← Chapters

အခန်း (၁၀၀+၁၀၁)

Vol. 10 Ch. 100+101

အခန်း (၁၀၀+၁၀၁)

Vol. 10 Ch. 100+101

Ch-100+101

ရှန်းကျစ်ဟွိုက်၏အကြည့်မှာ လူအုပ်ထံခဏတာမျှ ဝေ့ကြည့်ပြီးနောက် ချီယို့ယီထံကျရောက်သွားသည်။

"အကြီးအကဲတစ်ဦးအနေနဲ့ လူအများရှေ့မှာ ဒီလောက်အမှုမဲ့အမှတ်မဲ့ပြုမူပြနေတာ ဒီအကြောင်းတွေသာ အပြင်ကိုပေါက်ကြားသွားရင် သူတို့ကငါတို့အဖွဲ့အစည်းကို ဘယ်လိုများထင်ကြမလဲ"

နောက်‌၌လိုက်လာသည့် ကျန်းကျင်းယွင်သည် ရှုပ်ထွေးနေသောမြင်ကွင်းနှင့် ရုန်စာ၏ ခြေကျင်းဝတ်မှာရောင်ရမ်း‌နေသည်ကို သတိပြုမိလိုက်သည်။

သူသည်မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

"ဘာလို့အားလုံး ရပ်နေကြတာလဲ။အကြီးအကဲရုန်ကို အထဲမြန်မြန်တွဲခေါ်သွားပြီး သမားတော်နဲ့သေချာစစ်ဆေးပေးလိုက်ကြ"

ရုန်စာအားအထဲသို့သယ်သွားသည်အားမြင်သော် စူးယွင်လည်း စိတ်ပူလာပြီးနောက်မှလိုက်သွားချင်ခဲ့သည်။

လျှို့ယာယင်းသည် ကြားဖြတ်ပြောလာ၏။

"နင်သွားလို့မရဘူး"

ကျန်းကျင်းယွင်သည် စူးယွင်ဘက်လှည့်ကာ ပြောလိုက်သည်။

"မင်းသွားနှင့်။ဒီကိစ္စကို ကိုယ်တာဝန်ယူလိုက်မယ်"

"ဒါက......"

စူးယွင် တွေဝေသွားရသည်။

"ဒီကိစ္စကိုသခင်ကြီးရှန်းဆီ ကိုယ်အစီရင်ခံလိုက်ပါ့မယ်။အခုတော့ မင်းလာတဲ့လမ်းအတိုင်း ပြန်သွားလို့ရပြီ။ဒီပြဿနာသာဆက်အကျယ်ချဲ့လာရင် ဒီအတိုင်းပြီးသွားလိမ့်မယ်မထင်နဲ့"

"ဒါပေမယ့်......"

လျှို့ယာယင်းသည် တစ်ခုခုထပ်ပြောချင်နေသေးသည်။

"အကြီးအကဲချီ မိဖုရားကြီးရဲ့မွေးနေ့ပွဲက ပိုအရေးကြီးတဲ့ကိစ္စပါ။မင်းသွားပြီး လိုအပ်တဲ့ စီစဉ်မှုတွေကို လုပ်သင့်တယ်"

ရှန်းကျစ်ဟွိုက်သည်အပြုံးလေးဖြင့်ပြောလိုက်သည်။

"အဲ့ကိစ္စကိုနောက်ကျစေချင်နေတာတော့ မဟုတ်ဘူးထင်တယ်နော်"

သူမှပြုံး၍ပြောလိုက်သော်လည်း ချီယို့ယီမှာတော့ သူမှဤကိစ္စအားဆက်မဖြစ်စေချင်မှန်း သဘောပေါက်လိုက်သည်။

ချီယို့ယီမှာ မကျေမနပ်ဖြစ်မိသော်လည်း ကိုယ့်ကန့်သတ်ချက်ကိုကိုယ်သိသူဖြစ်၏။

သူမသည် အနည်းငယ်နောက်ပြန်ဆုတ်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ညွှန်ကြားရေးမှူးရှန်း သတိပေးတာကိုလက်ခံပါတယ်"

"အကုန်လုံးလူစုခွဲကြတော့"

ချီယို့ယီမှာ လက်ဝှေ့ယမ်း၍အစားအသောက်ဌာနအဖွဲ့ဝင်များကို ခေါ်ဆောင်သွားတော့သည်။

ရုန်စာသည် ကုတင်အားမှီထားကာရောင်ရမ်းနေသည့် ခြေထောက်အားခေါင်းအုံးသုံးလေးလုံးဖြင့်ယာယီပြုလုပ်ထားသည့် ခေါင်းအုံးပုံပေါ်တွင်တင်ထားလိုက်၏။

