အခန်း (၉၈+၉၉)
Vol. 10 Ch. 98+99
Ch-98+99
ပုံမှန်အဝတ်အစားများ ဝတ်ဆင်ထားပြီး လက်မောင်းများထက် အနီရောင်ဖဲကြိုးများ စည်းထားသည့် လူအုပ်တစ်အုပ်သည်ရှေ့ခြံဝင်းရှိ တံခါးပေါက်အား ပိတ်ဆို့ထားကြသည်။
သူတို့သည် စက်ဝိုင်းပုံစံဝိုင်းဖွဲ့ထားကာ လက်များအား ဝှေ့ယမ်းရင်း ရုန်စာကိုအတွင်း၌ ပိတ်မိနေအောင်ချုပ်ထားကြ၏။
"အကြီးအကဲရုန် ကျွန်မတို့ကို ရှင်းပြချက်တစ်ခု ပေးရပါမယ်။ဘယ်လိုလုပ်ပြီး ဒီလောက်အရေးကြီးတဲ့ကိစ္စကိုဒီလိုလူစားမျိုးဆီ ယုံယုံကြည်ကြည်နဲ့အပ်နှံလိုက်ရတာလဲ"
"အကြီးအကဲရုန်ကုန်သည်အဖွဲ့အစည်းဆိုတာ လေးနက်ပြီး ဂုဏ်သိက္ခာရှိတဲ့နေရာပါ။မထိုက်တန်တဲ့သူမျိုးကို အဖွဲ့အစည်းထဲ ဘယ်လိုလုပ် ဝင်ခွင့်ပြုလိုက်ရတာလဲ"
"အကြီးအကဲရုန် ရှင်ကအသက်ရလာလေ စည်းတွေဘောင်တွေကို ပိုပြီးဂရုမစိုက်လေဖြစ်နေပြီလို့ ကျွန်မထင်တယ်"
"အဲ့ဒါ..."
စူးယွင်မှာ အနားမရောက်သေးသော်ငြား ထိုလူအုပ်မှ ရုန်စာအားဝေဖန်နေကြသည့် အသံများကို အဝေးမှနေတောင်ကြားနေရလေသည်။
သူမမှာ အလောတကြီးပြေးသွားပြီး လူအုပ်တွင်းတိုးဝှေ့ကာ ရုန်စာအားဆွဲထုတ်လိုက်၏။
"ရှင်တို့ ဘာလုပ်နေကြတာလဲ"
သူမသည် ရုန်စာ၏ရှေ့တွင် မတ်တပ်ရပ်ကာသူတို့ထံစူးစိုက်ကြည့်၍ ပြောလိုက်သည်။
"ဒီနေရာက အဝတ်အထည်ဌာနနော်။ရှင်တို့စိတ်ကြိုက်လာပြီးရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး"
"အကြီးအကဲရုန်နဲ့ ဆွေးနွေးစရာတစ်ခုခုရှိတယ်ဆိုရင်လည်း လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာပေးပါ။နာမည်ကတ်ပြားတင်သွင်းပြီး တွေ့ခွင့်တောင်းလိုက်လေ"
"မင်းက ဘယ်သူလဲ"
ထိုအဖွဲ့ခေါင်းဆောင်အမျိုးသမီးမှာ မေးအားပင့်၍ မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။သူမ၏လက်ညှိုးထက်တွင်တော့ပတ္တမြားလက်စွပ်တစ်ကွင်းကို ဝတ်ဆင်ထားလေ၏။
"ကျွန်မကိုဘယ်လိုလုပ်ရမယ်ဆိုပြီး ရှင်သင်ပေးနေစရာမလိုပါဘူး"
စူးယွင်သည် သူမအားအကဲခတ်ကြည့်လိုက်ရာ သူမညာဘက်လက်မောင်းထက်သို့ အမှတ်မထင်အကြည့်ရောက်သွားရာ ပင်လုံးကြိုင်ကိတ်မုန့်ပုံနှင့် စာလုံးအချို့အားချည်ထိုးထားသည့် အနီရောင်ဖဲကြိုးကို တွေ့လိုက်ရသည်။
