← Chapters

အခန်း (၉၄+၉၅)

Vol. 10 Ch. 94+95

အခန်း (၉၄+၉၅)

Vol. 10 Ch. 94+95

Ch-94+95

ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်သဖြင့် လမ်းပေါ်တွင် လူများဖြင့်ပြည့်ကျပ်နေရာ နှစ်ဦးသားအတွက်သီးသန့်စကားပြောဆိုရန် မသင့်တော်ပေ။

ဝမ်လဲ့သည် စူးယွင်မှကသိက‌အောက်ဖြစ်နေသည်ကို သတိပြုမိ၍ ပြောလိုက်သည်။

"ငါ့နောက်လိုက်ခဲ့ ငါနေရာတစ်ခုကိုသိတယ်"

ပန်းထိုးခန်းမ၏ နောက်ဖေးခြံဝင်းတွင် လူများများစားစားမရှိပေ။ချောင်းငယ်များနှင့် သစ်ပင်အနည်းငယ်သာမြင်ရပြီး အဖွဲ့အစည်း၏ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် ဆိတ်ငြိမ်နေသည်ဟု ပြောနိုင်၏။

"ဒီနေရာကို ဘယ်လိုလုပ်ရှာတွေ့ခဲ့တာလဲ"

တိတ်ဆိတ်သော သစ်တောငယ်လေးတစ်ခုပင်။လူအများစုမှာ ဤနေရာဆီရောက်လာဖူးပုံမရပေ။

"တစ်ခါက မှီငြမ်းစရာလိုက်ရှာရင်းနဲ့ ခြေဦးတည့်ရာလျှောက်သွားနေတုန်းတွေ့ခဲ့တာလေ"

"အင်း ပြောရရင်တော့ လူနှစ်ယောက်အေးဆေးစကားလေးပြောဖို့ အရမ်းကောင်းတဲ့နေရာလေးပေါ့"

သစ်ပင်ကြီးအချို့မှ ရှေ့ရှိမြင်ကွင်းကိုကွယ်နေသဖြင့် ဤနေရာမှာဖုံးကွယ်ခံထားရသလို ဖြစ်နေသည့်အတွက် သူမတို့နှစ်ဦးအား အလွယ်တကူ သတိထားမိကြမည်မဟုတ်ပေ။

စူးယွင်မှာ ခေါင်းငြိမ့်၍ တိတ်တိတ်‌လေးပြုံးလိုက်မိသည်။ဤ‌နေရာမှာ ကျောင်းသားဘဝမှ ချစ်သူစုံတွဲများ၏လျှို့ဝှက်ဆုံတွေ့ရာနေရာလေးတစ်ခုကဲ့သို့ ခံစားရစေ၏။

ဝမ်လဲ့မှာ စူးယွင်မှ အ‌တွေးထဲနစ်‌မြောနေပုံရသည်ကို မြင်လိုက်ရရာအပြုံးလေးဖြင့် ပြောလာသည်။

"ဒါနဲ့ နင်ကဘာပြောချင်တာလဲ"

"အာ"

စူးယွင်သည် သူမခေါင်းကိုပြန်ရိုက်လိုက်မိ၏။

"ငါ့နှယ် မေ့တော့မလို့"

"ပြောချင်တာက ဒီလိုပါ။မိဖုရားကြီးရဲ့‌မွေးနေ့ဝတ်စုံစီမံကိန်းက စီမံကိန်းကြီးဖြစ်တဲ့အပြင် ရှုပ်ထွေးနေမှာဆိုတော့ လူအချို့ကို ငါနဲ့မိတ်ဆက်ပေးချင်တယ်ဆိုပြီး အကြီးအကဲကပြောလာတယ်လေ"

ဝမ်လဲ့မှာ သူမ၏ အဝတ်စကိုဆုပ်ချေရင်း လေသံတိုးတိုးဖြင့်မေးလာ၏။

"အဲ့ဒီတော့..."

"ငါက ငြင်းလိုက်တယ်လေ"

"အဲဒါ..."