"သမားတော်ကြီး အကြီးအကဲရဲ့ဒဏ်ရာအခြေအနေက ဘယ်လိုလဲ"

စူးယွင်မှာ စိုးရိမ်တကြီးမျက်နှာအမူအယာဖြင့် မေးလိုက်သည်။

ရုန်စာသည် သူမကြောင့်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး တစ်ခုခုအကြီးအကျယ်ဖြစ်ခဲ့ပါက စူးယွင်မှာအပြစ်ရှိသလို ခံစားရမည်ပင်။

သမားတော်သည် ရုန်စာ၏ညာဘက်ခြေကျင်းဝတ်ကိုအသာဖိကြည့်သည်။

ရုန်စာမှာ မျက်မှောင်ကြုံ့သွားပြီး ဖြူဖျော့‌ဖျော့နဖူးပြင်ထက်တွင် ချွေးစေးပါးပါးပျံလာတော့၏။

သူမသည် လက်ထဲရှိအဝတ်စကို တင်းတင်းဆုပ်ထားလေသည်။

သူမ၏ညာဘက်ခြေကျင်းဝတ်ရှိ အရိုးသည် သိသိသာသာရောင်ရမ်းပြီးဖောင်းကြွနေ၏။

"အရိုးနည်းနည်းလွဲသွားတာမလို့ အကြီးအကဲကို ကျွန်တော်ပြန်တည့်ပေးပါမယ်။ဒါပေမယ့်နည်းနည်းနာနိုင်လို့ သည်းခံ‌ထားပါ"

ရုန်စာသည် နာကျင်မှုအားခံစားရင်း ခေါင်းငြိမ့်ပြလိုက်သည်။

"အကြီးအကဲ ကျွန်မကိုကိုင်ထားပါ"

စူးယွင်သည်ရုန်စာ၏ရှေ့သို့ လက်ဆန့်လိုက်သည်။

ရုန်စာမှာ ငြင်းဆန်ရန်ပြင်လိုက်သော်လည်း စူးယွင်၏ မျက်နှာအမူအရာအားမြင်သောအခါ အလျှော့ပေးလိုက်ပြီး သူမ၏ လက်ကို စူးယွင်၏လက်ထဲသို့ ထည့်လိုက်၏။

*ခွပ်*

သမားတော်သည် လျင်မြန်ပြတ်သားစွာလုပ်ဆောင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းပင် ထင်းထွက်နေသော အရိုးသည်နဂိုပုံသဏ္ဌာန်သို့ ပြန်ရောက်လုနီးပါးဖြစ်သွားပြီး နီမြန်းမှုအနည်းငယ်မျှသာကျန်တော့လေ၏။

သို့သော် ထိုအချိန်အတိုင်းအတာအတွင်း၌နာကျင်မှုမှာ အပြင်းထန်ဆုံးဖြစ်သည်။

စူးယွင်သည် မျက်မှောင်ကြုံ့၍အသံမထွက်မိစေရန် အတင်းထိန်းထားရ၏။

"ပြီးပြီ"

သမားတော်သည် သူ၏ဆေးသေတ္တာထဲမှ စုတ်တံနှင့်မှင်တုံးအား ထုတ်ယူပြီးသွက်သွက်လက်လက်ချရေးလိုက်သည်။

"ဆေးအတွက် ဒီညွှန်ကြားချက်တွေကိုလိုက်နာပေးပါ။အချို့ကကျ သောက်ဆေးဆိုပေမယ့် အချို့ဟာတွေကတော့ ကြပ်ထုပ်ထိုးဖို့ပဲ။တစ်ရက်ကိုသုံးကြိမ်လောက် ကြပ်ထုပ်ထိုးဖို့မမေ့နဲ့နော် သုံကြိမ်ထက်လည်းကျော်မသွားစေနဲ့"

"ဒါ့ပြင် နောက်တစ်လလောက်ထိ လမ်းလျှောက်တာကိုရှောင်ပါ။အရိုးထပ်လွဲတာမျိုးမဖြစ်ရအောင် ကုတင်ပေါ်မှာပဲနားနားနေနေ,နေတာ အကောင်းဆုံးပဲ"

"ကျေးဇူးတင်ပါတယ် သမားတော်ကြီး"

ရုန်စာ၏ ကိုယ်ပိုင်အစေခံလေးသည်ညွှန်ကြားချက်များအား သေချာနားထောင်နေ၏။

"ကျွန်မနောက်က လိုက်ခဲ့ပါ"

"အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်"

သမားတော်ထွက်သွားပြီးနောက်တွင်တော့ ရုန်စာသည်ပုံမှန်အနေအထားသို့ ပြန်ရောက်လာသည်။

သူမသည် ပြီးပြည့်စုံသောအပြုံးအား ပြန်ပြုံးနိုင်လာကာ သူမမျက်နှာအမူအရာမှာလည်း ပြေလျော့နေ၏။