အစားအသောက်ဌာန လျှို့ယာယင်း
စူးယွင်သည် အတန်ငယ်စိတ်ရှုပ်ထွေးသွားပေသိ အမူအရာမပျက်အောင်ထိန်းလိုက်၏။သူမသည်ခါးမတ်မတ်ထားကာ အေးဆေးတည်ငြိမ်သောအသွင်ကိုထိန်းသိမ်းရင်း စကားလုံးတစ်လုံးချင်းစီအား ရှင်းရှင်းလင်းလင်းပြောလိုက်သည်။
"အဝတ်အထည်ဌာန စူးယွင်ပါ"
လျှို့ယာယင်းမှာ စူးယွင်၏စကားကြားလိုက်ရသည်နှင့် မျက်လုံးအားမှေးကျဉ်းကာ စူးယွင်ဝတ်ထားသည့် အဝတ်အစားများထံစိုက်ကြည့်လိုက်ပြီး သူမကိုယ်တိုင်ဝတ်ထားသည်နှင့် မတူညီကြောင်းအတည်ပြုလိုက်သည်။သူမမှာ ရယ်သွမ်းသွေးလိုက်ပြီး
"အဲ့တော့ နင်ကစူးယွင်ပေါ့လေ"
"ဟုတ်ပါတယ် ဘာဖြစ်လို့လဲ"
စူးယွင်မျက်မှောင်ကြုံ့လိုက်၏။
ဤရက်ပိုင်းတွင်းသူမမှာအဖွဲ့အစည်းတွင်းသာနေခဲ့ပြီး မည်သူ့ကိုမှမထိခိုက်မိစေခဲ့ပေ။
"ဘာဖြစ်လို့လဲတဲ့လား"
လျှို့ယာယင်းသည် စူးယွင်ထံလက်ညှိုးထိုးလိုက်သည်။
"ဒါဆိုရင်နင့်အတွက် ဒါကဘယ်လိုအဆုံးသတ်သွားမလဲဆိုတာသေချာနားလည်အောင် ငါကပဲရှင်းပြပေးရမှာပေါ့"
"ချန်းရှီလမ်းပေါ်မှာ နင်ဆိုင်ဖွင့်ထားတာမလား"
စူးယွင်ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်လေ"
"နင့်ဆိုင်ကို ဝမ်ကောလို့ခေါ်တာဟုတ်တယ်နော်"
"ဟုတ်ပါတယ်"
"အဲ့ဒီချီဖောင်ဆိုတဲ့အဝတ်အစားတွေကို နင်ကရောင်းတာနော်"
"ဟုတ်တယ်လေ"
စူးယွင်သည် နှုတ်ခမ်းအားတင်းတင်းစေ့ကာ တစ်ဖက်လူ၏နှေးကွေးလွန်းသည့် စကားပြောပုံကြောင့် တစ်ကယ်စိတ်တိုလာတော့၏။
"ဒါဆိုရင် မှန်နေတာပဲ။နင်ကသခင်ကြီးရှန်းပြောတဲ့ ကိုယ်ကျင့်တရားဖောက်ပြန်ပျက်စီးစေသူပေါ့လေ"
"ကျွန်မကလေ....."
စူးယွင်သည် အနည်းငယ်အံ့အားသင့်မှုဖြင့် မျက်ခုံးပင့်လိုက်မိသည်။
ဘုရားရေ!ငါ့မှာနေ့တိုင်း ကြိုးကြိုးစားစားအလုပ်လုပ်နေရတာကို ဘယ်လိုလုပ်ပြီး ကိုယ်ကျင့်တရားဖောက်ပြန်ပျက်စီးစေသူဖြစ်သွားရတုန်း။
"ဒါနဲ့ အဲ့ဒီသခင်ကြီးရှန်းဆိုတဲ့လူက ကျွန်မကိုလည်း မသိဘဲနဲ့အသရေဖျက်နေတာလား"
ခေတ်သစ်ကာလတွင်ဆိုပါက သူမအနေဖြင့်သူ့အားအသရေဖျက်မှုဖြင့် တရားစွဲ၍ရနိုင်သည်ကို သူမသိပေ။