စူးယွင်သည် ပြုံးလိုက်ကာ

"အကြီးအကဲဆီကို လူတွေအတွက် ကိုယ်တိုင်ရွေးချယ်ချင်တယ် ကိုယ့်ဘာသာ ရှာမယ်လို့ပြောခဲ့တယ်"

ဝမ်လဲ့သည် တုံးအသူမဟုတ်ရာ စူးယွင်မှဘာကိုဆိုလိုသည်ကိုသိသော်ငြား သူမ၏ စိတ်ထဲစိုးရိမ်စိတ်လေး တစ်စွန်းတစ်စဝင်လာလေသည်။

သူမမှာ အတည်ပြုလိုစိတ်ပြင်းပြနေတော့၏။

"ဒါဆို နင်ရွေးမယ့်သူက ငါလား"

"အင်း"

စူးယွင်သည် ခေါင်းငြိမ့်၍ဆက်ပြောလာ၏။

"နင့်ရဲ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံကို လူတိုင်းသိကြတာပဲ။နင်ကငါ့ထက် အများကြီး အတွေ့အကြုံရှိတယ်"

"ဒါကြောင့်ဒီစီမံကိန်းအတွက် ဒုတိယခေါင်းဆောင်အဖြစ် ပူးပေါင်းပါဝင်ဖို့အတွက် စူးယွင်ဆိုတဲ့ငါက စိတ်ရင်းမှန်နဲ့ နင့်ကိုဖိတ်ခေါ်ပါတယ်"

ဝမ်လဲ့မှမေးလာသည်။

"နင် ငါ့ကို မကြောက်ဘူးလား"

ကြောက်တာလား။

စူးယွင်သည် ရယ်သံတိုးတိုးဖြင့် တိတ်ဆိတ်မှုကို အမြန်ချိုးဖျက်ကာ ပြန်ဖြေလိုက်၏။

"တကယ်လို့ ကြောက်နေရင် နင့်ဆီ လာရှာပါ့မလား"

"ငါကကိုယ့်ကိုကိုယ် ဒုက္ခပေးနေရမှကျေနပ်တဲ့သူမလို့လား"

စိတ်တင်းထားခဲ့ရသည့် ဝမ်လဲ့သည် ဤစကားကြောင့် ရယ်မောလိုက်မိတော့၏။

စူးယွင်မှာ သက်ပြင်းချ၍ ရှင်းပြလာသည်။

"နင်က ဆိုးဝါးတဲ့လူမဟုတ်ဘဲ လူကောင်းတစ်‌ယောက်လို့ငါထင်တယ်။ဒီအတိုင်း *ပါးစပ်ကပဲကြမ်းပြီး စိတ်ရင်းကကျနူးညံ့သူ*မျိုးပေါ့"

ယခင်ကရှောင်ဟယ်၏ဆိုင်တွင် ဝမ်လဲ့မှာ စူးယွင်အား စကားကြမ်းများဖြင့် ပြောဆိုခဲ့ပေသိ နောက်တစ်နေ့၌ စူးယွင်မှအခက်အခဲနှင့် ရင်ဆိုင်နေရသည်ကိုမြင်‌သော် အကြံပေးရန်အတွက် သူမဝန်မလေးခဲ့ပေ။

အကယ်၍ သူမသာစူးယွင်ကို အမှန်မုန်းတီး နေပါလျှင် လုံးဝဂရုစိုက်ခဲ့မည်မဟုတ်ချေ။တကယ်တော့ ကောလာဟလတွေတောင် လိုက်ဖြန့်‌ကောင်းဖြန့်နေနိုင်၏။အတိုချုပ်ပြောရလျှင် စူးယွင်အပေါ် သူမ၏မူလသဘောထားမှာ စူးယွင်၏အရည်အချင်းများမှာ မပြည့်စုံဘူးဟူ၍ယုံကြည်ထားသည့်အပေါ် တွင်သာ မူတည်ခဲ့ခြင်းပင်။

ယခုစူးယွင်မှာ သူမအားအနိုင်ယူလိုက်ပြီဖြစ်ကာ သူမအရှုံးကိုလဲ လက်ခံလိုက်ပြီးဖြစ်၍ ယခင်ကရှိခဲ့ဖူးသောတစ်ယူသန်မှုတို့ကို လက်လွှတ်လိုက်နိုင်ပြီဖြစ်သည်။

ဝမ်လဲ့မှာ အနည်းငယ်ဒေါသထွက်နေဟန်ဖြင့် ပြောလာ၏။

"နင်ကငါ့အ‌ကြောင်းကို ကောင်းကောင်းသိထားတယ်များထင်နေလား"

စူးယွင်သည် ဝမ်လဲ့၏မျက်နှာအား လက်ညှိုးထိုးပြကာပြန်ဖြေလိုက်၏။

"အတိအကျတော့ မဟုတ်ပါဘူး။ဒါပေမယ့် နင့်ရဲ့အတွေးတွေက မျက်နှာမှာ အကုန်ပေါ်နေတယ်လေ *နင်ပြောနေတဲ့လူက ငါပဲ*ဆိုပြီး‌"

