နတ်ဘုရားတွေ ဆိုရင်တောင်မှ သေရမယ်
Vol. 1 Ch. 155
ရွှေချမ်လော့၏ မျက်ဝန်းများထဲတွင် အံ့သြသွားဟန် တစ်စွန်းတစ်စ ထွက်ပေါ်လာ ခဲ့သော်လည်း စိတ်လှုပ်ရှားသည့် ဟန်အဖြစ် ချက်ချင်းပြောင်းလဲ သွားခဲ့သည်။ သူမ ခပ်ရေးရေး ပြုံးလိုက်သည်။
"မဆိုးပါဘူး ... သူ့မှာ ဝှက်ဖဲလေးတွေ ရှိသားပဲ ... ဒီကိုလာရတဲ့ ဒီသခင်မလေးရဲ့အချိန်တွေ အလဟဿ မဖြစ်တော့ဘူးပေါ့ ... ဟားဟား ... ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ နံပါတ်တစ် ပါရမီရှင်ကို ဒီသခင်မလေးက ဘယ်လိုနင်းချေ ပြမလဲဆိုတာ ကြည့်ကြတာပေါ့ ... ဘလက်ကီ ... သွား"
"ဝေါင်း ... ဝေါင်း"
အနက်ရောင် ချီလင်ကြီးသည် နှာခေါင်း ပေါက်ကြီးများမှ အဖြူရောင် အခိုးအငွေ့များ မှုတ်ထုတ် လိုက်လေသည်။ အဖြူရောင် အငွေ့များသည် မြေပြင်နှင့် ထိတွေ့သွား သောအခါ မြေပြင်ပေါ်မှ မြက်ပင်များ မီးလောင်ကျွမ်း သွားကာ မီးသွေးကွင်း ပြင်ကြီး ဖြစ်သွားခဲ့သည်။ ၎င်းသည် ခွာလေးခုဖြင့် ဆောင့်နင်းလိုက်ကာ ကျန်းရီထံ နွားသိုးကြီး တစ်ကောင်အလား ပြေးဝင်လာခဲ့သည်။
ကျန်းရီသည် ကြောက်လန့်မနေပေ။ လက်ရှိအချိန်တွင် သူ့မျက်လုံးများ လုံးဝကို ရဲတောက်နေခဲ့ပြီ ဖြစ်ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါမှာလည်း နောက်တစ်ဆ တိုးသွားခဲ့သည်။ ထိုကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ရွှေချမ်လော့အား တုန်လှုပ်သွားအောင် ဖိနှိပ်လိုက် နိုင်သော်လည်း အနက်ရောင် ချီလင်ကြီး အပေါ်၌မူ လုံးဝသက်ရောက်မှု မရှိပေ။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အင်အားသည် ဒုတိယ အဆင့်၌သာ ရှိသေးရာ ဒုတိယအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲ များကိုသာ သေသေချာချာ ဖိနှိပ်ထား နိုင်လေသည်။ တတိယအဆင့် နတ်ဆိုးသားရဲများ အတွက်မူ အတော်လေး အားနည်း သွားပေသည်။
"ဘလက်ကီ ... သူ့ကို သေတဲ့အထိ နင်းပစ်လိုက်"
ရွှေချမ်လော့သည် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်မှု ခံနေရရာ မျက်နှာမှာ အတော်လေး ဖြူဖျော့ နေလေသည်။ သူမသည် ရှက်လွန်း၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမသည် လက်ကို ဆန့်တန်း၍ လေအား ဖမ်းဆုတ်လိုက်ရာ အလင်းတစ်ချက် လင်းလက် သွားခဲ့သည်။ မကြာခင်တွင် ငွေဘယက်သည် သူမလက်တွင်း ပြန်ရောက် လာခဲ့သည်။ အနက်ရောင် ချီလင်ကြီးသည် ခုန်လိုက်ကာ ကျန်းရီအား ခွာထူထူကြီးများဖြင့် ပေါက်လိုက်သည်။
"အတွင်းအား ပေါက်ကွဲလက်ဝါး"