"ဒီကမိန်းကလေး ရှင်ပိုပြီးပွင့်ပွင့်လင်းလင်းဖြစ်အောင်ပြောသင့်ပါတယ်။ကျွန်မကဘယ်လိုနည်းနဲ့ ကိုယ်ကျင့်တရားပျက်စီးစေသွားရတာလဲ"
"မဟုတ်ဘူး အဲ့ဒါနင်မဟုတ်ဘူး"
လျှို့ယာယင်းသည် ခေါင်းယမ်းကာစူးယွင်ဝတ်ထားသည့် အဝတ်အစားများထံ လက်ညှိုးထိုးပြလိုက်သည်။
"ဒါကိုပြောတာ"
စူးယွင် သူမကိုယ်သူမငုံ့ကြည့်လိုက်၏။
သူမ၏အဝတ်အစားများမှာ သပ်သပ်ရပ်ရပ်ဖြင့် သင့်လျော်မှုရှိနေကာ ပြဿနာမရှိပါပေ။
"သခင်ကြီးရှန်းက ဒီအဝတ်အစားတွေကို အပြီးအပိုင် ဖျက်ဆီးပစ်ပြီး မြို့တော်မှာမမြင်ရအောင် လုပ်ရမယ်လို့ပြောထားတယ်။အခုလောက်ဆိုရင် ချန်းရှီလမ်းကိုသွားပြီး နင့်ဆိုင်ကိုပိတ်ခိုင်းနေလောက်ပြီထင်ပါတယ်"
မနေ့၌သခင်ကြီးရှန်း၏ အသက်၆၀ပြည့်မွေးနေ့ပွဲတွင် လော့ဇီယင်းမှာချီဖောင်ဝတ်စုံအားဝတ်ဆင်ခဲ့ပြီး ဝူရုန်းမြို့စားစုံတွဲနှင့်အတူ မင်္ဂလာဆုတောင်းပေးရန်လိုက်ပါလာခဲ့သည်။
သို့သော် သခင်ကြီးရှန်းသည် လော့ဇီယင်းအားမြင်သောအခါ မျက်နှာမည်းမှောင်သွားပြီး လော့ဇီယင်း၏အဝတ်အစားများကို လက်ညှိုးထိုးကာ ဒေါသတကြီးဆူငေါက်ခဲ့၏။
လော့ဇီယင်းအား ဤကဲ့သို့ဆက်ဆံနေသည်ကို မြင်သောအခါ ဝူရုန်မြို့စားစုံတွဲသည် ထမင်းပင်မစားတော့ဘဲ လက်ဆောင်များပေးအပ်ပြီးနောက် ပြန်သွားခဲ့ကြသည်။သခင်ကြီးရှန်းသည် သူတို့၏သဘောထားကြောင့် အလွန်ဒေါသထွက်သွားရပြီး အကြောင်းစုံအားစုံစမ်းရန် လူတစ်ဦးစေလွှတ်ခဲ့၏။
အဝတ်အစားများမှာ ဝမ်ကောဟူသည့်ဆိုင်မှလာကြောင်း တွေ့ရှိရသဖြင့် ဝမ်ကောအားချိတ်ပိတ်ရန် အမိန့်ပေးခဲ့သည်။
သို့သော် ထိုပွဲ၌ဝမ်ကော၏ဆိုင်ရှင်သည် အဝတ်အထည်ဌာနမှ ဖြစ်ကြောင်းတစ်စုံတစ်ဦးမှ ပြောလာ၏။
သခင်ကြီးရှန်းသည် အမျက်ဒေါသထွက်ကာ စူးယွင်အားဖမ်းဆီး၍ ရှန်းအိမ်တော်ဆီခေါ်လာရန် အမိန့်ထုတ်ခဲ့သည်။
"ဘာရယ်"
စူးယွင်သည် ရုန်စာထံလှည့်ကြည့်ကာ
"ကျွန်မ ခဏပြန်ပြီးစစ်ဆေးကြည့်လိုက်ဦးမယ်"
ရုန်စာသည်လည်း သူတို့ပတ်ဝန်းကျင်မှဆူညံသံများကြောင့် စိတ်တိုနေပြီဖြစ်သည်။သူမသည်လက်ယမ်းပြကာ အားလျော့ဟန်ဖြင့်ပြောလိုက်သည်။
"သွားပါ"
"ဒါဆို သတိထားနေပါ ကျွန်မ..."