သူမဘာတွေကြုံခဲ့ရသည်ဆိုသည်အား မသိခဲ့ပါလျှင် သူမမှာလုံးဝအကောင်းပကတိအတိုင်းဖြစ်နေသည်ဟုထင်ကြပေလိမ့်မည်။

"တကယ့်ဟာသပဲ"

ကျန်းကျင်းယွင်သည် အမြဲလိုလိုပြတ်သားပြီး စကားအားချွေတာမပြောတတ်ချေ။

"ဌာနရဲ့အကြီးအကဲတစ်ယောက်အနေနဲ့ ဒီလိုကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘဲ ဒီအခြေအနေထိရောက်လာတယ်။မင်းရဲ့အရည်အချင်းကို သံသယဝင်ဖို့ဆိုတာ မခက်ဘူးပဲ"

ရုန်စာသည် သူမ၏မြင့်မားသော ရာထူးကြောင့် ဝေဖန်မှုအားလျစ်လျူရှုထားမည့်သူ မဟုတ်ချေ။

သူမသည် မျက်လွှာချကာ ခုနကဖြစ်ပျက်ခဲ့သည့် ကိစ္စများအားပြန်လည်တွေးတောနေသကဲ့သို့ တိုးတိုးလေးပြန်ဖြေလိုက်သည်။

"အကြီးအကဲကျန်း ဝေဖန်တာမှန်ပါတယ်။ဒီနေ့ ကျွန်မတကယ်ပဲ အရူးလုပ်မိသွားတယ်။နောက်တစ်ခါထပ်မဖြစ်ရအောင် သေချာဂရုစိုက်ပါ့မယ်"

"နောက်တစ်ခါထပ်မရှိစေနဲ့တော့"

အ‌စောကထိတိတ်ဆိတ်နေခဲ့သော ရှန်းကျစ်ဟွိုက်သည် နောက်ဆုံးတွင်စကားစပြောလာသည်။

"ဌာနရဲ့အကြီးအကဲအနေနဲ့ မင်းကဌာနရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။ဘယ်ပြဿနာပဲဖြစ်ဖြစ် သေချာကိုင်တွယ်ဖြေရှင်းပြီး လူသိရှင်ကြားလုပ်သင့်တယ်"

"အခုတော့ ဌာနအကြီးအကဲနှစ်ယောက်လုံးက သီးသန့်အချေအတင်ဖြစ်ပြီး စကားများနေကြတယ်။ဒီကိစ္စသာ ပျံ့နှံ့သွားရင်မျက်နှာပျက်တယ်ဆိုတာထက် ပိုဆိုးသွားနိုင်တဲ့အပြင် ဘုရင်မင်းမြတ်သိသွားရင်ရောအကျိုးဆက်တွေရှိမလာနိုင်ဘူးလား"

"မင်းကမြင့်မြတ်တဲ့နောက်ခံကနေ လာခဲ့တာမလို့ မွေးရာပါမာန်မာနရှိနေမယ်ဆိုတာကိုယ်သိပါတယ်။ဒါပေမယ့် ကုန်သည်ကြီးများအသင်းရဲ့ ကြီးကြပ်မှုအောက်မှာ အလုပ်လုပ်နေသရွေ့ အသင်းမှာတာဝန်ထမ်းဆောင်နေသရွေ့ ကိုယ့်အမိန့်တွေကိုနာခံရမယ်"

ရှန်းကျစ်ဟွိုက်သည် ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး လက်နှစ်ဖက်အားယှက်ကိုင်ထားလေ၏။

"ဒီနေ့ကိစ္စအတွက် ကုန်သည်ကြီးများအသင်းရဲ့ စည်းမျဉ်းတွေကိုလိုက်နာပြီး မင်းတို့နှစ်ယောက်လုံးကို လူသိရှင်ကြားကိုယ်အပြစ်ပေးရလိမ့်မယ်"

"ဒီလိုမျိုး ထပ်ဖြစ်ခဲ့ရင်တော့ ဘုရင်မင်းမြတ်ဆီအစီရင်ခံစာတင်ပြီး မင်းတို့နှစ်ယောက်လုံးကို ရာထူးကနေရုတ်သိမ်းပစ်ရလိမ့်မယ်"

ယနေ့၌သူသာ အသင်းသို့စီးပွားရေးကိစ္စကြောင့် မလာဖြစ်ခဲ့ပါလျှင် ဌာနနှစ်ခုသည် အခြားလူတစ်ယောက်၏ကိစ္စအတွက် ယခုလောက်ထိ အခြေအနေပိုဆိုးအောင်လုပ်နေကြမှန်း ဘယ်သောအခါမှသိလိုက်ရမည်မဟုတ်ပေ။

