← Chapters

ဒီလိုကိစ္စကောင်းကို လက်လျော့တာ ရူးနေလို့ပဲ

Vol. 2 Ch. 11

ဒီလိုကိစ္စကောင်းကို လက်လျော့တာ ရူးနေလို့ပဲ

Vol. 2 Ch. 11

၁၀ ရက်ကြာပြီးနောက်တွင် အရှေ့ဘက် နတ်နယ်မြေ၌...

ဖူကျိုးမြို့ပြင်ရှိ မိုးပြာရောင်မြူခိုးများ ဖုံးလွှမ်းခံထားရသောတောင်တန်းသည် မိုင်သောင်းချီမြင့်မားပြီး ခမ်းနားသောအရှိန်အဝါကို ဖော်ထုတ်နေသည်။ ထိုတောင်အတွင်း၌ အရင်းအမြစ်ပေါများရုံသာမက မျိုးစုံသောသားရဲများအပြင် ရှားပါးဆေးပင်များရှိသဖြင့် မရေမတွက်နိုင်သော မုဆိုးများ၊ ဆေးပင်ရှာဖွေသူများနှင့် ပြည့်နှက်နေ၏။

ထိုအချိန်တွင် မြူခိုးပြာတောင်၏ လူသူ အရောက်အပေါက် နည်းလှသော သစ်တောအတွင်း၌ လူငယ်တစ်ရာကျော်ရှိနေခဲ့သည်။ ထိုလူငယ်တွေအားလုံးက ဝတ်စားဆင်ယင်ပုံ ကွဲပြားရုံသာမက ကွဲပြားသောနောက်ခံအသီးသီးမှ ရောက်လာကြသူများဖြစ်၏။ တစ်ချို့သည် နွမ်းချာသောဝတ်စုံများနှင့် ရိုကျိုးသောအမူအရာရှိကြပေမယ့် တချို့သောသူများကတော့ ဈေးကြီးဝတ်စုံများကို ဝတ်ဆင်ထားကြကာ အဆင့်မြင့်နောက်ခံမှ ရောက်လာကြသူများမှန်းသိသာသည်။ ထိုသူတွေအားလုံးက စိတ်လှုပ်ရှားမှုများပြည့်နေသောမျက်နှာဖြင့် သစ်တောဝင်ပေါက်ကို ကြည့်နေကြသည်။

"တိမ်ကြွေဂိုဏ်းက တပည့်ခေါ်နေတာဆို.. ဘာကြောင့်လှုပ်ရှားမှု တစ်ခုတောင်မရှိရတာလဲ။ ငါတို့အစာရေစာပြတ်လပ်နေပြီ၊ သူတို့သာ တပည့်ရွေးချယ်မှု မစလို့ကတော့ ငါငတ်ပြီးသေတော့မလားပဲ"

မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကောင်လေးတစ်ယောက်က မနေနိုင်စွာညည်းညူလိုက်သည်။ ထိုအချိန်မှာပဲ ထိုကောင်လေးဘေးရှိ အသားခပ်ညိုညိုနဲ့ကောင်လေးကလည်း စိတ်ပူစွာပြောလိုက်သည်။

"တိမ်ကြွေဂိုဏ်းရဲ့ တပည့်ခေါ်တာက အရမ်းစည်းကမ်းတင်းကြပ်တယ်လို့ ငါကြားဖူးတယ်၊ သူတို့က လာလျှောက်တဲ့သူတွေထဲက ဆယ်ရာခိုင်နှုန်းလောက်ကိုပဲ ရွေးချယ်ပြီးခေါ်ယူကြတာတဲ့။ ရွေးချယ်မခံခဲ့ရတဲ့သူတွေဆိုရင် သာမန်တပည့်တောင် ဖြစ်ခွင့်မရဘူး၊ အစေခံတပည့်အနေနဲ့ပဲ ဂိုဏ်းထဲကို ဝင်ရောက်လို့ရတယ်၊ သူတို့ရဲ့စစ်ဆေးမှုကို ငါအဆုံးထိတောင့်ခံနိုင်ပါ့မလားမသိဘူး"