"အဲ့လိုစကားလုံးတွေက ငါ့မျက်နှာမှာ တကယ်ပေါ်နေတာလား"

"ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ"

ဝမ်လဲ့သည် ခါးထောက်ရပ်ကာ မာန်အပြည့်ဖြင့် နှာမှုတ်လိုက်၏။

"ငါ့စွမ်းဆောင်ရည်က အရမ်းကောင်းတာနော်။ဒုတိယခေါင်းဆောင်အနေနဲ့ နင့်ကိုငါ အရှုံးပေးမှာမဟုတ်ဘူး"

စူးယွင်သည် ဝမ်လဲ့၏ အမူအရာကိုမြင်သောအခါ မရယ်မိအောင်ကြိုးစားထိန်းချုပ်ပြီး ပြောလိုက်၏။

"အင်း ငါသိပါပြီ"

ထို့နောက် ဦးညွှတ်၍

"ဒီကိစ္စကို ဖြေရှင်းပေးလိုက်လို့ ကျေးဇူးပဲနော် အစ်မဝမ်"

ဝမ်လဲ့မှပြန်ဖြေလာ၏။

"ယဉ်ကျေးနေစရာ မလိုပါဘူး"

စူးယွင်သည် နောက်ထပ်လူတစ်ချို့ထပ်ရှာရန်တွေးရင်း ပြောလိုက်၏။

"ဒါဆို ငါသွားတော့မယ်နော်"

"ခဏလေး"

ဝမ်လဲ့သည် ခါးထောက်ထားသည့်လက်များကို ပြန်ချကာ တည့်မေးလိုက်သည်။

"ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် တိုးတက်လာရတာလဲ"

"ဪ လွယ်ပါတယ်"

ထို့နောက် စူးယွင်သည် လွန်ခဲ့သောနှစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဝမ်လဲ့ထံ အသေးစိတ် မျှဝေပြောပြလိုက်သည်။

သူမ၏ဇာတ်လမ်းကို ကြားပြီးနောက် ဝမ်လဲ့မှာ ခေါင်းငြိမ့်လိုက်ပြီးပြောလာ၏။

"နင့်မှာထူးချွန်တဲ့အရည်အချင်းတော့ရှိထားသားပဲ"

စူးယွင်မှာရှောက်ချီအား သူမလိုအပ်နေသည့် အပိုင်းများအတွက်သာ အကြံဉာဏ်တောင်းခဲ့ခြင်းဖြစ်ပြီး ကျန်သည်တို့မှာ လုံ့လဝီရိယဖြင့် လေ့ကျင့်မှု၏ရလဒ်ဖြစ်သည်။ အချိန်ကြာကြာယူရပါက ဇွဲကြောင့်ပါဟုပြောနိုင်ပေသိ နှစ်ပတ်အတွင်း၌ပင် ဤကဲ့သို့ရလဒ်မျိုးရခဲ့သည်မှာ‌တော့ စူးယွင်၏မွေးရာပါ အရည်အချင်းဖြင့်လည်း သက်ဆိုင်နေပါ၏။

စူးယွင်သည် အပြုံးလေးဖြင့်

"ကျေးဇူးပဲ နင်လဲအထင်ကြီးစရာကောင်းပါတယ်"

----------------

မိဖုရားကြီး၏ မွေးနေ့အခမ်းအနားဝတ်စုံစီမံကိန်းမှာ ကြီးကျယ်ခမ်းနားပြီး အချိန်အကြာကြီးယူရမည့် ကိစ္စဖြစ်သည်။

အဝတ်အစားများပြုလုပ်ရန် ပိုကောင်းသော နေရာရှာရန်အတွက် ရုန်စာမှာ သူတို့အားမူယွင်နားနေဆောင်သို့ ခေါ်လာခဲ့၏။ဤနေရာသည် ယခင်နှစ်များကလည်း အရေးကြီးသောအဝတ်အစားများချုပ်လုပ်ရန် အခြေစိုက်စခန်းဖြစ်ခဲ့သည်။

ပန်းထိုးခန်းနှင့်သူတို့နေအိမ်များမှာ နောက်ဘက်တွင်တည်ရှိပြီး နံရံမြင့်မြင့်များဖြင့် ဖုံးကွယ်ထားလေ၏။သူတို့ဆီသို့ ဦးတည်သွားနိုင်သော တစ်ခုတည်းသောလမ်းကြောင်းမှာ အဆောက်အအုံနှစ်ခုကြားမှ လမ်းသွယ်လေးပင်ဖြစ်သည်။နေရာမှာ သိပ်မထင်ပေါ်သော်ငြား ၎င်း၏ ခမ်းနားထည်ဝါသောအပြင်အဆင်ကို လျစ်လျူရှုထားရန် ခက်ခဲစေ၏။