ကုန်သည်ကြီးများအသင်း၏ ညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် သူတို့၏ဌာနအဆင့်သတ်မှတ်ချက်များအတွက် ယှဉ်ပြိုင်မှုကိုသည်းခံနိုင်ပေသိ ပြင်ပကိစ္စများအတွက်အဖွဲ့ဝင်များအပေါ် အကြမ်းဖက်မှုအသုံးပြုလာသည်ကိုတော့ သူလက်ခံလိမ့်မည်မဟုတ်ချေ။

"ကျွန်မတို့ကို ဘာလို့အပြစ်ပေးရတာလဲ"

စူးယွင်သည် ရုန်စာအပြစ်ပေးခံရသည့်အပေါ် ဒေါသထွက်သွားမိ၏။

ဤပြဿနာအား အစားအသောက်ဌာနဘက်မှစတင်ခဲ့ခြင်းသာဖြစ်ပြီး အဘယ်ကြောင့်ရုန်စာမှအကျိုးဆက်ကိုခံရပါမည်နည်း။

ရုန်စာသည် စူးယွင်၏အင်္ကျီလက်အားဆွဲကာပြန်ဖြေလိုက်သည်။

"ကျွန်မ လက်ခံပါတယ်"

စူးယွင်မှာ မျက်မှောင်ကြုံ့သွားရပြီး မကျေမနပ်ဖြင့်

"အကြီးအကဲ......"

"စူးယွင် ငါ ရေဆာနေတယ်။ငါ့အတွက်ရေ နည်းနည်းငှဲ့ပေးနိုင်မလား"

"ကျွန်မ....."

ရှန်းကျစ်ဟွိုက်၏ နှုတ်ခမ်းမှာအတန်ငယ်ကွေးညွတ်ကာပြုံးလိုက်ရင်း

"အစားအသောက်ဌာနက တာဝန်အများစုကိုယူရမယ်ဆိုတာမှန်ပါတယ်။ဒါပေမယ့် အဝတ်အထည်ဌာနကလည်း ပါဝင်ပတ်သက်မှုမရှိတာ မဟုတ်ဘူးလေ"

"အသင်းရဲ့စည်းမျဉ်းက ရန်ဖြစ်တာကိုတင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ပြီးတော့ လက်စွဲစာအုပ်ထဲမှာလည်းရေးထားပြီးသားပါ"

"မင်းကအသင်းထဲကို ခုမှအသစ်ဝင်လာလို့မသိသေးဘူးဆိုရင်တောင် အကြီးအကဲရုန်ကတော့ သေချာသိနေပါတယ်"

ရုန်စာသည် သူတာဝန်ယူလိုက်ကတည်းမှ အပြစ်ပေးခံရလိမ့်မည်ကို ကြိုတွေးထားပြီးသားဖြစ်ပေသိ ထိုသို့လုပ်ခဲ့ရသည်ကိုနောင်တမရပါချေ။

နောက်တစ်ခါ အခွင့်အရေးရခဲ့ပါလျှင်လည်း ထိုလမ်းကိုသာရွေးချယ်ပေလိမ့်မည်။

စူးယွင်ဖြစ်ဖြစ် အခြားသူဖြစ်ဖြစ် မည်သူဖြစ်နေစေကာမူ သူသည်ထိုအတိုင်းသာ လုပ်မည်ဖြစ်၏။

အကြီးအကဲတစ်ဦးအနေဖြင့် သူသည်ပြင်ပဌာနတစ်ခုမှနေ သူ့အဖွဲ့ဝင်များအား အလေးမထားသည်မျိုးကို ခွင့်ပြုပေးထားမည်မဟုတ်ပေ။ထိုသို့မဟုတ်ပါက လက်ရှိရာထူးအား ထမ်းဆောင်ရန်ထိုက်တန်မည်မဟုတ်ချေ။

စူးယွင် အံ့အားသင့်သွားပြီး သူမအားမယုံကြည်နိုင်မှုဖြင့် ကြည့်လိုက်သည်။

"အကြီးအကဲ...."

