← Chapters

ညီကိုမကြောက်နဲ့..ငါလာပြီ

Vol. 2 Ch. 12

ညီကိုမကြောက်နဲ့..ငါလာပြီ

Vol. 2 Ch. 12

ထိုအချိန်တွင် တိမ်ကြွေဂိုဏ်း အတွင်း၌...

လေထဲတွင် ဆန်းကြယ်သော ကြေးမုံမှန်တစ်ခုက ရပ်တန့်နေခဲ့ပြီး ထိုကြေးမုံမှန်အတွင်းတွင် သစ်တောအပြင်ဘက်ရှိ မြင်ကွင်းများကို ကြည်လင်စွာပြသနေခဲ့သည်။ ကြေးမုံမှန်အရှေ့တွင် ရပ်ကြည့်နေကြသော တိမ်ချွေဂိုဏ်း၏ ကျင့်ကြံသူများစွာသည် မျက်နှာထားအမျိုးမျိုး ပြောင်းလဲနေကြ၏။

အန္တရာယ်ထဲကို လင်ကျန်းတစ်ယောက်တည်း ထွက်သွားတာမြင်လျှင် အကြီးအကဲတစ်ယောက်သည် မနေနိုင်စွာ ရှေ့တိုးလာခဲ့သည်။ ထိုသူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘက်တွင် ရွှေရောင်ချည်ဖြင့် တိမ်ပုံစံပန်းထိုးထားသည်။

“အကြီးအကဲယင် အဲ့ဒီကလေး အန္တရာယ်ကျတော့မယ်။ ကျုပ်တို့သူ့ကို မကယ်သင့်ဘူးလား၊ ဘယ်လိုဆိုဆို ဒီနေရာမှာ ရွေးချယ်ခွင့်ရဖို့အတွက် မိုင်ပေါင်းများစွာ ခရီးနှင်လာတဲ့ ကလေးတစ်ယောက်ပဲ။ ကျုပ်တို့သာ သစ်တောအတွင်းမှာ အဲ့ဒီကလေးကို သေစေလိုက်ရင်၊ ဒါက ကျုပ်တို့တိမ်ကြွေဂိုဏ်းရဲ့ အမှားတစ်ခုဖြစ်မလာနိုင်ဘူးလား”

“အကြီးအကဲမူ မင်းမှားနေပြီ။ ဒီလမ်းကသူကိုယ်တိုင်ရွေးသွားတဲ့ လမ်းတစ်ခုပဲ၊ ဒီကိစ္စက တိမ်ကြေဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ”

ကျင့်ကြံသူများအတွင်းရှိ ရှည်လျားသောအရပ်အမောင်းနှင့် ပိန်သွယ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သက်လယ်ပိုင်းအရွယ် အမျိုးသားကျင့်ကြံသူတစ်ယောက်သည် မနေနိင်စွာခေါင်းယိမ်းလိုက်ပြီး အေးစက်စွာတုံ့ပြန်လိုက်သည်။

“အဲ့ဒီကလေးက သေးငယ်တဲ့ကိစ္စကိုတောင် မတောင့်မခံနိုင်ဘဲ အလွယ်တကူလက်လျော့လိုက်တဲ့သူပဲ။ ဒီလိုသေးငယ်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ အနာဂတ်အတွက် အကျိုးအများကြီးရနိုင်တဲ့ ကိစ္စကောင်းတစ်ခုကို လက်လွှတ်လိုက်တယ်ဆိုတာ ကြည့်လိုက်တာနဲ့ သူ့ရဲ့အနာဂတ်ကို ခင်ဗျားတို့ ခန့်မှန်းလို့မရဘူးလား။ သူ့ကိုဂိုဏ်းထဲခေါ်ထားမယ်ဆိုရင်တောင်မှ အနာဂတ်မှာ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ အဲ့လိုလူမျိုးက ကျုပ်တို့ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်လာဖို့ ထိုက်တန်စရာလား။ ဝင်ပေါက်က အခြေအနေတွေကို နှစ်ရက်လောက်ကြိုပြီးစောင့်ကြပ်ဖို့ ကျုပ်အကြံပေးခဲ့တာလည်း ဒီအကြောင်းရင်းကြောင့်ပဲ၊ ကျုပ်တို့အချိန်ကုန်ခံပြီး သူတို့ရဲ့ စိတ်ဓာတ်ဆိုးတွေကို ဖော်ထုတ်နေဖို့ မလိုအပ်တော့ဘူး။ ဒီလိုမျိုး စောင့်ကြည့်လိုက်တာက ပိုမကောင်းဘူးလား”