ထိုအချိန်မှာပဲ ချမ်းသာသောအိမ်တော်က သခင်လေး ဖြစ်ဟန်ရသော ခပ်ဝဝကောင်လေးက ရွံရှာစွာလှမ်းကြည့်လာကာ မထီလေးစားဟန်ဖြင့် ပြောလိုက်သည်။

"မင်းတို့ တောင့်မခံနိုင်ဘူးဆိုရင် အခုကတည်းကထွက်သွားလိုက်ကြလေ၊ အဆင့်နိမ့်တဲ့သူတွေကများ အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံချင်ကြတယ်တဲ့၊ ဘယ်လိုပဲဆိုဆို အနာဂတ်မှာ ကျရှုံးရမှာပဲ။ အခုအခွင့်အရေးရနေတုန်း ဒီသခင်လေးကိုခစားပြီးတော့ စောစောစီးစီး လစ်လိုက်ကြပါ့လား"

"မင်း..."

မီးခိုးရောင်ဝတ်စုံနှင့်ကောင်လေးသည် ချက်ချင်းဆိုသလို နီရဲသွားသောမျက်နှာနှင့် ဒေါသတကြီးတုံ့ပြန်ချင်ခဲ့သည်။ ထိုအချိန်မှာပဲ ခပ်ဝဝကောင်လေး၏နောက်က အစေခံများစွာက ရှေ့တိုးလာသဖြင့် စိတ်တိုစွာနောက်ဆုတ်လိုက်ရသည်။

သို့ပေမဲ့ အသားညိုညို ကောင်လေးကတော့ လက်မလျှော့ချင်သေးချေ။

"ဝမ်လုချန်၊ မင်းရဲ့မိသားစုက အင်အားကြီးတာကို ငါသိတယ်၊ ဒါပေမဲ့ ကျင့်ကြံမှုဆိုတာ ကိုယ့်ရဲ့ဝိညာဉ်သွေးကြောနဲ့ ပင်ကိုယ်အရည်အချင်းပေါ်ပဲ မူတည်တယ်၊ ငါတို့ကြားမှာ ဘယ်သူကပိုသာတယ်ဆိုတာကို ဘယ်သူက ခွဲခြားပေးနိုင်မှာမလို့လဲ။ ဘာကိစ္စမင်းက ငါတို့ကိုအထင်သေးရတာလဲ။ မင်းမှာဘာအရည်အချင်းရှိလို့လဲ"

ဝမ်လုချန် အမည်ရ ခပ်ဝဝကောင်လေးက ဒေါသမထွက်ပါချေ။ ထိုအစား ထိုကောင်လေးက အနီးရှိလှပသောမိန်းကလေးတစ်ယောက်ကို လှမ်းပြောလိုက်သည်။

"လျိုယင်းယင်း၊ ဘယ်သူ့ရဲ့အရည်အချင်းက ပိုသာလဲဆိုတာကို လင်ကျန်းကို ပြောလိုက်"

ထိုလှပသောမိန်းကလေးက တုန်ယင်သွားကာ နှုတ်ခမ်းကိုက်လိုက်သည်။ သို့ပေမယ့် အဆုံးမှာတော့ ခေါင်းငုံ့လိုက်ရင်း နူးညံ့စွာဖြေကြားလာ၏။

"ဒီကိုမလာခင်မှာ အစ်ကိုဝမ်က သူ့ရဲ့ဝိညာဉ်သွေးကြောကို စမ်းသပ်ခဲ့တယ်၊ သူ့မှာ သစ်သားနဲ့ရေ ဒြပ်စင် ဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ထားတယ်၊ အဲ့ဒါက ရှားပါးကျင့်ကြံသူအမျိုးအစားပဲ"

သူမ၏ စကားကြောင့် ပွဲကြည့်ပရိသတ်များကြား ဆူညံသွားလေရဲ့။

ဒြပ်စင်နှစ်မျိုးအသုံးပြုလို့ရတဲ့ ဝိညာဉ်သွေးကြောတဲ့လား...