သူမစကားမဆုံးမီ စူးယွင်၏လက်အား တစ်စုံတစ်ယောက်မှ ဆွဲလာ၏။
"နင်ထွက်မသွားရဘူး"
လျှို့ယာယင်းသည် အသံကျယ်ကျယ်ဖြင့်အော်ပြောလာသည်။
"သခင်ကြီးရှန်းက နင့်ကိုတွေ့ဖို့ စောင့်နေတယ်"
"ကျွန်မကို မဆွဲနဲ့"
စူးယွင်သည် သူမ၏လက်မှလွတ်ရန် ခပ်သွက်သွက်ရှောင်လိုက်၏။
သူမသည်လျှို့ယာယင်းထက် အရပ်ပိုရှည်သည်ဖြစ်ရာ လျှို့ယာယင်းထံကြည့်သည့်အချိန်တိုင်းခေါင်းငုံ့ကြည့်ရသည်။
စူးယွင်သည် ငုံ့ကြည့်လိုက်သော်ငြား သူမ၏မျက်ဝန်းများထဲရှိ စိတ်အနှောင့်အယှက်ဖြစ်နေမှုမှာ ထင်ရှားပေါ်လွင်နေကာ တောင်းပန်လိုခြင်းမရှိပေ။
"အဲ့နည်းကလည်း အတူတူပါပဲ။တစ်ယောက်ယောက်ကို တွေ့ချင်တယ်ဆိုရင် နာမည်ကတ်ပြားပေးပို့ပြီး စိတ်ရင်းမှန်နဲ့တွေ့ခွင့်တောင်းပါ"
ဤစကားများသည် လျှို့ယာယင်း၏နားထဲသို့ ရောက်သွားချိန်မှာတော့ ဒဏ္ဍာရီလာပုံပြင်အလားထင်သွားရစေသည်။
သူမသည် လှောင်ပြုံး,ပြုံး၍ပြောလာ၏။
"နင်က ဘာမို့လို့လဲ။ဖိတ်ကြားစာလိုချင်သေးတယ်ပေါ့လေ ရယ်စရာကောင်းလိုက်တာ"
"ဒါဆို ရှင်ကရောဘာလဲ"
စူးယွင်သည် ခေါင်းအားအနည်းငယ် စောင်းလိုက်ပြီး သူမ၏မျက်လုံးများထဲတွင်တော့ မထီမဲ့မြင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
"ရှင့်ရဲ့အနေအထားကိုရော နားလည်ပြီးပြီလား"
"နင်.....နင်......ဒါဘာသဘောလဲ"
လျှို့ယာယင်းသည် အသက်ပြင်းပြင်းရှူလိုက်ကာ သူမ၏အသံသည် အနည်းငယ်အက်ရှလာ၏။
"အကြီးအကဲရုန် ဒါကရှင့်ဌာနရဲ့လေ့ကျင့်ပေးထားတယ်ဆိုတဲ့လူမျိုးလား"
"စည်းမျဉ်းတွေကို လူတိုင်းလိုက်နာရမယ်။တွေ့ချင်တဲ့အချိန်မှာတောင် စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရမယ်။အဖွဲ့အစည်းက မင်းတို့ စည်းမဲ့ကမ်းမဲ့ပြုမူလို့ရတဲ့ နေရာမဟုတ်ဘူး"
ရုန်စာသည် သူမ၏လက်များအား နောက်ပို့ကာပြောလာသည်။
ရုန်စာ၏ ခိုင်မာသောသဘောထားကို မြင်သောအခါ လျှို့ယာယင်းသည် သခင်ကြီးအား ထုတ်ပြောလာ၏။
"ဒီတော့ ရှင်ကသခင်ကြီးရှန်းရဲ့စကားကို နားမထောင်ဘူးပေါ့လေ"
ရုန်စာမှ ပြန်ချေပလိုက်သည်။
"ငါကြောက်နေမယ်လို့ မင်းထင်နေတာလား"
သူမသည်ဂုဏ်သရေရှိမိသားစုမှ ဆင်းသက်လာပြီး နဥ်အန်းမင်းသမီး၏အဒေါ်ဖြစ်၍ တော်ဝင်မိသားစုနှင့် အနည်းငယ်ဆက်နွှယ်နေသည်။
"အကြီးအကဲရုန်က မြင့်မြတ်တဲ့မျိုးရိုးနောက်ခံရှိလို့ မကြောက်တာသဘာဝကျပါတယ်"
