← Chapters

(အခုကစပြီး ဒီလူကို ငါဂရုစိုက်ပေးမယ်)

Vol. 2 Ch. 13

(အခုကစပြီး ဒီလူကို ငါဂရုစိုက်ပေးမယ်)

Vol. 2 Ch. 13

"တင် အရန်တာဝန်ကို အောင်မြင်စွာ ပြီးမြောက်တဲ့အတွက် အမှတ်၅၀နဲ့ ဝိညာဥ်ကျောက်တုံး၂၀၀ကို ရရှိပါပြီ"

"ကောင်းကင်ရဲ့ ကောင်းချီးပေးခံထားရတဲ့ လင်ကျန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု ရရှိတဲ့အတွက် အနာဂတ်မှာ ပိုင်ရှင်ရဲ့ ကံတရားတွေလည်း အလိုလို မြင့်တက်လာပါလိမ့်မယ်"

စနစ်၏ အသိပေးချက် ပြီးသွားသည်နှင့် ဆန်းကြယ်သော အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ သူ၏ သွေးကြောများအတွင်းသို့ ဝင်ရောက်စီးဆင်းနေသည့်နှယ် ချီယွမ် ဝေဝါးစွာ ခံစားလိုက်ရသည်။ ထိုဖြစ်စဉ်မှလွဲလျှင် ဘာထူးခြားသောအရာမှ မဖြစ်ပျက်ခဲ့ချေ။

ကံတရားဆိုတာက ခန့်မှန်းဖို့ မလွယ်ကူသည့် အရာတစ်ခုဖြစ်သည့်အတွက် အချိန်တိုအတွင်းမှာ ထူးခြားသော အကျိုးကျေးဇူးကို မြင်တွေ့ရမည် မဟုတ်ပါချေ။ သို့ပေမဲ့ ကံတရားက တစ်ကယ်တည်ရှိပြီး အရေးကြီးကိစ္စတွေမှာ အရေးပါသောကဏ္ဍက ဝင်ရောက်ပေးနိုင်မှန်း အကုန်လုံး လက်ခံထားကြသည်။ တစ်ချို့သော အဖြစ်အပျက်များတွင် ကံကောင်းခြင်းကသာ ကျရှုံးမှုနှင့် အောင်မြင်မှုကို ဆုံးဖြတ်ပေးနိုင်၏။ တစ်နည်းပြောရမည်ဆိုလျှင် လူတစ်ယောက်မှာ ကောင်းမွန်သော ကံကြမ္မာနှင့် ကောင်းမွန်သော ကံတရားကို အခြေခံအဖြစ် ပိုင်ဆိုင်ထားပါက ထိုသူ၏ဘဝတွင် အမြင့်ဆုံးအရာများကိုသာ ရရှိလိမ့်မည်။

သေမျိုးတစ်ချို့ကို ရိုက်နှက်ပေးရုံဖြင့် ကံကောင်းခြင်းကို တိုးမြှင့်နိုင်သော အခွင့်အရေးသည် ချီယွမ်အတွက်တော့ တော်တော်လေး တွက်ခြေကိုက်သည့် အပေးအယူတစ်ခုဖြစ်သည်။ ထိုမျှလောက် မပြောနှင့်… ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သော တာအိုဆရာသခင် ဟန့်ကျန်းတောင်မှ အခုလို ဆွဲဆောင်မှုမျိုးကို ကြုံတွေ့ခဲ့ရပါက သေချာပေါက် ငြင်းဆန်လိမ့်မည် မဟုတ်ချေ။

"စနစ်၊ ဒီလိုမျိုး အရန်တာဝန်တွေ ရှိလေကောင်းလေပဲ။ ငါကြိုက်တယ်"

ကိုယ့်ထက် အားငယ်သူတွေကို အနိုင်ကျင့်ရတာက လေးစားဖွယ်ရာ ကိစ္စတစ်ခု မဟုတ်သော်ငြား ခံစားချက်က တော်တော်လေး ကောင်းတာကိုတော့ ဝန်ခံရမည်ပင်။

မကြာခင်မှာဘဲ ချီယွမ်တစ်ယောက် ရင်ထဲက ပျော်ရွှင်မှုတွေကို ဖိနှိပ်ရင်း လင်ကျန်း၏ ညာလက်ပေါ်မှ အနက်ရောင်လက်စွပ်ကို သတိထားမိလိုက်သည်။

(ကောင်းကင်သားတော် ဆိုတဲ့အတိုင်းပါပဲလား။ လမ်းလျှောက်ရင်းတောင်မှ အဆင့်မြင့် ရတနာကို ရှာတွေ့ခဲ့တယ်)

ထိုလက်စွပ်၏ အကျိုးကျေးဇူးကို ချီယွမ် မသိရှိသော်ငြား ကြည့်လိုက်ရုံဖြင့် သာမန်ပစ္စည်းတစ်ခု မဟုတ်မှန်း သိနိုင်ပါသည်။ ထိုလက်စွပ်အတွင်းမှာ ဖုံးကွယ်ထားသော ဆရာသခင်တစ်ယောက်ပင် ရှိနေနိုင်သည်။

ချီယွမ် စိတ်ဝင်စားပေမဲ့ တောင်းဆိုဖို့ မကြိုးစားခဲ့ပါချေ။ မြင့်မြတ်သော ဂုဏ်ပုဒ်ကို ထိန်းထားနိုင်ရန်အတွက် မဟုတ်ပေမဲ့ ကောင်းကင်သားတော်၏ ပိုင်ဆိုင်မှုက ဒီလိုမျိုး အလွယ်တကူရနိုင်မည့် ကိစ္စတစ်ခုလား...