နားနေဆောင်တစ်ခုလုံးကို ထိပ်တန်းအရည်အသွေးရှိ သစ်မာဖြင့် ဆောက်လုပ်ထားကာ အလွန်မမြင့်ဘဲအထပ်နှစ်ထပ်သာရှိပြီး အမြင့် ၇ မီတာခန့်ရှိသည်။နားနေဆောင်၏အလယ်ပိုင်းကို အလှဆင်ပစ္စည်းများ ချိတ်ဆွဲထားပြီး ‌ခန်းမကျယ်ပုံစံဆောက်လုပ်ထားကာ လှေကားသည်၎င်းပတ်လည်၌ ခရုပတ်ပုံစံ လိမ်ယှက်တက်သွား၏။ရှေ့သို့ ခြေတစ်လှမ်း,လှမ်းလိုက်တိုင်း အပေါ်ဘက်ရှိ ထွင်းထုထားသည်များကို မြင်နေရလေသည်။ထိုအရာမှာတော့ ဒုတိယထပ်ရှိ လွင့်မျောနေဟန်ပုံပေါ်သည့် ပွင့်လန်း‌နေသော ကျူးလစ်ပန်းပုံပင်ဖြစ်၏။

စူးယွင်၏ မျက်လုံးများမှာ မှင်သက်မှုကြောင့်ပြူးကျယ်သွားရသည်။ထိုကဲ့သို့သော အဆောက်အအုံသည် ခေတ်သစ်ကာလတွင်ပင် ကြီးမားသော ပရောဂျက်တစ်ခု ဖြစ်နိုင်ပြီး ရှေးခေတ်တွင်ဤကဲ့သို့ပုံစံမျိုး တွေ့မြင်ရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

စူးယွင်မှာခေါင်းစောင်းကာ ဘေးနားရှိ ရှောက်ချီကို မေးရန် ပြင်လိုက်စဉ် သူမပြောလာသည်အား ကြားလိုက်ရ၏။

"ဝိုး ဒါ မူယွင်နန်းဆောင်ပဲ။ငါ့တစ်သက်မှာ ဒီကို လာလည်ခွင့်ရမယ်လို့ မထင်ထားခဲ့ဘူး"

"ဟမ်"

စူးယွင်သည် မျက်ခုံးပင့်၍မေးလိုက်၏။

"ဒီနေရာက ဘာတွေထူးခြားနေလို့လဲ"

"ညီအစ်မစူးယွင် နင်ကဒီကို အသစ်ရောက်လာတာဆိုတော့ မသိသေးဘူးပေါ့။ မူယွင်နန်းဆောင်ကို အကြီးအကဲထန်က ဆောက်ပေးခဲ့တာမလို့ မြို့တော်ရဲ့အံ့ချီးဖွယ်လက်ရာတစ်ခုဆိုပြီး သတ်မှတ်ထားကြတာ‌လေ။သာမန်လူတွေဆို ဒီနေရာကို လာခွင့်မရှိဘူး"

ထန်ဖူယွင်သည် အဖွဲ့အစည်း၏အကြီးအကဲ‌ဟောင်းဖြစ်ပြီး လက်ရှိအကြီးအကဲ၏ ဆရာလည်းဖြစ်သည်။အဖွဲ့အစည်းအား စတင်တည်ထောင်စဉ်တွင် သူနှင့်အဝတ်အထည်ဌာန၏ ယခင်အကြီးအကဲတို့မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့ကြ၏။ဌာနအကြီးအကဲမှ အဖွဲ့အစည်းတွင်း မြေကွက်တစ်ခုကို ခွဲဝေပေးစေလိုကြောင်း သိသောအခါ ထန်ဖူယွင်သည်အထူးတလည်ဖြင့် ဤနေရာအား ပုံစံဆွဲပေးခဲ့သည်။

"ဒီကုန်သည်အသင်းကို အကြီးအကဲထန်က ဒီဇိုင်းထုတ်ခဲ့တာဆိုပေမယ့် ဒီနေရာကတော့ မတူဘူး"

ရှောက်ချီသည် ခေါင်းစောင်း၍တိုးတိုးလေး ပြောလာ၏။

"အကြီးအကဲထန်နဲ့ အကြီးအကဲကျန့်မူအာတို့က ငယ်ကျွမ်းဆွေတွေလေ။သူတို့က မြို့တော်မှာ စံပြချစ်သူစုံတွဲဆိုပြီး လူသိများခဲ့ပေမယ့် ကံကြမ္မာကကျီစယ်လိုက်တော့ ခွဲခွာကြရတာပါပဲ"

"ဒီမူယွင်နန်းဆောင်က သူတို့ရဲ့ချစ်ခြင်းနှောင်ဖွဲ့မှုကို ဖော်ညွှန်းတဲ့သင်္ကေတပဲလေ"

မူယွင်နန်းဆောင်

လူနှစ်ဦး၏ အမည်နာမများ

ဒီလိုကိုး

စူးယွင်သည် သိချင်စိတ်ပြင်းပြလာကာ မေးလိုက်၏။

"သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ"

"ကြားရသလောက်တော့..."

