အခန်း (၉၆+၉၇)
Vol. 10 Ch. 96+97
Ch-96+97
ရှောက်ချီသည်လည်း အတော်အတန် သောက်ထားသောကြောင့် ပါးများနီမြန်းနေကာ ရီဝေနေလေ၏။သူမသည် တူများပေါ် မေးတင်ရင်း စူးယွင်တို့အုပ်စုထံ ခေါင်းစောင်းကြည့်ကာ သက်ပြင်းချလာသည်။
“နင်တို့တွေ ဒါလေးတောင်မသိလိုက်ကြဘူးပေါ့”
“အတိအကျတော့မသိခဲ့ဘူး”
ဝေ့မန်မန်သည် လက်ထောင်လာပြီး
“နည်းနည်းပါးပါးတော့ ကြားဖူးခဲ့တယ်။အထူးသဖြင့် အကြီးအကဲနှစ်ယောက်အကြောင်းကိုပေါ့”
“တကယ်လို့ ငါ့အမေသာရှဲ့ဝမ်ဖူဆီမှာ အထည်ချုပ်သမားမဟုတ်ခဲ့ရင် ငါလည်းဒီအကြောင်းတွေကို ဘယ်တော့မှသိလိုက်ရမှာမဟုတ်ဘူး”
ရှောက်ချီသည် ကိုယ်ကိုရှေ့သို့အနည်းငယ် ကိုင်းညွတ်ကာ အသံအားတိုးလိုက်၏။
“ရှဲ့ဝမ်ဖူဆိုတဲ့ မင်းသားလေးက တကယ်တော့ဆရာထန်ဆိုတာ နင်တို့သိထားကြမှာပဲ။ပြီးတော့ ငါတို့ရဲ့အကြီးအကဲကျန့်က နန်းတွင်းသမားတော်ရဲ့သမီးအကြီးဆုံးလေ။ဟိုးအရင်နှစ်တွေထဲက မိသားစုနှစ်စုကြားမှာရင်းနှီးမှုတွေရှိခဲ့ကြတာ အိမ်တော်တွေဆိုတာကလည်း နီးနီးလေးတွေ နံရံတစ်ခုပဲခြားတာဆိုတော့ ဆရာထန်က အကြီးအကဲကျန့်ဆီအမြဲတမ်းလာလည်တတ်တယ်တဲ့”
“သူတို့က သက်တူရွယ်တူတွေလေ။ဘုရင်မင်းမြတ်က ကုန်သွယ်ရေးအသင်းကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျသူတို့နှစ်ယောက်လုံး အဝတ်အထည်နဲ့အိမ်ရာဌာနတွေရဲ့ခေါင်းဆောင်အသီးသီး ဖြစ်လာကြရော။အဲ့အချိန်တုန်းကဆို မြို့တော်ထဲမှာ ဒီအကြောင်းတွေကလူတွေအားကျရလောက်တဲ့ထိ ပြောစရာတစ်ခု ဖြစ်ခဲ့တာပေါ့”
ဝေ့မန်မန်မှာ ရှောက်ချီ၏ပခုံးအားပုတ်ကာ လောလိုက်၏။
“လိုရင်းကိုသာ ပြောပါ”
ရှောက်ချီသည် မျက်မှောင်ကြုံ့ကာ ဝေ့မန်မန်ပုတ်လိုက်သည့်နေရာအား ပွတ်သပ်ရင်းမကျေနပ်ဟန်ဖြင့်ပြောလာသည်။
“ဘာလို့ ဒီလောက်လောနေတာလဲ။ပုံပြင်ဆိုတာ ဖြည်းဖြည်းချင်းပြောရတယ်ဟဲ့”
“ကောင်းပါပြီ ကောင်းပါပြီ ဆက်ပြောပါ”
“သေချာနားထောင်”
ရှောက်ချီသည် တူများဖြင့်မေးပြန်ထောက်ကာ ညာလက်ညှိုးကို လေထဲဆန့်လိုက်ပြီး
“ဇာတ်လမ်းရဲ့အချိုးအကွေ့က မိုးရွာတဲ့ညတစ်ညမှာ ဖြစ်ခဲ့ကြတာ”
“အဲဒီနေ့မှာ အကြီးအကဲကျန့်က ပုံမှန်အတိုင်း အိမ်မှာ ညစာစားနေတုန်း...”
မိသားစုတစ်ခုလုံးအိမ်၌ စုဝေးနေစဥ် ကျန့်မူအာ၏မိခင် အမျိုးသမီးကျန့်မှာ လက်ထပ်ထိမ်းမြားမှုစာချုပ်တစ်စောင်အား ထုတ်လာပြီးကျန့်မူအာထံ ပေးလာသည်။
ကျန့်မူအာမှာ ပျော်ရွှင်ပီတိဖြစ်နေချိန်ဖြစ်၍ အမျိုးသမီးကျန့်မှ သူမအားပေးလာသည့် ထိမ်းမြားစာချုပ်မှာ ထန်ဖူယွင်နှင့်ဖြစ်မည်ဟုသာ ထင်မှတ်ခဲ့ခြင်းပင်။သူမမှာ စိတ်အားထက်သန်စွာဖြင့်ယူလိုက်ပေသိ တွေ့လိုက်ရသည်မှာတော့ အရှေ့ပိုင်းဝူရှိ ရှောင်မိသားစု၏သားကြီး ရှောင်စဲနှင့် ထိမ်းမြားစာချုပ်ဖြစ်နေလေသည်။
သူမ၏ခိုင်မာပြတ်သားသောစိတ်နေသဘောထားကြောင့် ကျန့်မူအာမှာ စီစဉ်ပေးထားသည့် ထိမ်းမြားမှုကိုငြင်းဆန်ခဲ့ပြီးအမျိုးသမီးကျန့်နှင့် အကြီးအကျယ်အချင်းများကာ အဖွဲ့အစည်းတွင်းပြောင်းရွှေ့နေထိုင်ခဲ့၏။
နောက်ပိုင်းနိုင်ငံရေးသက်ရောက်မှုများကြောင့် ကျန့်မိသားစုမှာ ဧကရာဇ်၏ သံသယအောက်ရောက်ရှိသွားခဲ့ပြီး ဧကရာဇ်မှာ ရှဲ့ဝမ်ဖူအား ကျန့်အိမ်တော်တွင်း ဝင်ရောက်စီးနင်းရန် အမိန့်ပေးခဲ့ရာအမျိုးသမီးများသာ ကျန်ရစ်ခဲ့တော့သည်။မိသားစုကံဆိုးမှုတွင်း ပါဝင်သွားရသည့်ကျန့်မူအာမှာ အကြီးအကဲရာထူးကိုဆုံးရှုံးခဲ့ရ၏။
အခြေအနေအရပ်ရပ်အား မခံမရပ်နိုင်ဖြစ်သွားရသည့် ကျန့်မူအာမှာ ထန်ဖူယွင်ထံသွားရောက်တွေ့ဆုံခဲ့သည်။
“ထန်ဖူယွင် ဘာလို့လဲ”
သူမမေးလိုက်၏။
“ကိုယ်....”