"ငါ ရေဆာနေတယ်"

ရုန်စာသည်မှေးနေကာ အနည်းငယ်ပင်ပန်းနွမ်းနယ်နေဟန်ရ၏။

စူးယွင်မှာ ခေါင်းသာငြိမ့်ပြလိုက်ကာရေသွားထည့်ပေးလိုက်သည်။

ရှန်းကျစ်ဟွိုက်လည်း အချိန်ဆွဲမနေပေ။

"အကြီးအကဲရုန် ဒဏ်ရာကိုဂရုစိုက်ပါ။ကျွန်တော် အခုသွားတော့မယ်"

သူထွက်သွားသည်နှင့် ကျန်းကျင်းယွင်လည်း သူ့နောက်မှလိုက်ကာ ထွက်ခွာသွားသည်။

စူးယွင်ရေနွေးငှဲ့ကာ ရုန်စာထံကမ်းပေးလိုက်သည့်တိုင် ငြီးတွားပြနေဆဲပင်။

"ဒါကတစ်ကယ်ကိုမမျှတဘူး။အမှားက မတူဘူးဆိုရင် ဘာလို့ပြစ်ဒဏ်ပြင်းထန်မှုကိုကျ ခွဲခြားမထားတာလဲ"

ရန်ဖြစ်သည်မှာ မှားကောင်းမှားနိုင်ပေသိ တိုက်ခိုက်ခံရသည့်ဘက်ကသာဖြစ်နေရာ ပြစ်ဒဏ်သည်ပိုပေါ့သင့်ပါ၏။

အဘယ်ကြောင့် သူတို့နှစ်ယောက်စလုံး လူသိရှင်ကြားအပြစ်ပေးခံရသနည်း။

"အသင်းက သာမန်နေရာမဟုတ်ဘူး။အဲ့တော့အခြားနေရာတွေနဲ့မတူတာ သဘာဝကျပါတယ်"

"ဒါ့အပြင် ညွှန်ကြားရေးမှူးရှန်းရဲ့ လက်ရှိအခြေအနေကို ကိုင်တွယ်ပုံကလည်း အဓိပ္ပာယ်ရှိပါတယ်"

ရုန်စာ ရှင်းပြလာသည်။

"ငါတို့ကအသင်းရဲ့မျက်နှာကို ကိုယ်စားပြုတယ်။ပဋိပက္ခရှိရင်တောင် သီးသန့်ဖြေရှင်းသင့်တယ်။အိမ်တံခါးဝမှာတင် အကြမ်းဖက်မှုနဲ့ မဖြေရှင်းသင့်ဘူး"

"သူသာ ငါတို့ကို အပြစ်မပေးခဲ့ရင် အဲဒါကမှတစ်ကယ့် အမှားဖြစ်လိမ့်မယ်"

"ဒီကိစ္စက အရမ်းကြီးတာတော့ မဟုတ်ပေမယ့် သေးငယ်တယ်လို့လဲပြောမရဘူး။မ‌တော်လို့ဘုရင်မင်းမြတ်ရဲ့ နားထဲရောက်သွားရင် အသင်းတစ်ခုလုံး ဒုက္ခရောက်သွားနိုင်တယ်"

အသင်းသည် ဘုရင်မင်းမြတ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသည်။

အသင်းဝင်များကြား ရန်ဖြစ်နေကြလျှင် လူများသည်ဘုရင်မင်းမြတ်၏ ကြီးကြပ်မှုမှာ တင်းကျပ်မှု မရှိဟုထင်ကြပေလိမ့်မည်။ထိုသို့ဆိုပါက အသင်း၏ဂုဏ်သတင်းသာမကဘုရင်မင်းမြတ်၏ ဂုဏ်သတင်းပါထိခိုက်နိုင်လေသည်။

စူးယွင်သည် ရှေးခေတ်၌မွေးဖွားလာလူတစ်ဦးမဟုတ်သည့်အတွက် ဧကရာဇ်အာဏာဆိုသည့်အယူအဆမှာ သူမအတွက်ရင်းနှီးမှုမရှိပေ။

သို့သော်သူမသည် နုံချာနေသူမဟုတ်၍ ရုန်စာ၏ဆိုလိုရင်းအား နားလည်နိုင်၏။

သူမသည်နှုတ်ခမ်းစူလိုက်ပြီး ဤကိစ္စနောက်ကွယ်တွင် ရှုပ်ထွေးမှုများအများကြီးရှိ‌နေရသည်ကို အံ့အားသင့်နေတော့သည်။

ရှန်းကျစ်ဟွိုက်သည် တစ်ကယ်တော့အနာဂတ်အားကြိုမြင်ပြီး ကိုင်တွယ်ခဲ့ခြင်း ဖြစ်၏။

ဤရှေးခေတ်ကာလတွင် အသက်ရှင်ရပ်တည်ဖို့ဆိုပါက သင်ယူစရာများအများကြီးလိုအပ်ပုံရသည်။

"မင်းဝမ်ကောကို ပြန်ဖို့ စီစဉ်ထားတယ် မဟုတ်လား။အခုသွားတော့လေ"

ရုန်စာမှ အကြံပြုလာသည်။

"မလိုတော့ပါဘူး။ကျွန်မအတွက် ကိစ္စတစ်ခုသွားလုပ်ပေးဖို့ ရှောက်ချီကိုလွှတ်လိုက်ပြီ"

