပ်ဆိုးအောင်ပြုပြင်ပြီး ဟန်ဆောင်နေသည်ဟု သူ သံသယဝင်မိလိမ့်မည်။
သို့သော်ငြား သူမက အလွန်တည်ငြိမ်ကာ အလွန်ယဉ်ကျေးသည်။ ထို့အပြင် သူမထံ၌ ကောင်းမွန်သော ခန္ဓာကိုယ်နှင့် ယဥ်ကျေးသော စိတ်နေသဘောထား ရှိ၏။ သူမ၏မျက်နှာသာမပါလျှင် သူမသည် တကယ်ပင် ရှားပါးသော မိန်းမလှတစ်ဦး ဖြစ်သည်။ ၎င်းက သူမ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း ပြသနေလေ၏။
ယုတ္တိရှိရှိပြောရလျှင် တစ်စုံတစ်ယောက်ကသာ စိတ်နေသဘောထားကို တန်ဖိုးထားပါက ဤကဲ့သို့အမျိုးသမီးကို သေချာပေါက် တန်ဖိုးထားလိမ့်မည်။ နောက်ဆုံးမှာတော့ သူတို့က မိန်းကလေးများအား လက်မောင်းထဲ၌ ပွေ့ဖက်ထားကြရန် စိတ်မဝင်စားကြပေ။
သို့သော်ငြား...
စိတ်မကောင်းစရာမှာ သူက မျက်နှာကို ကြည့်သောသူပင်။
"အဟမ်း…ကျုပ်က အရှေ့ပိုင်နက်ကနေ ဒီအမျိုးသမီးလေးဆီမှာ ထူးခြားတဲ့ စိတ်နေသဘောထားနဲ့ ပြိုင်ဘက်ကင်းတဲ့အလှတရားရှိတယ်လို့ ကြားခဲ့ရတယ်၊ ဒါကအမှန်ပဲ ဆိုတာကို ကျုပ် သိလိုက်ပါပြီ"
ရွှယ်ကျုံးသည် ပေါ့ပေါ့တန်တန် ချောင်းဆိုးလျက် စိတ်မသက်မသာဖြစ်နေသော်လည်း ယဉ်ကျေးစွာ ပြုံး၍ သူ့လက်များကို ယှက်လိုက်သည်။
"ကျုပ်ဆီမှာ အရေးပေါ်လုပ်စရာကိစ္စလေးတွေ ရှိနေလို့ နှုတ်ဆက်ပါတယ်!"
ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်သွားခဲ့၏။ သူ့စိတ်ထဲ၌ ဆဲဆိုကာ ဒေါသထွက်နေမိသည်။ လူများက ကောလာဟလများ ဖြန့်ရခြင်းကို ကြိုက်နှစ်သက်ကြောင်း သူ ကြိုတွေးထားသင့်၏။
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကလည်း မဟုတ်တာကို ကြွားဝါလွန်းသည် မဟုတ်ပါလော။ လူတွေက ချဲ့ကား ပြောဆိုလာသည်နှင့်အမျှ ရုပ်ဆိုးသောမိန်းကလေးမှာလည်း မိန်းမလှတစ်ဦးဖြစ်လာရသေးသည်။
"အင်း ယုံကြည်စိတ်ချလို့မရတဲ့ အဲ့ဒီကောင်ရဲ့အပြောအရ လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှာလည်း တော်တော်လေး ဆွဲဆောင်မှုရှိတဲ့ လျိုရူရွှမ် ရှိတယ်ဆိုပဲ၊ ငါ သွားကြည့်ဖို့ တန်ဖိုးရှိနိုင်တယ်"
ထိုအတွေးဖြင့် သူ့ကိုပေးထားသော "မိန်းမလှရှာဖွေရေးမြေပုံ" အပေါ်၌ အခြေခံ၍ လေနှင့်မိုးကြိုးချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားလိုက်၏။
သူတို့အားလုံးက ရုပ်ဆိုးနေလို့မရပေ။
တစ်ချိန်တည်းမှာပင် သူ့ဘေးမှာရှိနေသော အစေခံအဖြစ်လည်းကောင်း အစောင့်အရှောက်အဖြစ်လည်းကောင်း တာဝန်ရှိသည့် အဘိုးအိုသည် ဒုတိယသခင်လေး၏ မျှော်လင့်ချက်မဲ့နေသော အကြည့်ကိုမြင်ကာ သူ့ညာဘက်လက်ဖြင့် နဖူးကို တိတ်တဆိတ် အုပ်လိုက်မိသည်။
စိတ်ညစ်ပါတယ်!