ထန်ဖူယွင်၏နှုတ်ခမ်းများမှာ တုန်ယင်နေပြီးစကားပြောလိုက်ချင်ပေသိ ပါးစပ်ဖွင့်လိုက်ချိန်တွင် လည်ချောင်းထဲ၌တစ်စုံတစ်ရာမှ ပိတ်ဆို့နေသလိုခံစားနေရပြီး စကားတစ်ခွန်းမှပြောထွက်မလာခဲ့ချေ။
ကျန့်မူအာ၏မျက်ဝန်းများတွင် မျက်ရည်များဖြင့်ပြည့်နေပြီး မေးလာ၏။
“ကျွန်မအမေပြောတာတော့ ရှင်ကဒါတွေအားလုံးကိုသိထားတယ်တဲ့။အဲဒါ အမှန်ပဲလား”
ထန်ဖူယွင်မှာ သူမအကြည့်ကို ရှောင်ရှားရင်း ဘာမှတုံ့ပြန်မလာခဲ့ပေ။
သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းမှတစ်ဦးနှင့်တစ်ဦးသိခဲ့ကြသောကြောင့် ကျန့်မူအာမှာ သူ့ပုံစံမှတစ်ဆင့်အလွယ်တကူသိနိုင်သွားသည်။သူမသည် အေးတိအေးစက်လေသံဖြင့်ရယ်မောလိုက်ကာ မေးလိုက်၏။
“ဘာလို့လဲ”
“ဧကရာဇ်အာဏာက အမြင့်ဆုံးပဲ။ကိုယ်ဘာမှ မတတ်နိုင်ခဲ့ဘူး”
ထန်ဖူယွင်သည် ကျန့်မူအာ၏လက်အား အသာဆုပ်ကိုင်ကာ
“ဒါပေမဲ့ ကိုယ်ဘုရင်မင်းမြတ်ဆီ တောင်းပန်ခဲ့တော့ အရှင်ကမင်းရဲ့အကြီးအကဲရာထူးကို ပြန်ပေးဖို့သဘောတူခဲ့တယ်။အခုကစပြီး ကိုယ်မင်းကို ဂရုစိုက်ပြီးစောင့်ရှောက်ပေးပါ့မယ် ဟုတ်ပြီလား”
“မဖြစ်နိုင်ဘူး”
ကျန့်မူအာသည်သူ့လက်အားခါချကာ
“အခုကစပြီး ကျွန်မတို့တွေတစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှမသိခဲ့ကြသလိုနေကြတာပေါ့"
ထို့နောက်မှာတော့ ကျန့်မူအာသည် အဖွဲ့အစည်းထံ ဘယ်တော့မှပြန်မလာတော့ပေ။ထိုအစား သူမသည်အမျိုးသမီးကျန့်၏ဆန္ဒအတိုင်း ရှောင်စဲနှင့်လက်ထပ်ခဲ့၏။
သို့သော်ရှောင်မိသားစုမှာ နောက်ပိုင်း၌ သူတို့ကတိအားဖျက်ခဲ့ကာ သူမကိုတရားဝင်မယားကြီးနေရာမထားချင်ခဲ့ကြပေ။အမျိုးသမီးကျန့်သည် စိတ်ပျက်ခဲ့မိသော်ငြား သူမကျန်းမာရေးမှာ ကံတရား၏အပြောင်းအလဲကြီးများကြောင့် ဆိုးရွားလာခဲ့ပြီး မိသားစုထဲရှိအခြားအမျိုးသမီးများမှာလည်း ခက်ခက်ခဲခဲနေထိုင်ခဲ့ကြရသည်။
ကျန့်မူအာ၏ရုပ်ရည်ကိုစွဲလမ်းနေသည့် ရှောင်စဲမှာ သူမအားကိုယ်လုပ်တော်ဖြစ်ခွင့်ပေးခဲ့ပြီး အမျိုးသမီးကျန့်နှင့်အခြားအမျိုးသမီးများကို စောင့်ရှောက်ပေးပါမည်ဟုကတိပေးခဲ့၏။သူတို့နှစ်ဦးကောင်းမွန်စွာနေထိုင်နိုင်ရန်အတွက် ကျန့်မူအာမှာ မကျေနပ်ပေသိ ကိုယ်လုပ်တော်လုပ်ရန်သဘောတူခဲ့သည်။
ထန်ဖူယွင်မှာ ဤအကြောင်းအားသိလိုက်ရပြီး ကျန့်မူအာ၏မင်္ဂလာဆောင်နေ့တွင် မင်္ဂလာပွဲအားတားဆီးရန်သွားခဲ့ပေသိ ငြင်းပယ်ခံခဲ့ရ၏။သူမ၏ငြင်းဆန်မှုကို ဂရုမစိုက်ဘဲဆွဲခေါ်သွားချင်ခဲ့သော်ငြား သူ့မိခင် ရောက်လာခဲ့ပြီး နောက်ဆုံးမှာတော့ သူလည်းလက်လျှော့လိုက်ရကာ မိခင်နှင့်အတူ စံအိမ်ဆီပြန်ခဲ့ရသည်။
ကျန့်မူအာမှာ ရှောင်မိသားစုထဲလက်ထပ်ဝင်ရောက်ခဲ့ပေသိ သူမ၏မာနကြီးသောစိတ်ထားမှာမပြောင်းလဲခဲ့ချေ။ပွေလီဖို့သာဝါသနာပါသည့် ရှောင်စဲ၏သူမအပေါ်စိတ်ဝင်စားမှုမှာ လျင်မြန်စွာပင်ပျောက်ကွယ်သွားခဲ့၏။သူကတိပေးခဲ့သည့်အတိုင်းလည်း မဖြည့်ဆည်းပေးခဲ့ချေ။ကျန့်မိသားစုရှိ အမျိုးသမီးများမှာ ဆင်းဆင်းရဲရဲနေထိုင်ခဲ့ကြရပြီး အမျိုးသမီးကျန့်သည်လည်း ကွယ်လွန်သွားခဲ့သည်။ထို့နောက်မှာတော့ ကျန့်မူအာလည်း ပြင်းထန်သည့်စိတ်ဓာတ်ကျရောဂါခံစားလိုက်ရပြီး မကြာမီမှာပင် မိခင်ဖြစ်သူနောက်လိုက်ပါသွားရတော့၏။