ကျန်းရီသည် အနက်ရောင် အတွင်းအား အမျှင်များစွာကို လက်ဝါးဆီ ပို့ဆောင်လိုက်ကာ ချီလင်ကြီး၏ ခွာတစ်ခုအား လှမ်းရိုက် လိုက်သည်။
"ဗုန်း"
ကြောက်စရာ အတွင်းအားများ ထွက်ပေါ်လာခဲ့ပြီး ပေါက်ကွဲသံကြီး တစ်ခု မြည်ဟည်း သွားခဲ့သည်။ ပြင်းထန်လွန်းသော အတွင်းအား လှိုင်းကြီးသည် ချီလင်ကြီးအား လွင့်ထွက် သွားစေခဲ့ပြီး ကျန်းရီသည်လည်း ခြေလှမ်းများစွာ နောက်ဆုတ် လိုက်ရလေသည်။
တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်၏ ခုခံအားသည် အံ့အားသင့်စရာပင်။ အတွင်းအား လှိုင်းကြီးကြောင့် လွင့်ထွက်သွားကာ အပတ်ပေါင်းများစွာ လိမ့်သွားသော်လည်း ၎င်း၏ ဘယ်ဘက် အရှေ့ခွာမှ သွေးအနည်းငယ် ထွက်ရုံမှတစ်ပါး ထိခိုက်ဒဏ်ရာ လေးတောင် မရပေ။
ရွှေချမ်လော့သည်မူ သနားစရာ အခြေအနေ ဖြစ်နေလေသည်။ သူမသည် လွင့်ထွက်သွားသော ချီလင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရမည့် ဘေးမှ အချိန်မှီ ရှောင်တိမ်းလိုက် နိုင်သော်လည်း မြေပြင်ပေါ်တွင် လေးငါးပတ် လိမ့်သွားခဲ့သည်။ သူမ၏ ပုံပန်းသွင်ပြင်မှာ ဖုန်များဖြင့် ညစ်ပတ်နေ၍ အဝတ်အစားများလည်း ဖရိုဖရဲ ဖြစ်နေခဲ့လေသည်။ သူမ၏ လက်များသည် ပေပွနေကာ သပ်ရပ်လှသော ဆံပင်မှာလည်း ရှုပ်ပွသွား ခဲ့လေသည်။
"ကျန်းရီ ... ရှင်သေမယ် ... ဘလက်ကီ ... သူ့ကို မီးရှို့လိုက်"
ရွှေချမ်လော့၏ လှပသော ကိုယ်လုံးလေးသည် ဒေါသကြောင့် တဆတ်ဆတ် တုန်နေလေသည်။ သူမ၏ မျက်နှာမှာမူ ပိုမိုအေးစက် လာခဲ့သည်။ သူမသည် အော်ဟစ်လိုက်ကာ လေပေါ်သို့ ခုန်တက်၍ ပြန်ရောက်လာသော လည်ဆွဲအား လက်တစ်ဖက်နှင့် ဖမ်းယူလိုက်သည်။ ထို့နောက် ချက်ချင်း အတွင်းအားများ ဖော်ထုတ်လိုက်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
"ဝေါင်း ... ဝေါင်း"
ချီလင်ကြီးသည် ဒဏ်ရာရသွား၍ သွေးရူးသွေးတန်း ဖြစ်နေခဲ့သည်။ ကြီးမားလှသော ကိုယ်ကြီးသည် ခုန်ထလာကာ ကျန်းရီထံ ဒေါသတကြီး ပြေးဝင်လာ ခဲ့တော့သည်။ ကျန်းရီအနီးသို့ ချီလင်ကြီး ရောက်လာသောအခါ ကျန်းရီသည် သေချာရပ်လိုက် နိုင်ရုံပင် ရှိသေးသည်။ ချီလင်ကြီးသည် ပါးစပ်ကိုဟ၍ ကျန်းရီအား အပြာရောင် မီးတောက်များဖြင့် မှုတ်ထုတ် လိုက်သည်။
"မျိုးမစစ်လေး ... ဒါက ကံတရားက ဖြစ်စေတဲ့ အမှားဆိုရင် ခွင့်လွှတ် ပေးလို့ရတယ် ... မင်းရဲ့ ရွေးချယ်မှုကြောင့် ဖြစ်လာတာ ဆိုတော့ ခွင့်လွှတ်ပေးလို့ မရဘူး"