ရွှယ်မိသားစု၏ပထမသခင်လေးတွင် ထူးခြားသော အရည်အချင်းရှိကာ အရှေ့ပိုင်နက်ထဲမှာပင်လျှင် အတော်အတန် နာမည်ကျော်ကြား၏။ သို့သော်ငြား ဒုတိယသခင်လေးကတော့ ဤကဲ့သို့ ပျင်းရိတတ်သောသူ ဖြစ်သည်။
အလေးအနက်ထားရမည့်ကိစ္စများကို အာရုံစိုက် မည့်အစား သူက အမျိုးသမီးများကိုသာ စိတ်ဝင်စားလေ၏။
နေ့တိုင်းပင် သူက အမျိုးသမီးများကို မြှူနေတတ်သည်။ သို့မဟုတ် အမျိုးသမီးများအား ရှာဖွေသည့် လမ်းပေါ်မှာ ဖြစ်လေ၏။
ဤယိုယွင်းနယ်မြေသို့ ရောက်လာရသော အကြောင်းပြချက်မှာလည်း မတိုင်ခင်က ထင်ရှားကျော်ကြားသည့် မိသားစုများမှ မိန်းကလေးငယ်များစွာကို စနောက်မိခဲ့၍ ရိုက်နှက်ခံခဲ့ရသောကြောင့်ပင်။ ထို့အပြင် အရှေ့ပိုင်နက်၌ အမျိုးသမီးများအား လိုက်ရန်အတွက် ကုန်ကျစရိတ်မှာလည်း အလွန်မြင့်မားသည်ကို သဘောပေါက်သွားရှာသည်။ ထို့ကြောင့် ဤနယ်မြေခုနစ်ခုထံ၌ သူ့ကံကို စမ်းသပ်ရန် ရောက်လာခဲ့ခြင်းပင်။
ကြီးမားသောနေရာအရပ်၌ သူ မဆင်မခြင် မလုပ်ဆောင်နိုင်ပေ။ သေးငယ်သောနေရာအရပ်၌မူ သူ လိုချင်သော တစ်စုံတစ်ရာကို လုပ်ဆောင်နိုင်သည် မဟုတ်ပါလော။
ယင်းကဲ့သို့အပြုအမူသည် အရှေ့ပိုင်နက်ရှိ အဓိကအင်အားစုများ၏ မျက်လုံးထဲတွင် အလွန်သိက္ခာကျဆင်းစေသော လုပ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။
လက်ရှိ သူကိုယ်တိုင်မှာလည်း ဒုတိယသခင်လေးမှ အမျိုးသမီးများကို လိုက်ရှာနေစဉ်တွင် အစောင့်အရှောက်အဖြစ် သူ့ကို ကာကွယ်နေရခြင်းအား လုံးဝ သိက္ခာကျသလို ခံစားနေရ၏။
မကြာခင်မှာပင် သူတို့နှစ်ယောက်စလုံးက အဝေး ရောက်သွားခဲ့ကြသည်။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း လည်း ပြန်ငြိမ်းချမ်းသွားကာ လူတိုင်းမှာ သက်ပြင်းချ မိကြ၏။ မည်သူကမျှ ဆက်လက် ကျင့်ကြံရန် စိတ်မပါကြတော့ချေ။
သူတို့ တကယ်ပင် ထိတ်လန့်ခဲ့ရသောကြောင့် တစ်ရက်လောက် နားလိုက်ခြင်းက ပိုကောင်းသည်။
တရားဝင် တစ်ရက် အနားယူခြင်းပင်။
တစ်ချိန်တည်းမှာပင် ချောက်ကမ်းပါးအစွန်းမှာရှိနေသော ချင်ချွမ်းလည်း အလွန်အံ့အားသင့်ခဲ့ရ၏။