အရှေ့ပိုင်းအန်းဟွေ့နှင့်မြို့တော်ကြားရှိ အကွာအဝေးမှာ ဝေးလံလှသည်။ကျန့်မူအာခက်ခက်ခဲခဲ နေထိုင်နေရကြောင်း ထန်ဖူယွင် သိလိုက်ရသော်ညတွင်းချင်းမြင်းစီးသွားခဲ့ပေသိ သူရောက်ချိန်တွင်တော့ ကျန့်မူအာမှာ ကွယ်လွန်သွားပြီးဖြစ်၏။ထိုအခါမှ သူသည်လောကတရား၏လှည့်ကွက်များအား ရုတ်ချည်းသိမြင်ကာ မင်းသားငယ်ဘွဲ့ကိုစွန့်လွှတ်၍ ဘုန်းကြီးဝတ်ရန်ရွေးချယ်ခဲ့ကာ စိမ်းမြမြမီးအိမ်တစ်ခုနှင့်အတူ အမြဲနေထိုင်ရမည့်ဘဝအား ရွေးချယ်ခဲ့လေသည်။
ဝေ့မန်မန်မှာ စက္ကူတစ်ရွက်ဖြင့်မျက်ရည်သုတ်ရင်းပြောလာ၏။
“ဒါက နောက်ဆုံးရလဒ်ပဲ”
သူမသည် ကျန့်မူအာငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့ရသည်နှင့် ထန်ဖူယွင်ဘုန်းကြီးဝတ်သွားသည်ကိုသိထားခဲ့ပေသိ နောက်ကွယ်ရှိဇာတ်လမ်းမှာ ဤကဲ့သို့ဖြစ်လိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။ဝမ်လဲ့၏ခပ်တည်တည်မျက်နှာထားမှာ ပြောင်းလဲမသွားပါဘဲ ပြောလာ၏။
“သူသာတစ်ကယ်ဂရုစိုက်တယ်ဆိုရင် ဘယ်လိုလုပ်ဒီလောက်နောက်ကျမှသိတာဖြစ်နိုင်ပါ့မလဲ”
အရှေ့ပိုင်းအန်းဟွေးမှာ မည်မျှပင်ဝေးနေစေကာမူ ထန်ဖူယွင်သာဆန္ဒရှိခဲ့ပါက ကျန့်မူအာအား စောင့်ကြည့်ပေးရန်လူတစ်ယောက်တော့ ထား,ထားလို့ရပေသည်။ထိုသို့ဆိုပါက အခါနှောင်းမှသိရခြင်းမျိုးရှိမလာနိုင်တော့ပေ။
နောက်ဆုံးတော့ သူသည်လည်းဧကရာဇ်အာဏာအားကြောက်ရွံ့ကာ သူ၏ရာထူးဂုဏ်ပုဒ်အာဏာကိုစွန့်လွှတ်ရန် ဝန်လေးနေခဲ့ခြင်းပင်။
ထန်ဖူယွင်မှာ ငကြောက်တစ်ယောက်သာဖြစ်နေခဲ့၏။
“သူ့မှာချစ်ခြင်းမေတ္တာရှိသလို ကြောက်ရွံ့မှုလည်းရှိနေတယ်။ကျန့်မိသားစုဒုက္ခရောက်နေတာကို သူသိနေပေမယ့် ဘေးမှာရပ်ကြည့်နေခဲ့ပြီး ဘာမှဝင်မစွက်ဖက်ခဲ့ဘူး။နောက်ပိုင်းမှာ သူဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကလည်း အပြစ်ရှိတယ်လို့ ခံစားရလို့ပဲ။မင်္ဂလာပွဲကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် သူ့အမေရဲ့စကားကြောင့် စိတ်ပြောင်းသွားပြီး ပြန်ပါသွားတာပဲကြည့်လေ။သူကတုံ့ဆိုင်းနေခဲ့တာ အကြီးအကဲကို စောင့်ရှောက်ပေးဖို့ကိုလည်း ဝန်လေးနေခဲ့တယ်။ဘာလို့လဲဆိုတော့ သူကြောက်နေခဲ့လို့ပဲ”
စူးယွင်မှာ မျက်လုံးများအားမှေးစဉ်း၍
“သူကသူ့ချစ်သူမရှိတော့တဲ့အချိန်မှ ဘုန်းကြီးထဝတ်သွားခဲ့တာလေ။သူသတိပြန်ဝင်လာပြီး မီးအိမ်စိမ်းနဲ့ဘဝကိုရွေးချယ်ခဲ့တယ်ဆိုတာကလည်း အပြစ်ဖြေတဲ့ပုံစံမျိုးပါပဲ။ကျန့်မိသားစုရဲ့ စိတ်မကောင်းစရာကံတရားက သူ့နဲ့နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်လို့သူခံစားခဲ့ရလို့လေ”
“သူသာ ကျန့်မိသားစုကို သတိပေးခဲ့မယ်ဆိုရင် ဒီလိုအဆုံးသတ်မျိုး ဖြစ်လာမှာမဟုတ်ဘူး”
ချန်းရွှေအာမှ ပြောလာ၏။
“သူက မင်းမျိုးမင်းနွယ်ဖြစ်တဲ့ မင်းသားတစ်ပါးပဲလေ။လူတစ်ယောက်ထဲကြောင့်နဲ့ သူ့မိသားစုကို ဘယ်လိုလုပ်သစ္စာဖောက်နိုင်မှာလဲ”
“သူနောက်ပိုင်းမှာ အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့တာကအပြစ်ဖြေဖို့အတွက်ပဲမဟုတ်ဘဲ ဆုံးရှုံးသွားခဲ့တဲ့သတ္တိကိုပြန်ပြီး အဖတ်ဆယ်တာလည်းဖြစ်နိုင်တယ်”