ကျန်းရီသည် နေရာတွင် တည်ငြိမ်စွာ ရပ်နေ၍ သူ့အပေါ်သို့ မီးတောက်များ ကျဆင်း လာသည်ကို ခွင့်ပြုပေး လိုက်သည်။ မျှော်လင့်ထား သလိုပင် မီးဝိညာဉ်ပုလဲသည် လင်းလက်သွားခဲ့ပြီး သူ့ကိုယ်ပေါ်တွင် အလင်းလွှာ ပါးပါးတစ်ခု ဖြစ်တည် လာခဲ့သည်။ မီးတောက်များသည် အလင်းလွှာနှင့် ထိတွေ့သွားသည့် အခါ ချက်ချင်းပျောက်ကွယ် သွားခဲ့ပြီး မီးဝိညာဉ်ပုလဲ၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။
"ဝေါင်း ... ဝေါင်း"
ချီလင်ကြီးသည် အသိဉာဏ် မရှိရာ သူမှုတ်လိုက်သော မီးတောက်များ ပျောက်ကွယ် သွားခဲ့သည်ကို မြင်လျှင် ပို၍ ဒေါသတကြီး ဖြစ်လာခဲ့ပြီး မီးများကို ပို၍ မှုတ်ထုတ် လာလေသည်။
"ဆက်မှုတ်စမ်းပါ"
ကျန်းရီသည် ရပ်နေဆဲပင်။ ချီလင်ကြီး မီးတောက်များကို ပိုမှုတ်ထုတ်လေလေ သူ၏ မီးဝိညာဉ်ပုလဲက ပို၍ စုပ်ယူရလေလေ ဖြစ်ပြီး သူပြန်တိုက်ခိုက်ရန် အခွင့်အရေး ပိုရမည် ဖြစ်လေသည်။
"အမ်"
ချီလင်ကြီး မီးတောက်များကို သုံးကြိမ်တိတိ မှုတ်ထုတ် အပြီးတွင် ရွှေချမ်လော့သည် သဘောပေါက် သွားခဲ့လေပြီး အော်ဟစ်လိုက်သည်။
"ဘလက်ကီ ... တော်တော့ ... သူ့မှာ ရတနာတစ်ခု ရှိနေတယ် ... မင်းရဲ့ မီးတောက်တွေကို သူမကြောက်ဘူး"
အနက်ရောင် ချီလင်ကြီးသည် မီးသတ္တဝါ အမျိုးအစား ဖြစ်ရာ မီးငှက်နှင့် ဆင်တူလေသည်။ ၎င်း၏ အဓိက တိုက်ခိုက်မှုသည် နတ်ဆိုးစွမ်းအား မီးတောက်များ အပေါ်တွင်သာ မူတည်သည်။ ထိုမီးတောက်များသည် ကျန်းရီအပေါ် သက်ရောက်မှု မရှိဘဲ ကျန်းရီတွင် ချီလင်ကြီးကို ထိခိုက်စေနိုင်သော အတွင်းအား ပေါက်ကွဲလက်ဝါး ရှိလေသည်။ သို့ဖြစ်ရာ ရွှေချမ်လော့သည် သူမ၏ ချီလင်ကြီးအား နေရင်းထိုင်ရင်း အန္တရာယ် မဖြစ်စေချင်ပေ။
"ထွက်ပြေးဖို့လား ... နောက်ကျလွန်း သွားပြီ"
ကျန်းရီသည် နှာခေါင်းရှုံ့ကာ မီးဝိညာဉ်ပုလဲအား လျင်မြန်စွာ ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ရှောင်တိမ်းချိန် မရစေရန် မီးဝိညာဉ် ကျောက်တုံး တစ်ခုအား ချက်ချင်း ထုတ်လိုက်လေသည်။
မီးဝိညာဉ်ပုလဲသည် ချီလင်ကြီးထံ ပျံသန်းသွားခဲ့ပြီး ချီလင်ကြီးနှင့် ထိတွေ့သွား သောအခါ အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ချီလင်ကြီး၏ ခေါင်းတွင် မီးတောက် တစ်ခုက လှိုက်စားသွားရာ အပေါက်ကြီး တစ်ခု ဖြစ်တည်လာခဲ့သည်။ ခဏတွင်းချင်း ချီလင်ကြီး၏ ခေါင်းသည် မီးသွေးတုံး ဖြစ်သွားခဲ့ပြီး ကိုယ်ကြီးသည် လဲကျသေဆုံး သွားခဲ့လေသည်။
"အား ... ဘလက်ကီ"
ရွှေချမ်လော့သည် ချီလင်ကြီး၏ သနားစဖွယ် မြင်ကွင်းအား တွေ့မြင်ရ သောအခါ ငယ်သံပါအောင် အော်ဟစ် လိုက်လေသည်။ ချီလင်ကြီးသည် သူမနှင့်အတူ ကြီးပြင်းခဲ့ရာ သူမလည်း ချီလင်ကြီးအား ချစ်ခင်ပေသည်။ ယခုမူ ချီလင်ကြီးသည် ကျန်းရီ၏ သတ်ဖြတ်ခြင်း ခံရလိုက်သည်။ သူမသည် သူမ၏ အသည်းအား တစ်စစီဆုတ်ဖြဲ ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