ထိုသို့သောပါရမီရှင်မျိုးက သေမျိုးများကြားတွင် အလွန်ရှားပါးပြီး ကောင်းမွန်သောအနာဂတ်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။

အကယ်လို့ လျိုယင်းယင်းရဲ့ စကားများသာမှန်နေလျှင် ဝမ်လုချန်သည် သေချာပေါက် တိမ်ကြွေဂိုဏ်း၏တပည့်အဖြစ် လွယ်ကူစွာ ဝင်ရောက်နိုင်မည့်အပြင် ဂိုဏ်းအတွင်းမှာလည်း အလေးထားခံရကာ ပင်မတပည့်တစ်ယောက်အဖြစ် အဆင့်တက်နိုင်ခြေရှိသည်။

မနာလိုမှုနှင့်လေးစားမှုများ ရောနှောနေသော အကြည့်များစွာက ဝမ်လုချန်၏ ခန္ဓာကိုယ်ပေါ်ကျရောက်လာတော့သည်။ ဝမ်လုချန်က ချက်ချင်းဆိုသလို လျိုယင်းယင်းကို လက်မောင်းကြားထဲဆွဲသွင်းလိုက်ရင်း မောက်မာစွာဖြင့် ရင်ဘတ်ကိုပုတ်လိုက်သည်။

"အမှိုက်ကောင်တွေ၊ ငါမင်းတို့ကိုပြောမယ်၊ မင်းရဲ့ငယ်ချစ်ဦးလေးက အခုဆိုရင် ငါ့ကောင်မလေးဖြစ်နေပြီနော်၊ အေး... မင်းသူ့အနားကပ်ဖို့ မစဉ်းစားနဲ့၊ သူ့အနားမှာတွေ့လို့ကတော့ မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"

လျိုယင်းယင်း ရုန်းထွက်သောငြား မလွတ်မြောက်သဖြင့် သူမ၏မျက်နှာကို ဝမ်လုချန်၏ရင်ဘတ်ထဲသို့ ရှက်ရွံ့စွာဝှက်လိုက်တော့သည်။

"လျိုယင်းယင်း၊ အဲ့ဒါအမှန်ပဲလား"

လျိုယင်းယင်းဘက်မှ မငြင်းဆိုသောကြောင့် လင်ကျန်း၏မျက်နှာသည် ချက်ချင်းဆိုသလို နာကျင်ဒေါသများပြည့်နှက်သွားသည်။ လက်သီးနှစ်ဖက်ကို တင်းနေအောင်ဆုပ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးက တစ်ဆတ်ဆတ်တုန်ယင်နေကာ မျက်လုံးနှစ်စုံသည် မီးထတောက်တော့မတတ် နီရဲလာတော့သည်။

လင်ကျန်းနှင့် လျိုယင်းယင်းသည် ငယ်စဉ်ကတည်းက မိသားစုများမှ စေ့စပ်ပေးခဲ့ပြီး ငယ်ကျွမ်းဆွေဟုခေါ်လို့ရသည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ နက်ရှိုင်းကာ မိသားစုများကလည်း အရွယ်ရောက်လာလျှင် လက်ထပ်ပေးမည်ဟု ကတိကဝတ်ပြုထားခဲ့သည်။ သူ၏ချစ်လှစွာသောဇနီးလောင်းကို တခြားသူရဲ့လက်မောင်းကြားထဲမှာ မြင်တွေ့ရခြင်းက လင်ကျန်းအတွက်တော့ ကြီးမားသောရိုက်ချက်တစ်ခုပင်။