အေးစက်စွာပြောဆိုနေခဲ့သော ထိုသက်လယ်ပိုင်းအရွယ် အမျိုးသားကျင့်ကြံသူသည် တိမ်ချွေဂိုဏ်း၏ တပည့်ခေါ်ဆောင်မှုကို တာဝန်ယူထားသော အကြီးအကဲ ယင်ချင်းယွမ်ဖြစ်သည်။

အကြီးအကဲမူ၏မျက်နှာက ချက်ချင်းဆိုသလို မည်းနက်သွားကာ ဒေါသတကြီး တုံ့ပြန်လိုက်သည်။

“ဒါကအဓိပ္ပာယ်မရှိတာဗျာ၊ ဂိုဏ်းရဲ့စည်းမျဥ်းအရဆိုရင် တပည့်အသစ်ခေါ်ဆောင်ရင် သူတို့ရဲ့ အရည်အချင်းနဲ့ ဝိညာဉ်သွေးကြောကိုပဲ စမ်းသပ်ရမှာ၊ အဲ့တာပြီးတဲ့အချိန်ကျမှ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကရောက်ရှိမှာ။ ခင်ဗျားပြောသလိုဆိုရင် အဲ့ဒီ ဝမ်လုချန်က ဒုတိယစမ်းသပ်မှုကို ဘယ်လိုမှကျော်ဖြတ်နိုင်မယ့်သူမဟုတ်ဘူး။ ဒါကြောင့် အဲ့ဒီကောင်လေး ဂိုဏ်းထဲဝင်လာဖို့ ကျုပ်လုံးဝသဘောမတူဘူးဗျာ”

ယင်ချင်းယွမ် မကျေမနပ်ဖြစ်သွားခဲ့သည်။ ပြန်လည်တုံ့ပြန်မည့်အချိန်မှာပဲ နားဝင်ချိုလှသော အသံတစ်ခု၏ကြားဖြတ်ခြင်းကို ခံလိုက်ရ၏။

“အကြီးအကဲနှစ်ယောက်က အမြင်မတူကြတာပဲ၊ ဒါပေမဲ့ အကြီးအကဲတို့ ငြင်းခုံနေကြတာလည်း ဂိုဏ်းရဲ့အကျိုးအမြတ်အတွက်ပဲမလား။ ဒါကြောင့် ဒီလိုမျိုး အများကြီးငြင်းခုန်နေဖို့ မလိုပါဘူး။”

ထိုသူကတော့ တိမ်ကြွေဂိုဏ်း၏ အခြေခံတည်ထောင်ခြင်းနယ်ပယ် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ နူးညံ့သောရုပ်သွင်ကို ပိုင်ဆိုင်ထားသော ထိုအမျိုးသမီးက မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ကျက်သရေရှိသော အရှိန်အဝါက ပိုမိုမြင့်တတ်နေသည်။ သူမ၏စကားလုံးများက ရွှေအမြုတေအဆင့် အကြီးအကဲနှစ်ယောက်ကို ချက်ချင်းပဲ တိတ်ဆိတ်သွားစေခဲ့သည်။

တစ်ကယ်တော့သူမ၏ သရုပ်မှန်က ထူးခြားပါသည်။ သူမကတိမ်ကြွေဂိုဏ်းက ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သူ ပိုင်ရှီရို့ ပင်။