ထိုစဉ်ခါ၌ သူသာသတ္တိရှိခဲ့မည်ဆိုလျှင် အရာအားလုံးမှာ ကွဲပြားသောရလဒ်အားရနိုင်မည်လားဟူ၍ သူတွေးနေမိခဲ့ပါသည်။
လူတစ်ဦးစီတွင် သူတို့၏ကိုယ်ပိုင်အမြင်များရှိကြပေသိ နောက်ဆုံးမှာတော့ ဤသည်မှာသူတို့အပေါ်၌ မူတည်နေခြင်းမဟုတ်ပေ။
ဤအကြောင်းအား နားထောင်ပြီးနောက် သူတို့သည်စိတ်ထဲမှထုတ်ပစ်ကာ ဆက်လက်စားသောက်ခဲ့ကြသည်။
မနေ့ည၌ သောက်လိုက်စားလိုက်စကားပြောလိုက်လုပ်ခဲ့ကြပြီးနောက်တွင်တော့ အဖွဲ့ဝင်များကြားရှိဆက်ဆံရေးမှာ ပိုမိုရင်းနှီးလာခဲ့ပြီး အားလပ်ချိန်များတွင်ဆို ရံဖန်ရံခါ၌စကားစမြည်ပြောဆိုဖြစ်ကြလေ၏။
“ညီမစူးယွင် ဒီဆံထိုးလေးက်ို လှတယ်လို့ထင်လား”
ရှောက်ချီမှာ ယနေ့အဖွဲ့အစည်းဆီအလာတွင် ဝယ်ယူခဲ့သည့် ဆံထိုးလေးဖြင့်ဆော့ကစားနေလေ၏။
ဝေ့မန်မန်မှ လှမ်းကြည့်လာသည်။ဆံထိုးမှာ ရောင်စုံပုတီးစေ့လေးများဖြင့် အလှဆင်ထားသည်အားတွေ့လိုက်ရာ သူမသည်နှာခေါင်းရှုံ့၍ပြောလာ၏။
“အရမ်းအရောင်စုံလွန်းတယ်။နင်တစ်ယောက်ထဲကသာ ဒီလိုဟာမျိုးကိုကြိုက်နေတာ”
“ဘယ်မှာအရောင်စုံလွန်းတာလဲ။တကယ်လှပါတယ်ဟဲ့”
ရှောက်ချီသည် အနည်းငယ်မကျေမချမ်းဖြစ်သွားခဲ့ရာ ခါးထောက်၍ ဝေ့မန်မန်ထံ စိုက်ကြည့်လိုက်၏။
“အနည်းဆုံးတော့ ငါ့မှာ အရောင်စုံတဲ့ပစ္စည်းတော့ရှိနေသေးတယ်။ဒါပေမယ့် နင်ကတော့ ဘာအရောင်မှမပါတဲ့ သာမန်ဆံထိုးကိုပန်ထားတယ်တဲ့ တောဆန်လိုက်တာ”
“ငါကအမြင်မရှိတဲ့နင့်လို အရောင်စုံတာမျိုးမဟုတ်ဘဲ ခန့်ညားထည်ဝါမှုကိုလိုအပ်တာလေ”
ဝေ့မန်မန်သည် ပြန်ပြောလိုက်ပြီး တောင်ကြည့်မြောက်ကြည့်လုပ်နေစဉ် တံခါးပေါက်မှနေ ဝင်လာသော ဝမ်လဲ့အားသတိပြုမိလိုက်သည်။
ဝမ်လဲ့သည် ပုံဖော်ထားခြင်းမရှိသည့် အရောင်ဖျော့ဖျော့ လက်ဝကျဥ်းချီကျွီစကပ်အားဝတ်ဆင်ထားလေ၏။သူမ၏ခါးစည်းရှည်ကိုတော့ ပေါ့ပေါ့ပါးပါး အထုံးတစ်ခုသဖွယ်ချည်နှောင်ထားပြီးတွဲလောင်းချထားလေသည်။
သူမ၏ဆံနွယ်ရှည်များအား သစ်သားဆံထိုးတစ်ခုဖြင့်ရိုးရိုးရှင်းရှင်းထိန်းထားပြီး အဆင်တန်ဆာဖြစ်စေ မိတ်ကပ်ဖြစ်စေ ရှိမနေခဲ့ပေ။သို့သော်သူမမှ ထိုနေရာတွင်ပင် ရပ်နေစေကာမူ အေးစက်စက်ဖြင့် အလှမ်းဝေးသည့် ဆွဲဆောင်မှုတစ်ရပ်အား ပေးစွမ်းနေပြီး မည်သူ့ကိုမှ အကြည့်မလွှဲနိုင်ခဲ့ချေ။
ဝေ့မန်မန်သည် ဝမ်လဲ့ထံလက်ညှိုးထိုးပြပြီး စိတ်ကြီးဝင်နေဟန်ဖြင့် ပြောလာ၏။
“မြင်လား။ဒီပုံစံမျိုးကိုမှ လူတွေက ကြိုက်ကြတာ။နင့်လိုပုံစံမျိုးကို ကြိုက်ကြတာမဟုတ်ဘူး”
“ဟွန့်”
ရှောက်ချီမှာ လက်မခံပေ။
“ဒါက လူအပေါ်မှာမူတည်တယ်လေ။ဝမ်လဲ့ရဲ့ရုပ်ရည်က လှပနေပေမယ့် နင်ကတော့ တောဆန်တဲ့ပုံပဲပေါ်နေတယ်”
“နင်ပဲ တောဆန်တာ”
ဝေ့မန်မန်မှ ပြန်ရန်တွေ့လိုက်သည်။သူမ၏မျက်နှာသွင်ပြင်မှာ သိမ်မွေ့ပြီးနူးညံ့သည့်ပုံစံမျိုးမဟုတ်ပေ။သူ့ပုံစံမှာ လူအုပ်ကြီးအား ငေးမောသွားစေလောက်သည်ထိ ဆွဲဆောင်မှုမရှိပေသိ ဝမ်လဲ့၏သီးခြားဆန်သောအေးစက်စက်အလှနှင့် နှိုင်းယှဉ်ကြည့်သော် လိုအပ်ချက်ရှိနေဆဲပင်။
ငယ်စဉ်ကတည်းမှ ဝေ့မန်မန်သည်သာမန်ရုပ်ရည်မျိုးသာရှိခဲ့သည်ကြောင့် ရှောက်ချီ၏မှတ်ချက်များအား ကြားလိုက်ရချိန်တွင်ဒေါသထွက်သွားပါတော့သည်။သူမသည် အင်္ကျီလက်များအား ပင့်တင်ကာခြိမ်းခြောက်လာ၏။