ထိုဇာတ်ညွှန်းက မမှန်နေပေ။
အဲ့ဒီလူငယ် ဒီနေရာကို ရောက်လာတာက မာနကြီးပြီး ပဋိပက္ခတွေ ဖြစ်ပေါ်စေဖို့ မဟုတ်ဘူးလား။ လူတွေကို အတွေ့အကြုံပေးဖို့ မဟုတ်ဘူးလား။
ဒီလိုမျိုး အေးအေးဆေးဆေး ထွက်သွားရုံပဲလား။
ဒီလောကထဲက လူတွေက သူတို့ရဲ့အသက်တွေကို စောင့်ရှောက်ထိန်းသိမ်းထားဖို့အတွက် ဒီလောက်တောင် စိတ်အားထက်သန်ကြတယ်လား။
"ဟူး…"
ချင်ကျီကလည်း သက်ပြင်းချနေသည်။
ရွှယ်မိသားစုမှ ဒုတိယသခင်လေးသာ ချင်းရိုအား ဆက်လက်၍ အတင်းအကျပ်ဒုက္ခပေးနေပါလျှင် သူ သေချာပေါက် ထရပ်ကာ တိုက်ခိုက်ရလိမ့်မည်။ သို့သော်ငြား ထိုကဲ့သို့လုပ်ခြင်းအားဖြင့် သူ့အဖေကိုယ်တိုင်မှ ဝင်ရောက်စွက်ဖက်ပေးရန် လိုအပ်နေတုန်းပင်။ ၎င်းက သူ့အဖေ၏ဒဏ်ရာများကို ပြန်ဖြစ်စေလိမ့်မည်။
ထို့ကြောင့် ကိစ္စများ ငြိမ်းချမ်းသွားခြင်းက သဘာဝကျစွာပင် အကောင်းဆုံး ရလဒ် ဖြစ်၏။
"အစ်ကိုချင် ရှင် ဒဏ်ရာရထားတော့ ပြန်ပြီးကျန်းမာအောင် အနားယူသင့်ပါတယ်၊ ကျွန်မ ရှောင်ကျီကို လေ့ကျင့်ဖို့အတွက် အရင်ခေါ်သွားလိုက်ပါ့မယ်"
ထိုအချိန်၌ ယဲ့လင်းရွှမ်က ပြောလာသည်။
"အင်း ဒါဆိုလည်း မင်းကို ဒုက္ခပေးမိပါပြီ"
ချင်ချွမ်းလည်း ခေါင်းညိတ်ကာ နွေးထွေးမှုအပြည့်ပါနေသော အားပေးသည့်အကြည့်တစ်ချက်ကို ဖော်ထုတ်ပြခဲ့၏။
"ဒုက္ခမဟုတ်ရပါဘူး"
ယဲ့လင်းရွှမ်က ထပ်ပြီးမျက်နှာနီရဲသွားပြန်သည်။ ထို့နောက် စကားပေါ့ပေါ့ပါးပါးတစ်ချို့ကို ပြောဆိုပြီးနောက် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ချင်ကျီ၏လက်စွပ်သို့ ပြန်ဝင်သွားလေ၏။
"အဖေ ကျွန်တော် သွားလိုက်ပါဦးမယ်"
ချင်ကျီက ထိုကဲ့သို့ ပြောပြီးနောက် အပေါ်ကို ခုန်တက် ကာ ရွှယ်မိသားစု၏ဒုတိယလူငယ်သခင်နှင့်ဆန့်ကျင်ဘက်ဦးတည်ရာသို့ ပျံသန်းသွားခဲ့သည်။
နောက်ဆုံး၌ ချင်ချွမ်းသာလျှင် ချောက်ကမ်းပါးပေါ်တွင် ကျန်ရစ်ခဲ့လေ၏။ ထို့နောက် သူ အနည်းငယ်တွေးတောကာ စာကြည့်တိုက်ရှိရာသို့ ပျံသန်းလာခဲ့သည်။
စာဖတ်ခြင်း!!