တည်ငြိမ်သွားသော အခြေအနေကြောင့် ပိုင်ရှီရို့ ခပ်ဖွဖွပြုံးလိုက်သည်။

“ဘယ်လိုပဲဆိုဆို တစ်ယောက်တည်းထွက်သွားတဲ့ ကောင်လေးကလည်း ကျင့်ကြံမှုကို ရှာဖွေဆည်းပူးနေတဲ့ သေမျိုးကလေးတစ်ယောက်ပဲ။ ကျွန်မတို့နဲ့ တွေ့ဆုံဖို့အထိ ရေစက်ပါလာပြီးပြီဆိုမှတော့ အလဟဿသေခိုင်းလို့ ဘယ်ဖြစ်မှာလဲ။ ဒီကိစ္စကို အကြီးအကဲတွေအပေါ်ပဲ ကျွန်မအပ်ထားလိုက်မယ်နော်။ အရင်ဆုံး သူ့ကိုသွားကယ်လိုက်ဦးမယ်။ နောက်ပိုင်းကျမှ သေမလား၊ရှင်မလားဆိုတာကတော့ သူ့ရဲ့ကံတရားအပေါ် မူတည်သွားပြီ။”

ချက်ချင်းဆိုသလို ပိုင်ရှီရို့သည် ကျက်သရေရှိစွာဖြင့် သစ်တောအပြင်ဘက်သို့ ထွက်သွားလိုက်သည်။

ထိုအချိန်မှာပဲ မြူခိုးပြာတောင်အတွင်းတွင်...

သစ်တောနက်အတွင်းသို့ ရည်ရွယ်ချက်မရှိ လျှောက်သွားနေသော လင်ကျန်း၏မျက်နှာသည် ရှုပ်ထွေးမှုများသာမက၊ စိတ်ပျက်မှုများဖြင့်ပါ ပြည့်နှက်နေခဲ့သည်။

(ယင်းယင်းက ဘာကိစ္စငါ့ကိုကျော်ပြီးတော့ အဲ့ဒီအသုံးမကျတဲ့ကောင်ကို ရွေးချယ်ခဲ့ရတာလဲ။ ငါကအကျင့်မကောင်းလို့လား၊ ငါကသူ့ကိုကောင်းကောင်း မဆက်ဆံပေးလို့လား၊ ငါပြောင်းလဲပေးလို့ရပါတယ်။ ငါတို့တွေက တောက်လျှောက်ရင်းနှီးခဲ့ကြပြီး တိမ်ကြွေဂိုဏ်းရဲ့ တပည့် ဖြစ်လာဖို့ အတူသဘောတူကြလို့ ဒီနေရာကိုရောက်လာခဲ့ကြတာလေ။ ဘာလို့ ဒီအချိန်ရောက်မှ ငါ့ကိုအခုလို ဆက်ဆံရတာလဲ)

ထိုအချိန်မှာပဲ လင်ကျန်း၏ ခန္ဓကိုယ်တစ်ခုလုံး တုန်ယင်သွားတာ မြေကြီးပေါ်သို့ ပြုတ်ကျမတတ်ဖြစ်သွားခဲ့သည်။ သို့ပေမဲ့ လျင်မြန်စွာ တုံ့ပြန်လိုက်ရင်း မြေကြီးနှင့်မျက်နှာရိုက်ခတ်တော့မည့် အဖြစ်အပျက်ကို ရှောင်ရှားနိုင်ခဲ့ပါသည်။