ရုန်စာအား ပြန်ဖြေပေးလိုက်သည်။

သူမသည် စူးယွင်ကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ရာ ထွက်သွား၍မရတော့သည့်အတွက် ရှောက်ချီကိုသာ သွားခိုင်းကာကိစ္စများအားစစ်ဆေးခိုင်းလိုက်၏။

"နောက်ရက်အနည်းငယ်အတွင်း အကြီးအကဲကိုကျွန်မကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်"

"ရပါတယ်။ဒါပေမယ့် ကိစ္စတွေကိုတော့နောက်မကျစေနဲ့နော်"

ထိုကိစ္စအားပြောပါမှ စူးယွင်မှာအနည်းငယ်ပူပန်လာမိ၏။

"ကျွန်မက ဒီတာဝန်တွက်သင့်တော်တယ်လို့ တကယ်ပဲထင်နေတာလား"

"ငါမင်းကို ရွေးချယ်လိုက်ပြီဆိုကတည်းက မင်းတစ်ယောက်တည်းရှိ‌တော့မှာမလို့ ရဲရဲဝံ့ဝံ့သာ ဆက်လုပ်။တစ်ခုခုဖြစ်ခဲ့ရင်တောင် ငါ့မှာပဲ တာဝန်ရှိတယ်ဆိုတာသတိရပါ"

စူးယွင်ပြုံးလိုက်ပြီး ရင်ဘတ်အားပုတ်ကာ

"စိတ်မပူပါနဲ့ အမှားအယွင်းတစ်ခုခုဖြစ်အောင် ကျွန်မလုပ်မှာမဟုတ်ပါဘူး"

သုံးရက်အကြာတွင် ဖြစ်စဉ်နှင့်ပတ်သက်သည့် တရားဝင်အသိပေးချက်ကို အသင်း၏သတင်းထုတ်ပြန်ရေးဘုတ်ပေါ်တွင် ကပ်ထားသည်။

အဝတ်အထည်အဖွဲ့ဝင်များသည် စုရုံးကာဒေါသတကြီး တီးတိုးပြောဆိုနေကြ၏။

"အစားအသောက်ဌာနရဲ့ လူတွေကတကယ်ကိုရှက်ရကောင်းမှန်းမသိဘူး"

"ပထမတော့ သူတို့ကဒီကိုလူတောင်းဖို့လာတယ်။ပြီးတော့ကျ ငါတို့အကြီးအကဲကို ဒဏ်ရာရအောင် လုပ်တယ်။အခုကျတော့အကြီးအကဲကို သူတို့နဲ့အတူဒီပြစ်ဒဏ်ထဲ ဆွဲထည့်သွားတယ်။သူတို့ကတကယ်က်ို တစ်ခုခုတော့တစ်ခုခုပဲ"

"*တစ်ခုခု*မဟုတ်ဘူး တစ်ကယ်တော့သူတို့က ဘာမှကိုမဟုတ်တာ။သူတို့ကငါတို့ကို မနိုင်လို့အောက်တန်းကျတဲ့ လှည့်ကွက်တွေ သုံးနေတာ‌လေ ထွီ"

"နောက်တစ်ခါသူတို့သာ ပေါ်လာရဲရင်သူတို့ရဲ့ မျက်နှာတွေကို ငါဆုတ်ဖြဲပစ်မယ်"

---------------

စူးယွင်သည် ဝမ်ကောမှ အစောကယူလာခဲ့သည့်အဝတ်သစ်တစ်စုံကို ကိုင်ထားရင်း အနည်းငယ်စိတ်မသက်မသာ ဖြစ်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်း ကျင်းယွင်သည် သခင်ကြီးရှန်း၏နေအိမ်ဆီသွားရောက်ခဲ့၍ ဝမ်ကောသည် ခဏတာ‌တော့တိတ်ဆိတ်နေခဲ့၏။

သို့သော်လည်း စူးယွင်မှာစိတ်မချနိုင်သေးသောကြောင့် အားလပ်ချိန်တွင်တစ်ခါတစ်ရံ ပြန်သွား၍ စစ်ဆေးလေ့ရှိသည်။

သူမသည် ကြေညာချက်ဘုတ်ကိုကြည့်ပြီး ဖြစ်စဉ်အားပြန်အမှတ်ရကာ ရှေ့သို့တိုး၍အနီးကပ်ကြည့်လိုက်၏။

အောက်တိုဘာ ၃ ရက်တွင် အဝတ်အထည်ဌာန: ရုန်စာနှင့် အစားအသောက်ဌာန: ချီယို့ယီ တို့သည် အဝတ်အထည်ဌာနဝင်ပေါက်၌ အချေအတင်ဖြစ်ခဲ့ကြပြီး အကြမ်းဖက်မှုထိ ဖြစ်ပွားခဲ့ကာ သိသာထင်ရှားသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့သည်။