ဝမ်လဲ့သည် ရှောက်ချီ၏ပခုံးထက်လက်တင်ကာ သတိပေးလိုက်သည်။

"ဘယ်အချိန်မှာ ပါးစပ်ပိတ်ရမယ်ဆိုတာ နင်တကယ်မသိဘူးလား"

ရှောက်ချီလန့်သွားခဲ့ကာ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ရုန်စာမှာသူမအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။

"အဟမ်း အဟမ်း...... ငါလည်ချောင်း‌တွေယားလာပါ့လား"

သူမကိုယ်ကိုငုံ့ကိုင်းကာ ချောင်းဟမ့်လိုက်၏။

"အဟွတ် အဟွတ်"

သူမသည် ခြေလှမ်းသေးသေးလေးများဖြင့် စူးယွင်နောက်သို့ အမြန်ပြေးကပ်လိုက်သည်။

ရုန်စာသည် သူမ၏အကြည့်ကို ပြန်ရုတ်ကာ ပြောလိုက်၏။

"ဒါကအဖွဲ့အစည်းရဲ့ အဓိကနေရာပဲ။မင်းတို့ ဒီကိုရောက်လာပြီဆိုရင် အစွမ်းကုန် ကြိုးစားရမယ်။အဖွဲ့အစည်းကို မျက်နှာမပျက်စေနဲ့"

စူးယွင်တို့အဖွဲ့မှာ အရိုအသေပြု၍ ပြန်ဖြေလိုက်ကြသည်။

"ဟုတ်ကဲ့ပါ"

"စူးယွင် ဒီတစ်ကြိမ်မှာမင်းက တာဝန်ခံအနေနဲ့တာဝန်အပြည့်ရှိတယ်နော်။ဘာမှအမှားအယွင်းမဖြစ်စေနဲ့"

"သိပါပြီ"

ရုန်စာသည် စူးယွင်၏စကားကြောင့် စိတ်ချသွားပြီးခေါင်းငြိမ့်လိုက်သည်။

"ဒါဆိုရင် မင်းတို့အားလုံးအချိန်ယူပြီး နေရာချလိုက်ကြ။သုံးရက်နေမှ ငါပြန်လာခဲ့မယ်"

လှလှပပအဝတ်အစားတစ်စုံ ဖန်တီးရသည်မှာ ဘယ်‌သောအခါမှ တစ်ဦးတစ်ယောက်တည်းဖြင့်ပြီးစီးအောင်လုပ်နိုင်သည့်အလုပ်မဟုတ်ပေ။အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး လူတိုင်းမှာအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အချိန်အနည်းငယ်ယူလိုက်ပါမှ ရေရှည်တွင်ပိုမိုထိရောက်သော ရလဒ်များရလာမည်ဖြစ်သည်။

ခြေလှမ်းအချို့လှမ်းပြီးနောက် ရုန်စာမှ နောက်လှည့်ကြည့်လိုက်ရာ ပထမထပ်နှင့် ဒုတိယထပ်ကြားရှိနေရာထက် အကြည့်ရောက်သွားလေ၏။

"ပထမထပ်မှာပဲနေကြ‌နော်။ဒုတိယထပ်ကို မတက်ကြနဲ့"

"ကောင်းပါပြီ"

ရုန်စာထွက်သွားသည်နှင့် ရှောက်ချီသည် သူမရင်ဘတ်ကိုပုတ်ကာ သက်ပြင်းချလိုက်သည်။

"ဟူး တော်သေးတာပေါ့"

"စူးယွင် နင်ကလည်း သတိမပေးဘူးနော်"

သူမသည် ကျီစားလိုဟန်ဖြင့် မျက်စောင်းထိုးကာ

"ငါတို့မှာဝင်လာတာနဲ့ ချက်ချင်းနှင်ထုတ်ခံရတော့မယ်လို့ထင်သွားတာ"