ထိတ်လန့်သွားမှုနှင့် လင်ကျန်း ချက်ချင်းပဲ လှည့်ကြည့်လိုက်လေရာ လက်သည်တရားခံဖြစ်သော မြေကြီးအတွင်း၌ နစ်မြုပ်နေ‌သည့် ကျောက်တုံးတစ်တုံးကို မြင်တွေ့လိုက်ရသည်။ မြေကြီးထဲ၌ တစ်ဝက်နစ်မြုပ်နေခဲ့သော လက်သီးဆုပ်အရွယ်ခန့်ကျောက်တုံးသည် လင်ကျန်းနှင့်ခလုတ်တိုက်သွားသဖြင့် မြေပြင်ပေါ်သို့ ကန်ထွက်လာခဲ့သည်။ ထူးဆန်းစွာဖြင့် အသစ်ဖြစ်ပေါ်သွားခဲ့သော မြေကြီးကျင်းအတွင်း၌ အနက်ရောင်လက်စွပ်တစ်ကွင်းကို မြင်လိုက်ရသည်။

ထိုအနက်ရောင် လက်စွပ်ကိုမြင်သည်နှင့် လင်ကျန်းတစ်ယောက် မဖော်ပြနိုင်သော ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ လေဟာနယ်ထဲမှ ခေါ်ဆိုခံနေရသည့်နှယ် ထိုလက်စွပ်ကိုသူ အလွန်ကောက်ယူချင်မိ၏။ အဆုံးမှာ လက်စွပ်ကိုကောက်ယူခဲ့လိုက်သော်ငြား ထူးဆန်းသည့်ကိစ္စတစ်ခုမျှ မဖြစ်ပေါ်ခဲ့ချေ။ ထိုအစား ထိုလက်စွပ်က သူ့အပိုင်ဖြစ်လာသင့်သည့် အရာတစ်ခုလိုမျိုး ဝေဝါးစွာခံစားလိုက်ရသည်။

မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ရင်း လင်ကျန်း အသေးစိတ်ကြည့်ရှုလိုက်တော့၏။ ထိုသာမန်နှင့်ဆင်တူသော အနက်ရောင်လက်စွပ်သည် မည့်သည့်ပစ္စည်းနှင့် ဖန်တီးထားမှန်း မသိရသော်ငြား ၊ ထူးဆန်းသည့် အစီအရင်မျိုးမပါရှိပါချေ။ ဝိုင်းဝန်းချောမွေ့သော အပြင်ဘက်ကို ကြည့်လိုက်လျှင် သာမန်နှင့်ဆင်တူပေမဲ့ အတွင်းသားတွင်တော့ များစွာသောပုံစံခွက်များကို ရေးထွင်းထားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်ကျန်းမူးဝေသွားသည်။ ချက်ချင်းဆိုသလို ထိုလက်စွပ်မှ အကြည့်လွဲလိုက်တော့၏။ ညာလက်ညိုးတွင် ထိုလက်စွပ်ကိုစွပ်ချလိုက်ပြီး ခရီးဆက်ဖို့ ပြင်ဆင်လိုက်သည်။

သစ်တောအတွင်းသို့ အရင်က လူအုပ်နှင့်အတူ ဝင်ရောက်ခဲ့ပေမဲ့ အခုချိန်မှာ တစ်ယောက်တည်း ဖြစ်နေသည့်အတွက် သားရဲရိုင်းများရန်ကိုလည်း စိုးရိမ်ရသေးသည်။ အိမ်ကိုလုံခြုံစွာ ပြန်‌ရောက်ချင်လျှင် ညမတိုင်ခင်မှာပဲ ဒီအန္တရာယ်များသောသစ်တောအတွင်းမှ ထွက်နိုင်မှဖြစ်လိမ့်မည်။

ထိုအချိန်မှာပဲ တိတ်ဆိတ်နေခဲ့သောသစ်တောအတွင်းသို့ ရုတ်ချည်းဆိုသလို လေပြင်းတစ်ချက် ဖြတ်တိုက်သွားခဲ့ပြီး သစ်ပင်နောက်ကနေ လူသုံးယောက်ထွက်ပေါ်လာကာ လင်ကျန်းကို လမ်းပိတ်လာသည်။

လင်ကျန်း ရင်တစ်ချက်ဆောင့်ခုန်သွားပြီး သတိကြီးစွာဖြင့် ခြေနှစ်လှမ်းအနောက်ဆုတ်လိုက်၏။