ထိုဖြစ်ရပ်ဖြစ်ပျက်ခဲ့ပြီးနောက် သူ့ကိုယ်ပိုင် အသိပညာက အကန့်အသတ် ရှိနေသည်ကို သဘောပေါက်ခဲ့လေ၏။ သူ့အမြင်များကိုလည်း ချဲ့ထွင်ရမည်ဟု ခံစားရလေသည်။
အကောင်းဆုံးနည်းလမ်းမှာ စာအုပ်များဖတ်ခြင်းပင်။
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၌ စာအုပ်ပင်လယ်ကြီး ရှိကာ အရာအားလုံးကို သိမ်းဆည်းထားနိုင်လေ၏။ သို့သော်ငြား ကျင့်ကြံမှုလျှို့ဝှက်လက်စွဲစာအုပ်များမှလွဲ၍ အခြားသော စာအုပ်အမျိုးမျိုးသည် အလှပြသထားရန်အတွက်သာ ဖြစ်သည်။
လူတိုင်းက ကျင့်ကြံခြင်းဖြင့် အလုပ်များနေကြရာ ကျင့်ကြံမှုနှင့် မသက်ဆိုင်သော စာအုပ်များအတွက် အချိန်ပေးလေ့မရှိကြပေ။ သူသာလျှင် ဤကဲ့သို့ အသေးအဖွဲ့စိတ်ဝင်စားမှုထံ၌ နစ်မွန်းနေခြင်းပင်။
"နောက်ကျရင် ငါ ချင်ကျီကို တစ်ယောက်တည်း လေ့ကျင့်ဖို့ ခရီးစထွက်ခွင့်ပြုရမယ်၊ ဒီကလေးက အများကြီး ကံကောင်းတဲ့အပြင် ယဲ့လင်းရွှမ်က သူ့ကိုကာကွယ်ပေးနေတော့ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ ရှိလာမှာမဟုတ်ဘူး"
"သူ့ခွန်အား နည်းနည်းလောက် ပိုတိုးတက်လာတာနဲ့ ငါ သူ့ကို နေကိုးလုံးလုံးနယ်မြေကနေ ခေါ်ထုတ်ပြီး အရှေ့ပိုင်နက်မှာ စိတ်လှုပ်ရှားစရာတွေ ရှာဖွေဖို့ စီစဥ်နိုင်တယ်"
…
နှစ်လ ကြာသွားလေပြီ။
ဒီအချိန်အတောအတွင်း၌ ချင်ချွမ်းသည် စာကြည့်တိုက်ထဲရှိ စာအုပ်ပင်လယ်ထဲ၌ နစ်မွန်းနေလေ၏။ ရံဖန်ရံခါတွင် လေကောင်းလေသန့်ရှူရန်အတွက် ထွက်လာကာ မကြာသေးခင်က ဖြစ်ခဲ့သော ဖြစ်ရပ်များကို နားထောင်လေ့ရှိသည်။
ချင်ကျီအကြောင်းပါသည့် သတင်းကတော့ မရောက်လာပေ။
အဟန့်အတားနှင့်ကြုံတွေ့နေတာလား သို့မဟုတ် ကြီးမားသောလှုပ်ရှားမှုတစ်ခုခုအား ဖန်တီးနေတာလားကို မသိနိုင်ပေ။
သို့သော်ငြား နေကိုးလုံးနယ်မြေထဲတွင် ရယ်စရာကောင်းသည့် ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့လေ၏။
ပထမတစ်ခုမှာ -