လျှို့ယာယင်း၏စကားမှာ ခဏတာရပ်တန့်သွားပြီး နှုတ်ခမ်းထောင့်များသည် အနည်းငယ်ပြုံးရိပ်သမ်းသွား၏။
"ဒါပေမဲ့ လူထုရဲ့စကားသံတွေကို ခံနိုင်ဖို့ကကတော့ခက်လိမ့်မယ်နော်။သခင်ကြီးရှန်းက ဘုရင်မင်းမြတ်ဆီတင်ပြဖို့ အစီရင်ခံစာတစ်စောင်ရေးပြီးသွားပြီမလို့ မကြာခင်မှာပဲမင်းမိန့်တစ်ခုထွက်လာပါလိမ့်မယ်။အဲ့ဒီအချိန်ကျရင်လည်း အကြီးအကဲရုန်ဒီလောက်ထိသတ္တိရှိနိုင်ပါဦးမလားဆိုတာ ကျွန်မသိချင်မိသား"
အရှင်မင်းမြတ်အား ထုတ်ပြောချိန်တွင်ပင် ရုန်စာမှာမတုန်လှုပ်ရှိနေလေ၏။
သူမသည် ဖြည်းဖြည်းချင်းပြောလိုက်သည်။
"အမိန့်တော်အရင် လာပါစေဦး"
"အခုတော့ ဒီနေရာကနေထွက်သွားစမ်း"
တစ်ခဏချင်းအတွင်းမှာပင် ဆင်တူဝတ်ဆင်ထားကြသည့် လူအုပ်စုတစ်စုသည် ရုန်စာ၏ဘေးသို့ရောက်လာကြသည်။
အသိဉာဏ်ရှိသူတိုင်း မည်သည့်အချိန်တွင် ဘာလုပ်ရမည်ဆိုသည်အား သိထားသင့်၏။
လျှို့ယာယင်းသည် သူမလက်များအားယမ်းကာ ထွက်သွားရန်ပြင်ဆင်လိုက်သည်။
"ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး......"
"အကြီးအကဲရုန် ရှင်ကတစ်ကယ်ကို အထင်ကြီးစရာကောင်းတဲ့လူပဲ"
အမျိုးသမီးတစ်ဦးမှာ အပြုံးလေးဖြင့်ချဉ်းကပ်လာပြီး သူမနောက်တွင်လည်းဆင်တူဝတ်ထားသည့်လူများပါလာပေသိ သူတို့၏ လက်မောင်းထက်တွင်တော့*အစားအသောက်ဌာန*ဟူသည့် စာလုံးအားထိုးထားလေသည်။
သူမသည် ရုန်စာထံမပွင့်တစ်ပွင့်အပြုံးဖြင့် ကြည့်လာ၏။
"ကျွန်မရဲ့လူတွေက အကြီးအကဲရုန်ကိုဘာလုပ်မိလို့ ဒီလိုဆက်ဆံမှုမျိုးကို ခံနေရတာလဲဆိုတာ သိချင်မိပါတယ်"
"အကြီးအကဲချီ အချိန်မှီရောက်လာတာ တော်တော်ကံကောင်းတာပဲ"
ရုန်စာသည်လှောင်ပြုံး,ပြုံးလိုက်သည်။
ချီယို့ယီသည် အစားအသောက်ဌာန၏အကြီးအကဲဖြစ်ကာ ရုန်စာကဲ့သို့ပင် ဂုဏ်သရေရှိမိသားစုမှ ဆင်းသက်လာသူဖြစ်၏။
သူမသည် လက်ကိုင်ပုဝါအားကိုင်ထားကာ ပါးစပ်အားလက်ဖြင့်အုပ်၍ အသာရယ်မောလိုက်သည်။
"ဒါက တိုက်ဆိုင်မှုလေးပါပဲ"
ရုန်စာသည် ပြုံးလိုက်သော်ငြားပြန်မဖြေခဲ့ပေ။
ချီယို့ယီနှင့်သူမလူတွေသည် အဝတ်အထည်ဌာနတွင် အစောကတည်းမှဖြစ်ပျက်နေသည့်အရာများအား မသိဘူးဆိုသည်ကိုသူမလုံးဝမယုံပေ။
ချီယို့ယီသည်လက်ကိုင်ပုဝါအား လက်ညှိုးဖြင့်လိမ်ရင်း စိတ်ပျက်ဟန်ဆောင်ကာ
"အကြီးအကဲရုန်ကို ဒီလောက်ထိမလေးမစားလုပ်ရဲရအောင် ကျွန်မကဘယ်လိုလုပ်သင်ပေးမိလိုက်ရတာလဲ"