“မင်းတို့ ဘာလိုချင်တာလဲ”

ထိုလူတွေက ဝမ်လုချန်၏အစေခံတွေမှန်း ချက်ချင်းပဲ ရိပ်စားမိလိုက်သည်။ သူတို့တွေက သေချာပေါက် ပြဿနာရှာဖို့ ရောက်လာကြတာပဲ။

“ဟမ်၊ ငါတို့လား ငါတို့ရဲ့သခင်ကြီးက ဒီနေရာက ဝေးလံခေါင်ခိုက်တဲ့အတွက် မင်းအန္တရာယ်ကျနေမှာစိုးလို့ စောင့်ရှောက်ပေးဖို့ လွှတ်လိုက်တာလေ။”

ခေါင်းဆောင်ဖြစ်သူက မဲ့ရွဲ့စွာပြောဆိုလာရင်း သူ၏မကောင်းသောရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့တောင် မကြိုးစားခဲ့ပါချေ။

“ကလေကချေကောင်၊ မင်းကိုခုခံမနေဖို့ ငါအကြံပေးလိုက်မယ်။ ငါတို့ကို လွယ်လွယ်ကူကူ အသတ်နှုတ်ခွင့်ပေးလိုက်မယ်ဆိုရင် နောက်ကျမှ မင်းကိုမနှိပ်စက်တော့ဘူးလို့ ကတိပေးတယ်။ မဟုတ်လို့ကတော့ ငါတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြလိုက်ရင်၊ သတ်ပေးဖို့ မင်းကိုယ်တိုင် တောင်းဆိုလာရတဲ့အထိ ရောက်သွားမှာနော်။”

လင်ချန်းရဲ့မျက်နှာက ချက်ချင်းဆိုသလို ပြောင်းလဲလာခဲ့သည်။

“မင်းတို့နဲ့ငါနဲ့မှာ အငြိုးတွေမရှိပါဘူး၊ ဘာကိစ္စငါ့အနောက်ကို လိုက်လာရတာလဲ”

“ဟားဟား သေမင်းက မင်းရဲ့တံခါးဝကိုရောက်နေပြီ။ ဒါတောင်မှ လေပေါနေသေးတာလား။”

ခေါင်းဆောင်ဖြစ်သူက တံတွေးတစ်ချက်လှမ်းထွေးလိုက်ရင်း လက်တစ်ချက်ယမ်းပြလိုက်သည်။

“သွားဖမ်းကြ”

ထိုသူ၏ စကားဆုံးတာနဲ့ အနောက်ကနေ ဓားများကို ကိုင်ဆောင်ထားသော လူနှစ်ယောက်က အပြေးဝင်လာသည်။

ထိုလူတွေအားလုံးက သာမာန်သူများဖြစ်ကြသော်ငြား ကိုယ်ခံပညာတတ်မြောက်ထားကြသည်။ လူသုံးယောက်နှင့်တစ်ယောက်မှာ လင်ကျန်းအတွက် အနိုင်ရနိုင်ချေမရှိပါချေ။ ထို့ကြောင့် ချက်ချင်းပဲ လှည့်ပြေးလေသည်။

“ငါဒီနေရာမှာ သေရတော့မှာလား”

အနောက်မှလိုက်လာသော ခြေလှမ်းများ နီးကပ်လာသည်နှင့် လင်ကျန်း၏မျက်နှာသည် စိတ်ပျက်အားငယ်သွားတော့သည်။ ထိုအချိန်မှာပဲ ကျယ်လောင်သောအော်သံတစ်ခုကို ကြားလိုက်ရသည်။

“ညီနောင်၊ မစိုးရိမ်နဲ့ ငါဒီနေရာကို အကူအညီပေးဖို့ ရောက်လာခဲ့တာ”