စူးယွင်မှာ အနည်းငယ်ရှက်ရွံ့သွားမိသလိုခံစားလိုက်ရပြီး သူမနှာခေါင်းကိုပွတ်ကာ ရှောက်ချီ၏အကြည့်ကို ရှောင်ကာတိုးတိုးလေးပြောလိုက်၏။

"ဒီလောက်စိတ်လှုပ်ရှားစရာကောင်းတာတွေ နားထောင်နေရတာကို ဘယ်လိုလုပ်သတိထားမိမှာလဲ"

"ဘာရယ်"

ရှောက်ချီသည် သေချာနားထောင်ရန်အနားကပ်လာပြီး

"မကြားလိုက်ဘူး"

"ဘာမှမဟုတ်ဘူး"

စူးယွင်သည် လက်ယမ်းပြကာ ရှေ့ဆက်သွားလိုက်၏။

"အလုပ်သွားလုပ်ကြရအောင်ပါ"

စူးယွင်သည် ဘေးပတ်လည်အား ဟိုဟိုဒီဒီကြည့်လိုက်ရာ သူမလိုအပ်သည့်အရာတိုင်း ဘာမှမလိုအပ်တော့သည်ထိ အပြည့်အစုံရှိနေသည်ကို သိလိုက်ရ၏။သူမသည် တံခါးပေါက်များထဲမှ တစ်ခုဆီလျှောက်သွားကာ တွန်းဖွင့်လိုက်သည်။

"ဒါတွေက သီးသန့်အခန်းတွေလား"

အတွင်းခန်းမှာ ပုံမှန်အရွယ်အစားရှိပြီး လုပ်ငန်းသုံးပစ္စည်းများဖြင့်ပြည့်နေသည်။

"အားလုံးပဲ ကြိုက်တာရွေးလိုက်ကြနော်"

သူမ ပြောလိုက်၏။

ငါးယောက်သား တစ်ခန်းချင်းစီရွေးချယ်ဝင်ရောက်လိုက်ကြသည်။အခန်းတွင်းရောက်သည်နှင့် သူတို့၏အာရုံအလုံးစုံသည် ချက်ချင်းဆိုသလိုအလုပ်ဆီသို့ ရောက်သွားပြီး လုပ်ငန်းစဉ်အတွင်း မည်သူမျှစကားမပြောကြပေ။

သုံးနာရီကြာပြီးနောက် အပြင်ဘက်ရှိ တောက်ပသောနေ့အလင်းရောင်သည် မှိန်ဖျော့သွားခဲ့၏။

တာဝန်ခံအနေဖြင့် စူးယွင်သည် ရှေ့တက်ကာ တတိယအခန်းတံခါးဝ၌ရပ်လိုက်သည်။သူမသည် လက်ခုပ်တီးကာ အပြုံးလေးဖြင့်

"ဒါကငါတို့တွေအလုပ်အတူတူလုပ်ကြတဲ့ပထမဆုံးအကြိမ်ဆိုတော့ အချင်းချင်းရင်းရင်းနှီးနှီးဖြစ်သွားရအောင် ထမင်းတူတူစားကြရအောင်လေ ဘယ်လိုလဲ"

စူးယွင်သည် သူမရင်ဘတ်ကိုပုတ်၍ ထပ်ပြောလိုက်သည်။

"ငါ ဝယ်ကျွေးမှာပါ"

အဖွဲ့အစည်းသည် လစဉ်ထောက်ပံ့ကြေးငွေပေးပြီး ထိုသည်မှာလည်း ပမာဏနည်းပါးသည်မဟုတ်ရာ အဖွဲ့ဝင်တိုင်းလစဉ် သက်သောင့်သက်သာနေထိုင်နိုင်ပါသော်လည်း ရှောက်ချီမှာဈေးဝယ်ခြင်းအပေါ်သဘာဝအတိုင်း ချစ်ခင်နှစ်သက်မှုရှိကာ အဖွဲ့အစည်းတွင်းသို့ ဝင်ရောက်ပြီးနှစ်များတစ်လျှောက် လကုန်ခါနီးတိုင်း သူမ၏ လစဉ်ထောက်ပံ့ကြေးအားလုံးကို အကုန်သုံးစွဲပစ်လေ့ရှိရာ သူမသည်စစ်မှန်သော "လရောင်" အဖွဲ့ဝင်(လစာရတာနဲ့ တန်းပြောင်သွားတာကိုပြောတာပါ)တစ်ဦးဖြစ်လေ၏။