"ဟမ့် ... ရှင်သတ်ရဲရင် သတ်လိုက်တော့လေ"
ကျန်းရီ၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ ရှိဟန်မရပေ။ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို ထုတ်ဖော်ကာ ရွှေချမ်လော့ထံ ပြေးသွား ခဲ့လိုက်သည်။ သူ၏ လက်တစ်ဖက်တွင် အနက်ရောင်လေး တစ်ခု ထွက်ပေါ်လာကာ ရွှေချမ်လော့အား ပစ်လိုက်လေသည်။
ကျန်းရီ၏ ကိုယ်တွင် နတ်ဆိုး အရှိန်အဝါတစ်ခု ကိန်းအောင်း နေသည်ဟု ကျူးကော့ချမ်ယွမ် ပြောခဲ့ဖူးသည်။ သူဒေါသ ထွက်လာသည်နှင့် မသတ်ရမချင်း ရပ်တတ်သူ မဟုတ်သလို သူသည် လုပ်ပြီးမှ စဉ်းစားတတ်သူ ဖြစ်လေသည်။ ယခုကျန်းရီ၏ အပြုအမူများသည် ကျူးကော့ချမ်ယွမ်၏စကား မှန်ကန်ကြောင်း သက်သေပြ နေလေသည်။
"ကျန်းရီ ... ဒီမိန်းကလေးကိုမှ မသတ်ရင် လူမလုပ်တော့နဲ့"
လေကိုခွင်း၍ ဝင်ရောက်လာသော မြားသည် ရွှေချမ်လော့အား သတိဝင် သွားစေသည်။ သူမသည် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်ခြင်း ခံရ၍ အင်အားများ ဖိနှိပ်ခံ နေရသော်လည်း သူမ ကျန်းရီကို အသာလေး သတ်နိုင်သည်ဟု ယုံကြည်နေဆဲသာ ဖြစ်လေသည်။
"ဝှစ်"
ရွှေချမ်လော့သည် သူမထံ ပျံသန်းလာသော နတ်ဘုရား သတ်ဖြတ်ခြင်း မြားအား ကြည့်နေခဲ့ပြီး မရှောင်တိမ်းဘဲ မတ်တတ် ရပ်လိုက်သည်။ လှုပ်ရှားသွားသော သူမ၏ ကိုယ်နှင့်အတူ သူမ၏ လှပသော အစိမ်းရောင် ဝတ်စုံသည် ရုတ်တရက် အစိမ်းရောင် အလင်းများ တောက်ပလာခဲ့သည်။ စက်ဝိုင်းပုံ အစိမ်းရောင် အလင်းသည် သူမအား လွှမ်းခြုံသွားခဲ့သည်။
"ဘန်း"
မြားသည် ပစ်မှတ်ထံ ရောက်သွားသည့်အခါ အစိမ်းရောင် အလင်းနှင့် ထိတွေ့သည်တွင် သံပြားတစ်ခုနှင့် ထိသွားသည့်အလား ပြန်ကန်ထွက် လာခဲ့သည်။ ရွှေချမ်လော့သည် ဘာမှ ဖြစ်မသွားခဲ့ပေ။
"ဒီရူးနေတဲ့ မိန်းမက ဘယ်ကလာတာလဲ ... ဘာလို့ သူမတစ်ကိုယ်လုံး ရတနာတွေနဲ့ တန်ဆာဆင် ထားတာလဲ"
ကျန်းရီသည် အတော်လေး အံ့အားသင့် နေခဲ့သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း မြားသည် ထိသွားလျှင် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်ကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။ သူမဝတ်ထားတဲ့ အစိမ်းရောင် ဝတ်စုံက သူတော်စင် အဆင့်လား ... သူတော်စင်အဆင့် ရတနာတွေက နွားသိုးကိုယ်ပေါ်က သားမွေးတွေလို ပေါနေလို့လား။
"သေစမ်း"