ကျားသစ်တစ်ကောင်လို ရုတ်တရက်ထွက်ပေါ်လာခဲ့သော ပုံရိပ်တစ်ခုက အပြေးလိုက်လာနေတဲ့ ခေါင်းဆောင်ကို အရှိန်ပြင်းတဲ့ ကြာပွတ်တစ်ခုလိုမျိုး လွှဲကန်လိုက်ပြီး ထို့နောက်မှာ ချက်ချင်းဆိုသလို အလင်းတစ်ချို့ဝန်းရံနေသည့် လက်သီးဖြင့် ကျန်နောက်လိုက်နှစ်ယောက်၏ ရင်ဘက်ကို တူတစ်ချောင်းနှယ် ထုနှက်လိုက်တော့သည်။

ဘမ်း ဘမ်း ဘမ်း

အစောပိုင်းက မောက်မာစွာပြုမူနေခဲ့သော လူများအားလုံး စက္ကန့်ပိုင်းအတွင်းမှာပဲ မသေမရှင်အနေအထားဖြင့် လှဲလျောင်းနေရလေပြီ။

ထိုသူတွေကို ရင်ဆိုင်ပြီးသည်နှင့် အသစ်ရောက်လာသူက လက်နှစ်ဖက်ကို ဖုန်ခါလိုက်ရင်းပြုံးပြလာခဲ့သည်။

“ဟုတ်ပြီ၊ ညီအစ်ကိုလင် ဒီနေရာမှာ ရှင်းစရာရှိတာတွေကို ငါရှင်းပြီးသွားပြီ။”

လင်ကျန်းတစ်ယောက် ရှုပ်ထွေးစွာဖြင့် ရုတ်တရက်ပေါ်ပေါက်လာခဲ့သော အသက်သခင်ကျေးဇူးရှင်ကို အံ့ဩတကြီးကြည့်ရှုလိုက်သည်။

“မင်းက ဘယ်သူလဲ၊ ငါမေးလို့ရမလား”

ထိုသူ၏အဝတ်အစား၊ ရုပ်အသွင်အပြင်၊ ခန္ဓာကိုယ်... တစ်ခုကမှ ထူးခြားသည့်ပုံစံမျိုး မရှိပေ။ ထိုကြောင့် လင်ကျန်းဘယ်လိုမှ မမှတ်မိနိုင်ပဲဖြစ်နေ၏။

ချီယွမ်ကလည်း ဂရုမစိုက်ပါချေ။

“ငါ့ရဲ့နာမည်က ချီတပါ၊ ငါကတိမ်ချွေဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးမှုကို လာဖြေတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ပဲ။ အဲ့ဒီဝတုတ်ကောင်ဆီကနေ မင်းအနိုင်ကျင့်ခံနေရတာကို ငါတွေ့ခဲ့တယ်။ ငါမခံနိုင်တော့တာနဲ့ မင်းကိုလာကယ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။”

လင်ကျန်း၏ရင်ဘက်တစ်ခုလုံး နွေးထွေးသွားကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ညီအစ်ကိုချီ၊ တကယ်ပဲ ကျေးဇူးပါ၊ မင်းကငါ့ရဲ့အသက်ကို ကယ်တင်လိုက်တာပဲ။ ဒီကိစ္စကို ငါလင်ကျန်း လုံးဝမမေ့ပါဘူး”

ချက်ချင်းဆိုသလို လက်နှစ်ဖက်ယှက်ရင်း ချီယွမ်ကို လေးစားစွာ အရိုသေပေးလိုက်သည်။ သူ၏အခြေအနေသည် သေမင်းတံခါးဝမှ ကပ်သီးလေးလွတ်မြောက်ခဲ့ရခြင်းပေ။ ချီယွမ်သာ ရုတ်တရက်မရောက်ရှိလာဘူးဆိုရင် သေချာပေါက် အေးစက်သည့် အလောင်းကောင်သာဖြစ်နေလိမ့်မည်။ ဒီကျေးဇူးကြွေးက အလွန့်အလွန်ကြီးမားတဲ့ ကျေးဇူးကြွေးတစ်ခုပဲ။