ထိုအချိန်မှာပဲ စိတ်ပိုင်းဖြတ်ထားမှုတစ်ချို့နှင့် လျိုယင်းယင်း ခေါင်းမော့လိုက်သည်။

"လင်ကျန်း၊ ငါအစ်ကိုဝမ်နဲ့ အတူလေ့ကျင့်ဖို့ဆုံးဖြတ်လိုက်ပြီ၊ ငါတို့ရဲ့စေ့စပ်မှုလည်း ပျက်ပြီ၊ ဒါကြောင့် အနာဂတ်မှာ ငါ့ကိုနှောင့်ယှက်ဖို့မကြိုးစားပါနဲ့"

"ငါသိပြီ"

လင်ကျန်းတစ်ယောက် အချိန်တစ်ခုကြာသည်အထိ အသိစိတ်လွတ်စွာ ရပ်နေမိသည်။ ထို့နောက်မှာမှ ခါးသက်စွာရယ်မောလိုက်လေကာ နောက်ပြန်ဆုတ်လိုက်သည်။ အတွေးပျောက်သွားသည့် လူတစ်ဦးနှယ် တောင်ဝင်ပေါက်မှ ချက်ချင်းထွက်ခွာသွားပြီး ဂိုဏ်းတပည့်ဖြစ်ဖို့ပင် လက်လျှော့လိုက်လေရဲ့..။

ဝမ်လုချန် ကျယ်လောင်စွာ ရယ်မောရင်း အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

"လင်ကျန်းတော့ ဘဝဆိုးတော့မှာပဲ၊ ဒီသစ်တောရိုင်းထဲမှာ တစ်ယောက်တည်း လျှောက်သွားရဲတယ်ဆိုတော့ သေချာပေါက် နတ်ဆိုးသားရဲနဲ့တွေ့ပြီး အသတ်ခံရလိမ့်မယ်၊ တောထဲမှာလှည့်ပတ်သွားနေရတဲ့ ဝိညာဉ်တစ်ကောင်ဖြစ်လာရင်တောင်မှ အဲဒါငါ့အမှားမဟုတ်ဘူးနော်"

"သခင်လေးပြောတာမှန်ပါတယ်၊ အဲဒီကောင်က သေချာပေါက်အသက်ရှင်မှာမဟုတ်ဘူး"

အခြေအနေကိုသဘောပေါက်သော အစေခံများက ချက်ချင်းဆိုသလို မြှောက်ပင့်လိုက်ကြရင်း လင်ကျန်းထွက်သွားရာဘက်ကို ကြီးမားသောအပြုံးများဖြင့် ကြည့်လိုက်ကြသည်။

လျိုယင်းယင်းရဲ့မျက်နှာက ချက်ချင်းဆိုသလို ဖြူဖွေးသွားကာ အသနားခံဖို့ကြိုးစားလိုက်သည်။ သို့ပေမယ့် ဝမ်လုချန်၏စိုက်ကြည့်မှုကြောင့် သူမတိတ်ဆိတ်သွားတော့သည်။

လူအုပ်ကြားထဲရှိ ထောင့်တစ်ထောင့်တွင် ဖျော်ဖြေပွဲကို စိတ်ဝင်စားမှုတစား ကြည့်နေခဲ့သော ချီယွမ်ကတော့ ဘာကိုမှမခံစားရပါချေ။ တစ်ကယ့်သရုပ်မှန်ကို ဖုံးကွယ်ဖို့ရန်အတွက် တောင်ဝင်ပေါက်ကိုရောက်လာချိန်မှာ ချီယွမ်သည် ကျင့်ကြံမှုကို ကြိုတင်ဖုံးကွယ်ထားခဲ့သည်။