“ရှောက်ချီ နင်ကငယ်သေးတယ်ဆိုပြီး ငါကနင့်ကို မရိုက်ရဲဘူးမထင်နဲ့”
“အား”
ရှောက်ချီသည် စူးယွင်၏နောက်၌အမြန်ဝင်ပုန်းလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“နင်ကအရင်စတာလေ”
“ညီမစူးယွင် အစ်မကိုကူပေးပါဦး”
စူးယွင်သည် လက်သီးဆုပ်လိုက်ပြီး ရှောက်ချီ၏ခေါင်းအား ခေါက်လိုက်သည်။
“ပြဿနာ မရှာနဲ့တော့”
“ဟွန့် ညီမကလည်းကူညီမပေးဘူး။ပျင်းစရာကောင်းလိုက်တာ”
“ပျင်းစရာကောင်းတယ်ပေါ့လေ။ငါကနင့်ကို ရိုက်နှက်လိုက်ရတဲ့အချိန်ဆို ဘယ်လောက်တောင် ပျော်စရာကောင်းရလဲဆိုတာ ငါပြပေးမယ်”
ဝေ့မန်မန်သည် လက်သီးများအားဆုပ်လိုက်ရာ လက်ဆစ်ချိုးသံများပင် ထွက်လာစေ၏။
“ငါမှားပါတယ်”
ရှောက်ချီသည် လက်အုပ်ချီကာ ပလုတ်တုပ်အရုပ်တစ်ရုပ်အလား ခေါင်းတစ်ခါခါလုပ်ရင်း ပြောလာ၏။
“အစ်မမန်မန် ကျွန်မတစ်ကယ်မှားမှန်းသိပါပြီ။နောက်ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်”
ဝေ့မန်မန်သည် လက်သီးအား ဟန်ဆောင်ပန်ဆောင်ဖြင့် နှစ်ချက်လွှဲလိုက်ကာ မျက်မှောင်ကြုံ့၍ သတိပေးလိုက်သည်။
“နင်ဒီလိုပုံစံမျိုး နောက်တစ်ခါထပ်ပြောလာရင် နင့်မိဘတွေတောင် နင့်ကိုမမှတ်မိတော့အောင် ငါလုပ်ပစ်မယ်”
“ဟဲဟဲ”
ရှောက်ချီသည် အပြုံးလှလှလေးဖြင့် ဝေ့မန်မန်၏ပခုံးကို သိုင်းဖက်ကာ သူမ၏ခေါင်းအားမှီလိုက်၏။
“အစ်မမန်မန်က အကောင်းဆုံးပဲဆိုတာကို ကျွန်မသိသားပဲ”
ဖြစ်စဉ်တစ်ခုလုံးအားထိုင်ကြည့်နေသည့် ချန်းရွှေအာမှာ ငေါ့တော့တော့ပြောလာ၏။
“ဘယ်လိုတောင် ဟန်ဆောင်ပြနေတာလဲ”
“ဒါက ဘယ်အချိန်မှာနောက်ဆုတ်ရမယ်ဆိုတာ သိတဲ့သူမလို့လေ”
ရှောက်ချီမှာ ရယ်ကာမောကာဖြင့်ပြန်ဖြေလာသည်။
သူမမှာ နောက်ပြောင်ကျီစယ်တတ်ပြီး ဆိုးချင်ပေသိ တစ်စုံတစ်ယောက်မှအမှန်တစ်ကယ် စိတ်ဆိုးသွားသည်ကိုမြင်မိပါလျှင် ပထမဆုံးတောင်းပန်တတ်သူလည်းဖြစ်ပါ၏။
“နင်ကတကယ်ကို တော်တော်လေး တတ်လည်းတတ်နိုင်တဲ့လူပဲ”
ချန်းရွှေအာမှာ အသာခေါင်းယမ်းရင်း မှတ်ချက်ချလာ၏။
“နင်လည်း မဆိုးပါဘူး”
ရှောက်ချီမှ ပြန်ချေပလိုက်သည်။
ချန်းရွှေအာမှာ ဝမ်လဲ့လက်မောင်းအားချိတ်လိုက်ရင်း ရှောက်ချီ၏လုပ်ရပ်များအပေါ် စိတ်ပျက်အားလျော့သည့်အမူအရာဖြင့် ခေါင်းယမ်းလိုက်၏။
“မင်းတို့တွေအချင်းချင်း တော်တော်ရင်းနှီးသွားကြပုံပဲ”
ရုန်စာသည် မြင့်မြတ်သောအနွယ်ဝင်အမျိုးသမီးတစ်ဦး၏ ကိုယ်နေဟန်ထားအတိုင်း သူမလက်များအား ဆုပ်ကိုင်ထားရင်းပြောလာသည်။
မူယွင်နန်းဆောင်၏တံခါးမှာ မပိတ်ထား၍ သူမဝင်ပေါက်ဆီရောက်သည်နှင့် သူတို့အချင်းချင်း ပျော်ပျော်ရွှင်ရွှင်စနောက်ကျီစယ်နေကြသည်ကို မြင်လိုက်ရ၏။
အသံအားကြားလိုက်၍ သူတို့လှည့်ကြည့်လိုက်ချိန်တွင် ဖူလီမှနှုတ်ဆက်လာသည်။
"အကြီးအကဲ"
“အင်း ငါ့နောက်ကို လိုက်ခဲ့ကြ”
ရုန်စာမှာ စကားပြောရင်းရှေ့တက်သွားကာ သူတို့အား ဒုတိယထပ်ဆီ ဦးဆောင်ခေါ်သွားခဲ့သည်။
ဒုတိယထပ်၏အပြင်အဆင်မှာ ပထမထပ်နှင့်ကွာခြားလေ၏။တံခါးမကြီးတစ်ခုမှာ အခန်းနှစ်ခန်းအဖြစ် ပိုင်းခြားထားပြီးဖွင့်မရနိုင်အောင် တားဆီးထားလေ၏။