ချီယွမ်သည် ပုံမှန်လိုမျိုး လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။

“ကိစ္စကြီးမဟုတ်ပါဘူး၊ ညီအစ်ကိုလင် အရမ်းကြီးစိတ်ထဲမထားပါနဲ့”

ထိုအချိန်မှာပဲ အရိပ်အတွင်း၌ ပုန်းကွယ်နေခဲ့သော လှပသည့်ပုံရိပ်တစ်ခုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။ ထိုအရာကို သတိပြုမိသဖြင့် ချီယွမ် ချက်ချင်းပဲပြုံးလိုက်လေ၏။

(အနည်းဆုံးတော့ တိမ်ကြွေဂိုဏ်းက အကြင်နာတရားမဲ့တဲ့ ဂိုဏ်းတစ်ခုမဟုတ်ဘူးပဲ)

ဒါပေမဲ့ ထိုကောင်မလေး၏ ရောက်လာမှုက အရမ်းကိုနောက်ကျလွန်းခဲ့သည်။ သူသာအချိန်မှီရောက်မလာခဲ့ဘူးဆိုရင် လင်ကျန်း၏သေဆုံးသွားသော ခန္ဓာကိုယ်ကိုသာ ပြန်လည်ယူသွားနိုင်တော့မည်ဖြစ်သည်။

သေချာပေါက် တိမ်ကြွေဂိုဏ်း၏ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ထံမှ စောင့်ကြည့်ခံရခြင်းကို ချီယွမ် မစိုးရိမ်ပါချေ။ အစောပိုင်းက တိုက်ခိုက်ချိန်တွင် ချီသန့်စင်ခြင်း အဆင့်နှစ်ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကိုသာထုတ်သုံးထားသည့်အတွက် ကိစ္စကြီးတစ်ခုမှ မဖြစ်လာနိုင်ပါချေ။ သာမန်ကျင့်ကြံသူတစ်ယောက်၏ ဆရာသခင်မရှိဘဲ တတ်မြောက်ထားသော လက်သီးနှင့် ခြေထောက်မှာသာ ချီစွမ်းအင်စုဆောင်းနိုင်ခြင်း ဖြစ်စဉ်ကိုပဲ ပြသခဲ့သည်မလား..

တိမ်ကြွေဂိုဏ်း၏ စည်းကမ်းအရဆိုလျှင် သူတို့က အသက် ၁၈နှစ်အောက်သေမျိုး အရည်အချင်းရှိသူများကို ခေါ်ယူကြသည်။ သို့ပေမဲ့ ကျင့်ကြံမှုအရည်အချင်းတစ်ချို့ရှိသော အငယ်တန်းကျင့်ကြံသူများကိုတော့ အသက်အရွယ်အကန့်အသတ် တိုးမြှင့်ပေးထား၏။ ချီသန့်စင်ခြင်းအဆင့် ၁သို့ရောက်ရှိလျှင် အသက် ၂၀အောက်မည်သူမဆို ဝင်ရောက်ခွင့်ရှိပြီး ချီသန့်စင်ခြင်းအဆင့် ၂ သို့ရောက်ပြီးသား ကျင့်ကြံသူများကိုတော့ အသက် ၂၂ နှစ်အောက်ထိ ကန့်သတ်ချက်ပေးထားသည်။

ထိုကြောင့် အသက် ၂၁နှစ်ရှိသော ချီယွမ်သည် ပြီးပြည့်စုံသော ချီသန့်စင်ခြင်းအဆင့်၂စွမ်းအင်ကိုသာ ထုတ်ပြခဲ့သည်။ ထိုအကြောင်းရင်းကြောင့်ပဲ စနစ်ဘက်က ချီသန့်စင်ခြင်းအဆင့် ၂သို့ ကျင့်ကြံစေရန် ခိုင်းစေထားတာဖြစ်နိုင်သည်။

……..

All Chapters