သူ၏ရုပ်ရည်ကိုလည်း သတိထားမိဖို့ခဲယဉ်းသော သာမန်ရုပ်ရည်တစ်ခုအဖြစ် ပြောင်းလဲထားသည်။ တခြားရွေးချယ်ခံများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် အသက်အနည်းငယ်ကြီးသွားသော အချက်ကလွဲရင် ထူးခြားသောသတိထားမိစရာ အချက် မရှိပါချေ။

လင်ကျန်းလို့ခေါ်သောကောင်လေး၏ အသက်အန္တရာယ်က အရေးကြီးနေသည်ဆိုသော်ငြား ဒါက ထိုကောင်လေး၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည့်အပြင် သူ့လိုမျိုးဘေးမှရပ်ကြည့်သူ တစ်ယောက်အတွက် ဝင်ရောက်မစွက်ဖက်သင့်ချေ။ ထို့အပြင် သူ့အနေနှင့် စနစ်၏တာဝန်ကိုသာ လုပ်ဆောင်ချင်ပါသည်။ အခြား ပတ်သက်ဆက်နွယ်မှုတွေ မလိုချင်ဘူး။

နောက်တစ်ချက်မှာ.. ဤအဖြစ်အပျက်များအားလုံးကို တိမ်ကြွေဂိုဏ်းကလည်း သေချာပေါက် အနီးကပ်စောင့်ကြည့်နေလောက်သည်။ ဤနေရာရှိကိစ္စရပ်များအားလုံးက တိမ်ကြွေဂိုဏ်း၏ကျင့်ကြံသူများ မြင်ကွင်းမှ မလွတ်မြောက်နိုင်ပါချေ။ ဂိုဏ်းဘက်ကတောင် မလှုပ်ရှားမှတော့ သူ့အနေနဲ့လှုပ်ရှားဖို့မလိုအပ်ဘူး။

ထိုအချိန်မှာပဲ စနစ်၏အသိပေးချက်ကို ချီယွမ် ကြားလိုက်ရသည်။

“အထူးအခြေအနေဖြစ်ပေါ်တဲ့အတွက် စနစ်ဘက်မှ အရန် တာဝန်တစ်ခု အသက်သွင်းလိုက်ပါတယ်”

“ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံထားရတဲ့ လင်ကျန်းက အန္တရာယ်များတဲ့အခြေအနေကို ကျရောက်နေတယ်၊ ပိုင်ရှင်အနေနဲ့ရှေ့တက်ပြီးတော့ သူ့ကိုအန္တရာယ်ထဲကနေ ကယ်တင်ပေးလို့ရတယ်”

“တာဝန်၏ခက်ခဲမှုနှုန်းထား... ကြယ်နှစ်ပွင့် (လွယ်ကူ)”

“တာဝန်၏အကြောင်းအရာ... ကောင်းကင်သားတော် လင်ကျန်းကို အကျင့်မကောင်းတဲ့လူတစ်အုပ်လက်ထဲက ကယ်တင်ပြီးတော့ အနာဂတ်မှာကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရအောင်ကြိုးစားပါ”

“ဆုလာဘ်... အမှတ် ၅၀ နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာကို ရရှိမယ်၊ ဒါ့အပြင် ပိုင်ရှင်ရဲ့ကံတရားကိုလည်း မြှင့်တင်ပေးမယ်”

“မှတ်ချက်... ဒီအရန်တာဝန်ကို ငြင်းပယ်ချင်ရင်လည်း ငြင်းပယ်လို့ရတယ်။ ပိုင်ရှင်ကို ဘယ်လိုအပြစ်မှပေးမည်မဟုတ်ပါ”

(ကံတရားကို မြှင့်တင်ပေးမယ်ဟုတ်လား…)

ချီယွမ်၏မျက်လုံးက ချက်ချင်းဆိုသလို ဝင်းလက်သွားခဲ့သည်။ အခုလို အခွင့်အရေးကို လက်လွှတ်ခံရအောင် အရူးမှမဟုတ်တာပဲ။

………

All Chapters