ရုန်စာမှာ သူမအင်္ကျီလက်ထဲမှ ရွှေသော့တံတစ်ချောင်းအားထုတ်ယူကာ သော့ခလောက်ထဲထည့်လိုက်ရာ *ကလစ်* ဟူသည့်မြည်သံနှင့်အတူ သော့ခလောက်မှာပွင့်သွားလေသည်။
အလယ်နေရာသည် ဗလာဖြစ်နေကာ လေးဖက်လေးတန်ရှိလမ်းများမှာ ထိုနေရာဆီဦးတည်နေပေသိ အနည်းငယ်ကွာခြားသောအမြင့်ကြောင့် ညီညာမှုမရှိပေ။သူတို့မှ ထိုအပေါ်နင်းလိုက်မိသည့်အခါ အောက်ရှိနေရာမှာဗလာဖြစ်နေသည့်အတိုင်း ဂလိုဏ်သံတစ်သံထွက်လာသည်ကို သူတို့ကြားလိုက်ရ၏။
“ဒီနေရာကပွင့်နေတဲ့ ကျူးလစ်ပန်းပဲ။မင်းတို့အပြင်မှာ မြင်ခဲ့တဲ့ဟာလေ”
ရုန်စာသည် သူတို့အားအတွင်းသို့ခေါ်သွားရင်းပြောလာသည်။
“ဒါကအဆောက်အဦးရဲ့ အဓိကနေရာပဲ။အခုကစပြီး မိဖုရားကြီးရဲ့မွေးနေ့အခမ်းအနားဝတ်စုံကို မင်းတို့တွေဒီနေရာမှာ ချုပ်လုပ်ရလိမ့်မယ်။အောက်ထပ်အခန်းတွေက မင်းတို့ကိုကူညီပေးလိမ့်မယ်။မင်းတို့အလုပ်မှာ အခက်အခဲတွေ့တာတို့ မှီငြမ်းဖို့စိတ်ကူးမရလို့ စိတ်အခန့်မသင့်ဖြစ်သွားတာမျိုးတို့ကြုံလာရင် အောက်ထပ်ကိုဆင်းပြီး လေ့ကျင့်နိုင်တယ်”
ရုန်စာသည် သူမရင်ဘတ်ထဲမှနေ စာအုပ်တစ်အုပ်အား ထုတ်ယူလိုက်၏။
“ဒါက မိဖုရားကြီးရဲ့မှတ်တမ်းစာအုပ်ပဲ။သူမရဲ့ ကိုယ်ရေးအချက်အလက်၊နောက်ခံသမိုင်း၊ကြိုက်နှစ်သက်မှုတွေနဲ့ တခြား အသေးစိတ်အချက်အလက်တွေပါတယ်။ဒါ့အပြင် အရင်ကဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေရဲ့ မှတ်တမ်းတွေလည်းပါတာမလို့ မင်းတို့တွေပြီးပြည့်စုံတဲ့ဝတ်စုံကို ဖန်တီးတဲ့နေရာမှာ ဒီစာအုပ်ကိုကျိန်းသေလေ့လာဖို့ လိုတယ်”
“ဒီအလုပ်ကို ကောင်းကောင်း ပြီးမြောက်အောင်လုပ်နိုင်ရင် အားလုံးအတွက် အကောင်းဆုံးဆုလာဘ်တွေရရှိဖို့ ညွှန်ကြားရေးမှူးဆီ ငါကိုယ်တိုင်တောင်းဆို ပေးပါ့မယ်”
အဖွဲ့အစည်းမှာ မရေမတွက်နိုင်သည့်ရှားပါးရတနာများနှင့် စိတ်ကူးမယဉ်နိုင်လောက်စရာအရင်းအမြစ်များရှိလေသည်။ခန့်မှန်းစရာမလိုအောင်ပင် သူတို့အားလုံးသိထားကြသည့်အတိုင်း အကောင်းဆုံးဆုလာဘ်ဆိုသည်မှာ တန်ဖိုးကြီး၍ထူးခြားမှာအသေအချာပင်။
ထိုသို့ပြောပြီး ရုန်စာမှာသူတို့အားဒုတိယထပ်၌ လှည့်ပတ်ခေါ်သွားပြီး ကိရိယာအမျိုးမျိုးနှင့် သမိုင်းဆိုင်ရာအသေးစိတ်အချက်အလက်များကို မိတ်ဆက်ပေးခဲ့လေသည်။
“ကောင်းပြီ အခုမင်းတို့ ကိုယ့်ဘာသာစီစဉ်ကြတော့။ပြဿနာတစ်ခုခုရှိရင် ငါ့ကိုလာရှာလို့ရတယ်”
ရုန်စာထွက်သွားပြီးနောက် စူးယွင်သည်ခေါင်းဆောင်နေရာယူလိုက်ပြီးပြောလာ၏။
“အစ်မဝမ် အစ်မရဲ့ပန်းထိုးနည်းက တော်တော်လေးကောင်းနေပြီဆိုပေမယ့် အရောင်အသုံးပြုမှုမှာ နည်းနည်းတိုးတက်ဖို့ လိုသေးတယ်။အဲ့အတွက် အစ်မရှောက်ချီကို အကူအညီတောင်းလိုက်နော်။အစ်မရှောက်ချီကကျ နမော်နမဲ့နိုင်ပြီး စိတ်သိပ်မရှည်တတ်တာမလို့ အဲ့အပိုင်းမှာအစ်မဝမ်ဆီကနေသေချာသင်ယူလိုက်ပါ”
“အစ်မချန်းရဲ့တိကျမှုနဲ့အရောင်တွေအပေါ်ခံစားမှုကအကောင်းဆုံးပဲ။အစ်မကအထည်ဆေးဆိုးတဲ့လုပ်ငန်းစဉ်မှာ ပိုကြိုးစားပေးရလိမ့်မယ်”
“အမျိုးသမီးကျောက်ကတော့ ကျွန်မတို့ထဲမှာ အသက်အကြီးဆုံးနဲ့အတွေ့အကြုံအရှိဆုံးပဲ။ကျွန်မတို့ ဘာမေးခွန်းပဲရှိရှိ သူ့ဆီကိုလမ်းညွှန်သင်ကြားပေးဖို့မေးသင့်တယ်”
“ရပါတယ်”