လကုန်ခါနီးအချိန်တွင်တစ်စုံတစ်ဦးမှ ထမင်းလိုက်ကျွေးမည်ဟု ပြောလာသည်နှင့် သူမ၏ပန်းထိုးအပ်အား ချက်ချင်းစွန့်လွှတ်ကာ စူးယွင်၏ဘေးသို့ပြေးသွားပြီးသူမ၏လက်မောင်းကို ချစ်ခင်ကြင်နာလွန်းသည့်အမူအယာဖြင့်ချိတ်လိုက်သည်။

"ဟုတ်တာပေါ့ ဟုတ်တာ‌ပေါ့ ငါကအစားအသောက်ကို အချစ်ဆုံးပဲလေ"

ရှောက်ချီသည် သူမကိုယ်အား စူးယွင်ပေါ်မှီချလိုက်ပြီး စနောက်လိုဟန်ဖြင့် လက်မောင်းအား ရှေ့နောက်လွှဲယမ်းလိုက်သည်။

"နင့်ရဲ့စားသောက်ဆိုင်ကို သွားကြစို့။အဲ့မှာပဲ စားချင်စိတ်ပေါ်နေတယ်"

စူးယွင်သည် ရယ်မောလိုက်ပြီး ရှောက်ချီ၏ ပါးကိုညှစ်လိုက်ကာ

"နင်ကတော့တကယ်ပါပဲ"

ရှောက်ချီလည်း ရယ်မောလာကာ မျက်တောင်တဖျပ်ဖျပ်ခတ်၍

"ငါ နင့်ကိုတကယ်ချစ်တယ်နော်"

"အားလုံးလည်း အဆင်ပြေတယ်မလား"

စူးယွင်နှင့် ရင်းနှီးပြီးသားဖြစ်သည့် အမျိုးသမီးကျောက်သည် ခေါင်းငြိမ့်၍သဘောတူလိုက်သည်။ရှောက်ချီကဲ့သို့ ပျော်ပျော်နေတတ်သောဝေ့မန်မန်သည်လည်း ထမင်းစားပွဲအကြောင်းကြားလိုက်ရသောအခါ ချက်ချင်းသဘောတူလာ၏။

"အစ်မဝမ်နဲ့ အစ်မချန်းတို့ရော ဘယ်လိုလဲ"

စူးယွင်မှမေးလိုက်သည်။

ဝမ်လဲ့သည် ခေါင်းငြိမ့်လိုက်၏။

"အင်း"

ရုန်စာမှဝမ်လဲ့အားမေးခွန်းထုတ်နေစဉ် ဝမ်လဲ့ကိုဆွဲလိုက်သူမှာ ချန်းရွှေအာဖြစ်ပြီး ဝမ်လဲ့၏ရင်းနှီးသောမိတ်ဆွေအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ဝမ်လဲ့မှ သဘောတူလိုက်သည်ကိုမြင်သော် သူမလည်းလိုက်ရန်ဆန္ဒရှိသွား၏။

"ဒါဆိုရင် သွားကြစို့"

ရှောင်ဟယ်၏ ဟင်းချက်စွမ်းရည်မှာ ထိပ်တန်းဖြစ်ပြီး ကောင်းမွန်သောမြှင့်တင်မှုများကြောင့် သူမဆိုင်သည် မြို့တော်တွင်းလူကြိုက်များလာခဲ့သည်။သူမသည် ဘေးနားရှိ ဆိုင်ကိုပင်ငှားရမ်းကာ နေရာချဲ့ထွင်ခဲ့ပြီး ထမင်းချက်အနည်းငယ်နှင့်အကူများကိုလည်း ခန့်အပ်ထားလေ၏။

သူမ၏နောက်ဆုံးဟင်းပွဲကို ပြင်ဆင်ပြီးလက်ဆေးကာ စာရင်းစစ်ရန်ပြင်ဆင်နေစဉ် စူးယွင်နှင့်အဖွဲ့မှ အားမာန်အပြည့်ဖြင့်ဝင်လာသည်ကိုတွေ့လိုက်ရသည်။

ရှောင်ဟယ်သည် ရေစိုနေသောလက်များကို ခါးစည်းပေါ်သုတ်လိုက်ပြီး အပြုံးလေးဖြင့်နှုတ်ဆက်လာ၏။

"သခင်မလေး ဘယ်လိုလုပ်‌ရောက်လာတာလဲ"

စူးယွင်သည် ခေါင်းစောင်း၍ မေးစေ့အားပွတ်ကာ

"ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ပါဘူး။ဒီအတိုင်း ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ထမင်းလိုက်ကျွေးတာ။ဘယ်ဟင်းတွေက အရသာပိုရှိလဲ ရှိတာအကုန်ချပေးနော်"