ဤလူသိရှင်ကြား အသိပေးချက်သည် ပါဝင်သူနှစ်ဖက်လုံးအတွက် ပြစ်ဒဏ်ကို ကြေညာရန် ထုတ်ပြန်ခြင်းသာဖြစ်၏။

သတိပေးချက်တစ်ခု - တစ်နှစ်တာအတွက် အပိုဆုကြေးမရရှိခြင်းနှင့် ပါဝင်သူနှစ်ဖက်လုံးသည် သုံးလစာအခွန်ကြေးများအပြင် စာလုံးရေငါးထောင်ပါသည့်လက်ရေးဖြင့် ရေးသားထားသောထွက်ဆိုချက်ကို တင်ပြရန် လိုအပ်သည်။

တင်ပြရမည့် နောက်ဆုံးရက်မှာ - အောက်တိုဘာ ၁၀ ရက်ဖြစ်ပြီး အကြီးအကဲကျန်းကျင်းယွင်ထံပေးပို့ရမည်။

အချိန်မီတင်ပြရန် ပျက်ကွက်ပါက နောက်ထပ် သတိပေးချက်တစ်ခုရရှိမည်ဖြစ်၏။

လက်မှတ် : ကြီးကြပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန

ရက်စွဲ : အောက်တိုဘာ ၆ ရက်

စူးယွင်သည် အသိပေးချက်အားကြည့်လိုက်သည်။

"ဒါက အရမ်းမြန်တာပဲ"

"ဟုတ်တယ် ပြစ်ဒဏ်ကတော်တော်လေး ပြင်းထန်တယ်"

အနီးနားရှိတစ်စုံတစ်ဦးမှာ မှတ်ချက်ပေးလာသည်။

"အပိုဆုကြေးတွေ ဆုံးရှုံးတာကတစ်ပိုင်းဆိုပေမယ့် အဲ့ဒီသတိပေးချက်ကမှ တကယ့်ပြဿနာပဲ"

"သတိပေးခံရပြီးတာနဲ့ နောက်ပိုင်းမှာ ဘယ်လောက်ပဲကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြပါစေ ဘယ်လောက်ပဲ အလှူငွေ ထည့်ဝင်ပါစေ သတိပေးချက်က ကျန်နေလိမ့်မယ်"

"သတိပေးချက်သုံးခု ရပြီဆိုရင်တော့ အကြီးအကဲရာထူးကို ဆုံးရှုံးရုံတင်မကဘူး အသင်းကနေပါထုတ်ပယ်ခံရလိမ့်မယ်"

"အသင်းဆိုတာ လူတိုင်းဝင်ချင်ကြတဲ့နေရာလေ။ထုတ်ပယ်ခံရရင် ဒီလုပ်ငန်းနယ်ပယ်မှာနောက်တစ်ခါအလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး"

"တကယ်ပဲ အဲ့လောက်တောင်အရေးကြီးလား"

စူးယွင်သည် ကိုင်ထားသောအဝတ်အား ပိုတိုး၍တင်းတင်းဆုပ်လိုက်သည်။

"ကျွန်မ ညွှန်ကြားရေးမှူးရှန်းနဲ့ သွားပြောရမယ်"

"မလုပ်နဲ့"

ထိုသူမှာ သူမအားတားလိုက်သည်။

"ပြစ်ဒဏ် ထုတ်ပြန်ပြီးရင် ပြန်ရုတ်သိမ်းလို့ မရတော့ဘူး"

"ဒါပေမယ့်..."

"အဆင်ပြေပါတယ်။မင်းမှာ နောက်ထပ်နှစ်ကြိမ် အခွင့်အရေးကျန်ပါသေးတယ်"

"အကြီးအကဲက ဒီလောက်နှစ်တွေအကြာကြီးလက်ရှိရာထူးမှာ ရှိခဲ့တာဆိုတော့ တစ်ကယ်ပြဿနာမရှိနိုင်ပါဘူး။မင်းကတော့အခုချိန်မှာကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်သင့်တယ်"

စူးယွင်မှာအံ့ဩသွားရ၏။

"ကျွန်မလား"

"ဟုတ်တယ် စူးမိန်းကလေး ငါတို့အားလုံးနင့်ဘက်မှာရှိတယ်နော်"

ထိုနေ့ဖြစ်စဉ်ပြီးနောက် ရှန်းကျစ်ဟွိုက်သည် အချက်အလက်များအားလျင်လျင်မြန်မြန်ဖုံးကွယ်ထားခဲ့သည်။