သူမသည် ပြောပြီးနောက် ရုန်စာဘက်လှည့်ကာပြုံးပြလာ၏။
"သူတို့ကိုသေချာစီမံခန့်ခွဲမှုမရှိခဲ့တဲ့ကျွန်မရဲ့ အမှားပါ အကြီးအကဲရုန် ဒေါသမထွက်ပါနဲ့။ကျွန်မတို့ကြားက ငြိမ်းချမ်းရေးကိုမပျက်စီးစေရဲပါဘူး"
ရုန်စာသည် ထိုယဉ်ယဉ်ကျေးကျေးစကားများဖြင့် အချိန်ဖြုန်းလိုခြင်းမရှိသဖြင့် တည့်တိုးသာပြောလိုက်သည်။
"နင်လည်းဒီရောက်လာပြီဆိုမှတော့ သူတို့ကို ခေါ်သွားတော့"
"နောက်တစ်ခါ သူတို့ဒီလို မလေးမစားပြုမူလာရင်တော့ အကြီးအကဲတစ်ဦးအနေနဲ့ ငါကဒီလောက် လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်တော့ဘူး"
"ကိစ္စမရှိပါဘူး။သူတို့ထပ်ပြီး စော်ကားရဲကြရင် ကျွန်မလည်းသူတို့ကို လွှတ်ပေးမှာမဟုတ်ပါဘူး"
ချီယို့ယီသည် လက်အားယမ်းပြလိုက်သည်။
"ကျွန်မရှင့်ကို အနှောင့်အယှက်ဆက်မပေးတော့ပါဘူး။သွားကြစို့ သူကိုခေါ်ခဲ့ကြ"
အရပ်ရှည်ရှည်အမျိုးသားနှစ်ဦးသည် ချီယို့ယီ၏နောက်မှထွက်လာပြီး စူးယွင်ထံချဉ်းကပ်ကာ အတင်းအကြပ်ခေါ်ထုတ်ရန်လုပ်လာ၏။
ရုန်စာသည် ပြင်းပြင်းထန်ထန်အော်ငေါက်လိုက်သည်။
"ရပ်လိုက်ကြစမ်း!ငါတို့ အဝတ်အထည်ဌာနကလူဆီ ကိုယ်ထိလက်ရောက်ထိပါးဖို့ ဘယ်သူလုပ်ရဲလဲ!"
သူမ၏စကားများမဆုံးမီ ဘေးနား၌ရပ်နေသော အစောင့်များမှာလျင်မြန်စွာ ရှေ့တက်လာပြီး ရုန်စာနှင့်စူးယွင်ရှေ့တွင်အကာအကွယ်ပေးဟန်ဖြင့် နေရာယူလိုက်ကြသည်။
"အကြီးအကဲရုန် ကျွန်မကစူးမိန်းကလေးကို သခင်ကြီးရှန်းနဲ့တွေ့ဖို့ခေါ်သွားရမယ်ဆိုတဲ့ ညွှန်ကြားချက်ရထားပါတယ်။ရှင်က ကျွန်မကို တားဆီးနေရင်တော့ကျွန်မက ဘယ်လိုလုပ်အမိန့်ကို ဆောင်ရွက်နိုင်မှာလဲ"
အဝတ်အထည်ဌာနသည် ရုန်စာ၏ရာထူးနှင့်နဥ်အန်းမင်းသမီး၏မျက်နှာသာပေးမှုကြောင့် မကြာခဏမင်းသမီးကြီးအိမ်တော် ၏ကျောထောက်နောက်ခံကို ရရှိခဲ့သည်။
အခြားတစ်ဖက်ရှိ အစားအသောက်ဌာနသည် သခင်ကြီးရှန်း၏ အစားအသောက်ကိုနှစ်သက်မှုကြောင့် ရှန်းမိသားစု၏ထောက်ခံမှုကိုရရှိထားပြီး ချီယို့ယီ၏အဒေါ်သည် ရှန်းမိသားစု၏ကြင်ယာတော်မင်းသမီးဖြစ်ကာ ရှန်းမိသားစုအား ဒိုင်းကာအဖြစ်အားကိုး၍ အပြင်ဘက်တွင်သူတို့၏အာဏာကို ကြွားဝါလေ့ရှိ၏။
"စူးမိန်းကလေးက အရေးကြီးတဲ့တာဝန်ကို ဆောင်ရွက်နေရတာမလို့ အခုအချိန်မှာဧည့်သည်တွေနဲ့ တွေ့ဆုံနိုင်ခွင့်မရှိသေးပါဘူး။တစ်ခုခုလိုအပ်တယ်ဆိုရင် သူမအစား ငါ့ဆီပဲပြောခဲ့"