လင်ကျန်းလိုမျိုး ကောင်းကင်သားတော်က မွေးဖွားလာကတည်းက ကောင်းကင်၏ အနီးကပ်စောင့်ကြပ်ခြင်းကို ခံထားရလိမ့်မည်။ လင်ကျန်းထံကနေ အကျိုးကျေးဇူး ရယူချင်လျှင် ကောင်းကင်ထံမှ အရင်ဦးဆုံး ခွင့်ပြုချက်ကို တောင်းခံရလိမ့်မည်။ ထိုမှမဟုတ်ရင်လည်း လင်ကျန်းအတွက် စတေးမှုတစ်ချို့ကို ပြုလုပ်ရလိမ့်မည်။ သေချာပေါက် လင်ကျန်းထံကနေ အသားလွတ် အလကားရနေလိမ့်မည် မဟုတ်ပါချေ။

ချီယွမ်က ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်အဖြစ် အလေးပေးခြင်း ခံထားရသည့်အပြင် စနစ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုကြောင့် လင်ကျန်းထံမှ ထိုပစ္စည်းကို လုယူရင်း မလိုအပ်သော အန္တရာယ်ကို ဖိတ်ခေါ်ဖို့ စိတ်ကူးမရှိချေ။ လင်ကျန်းနဲ့ မိတ်ဆွေဖြစ်အောင် ပေါင်းသင်းပြီး လင်ကျန်းထံမှ ကံကောင်းမှုတစ်ချို့ကို မျှယူခြင်းကသာ အကောင်းမွန်ဆုံးသော ရွေးချယ်မှုဖြစ်သည်။

ချီယွမ် ချက်ချင်းပဲ လင်ကျန်းအား အလွန်ကြင်နာစွာ ကြည့်ရှုလိုက်သည်။ ကောင်းကင်ဘုံမှ ရုတ်တရက် ပြုတ်ကျလာသော ရတနာတစ်ခုကို ကြည့်ရှုနေရသည့်နှယ် ချီယွမ်၏ မျက်လုံးအတွင်းမှာ ကြင်နာမှုများ ယိုဖိတ်နေလေရဲ့။

"ညီကိုလင်း၊ မင်း အနာဂတ်မှာ ဘယ်လိုဆက်လုပ်မယ်လို့ တွေးထားလဲ"

"ငါ ပြန်ပြီးတော့ စမ်းသပ်မှုကို ခံယူမယ်"

လင်ကျန်း အသက်တစ်ချက် ရှူသွင်းပြီး ချက်ချင်းပဲ စိတ်ပိုင်းဖြတ်စွာ ပြောဆိုလိုက်သည်။

"ပြုတ်ကျခဲ့မယ်ဆိုရင်တောင်မှ သေချာပေါက် ငါ ပြန်ထရမယ်။ အဲဒီ ဝမ်လုချန်နဲ့ ငါက အကြွေးမကြေသေးဘူး။ ငါ့ရဲ့ဇနီးလောင်းကို ခိုးယူခဲ့တဲ့အတွက် အဲဒီကိစ္စကို ငါကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးမယ်။ ဒြပ်စင် ၂မျိုးပါတဲ့ ဝိညာဉ်သွေးကြောကို ပိုင်ထားတော့ရော ဘာဖြစ်သလဲ။ တိမ်ကြွေဂိုဏ်းကို ဝင်ရောက်ပြီး မသေမျိုးတစ်ယောက် ဖြစ်လာဖို့ လမ်းကြောင်းစတင်ပြီးတာနဲ့ ငါ အဲဒီကောင်ကို အဆတစ်ရာမက ပြန်ပေးဆပ်ခိုင်းလို့ရတယ်"

လင်ကျန်းတစ်ယောက် လက်သီးကို တင်းနေအောင် ဆုပ်လိုက်သည်။ လက်ဖျံကြောမှ သွေးကြောများ ထောင်ထလာသလို သူ၏ မျက်လုံးအတွင်းမှာလည်း အဆုံးမရှိသော ဒေါသများ ဝင်ရောက်လာ၏။

"ဟုတ်တယ်။ ဒါပဲလေ”

ချီယွမ် ကျယ်လောင်စွာ ပြုံးလိုက်ရင်း ထိုမောက်မာသော ဖက်တီးပုတ်အတွက် စိတ်ထဲမှ အမွှေးတိုင်၃ချောင်း ထွန်းပေးထားလိုက်သည်။