လူအများစုမှာ အစားအသောက်ဌာနမှ စူးယွင်အားပြဿနာရှာခဲ့သည်ကိုသာ သိခဲ့ကြပြီး သခင်ကြီးရှန်းပါပတ်သက်သည်ထိ ကြီးထွားခဲ့ကြောင်းမသိခဲ့ကြပေ။

စူးယွင်သည် ဤသည်မှာအလွယ်တကူဖြေရှင်းလို့ရသည့် ကိစ္စမဟုတ်မှန်းသိပေသိ သူတို့ကိုအလွန်ကျေးဇူးတင်နေဆဲပင်။

"အားလုံးကို ကျေးဇူးတင်ပါတယ်"

"ငါတို့အားလုံးက မိသားစုတစ်ခုတည်းပဲလေ။နင်အနိုင်ကျင့်ခံနေရတာကို ရပ်ကြည့်မနေနိုင်ပါဘူး"

"ဟုတ်တယ် စိတ်ပူမနေနဲ့။နင့်ကိုကူညီဖို့ ငါတို့ ဒီမှာရှိတယ်"

"အစားအသောက်ဌာနမှာ လူများတယ်ဆိုပေမယ့် သူတို့ရဲ့စွမ်းရည်တွေကတော့ ငါတို့ထက်သာလွန်နေတာမဟုတ်ဘူး"

အဝတ်အထည်ဌာနရှိလူများသည် သူတို့၏သစ္စာရှိမှုကြောင့် လူသိများလေသည်။ဌာနရှိတစ်စုံတစ်ယောက် ဒုက္ခရောက်ပါက သူတို့သည်ဘယ်သောအခါမှ လျစ်လျူရှုထားမည်မဟုတ်ပေ။

စူးယွင်သည် ခါးကိုင်းကာအရိုအသေပြုလိုက်သည်။

"ကျွန်မ တကယ်ပဲအားလုံးကို ကျေးဇူးတင်ပါတယ်"

"မပြောနဲ့တော့ မပြောနဲ့တော့"

စူးယွင်သည် ပစ္စည်းများအားပြန်ထားရန် သူမနေအိမ်ဆီပြန်သွားပြီးနောက် နောက်ဖေးမီးဖိုချောင်သို့သွားကာ အစောပိုင်းကတည်းမှ တည်ထားသည့်ဆေးပြုတ်ရည်အား ခပ်လိုက်သည်။

သူမသည် ရုန်စာ၏အခန်းသို့ လျှောက်သွားပြီး တံခါးခေါက်ရန် ပြင်လိုက်စဉ် အထဲမှ အသံတစ်ခုထွက်လာ၏။

"အကြီးအကဲ အကြီးအကဲကကုတင်ပေါ်မှာ အကြာကြီးလဲနေတာတောင် ဘာမှ တိုးတက်မှုမတွေ့ရဘူး"

"လုံဟွမ်ဘုရားကျောင်းက အရမ်းထိရောက်တယ်လို့ ကျွန်မကြားဖူးတယ်"

"မြန်မြန်သက်သာလာဖို့ ဆုတောင်းရအောင်ကျွန်မအဲ့ဒီကိုအမွှေးတိုင်သွားထွန်းပေးရမလား"

ရုန်စာသည် လက်ယမ်းပြပြီးတံခါးထံတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ဒါကဒဏ်ရာသေးသေးလေးပါ။အဲ့လောက်ထိ လုပ်စရာမလိုပါဘူး"

"ဒါပေမယ့်....."

‌*ဒေါက် ဒေါက် ဒေါက်*

"ဝင်လာခဲ့ပါ"

စူးယွင်သည် ပစ္စည်းများအားစားပွဲပေါ်တင်လိုက်သော်လည်း ပုံမှန်လိုစကားစမြည်မပြောတော့ပေ။

"ကျွန်မလုပ်စရာ ကိစ္စတစ်ခုရှိသေးတယ်။ဒါကြောင့်မလို့ ရူအာကကျွန်မကိုကူညီပေးဖို့ ဒုက္ခပေးရဦးမယ်"

"ရပါတယ် နင်သွားလိုက်ပါ"

"အင်း"

စူးယွင်ထွက်သွားပြီးနောက် ရူအာမှမေးလာသည်။

"စူးမိန်းက‌လေးက သွားလိမ့်မယ်လို့ထင်လား"

"ဖြစ်နိုင်တယ်"

ပြောရလျှင် သူသည်အားလုံးပြောခဲ့ပြီးဖြစ်ပေသိ ဘာတွေဆက်ဖြစ်လာမည်ဆိုသည်ကတော့ ကံကြမ္မာပေါ်သာမူတည်တော့သည်။

All Chapters