အမျိုးသမီးကျောက်သည် ပြုံး၍ခေါင်းညိတ်လိုက်၏။
“အခု ကျွန်မတို့တွေစပြီးဆွေးနွေးကြမလား”
စူးယွင်သည် ရုန်စာပေးခဲ့သည့်စာအုပ်အား ဝှေ့ယမ်းပြကာ
“ထိုင်စရာ နေရာအရင်ရှာကြရအောင်”
“အောက်ထပ် ညာဘက်အစွန်ဆုံးအခန်းမှာ စားပွဲရှည်တစ်ခုရှိတယ်။အဲ့နေရာမှာတင် စာဖတ်တာတို့ ဆွေးနွေးတာတို့လုပ်လို့ရတယ်”
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ရှောက်ချီမှာ လူတိုင်းအလုပ်လုပ်နေတုန်း အပြင်ခိုးထွက်ကာ နေရာအမျိုးမျိုးဆီသွားကြည့်လာခဲ့၏။
အဖွဲ့မှာ အောက်ထပ်ရှိစားပွဲဝိုင်းတစ်ခုတွင်စုဝေးကာ မှတ်တမ်းစာအုပ်အားလှန်လှောကြည့်လိုက်ကြသည်။
“မိဖုရားကြီးက လက်ရှိတော်ဝင်ဆရာရဲ့ မိသားစုကနေမွေးဖွားလာပြီး မင်းသမီးအကြီးဆုံးရဲ့အပေါင်းအဖော်ဖြစ်ခဲ့တယ်။သူမနဲ့ဘုရင်မင်းမြတ်တို့က ကလေးအရွယ်တည်းကတစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြပြီး ဆယ့်ခုနစ်နှစ်မှာ သူမကိုကွယ်လွန်ပြီးဘုရင်မင်းမြတ်က အိမ်ရှေ့စံမင်းသားနဲ့ လက်ထပ်ပေးဖို့ရွေးချယ်ခဲ့တယ်”
ရှောက်ချီသည် မှတ်တမ်းထဲရှိစာများကို အသံထွက်ဖတ်ပြလာ၏။
“မိဖုရားကြီးငယ်စဉ်ကတော့ လူအများစုလိုပဲ အဝါနုရောင်နဲ့လန်းဆန်းစေတဲ့အရောင်တွေကို ကြိုက်နှစ်သက်ခဲ့ပေမယ့် ထီးနန်းတက်ပြီးကတည်းက သူမရဲ့အစောပိုင်းနှစ်သက်မှုတွေကို စွန့်လွှတ်ခဲ့ပြီး အဝါရောင်၊ခရမ်းရောင်နဲ့ အခြားမြင့်မြတ်တဲ့အရောင်တွေကိုပဲ ဝတ်ဆင်ခဲ့တယ်”
သူတို့စာမျက်နှာများကို လှန်ကြည့်လိုက်သည့်အခါ ပုံများထဲရှိအရောင်များမှာ အဝါရောင်၊ခရမ်းရောင်နှင့် ရှားရှားပါးပါးရှိနေသည့်အနီရောင်တောက်တောက်များသာ လွှမ်းမိုးနေလေသည်။ပန်းနုရောင်ကဲ့သို့ နူးနူးညံ့ညံ့အရောင်များအား တစ်ကြိမ်မှမမြင်ရပေ။
စူးယွင်သည် မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“အရောင်တူတွေကို အချိန်တိုင်းဝတ်ဆင်ရင် ခံစားမှုအပိုင်းမှာ ရိုးအီသွားတာမျိုးမဖြစ်ဘူးလား”
ချန်းရွှေအာမှ ရှင်းပြလာသည်။
“အဝါရောင်၊ခရမ်းရောင်နဲ့အနီရောင်တောက်တောက်တွေက မိဖုရားရဲ့ရာထူးနဲ့ ကိုက်ညီတဲ့အရောင်တွေပဲ။နိုင်ငံရဲ့မိခင်တစ်ဦးအနေနဲ့ သူမရာထူးကို အမှတ်ရနေသင့်ပြီးစံနမူနာအဖြစ်ရှိနေရမယ်”
“အဝတ်အစားအသစ်ဝတ်ဆင်တာက အခြားသူတွေကိုပြသဖို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုကျေနပ်စေဖို့ပဲဖြစ်သင့်တယ်”
စူးယွင်သည် ဤအလေ့အကျင့်အားမကျေမနပ်ဖြစ်ဟန်ဖြင့်ပြောလိုက်၏။
“ကောင်းမွန်တဲ့စံနမူနာကိုလုပ်ရပ်တွေနဲ့ပဲ ပြသသင့်တယ်။ရာထူးကိုထင်ဟပ်စေမယ့် ဝတ်စုံကိုဝတ်ဆင်လိုက်ရုံနဲ့မရဘူး။အဲ့လိုပဲ ရာထူးဂုဏ်သိမ်ကို ညွှန်ပြနေတဲ့အရောင်နဲ့အဝတ်အစားတွေဆိုတာလည်း တစ်ကယ်ဆိုလိုအပ်မနေပါဘူး”
“ဒါပေမဲ့ သူမကမိဖုရားကြီးလေ။ဘယ်လိုလုပ်ပြီး ကိုယ်လုပ်တော်တွေဝတ်တဲ့အရောင်မျိုးနဲ့အဝတ်တွေကိုဝတ်နိုင်ပါ့မလဲ”
“အရောင်တွေကို လူတွေကသတ်မှတ်တာပဲလေ”
စူးယွင်မှ ပြန်ချေပလာ၏။
“ရာထူးကြီးကြီးရှိသူတစ်ဦးအနေနဲ့ မိဖုရားရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာက သီးခြားအရောင်တစ်ခုကြောင့် ပြောင်းလဲသွားမှာမှမဟုတ်တာ”
“ဒါပေမဲ့...”