ချီယို့ယီသည် လက်ကိုင်ပုဝါအား သူမလက်ချောင်းဖြင့်လှည့်ပတ်ကစားရင်း ရုန်စာထံ ခေါင်းစောင်းကြည့်ကာ
"ကျွန်မက ငြင်းမယ်ဆိုရင်ရော"
အဓိကဌာနလေးခုတွင် သီးခြားနယ်မြေများရှိသည်။သယ်ယူပို့ဆောင်ရေးဌာနမှာ စာတိုက်စခန်းများနှင့်လမ်းများအား စီမံခန့်ခွဲပြီး အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ကာ အခြားဌာနသုံးခုကို အမြဲအထင်အမြင်သေးလေ့ရှိသည်။အိမ်ရာဌာနသည် အိမ်ရာများအားထိန်းချုပ်ပြီး ခြေကုန်လက်ပန်းကျသည်ထိ အိမ်ငှားခများစုဆောင်းရကာ ငြိမ်းငြိမ်းချမ်းချမ်းဖြင့်အငြင်းပွားမှုမရှိသောဘဝကို နေထိုင်ကြရ၏။အစားအသောက်ဌာနနှင့် အဝတ်အထည်ဌာနနှစ်ခုစလုံးသည် သာမန်ပြည်သူများ၏ စီးပွားရေးလုပ်ငန်းများကိုကိုင်တွယ်ကြရပြီး နန်းတော်၏ကျောထောက်နောက်ခံကို ရရှိထားကာ မကြာခဏပြိုင်ဆိုင်မှုနှင့် အလုအယက်လုပ်ဆောင်မှုများ ပြုလုပ်ကြလေ့ရှိသည်။
အစားအသောက်ဌာနသည် အဝတ်အထည်ဌာန၏ လွှမ်းမိုးမှုအောက်တွင်အမြဲရှိနေခဲ့ရ၍ သူတို့မကျေမနပ်ဖြစ်ကြသည်မှာ သဘာဝကျပေ၏။
ယခုအဝတ်အထည်ဌာနအတွက် ပြဿနာရှာရန် အခွင့်အရေးကိုရှာတွေ့သည့်အခါ သူတို့သည်လက်လွှတ်ခံကြမည် မဟုတ်ပေ။
ရုန်စာသည် သူမ၏အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်ပြီး တည်ငြိမ်သော်ငြား ဖိနှိပ်မှုအပြည့်ပါသည့် လေသံဖြင့်ပြောလိုက်သည်။
"နင် စမ်းကြည့်လိုက်လေ"
ချီယို့ယီသည် အသာရယ်မောလိုက်ပြီး သူမလက်ကိုင်ပုဝါအား ဝှေ့ယမ်းကာ နောက်မှအမျိုးသားနှစ်ဦးထံ အချက်ပြလိုက်သည်။
"ဆက်လုပ်ကြ"
"ဘယ်သူလုပ်ရဲလဲဆိုတာကို ငါကြည့်နေမယ်"
ရုန်စာမှာ ပြတ်ပြတ်သားသားအော်လိုက်ပြီး သူမလက်များအားဆန့်၍ စူးယွင်အားဆွဲကာ သူမနောက်တွင်ထား၍ကာကွယ်လိုက်သည်။
ရှောက်ချီအပါအဝင် ရုန်စာ၏လူအချို့သည် ဆူညံသံအားကြား၍ အပြေးအလွှားဝင်လာကြ၏။
ချီယို့ယီသည် အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်သည်။
"ကျန်တဲ့သူတွေကို စိတ်ထဲထည့်မနေနဲ့။ဒီနေ့စူးမိန်းကလေးကို ဖမ်းမိတဲ့သူက ဆုလာဘ်တွေအများကြီးရစေရမယ်"
ဆုလာဘ်ပေးမည်ဟူသော ကတိစကားအားကြားလိုက်သောအခါ အမျိုးသားများသည် ပိုမိုစိတ်အားထက်သန်လာကြပြီး စူးယွင်၏လက်အားဆွဲကာ သူမကိုအတင်းခေါ်ထုတ်ရန် ကြိုးစားလိုက်ကြသည်။