သူမ၏ ကျောက်စိမ်းနှယ်သော လက်များ လှုပ်ရှားသွားခဲ့ပြီး သူမ၏ လက်တွင်းမှ ငွေလည်ဆွဲသည် အဖြူရောင် အလင်းတန်း အဖြစ် ပြောင်းသွားကာ ကျန်းရီထံ တိုးဝင်လာလေသည်။ လည်ဆွဲသည် လမ်းတစ်လျှောက်တွင် ကြောက်စရာ အရှိန်အဝါများ ထုတ်လွှင့်ကာ ကြီးမားလာခဲ့သည်။ သူသာ ထိုလည်ဆွဲဖြင့် ထိတွေ့သွားလျှင် အသားစများ ဖြစ်သွားမည်မှန်း ကျန်းရီ သေချာသိနေ လေသည်။
"ငွေလဝံပုလွေ ... ထွက်ခဲ့"
ကျန်းရီ အော်ဟစ် လိုက်သည်နှင့် ခရမ်းရောင် ဝံပုလွေကြီးသည် သူ့ရှေ့တွင် ချက်ချင်း ပေါ်ထွက် လာခဲ့သည်။ ကျန်းရီသည် ဝံပုလွေကြီးထက် ခုန်တက်လိုက်ပြီး ဝံပုလွေကြီးအား ထိန်းချုပ်ကာ ဘေးဘက်သို့ ရှောင်တိမ်း လိုက်သည်။
"ရူးနေတဲ့မိန်းမ ... သွားသေလိုက်တော့"
ဝံပုလွေကြီးသည် မြန်ဆန်လွန်းသည်။ ကျန်းရီသည် သူ၏ ဝိညာဉ်သားရဲအား အချိန်မီ ထုတ်နိုင်လိုက်ကာ လည်ဆွဲ၏ တိုက်ခိုက်မှုမှ လွတ်မြောက် သွားခဲ့သည်။ သူသည် ဝံပုလွေကြီးအား ထိန်းချုပ်ကာ ရွှေချမ်လော့ထံ တဟုန်ထိုး မောင်းနှင် သွားလိုက်သည်။ သူ၏ လက်တစ်ဖက်မှ မီးဝိညာဉ်ပုလဲအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ မီးဝိညာဉ် ကျောက်တုံးအား ထုတ်၍ ရွှေချမ်လော့အား သတ်ရန် အဆင်သင့် ပြင်ထားခဲ့သည်။
ရွှေချမ်လော့ထံတွင် ရတနာများစွာ ရှိလေသည်။ သူမတွင် အလင်း အရံအတားကို ထုတ်ပေးနိုင်သော အစိမ်းရောင် ဝတ်စုံပင် ရှိလိုက်သေးသည်။ သို့သော် မီးဝိညာဉ် ကျောက်တုံးသည် အရံအတားအား ဖောက်ဝင်နိုင်၍ ရွှေချမ်လော့ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ကျန်းရီ ယုံကြည်ချက် ရှိပေသည်။
"အစ်ကိုကြီး ... ဟင့်အင်း"
ထိုအချိန်တွင် မနီးမဝေးမှ ပုံရိပ်တစ်ခု ထွက်ပေါ် လာခဲ့သည်။ ထိုပုံရိပ်သည် လျှိုလောင်မှ သယ်ဆောင် လာသော ချမ်ဝမ်ကွမ် ဖြစ်လေသည်။ ကျန်းရီသည် ခရမ်းရောင် ဝံပုလွေကြီးကို စီး၍ သတ်ဖြတ်ချင်သော မျက်လုံးများနှင့် ရွှေချမ်လော့ထံ ဦးတည်သွား နေသည်ကို မြင်လျှင် ချမ်ဝမ်ကွမ် ချက်ချင်း အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး ... ရွှေချမ်လော့ကို သတ်လိုက်မယ်ဆိုရင် ကောင်းကင်ဘုံ ကတောင် အစ်ကိုကြီးကို ကယ်နိုင်မှာ မဟုတ်ဘူး ... သူမအမေက နယ်မြေတစ်ခုလုံးရဲ့ နံပါတ်တစ် သိုင်းပညာရှင်ပဲ"
ကျန်းရီ၏ သွေးနီရောင် မျက်လုံးအိမ်များ အနည်းငယ်ကျုံ့သွား ခဲ့သော်လည်း သူသည် တုံ့ဆိုင်းခြင်းမရှိ ဝံပုလွေကြီးအား ရှေ့ဆက်သွား စေလိုက်သည်။ သူသည် ကြုံးဝါးသံတစ်ခု ပြုလိုက်သည်။
"ငါကျန်းရီကို သတ်ချင်တဲ့ သူတိုင်းပဲ ... နတ်ဘုရားတွေ ဆိုရင်တောင်မှ သေဖို့ပြင်ထားရမယ်"
***