ဝမ်လဲ့မှာ ကြားဖြတ်ပြောလိုက်သည်။
“စူးယွင်ပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ငါလည်းထင်တယ်။မိဖုရားကြီးဝတ်ဆင်တဲ့ ဘယ်အရောင်မဆိုမြင့်မြတ်မှုရဲ့ သင်္ကေတ ဖြစ်လာနိုင်ပါတယ်”
“အဖွဲ့အစည်းက နှစ်တွေကြာလာတာနဲ့အမျှ တိုးတက်မှုနည်းပါးလာပြီး ဆုတ်ယုတ်မှုဘက်ကိုပါဦးတည်နေတဲ့ သဘောရှိနေတယ်။ဒါကငါတို့ရဲ့ ခေတ်နောက်ကျနေတဲ့တွေးခေါ်ပုံနဲ့ အနီးကပ်ဆုံးဆက်စပ်နေတာပဲ။အကြီးအကဲက ငါတို့ကိုဒီဇိုင်းအသစ်နဲ့ ထူးခြားတဲ့အဝတ်အစားတွေဖန်တီးဖို့ တာဝန်ပေးထားတာမလို့ ငါတို့ကလည်းစံနှုန်းတွေကိုချိုးဖျက်ပြီး အသစ်တစ်ခုကို စမ်းကြည့်သင့်တယ်”
ဝမ်လဲ့သည် စူးယွင်ထံမျက်ခုံးပင့်၍ကြည့်လာ၏။သူမသည် မှတ်တမ်းစာအုပ်ထဲရှိ ပန်းနုရောင်ကို လက်ညှိုးထိုးပြကာပြောလိုက်သည်။
“ဒါကို စမ်းကြည့်ရအောင်”
မိဖုရားကြီးသည်လည်း ဤအရောင်အားကြိုက်လိမ့်မယ်ဟု သူမယုံကြည်လေသည်။
“ကောင်းပြီ ငါလည်းသဘောတူတယ်”
ချန်းရွှေအာမှ ပြန်ဖြေလာ၏။သူမသည်အမြဲတမ်း ဝမ်လဲ့၏ဆုံးဖြတ်ချက်ကို လိုက်နာတတ်လေသည်။
ရှောက်ချီသည်လည်း ခေါင်းငြိမ့်လာကာ လေသံတိုးတိုးဖြင့်ပြောလာ၏။
“ဝိုး သူ့စိတ်ကအရမ်းမြန်မြန်ပြောင်းသွားတာပဲ”
“အမျိုးသမီးကျောက်ရော ဘယ်လိုထင်လဲ”
စူးယွင်မှ မေးလိုက်သည်။
“ငါ့အတွေးတွေက မင်းတို့လောက်တက်ကြွမှု မရှိပါဘူး။အဲ့တာမလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့ပြောသမျှကိုသာ နားထောင်ပါ့မယ်”
အမျိုးသမီးကျောက်မှ ပြောလာ၏။
ဆုံးဖြတ်ချက်မှာ တညီတညွတ်တည်းဖြစ်သွားသည်အားမြင်သော် စူးယွင်သည်လက်ယမ်းပြလိုက်သည်။
“ကောင်းပြီ ဒါဆိုရင်အားလုံး အချိန်ယူပြီးစဉ်းစားကြပါ။ဒီကာလအတွင်းမှာ ချုပ်ပုံကြမ်းတွေကို အပြီးသတ်ဖို့ပန်းတိုင်ထားကြတာပေါ့"
ရက်အတော်ကြာသည်ထိ လူတိုင်းမှာအိမ်မပြန်ခဲ့ကြဘဲ အဖွဲ့အစည်းတွင်းမှာပင်နေထိုင်ခဲ့ကြသည်။
“ဒီအပိုင်းကိုနည်းနည်း ပိုပြီးသေသပ်အောင်လုပ်လို့ရမယ်လို့ ငါထင်တယ်။ပန်းပွားလေးတွေတို့ ခေါင်းလောင်းလေးတွေတို့ထပ်ထည့်လိုက်ရင် ပိုပြီးအသက်ဝင်လာမယ်မလား”
လူတစ်ယောက်မှ အကြံပြုလာ၏။
“မသင့်တော်ဘူး။မွေးနေ့ပွဲက အလေးအနက်ရှိသင့်ပြီး ဒီဇိုင်းကခန့်ညားထည်ဝါဖို့လည်းလိုသေးတယ်။ဘယ်လိုလဲဆိုတော့...”
နောက်တစ်ယောက်မှာ အကြံဉာဏ်ပေးရန်လုပ်လိုက်သည်။
“မကောင်းတော့ဘူး မကောင်းတော့ဘူး”
ဆွေးနွေးပွဲအရှိန်ကောင်းနေစဥ် အရှေ့ခြံဝင်းရှိအစေခံမလေးမှာ ပြေးဝင်လာပြီးပြောလိုက်၏။
“တစ်ခုခု ဖြစ်နေပြီ။အားလုံးအမြန်လာကြည့်ကြပါဦး”