"ဟုတ်ကဲ့ပါ"

စူးယွင်မှ လူအများကြီးခေါ်လာသည်ကိုတွေ့၍ ရှောင်ဟယ်သည် သူတို့အတွက် နေရာကောင်းတစ်ခုအား အမြန်ရှာပေးကာ ဟင်းချက်ဝတ်ရုံအားဝတ်၍ အရသာရှိသော ဟင်းပွဲများစွာကို ပြင်ဆင်ရန်အသင့်ဖြစ်နေလေသည်။

အစားအသောက်ရောက်မလာခင်ထိ လူတိုင်းမှာ တစ်ဦးနှင့်တစ်ဦးသိပ်မရင်းနှီးကြ‌သေးရာ တိတ်တဆိတ်သာထိုင်နေကြပြီး တစ်ယောက်ယောက်မှစကားစပြောမှသာ ပြန်ဖြေလိုက်ကြ၏။

စူးယွင်သည် နှုတ်ခမ်းအားတင်းတင်းစေ့လိုက်မိသည်။

ဒီလိုသာဆက်သွား‌နေရင် အဆင်မပြေဘူးပဲ။

အဖွဲ့လိုက်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ဆိုရင် ဆက်ဆံရေးကရှိကိုရှိရမယ်လေ။

စားပွဲထိုးမှ ဟင်းပွဲများလာချသောအခါ စူးယွင်ပြောလိုက်၏။

"အရက်နှစ်ပုလင်း ယူလာပေးပါ"

ထိုစကားအား ကြားသောအခါရှောက်ချီမှ မေးလာ၏။

"ညီမစူးယွင် အရက်သောက်မလို့လား"

"စုဝေးမှုတစ်ခုမှာဆို အရက်နည်းနည်းသောက်မှ ပိုပြီးအသက်ဝင်လာမှာပေါ့"

သူမသည် လူတိုင်းထံကြည့်ကာ

"စိတ်မပူကြပါနဲ့။သောက်ချင်စိတ်ရှိမှ သောက်ကြပါ။မသောက်ချင်ရင်လည်း အဆင်ပြေပါတယ်"

အမျိုးသမီးကျောက်သည် ပြုံးလိုက်ကာ

"နည်းနည်းပါးပါးသောက်တာကတော့ ကိစ္စမရှိပါဘူး"

"ကျွန်မ ငှဲ့ပေးပါ့မယ်"

လူတိုင်းမှာ ပူးပေါင်းပါဝင်လာပြီး အများစုမှာ အရက်သောက်ကြလေသည်။စူးယွင်သည် လူတိုင်းအား စိတ်လက်ပေါ့ပါးစွာဖြင့် စကားပြောဆိုနိုင်ရန် အကြောင်းအရာများစွာကို ကြိုးစားပမ်းစားရှာဖွေ‌ပေးနေ၏။သူမမှာ အများဆုံးသောက်ခဲ့သည့်လူဖြစ်ရာ အနည်းငယ်မူးနောက်နောက်ဖြစ်လာတော့သည်။

လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ထားရင်း ရှောက်ချီအားကြည့်လိုက်၏။ရုတ်ချည်းဆိုသလို သူမမှာမတ်မတ်ထိုင်လိုက်ပြီးမေးလာသည်။

"နင်အစောပိုင်းတုန်းက ပြောခဲ့တဲ့ကိစ္စကမပြီးသေးဘူးနော်။နည်းနည်းလောက် ဆက်ပြောပြပါလား"

ကောလာဟလများအပေါ် လူအများ၏သိချင်စိတ်မှာ သဘာဝကျပြီး အထူးသဖြင့် အရက်အနည်းငယ်သောက်ပြီးသွားသည့် လူတို့၏စိတ်ဝင်စားမှုမှာ ပိုမိုပြင်းပြလာလေသည်။

ဝေ့မန်မန်သည်လည်း ဝင်ရောက်ထောက်ခံလာ၏။

"ဟုတ်တယ် ဆက်ပြောပြပါဦး။ဆက်ပြောပြပါ"

ဝေ့မန်မန်မှာ တက်တက်ကြွကြွနေထိုင်ရသည်ကို နှစ်သက်သူဖြစ်ပြီး သူမပင်မသိရသေးသောအဖွဲ့အစည်းအကြောင်းများ အများကြီးရှိနေသေးရာ အပြင်ဘက်မှကိစ္စများအား မျက်ကွယ်ပြုထားတတ်သည့် သူများဆိုလျှင်ဖြင့် ပြောစရာတောင်မလိုတော့ပေ။

All Chapters