ဤသည်အားမြင်သောအခါ ရုန်စာသည်လျင်လျင်မြန်မြန်ဖြင့်လှည့်ကာ သူမဘယ်လက်ဖြင့် စူးယွင်အားဆွဲရန် လက်လှမ်းလိုက်သော်လည်း မမျှော်လင့်စွာပင်အစောင့်များထဲရှိတစ်ဦးမှာ သူမအားတိုက်မိသွား၏။သူမ၏ညာဘက်ခြေထောက်မှာ ဘယ်ဘက်ခြေထောက်အား ချိတ်မိသွားပြီး အသံကျယ်ကြီးဖြင့် မြေပြင်ပေါ်လဲကျသွားတော့သည်။
"အကြီးအကဲ အဆင်ပြေရဲ့လား"
အမျိုးသမီးကျောက်သည် အသက်ကြီးပြီဖြစ်၍ ဤကိစ္စတွင်မပါဝင်သော်ငြား အခွင့်အရေးအား စောင့်ဆိုင်းရင်းဘေးတွင် ရပ်နေခဲ့သည်။
သူမသည် ရုန်စာအားထူရန်အမြန်ပြေးလာခဲ့လိုက်၏။
"အား"
ရုန်စာသည် နာကျင်မှုကြောင့်ပါးပြင်များနီရဲနေပြီး မျက်မှောင်ကြုံ့ကာ နောက်တစ်ကြိမ်လဲကျသွားပြန်သည်။
"အကြီးအကဲ အဆင်ပြေရဲ့လား"
စူးယွင်သည် စိုးရိမ်တကြီးဖြင့် သူမထံကြည့်လိုက်သည်။
စူးယွင်အာရုံပျံ့လွင့်နေသည်အား မြင်သောအခါ ချီယို့ယီသည် လျင်မြန်စွာအမိန့်ပေးလာ၏။
"ဒီအခွင့်အရေးကိုယူပြီး စူးယွင်ကိုဒီဘက်ခေါ်လာခဲ့"
အစောင့်များသည် စူးယွင်၏လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသဖြင့် သူမလှုပ်ရှား၍မရတော့ပေ။
စူးယွင်သည် မျက်မှောင်ကြုံ့ကာ သူမမျက်ဝန်းများထဲ ဒေါသများဖြင့်ပြည့်နှက်သွားတော့၏။
နောက်ထပ်စဉ်းစားမနေတော့ဘဲ သူမသည်အစောင့်များထဲမှတစ်ဦး၏ဗိုက်ကို ခြေထောက်ဖြင့်ကန်ချလိုက်သည်။
ဤအစောင့်များထဲရှိအများစုမှာ ပျင်းရိကာသောက်စားနေတတ်ကြသည့် လူမိုက်များသာဖြစ်လေ၏။
စူးယွင်၏ကန်ချက်ကိုခံရပြီးနောက် သူတို့သည် ချက်ချင်းဆိုသလိုနာကျင်မှုဖြင့် ခါးကိုင်းသွားကြကာ ဗိုက်အားဖိ၍မထနိုင်ကြတော့ပေ။
စူးယွင်သည် ပါးများနီရဲနေသည့် ရုန်စာထံ ပြေးကာကြည့်လိုက်သည်။
"ဘယ်နေရာမှာ နာနေတာလဲ"
"ခြေထောက်"
ရုန်စာသည် အံကြိတ်ထားပြီး သူမ၏အသံမှာအားပျော့နေလေသည်။
သူမ၏ ဖြူဖျော့ဖျော့ခြေချင်းဝတ်သည် ဆိုးဆိုးဝါးဝါးပင်ရောင်ရမ်းနေ၏။
"ဒါ..."
စူးယွင်သည် တစ်ခဏတာမျှဘာလုပ်ရမည်မှန်း မသိတော့ပေ။
ချီယို့ယီသည် မြေပြင်ထက်လဲနေသည့် အမျိုးသားနှစ်ဦးထံကြည့်ကာ အော်လိုက်သည်။
"အသုံးမကျတဲ့ လူမိုက်တွေ အခုချက်ချင်းထကြစမ်း။ရှက်စရာကောင်းလိုက်တာ"
"မင်းတို့အားလုံး အတူတူသွားကြ"
သူမသည် နောက်၌ကျန်သည့် အစောင့်များအား လက်ညှိုးထိုးကာအမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
အစောင့်များမှ ရှေ့သို့တက်ရန်ပြင်နေစဉ် ရုတ်တရက် အဝေးမှအသံတစ်ခုကို ကြားလိုက်ရသည်။
"ရပ်လိုက်ကြစမ်း"