အရှေ့ပိုင်နက်မှလာသော ရွှယ်မိသားစု၏ ဒုတိယသခင်သည် လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှ လျိုချင်းရှန် ၏သမီးဖြစ်သော လျိုရူရွှမ်းအား ကလူနေစဥ် သူမထံမှ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
အဓိကအချက်မှာ ထိုလူငယ်သည် ဒေါသထွက်သွားပုံမရဘဲ ထိုအစား သူ့ဒဏ်ရာများကို ကုသရန်ဟူသော အကြောင်းပြချက်ကိုအသုံးပြုကာ လေနှင့်မိုးကြိုးချိုင့်ဝှမ်းထဲ၌ ဆက်နေပြီး ထွက်သွားရန် ငြင်းဆန်ခဲ့လေ၏။
ထိုလှုပ်ရှားမှုမှာ နေရောင်ခြည်အလင်းကဲ့သို့ ရှင်းလင်း လှပြီး ရည်ရွယ်ချက်များကလည်း *စစ်မာကျောက်၏ နှလုံးသားကဲ့သို့ ရှင်းလင်းလှသည်။
နောက်တစ်နည်းဖြင့်ပြောရလျှင် အလွန်အစွမ်းထက်သော မိသားစုမှ သခင်လေးတစ်ဦးက ဤကဲ့သို့သောပုံစံဖြင့် အမျိုးသမီးများအား လိုက်ရှာနေခြင်းမှာ တကယ်ပင် ရှားပါးလှ၏။
ဒုတိယတစ်ခုမှာ-
မကြာသေးခင်က နယ်မြေအတွင်းတွင် ရူးသွပ်နေသည့် ဂူသင်္ချိုင်းဖောက်သူတစ်ဦး ထွက်ပေါ်လာခဲ့ပြီး ထင်ရှားကျော်ကြားသော မိသားစုများ၏ ဘိုးဘွားသင်္ချိုင်းများမှာ လုယက်ခံခဲ့ရသည်။
ထို့အပြင် ထိုဂူသင်္ချိုင်းဖောက်သူမှာ တော်တော်လေးကို မဆင်မခြင် ပြုမူလွန်း၏။ သူသည် သင်္ချိုင်းထဲမှ အရာဝတ္ထုများအားလုံးကို ယူဆောင်သွားခဲ့ရုံသာမက ခေါင်းတလားအတွင်းရှိ အလောင်းများကိုလည်း အဝတ်များချွတ်ကာ မြေပြင်ပေါ် ပစ်ချခဲ့ပြီး ခေါင်းတလားပြားများကိုပင် ယူသွားခဲ့သည်။
ပြောရလျှင် ထိုဘိုးဘွားသင်္ချိုင်းများကို ထောင်ချောက်များ၊ အမျိုးမျိုးသော အစီအရင်များ ဖြင့် စောင့်ကြပ်ထားလေရာ အလွယ်တကူ လုယက်လို့မရပေ။
သို့သော်ငြား ထိုဂူသင်္ချိုင်းဖောက်သူသည် ထောင်ချောက်များနှင့် အမျိုးမျိုးသော အစီအရင်များအား အလွန်ကျွမ်းကျင်ပုံရ၏။ ထို့အပြင် သူ့ခွန်အားကလည်း အားမနည်းပေ။ အနည်းဆုံးတော့ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်မှာ ရှိရမည်။
၎င်းကပင် ပို၍သံသယဖြစ်ဖွယ်ရာကောင်းသည်။
ထိုကဲ့သို့ကျွမ်းကျင်မှုမျိုး ရှိနေသူတစ်ဦးထံ၌ ငွေကြေး ရော ရတနာများပါ မရှိဘဲ နေလိမ့်မည် မဟုတ်ချေ။
ဒါဆို ဘာကြောင့်များ ဂူသင်္ချိုင်းများကို လိုက်ဖောက်နေရသနည်း။
ဘာကြောင့်များ ဆက်တိုက်ဆိုသလို ဂူဖောက်နေရသနည်း။
မည်ကဲ့သို့သော ကတိကဝတ်မျိုးက ထိုလူအား ဤထူးဆန်းကာ မှောင်မိုက်သည့် ဂူသင်္ချိုင်းများကို ဆက်လက်၍ ခြောက်လှန့်ခိုင်းနေသနည်း။
၎င်းက သစ္စာတရားကြောင့်လား။
အချစ်ကြောင့်လား သို့မဟုတ် တာဝန်ယူမှုကြောင့်လား။
ဘယ်သူကမှ မသိကြပေ။
ထို့အပြင် ထိုဂူသင်္ချိုင်းဖောက်သူ၏ အထောက်အထားကလည်း လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေလေ၏။ အကြောင်းမှာ ထိုလူသည် အလွန်အသေးစိတ်ကျပြီး အခုအချိန်အထိ မည်သည့်ခြေရာကိုမှ မချန်ထားခဲ့ပေ။
ထိုလူက ခန္ဓာကိုယ်တောင့်တင်းသူ သို့မဟုတ် ဝသောသူ တစ်ယောက် ဖြစ်ကြောင်းကိုသာ ဥမင်များ၏ အချင်းကြီးမားမှုကို ကြည့်၍ ခန့်မှန်းနိုင်ခဲ့သည်။
"ဒါက… အဲ့ဒီလူများလား"
ချင်ချွမ်းထံ၌ ထူးခြားသောအမူအရာ ထွက်ပေါ်လာလေ၏။ ထိုသဲလွန်စများအားလုံးကို စုစည်း လိုက်သောအခါ သူ မသိလိုက်ဘာသာပင် တစ်စုံတစ်ယောက်အား တွေးမိသွားခဲ့သည်။
(T/N - "စစ်မာကျောက်ရဲ့စိတ်ထားကို လမ်းသွားလမ်းလာတိုင်း သိကြတယ်"ဆိုတဲ့ idiomကို လူတစ်ဦးတစ်ယောက်ရဲ့ ရည်ရွယ်ချက်က လူတိုင်းမြင်နိုင်တဲ့အထိ သိသာနေပြီဆိုရင် ဥပမာပေးဖို့ သုံးကြပါတယ်၊ စစ်မာကျောက်က စစ်သူကြီးပါ သူ့အဖေနဲ့ သူ့အစ်ကိုကလည်း ဝေ့တိုင်းပြည်ကို သိမ်းချင်လို့ အာဏာကို တဖြည်းဖြည်းရယူခဲ့ပြီး သူ့လက်ထဲရောက်လာတော့လည်း ဆက်ပြီးလုပ်ဆောင်ခဲ့တယ်၊ ဝေ့တိုင်းပြည်ရဲ့ စတုတ္ထမြောက်ဘုရင်ကောင်းမောင်က စစ်မာကျောက်ဆီက နန်းတွင်းအာဏာကို ပြန်လိုချင်လို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး၊ အပေါ်က idiomက ဘုရင်ကောင်းမောင်ပြောခဲ့တဲ့စကားကနေ ကိုးကားထားတာလို့ သိရပါတယ်၊ ပြောချင်တာကတော့ စစ်မာကျောက်ရဲ့ ရည်ရွယ်ချက်က သိသာလွန်းတယ်ပေါ့။ ဒီသမိုင်းကတော့ translator သိထားသလောက်ပါ...အမှားပါသွားရင် တောင်းပန်ပါတယ်။ )
*********************