(လူတွေအများကြီးထဲကမှ ကောင်းကင်သားတော်ကိုမှ ရွေးပြီး ရန်စမိလေခြင်းပဲ။ ဒါက ပြဿနာကို မီးခွက်ထွန်းရှာနေတာပဲ မဟုတ်ဘူးလား)

လင်ကျန်းနဲ့အတူ တိမ်ကြွေဂိုဏ်း၏ သစ်တောဝင်ပေါက်သို့ ပြန်ရောက်လာသည်နှင့် ထိုနေရာရှိ လူငယ်အားလုံး၏ အာရုံစိုက်မှုများက ချီယွမ်တို့အပေါ်သို့ ပြန်လည်ကျရောက်လာကာ နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ထောင့်တစ်ထောင့်တွင် အစေခံများ၏ မြှောက်ပင့်စကားများကို ကျေနပ်နေခဲ့သော ဝမ်လုချန်ပင် နေရာမှာ အေးခဲသွားပြီး လင်ကျန်းအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

(ဒီကောင်က ဘာကိစ္စ အသက်ရှင်နေရတာလဲ။ ဒါတင်မကသေးဘူး။ ပြန်တောင်လာရဲသေးတယ်။ အဲ့ဒီကောင်က သစ်တောအတွင်းမှာ သေနေရမှာ မဟုတ်ဘူးလား)

ဝမ်လုချန် သာမက လျိုယင်းယင်း၏ မျက်နှာသည်လည်း အနည်းငယ် ပြောင်းလဲသွား၏။ သူမက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေကာ လင်ကျန်းကို မျက်နှာချင်း မဆိုင်ရဲတော့ချေ။

လင်ကျန်းဘေးရှိ မရင်းနှီးသော လူတစ်ယောက်ကြောင့် ဝမ်လုချန် ချက်ချင်းပဲ သဘောပေါက်သွားခဲ့သည်။ မည်းမှောင်နေသော မျက်နှာနှင့် ချီယွမ်တို့ထံသို့ လျှောက်လာကာ အေးစက်စွာ ပြောလိုက်သည်။

"မင်း ထွက်သွားခဲ့တာ မဟုတ်ဘူးလား။ ဘာကိစ္စ ပြန်လာရဲတာလဲ။ အရှက်မရှိဘူးလား"

"ပြီးတော့ ငါ သခင်လေးက ကြင်နာစွာနဲ့ မင်းကို လိုက်ပို့ဖို့ လူတစ်ချို့ ပို့ပေးခဲ့တယ်။ အဲ့ဒီလူတွေ ဘယ်မှာလဲ"

ဝမ်လုချန်၏ ပလီပလာ စကားလုံးများကြောင့် လင်ကျန်းတစ်ယောက် ဒေါသများ ပြည့်နှက်သွားတော့သည်။

"ဝမ်လုချန်၊ မင်းက လူလွှတ်ပြီး ငါ့ကို ဒုက္ခပေးခိုင်းလိုက်တာကို လူကြားကောင်းအောင် ပြောချင်နေတာလား။ မင်းက လူအရေခြုံထားတဲ့ မြေခွေးတစ်ကောင်ပဲ။ ခွေးတွေ ဝက်တွေထက်တောင် ဆိုးရွားသေးတဲ့ တိရစ္ဆာန်လိုကောင်"

ဝမ်လုချန်က ရွံရှာစွာ မျက်နှာကို မဲ့လိုက်သည်။ သူ၏ မျက်လုံးအတွင်းမှာ အထင်သေးမှုများ ပြည့်နှက်နေသည်။

"မင်း ပြန်ပြောလိုက်စမ်း။ ငါက မင်းကို ဒုက္ခပေးခိုင်းတယ် ဟုတ်လား။ မင်းမှာ သက်သေရှိလို့လား။ သက်သေမရှိဘဲနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ငါ့ကို အပြစ်တင်နေတာ ငါ တစ်ခုခုလုပ်လိုက်မှ ငါ့အဆိုးမဆိုနဲ့ကွ"

“မင်း..."

သက်သေမပြနိုင်သည့်အတွက် လင်ကျန်း ချက်ချင်းပဲ ဒေါသကြီးသွားခဲ့သည်။ အကယ်လို့ သက်သေကို ထုတ်ပြခဲ့ရင်တောင်မှ တစ်ဖက်သူက မျိုးစုံသော နည်းလမ်းများဖြင့် ရှောင်ထွက်မှာပင်။ ထို့အပြင် သေချာပေါက် ပြန်လည်အပြစ်တင်မည့် လူစားမျိုးသာဖြစ်သည်။

သို့ပေမဲ့ ဘယ်လိုပဲဆိုဆို ထိုအစေခံတွေ သေဆုံးသွားခဲ့ပြီး သူ အသက်ရှင်လာခဲ့တာက ထိရောက်သော ရလဒ်တစ်ခုပဲ မဟုတ်ဘူးလား။

ဘေးမှစောင့်ကြည့်နေခဲ့သော ချီယွမ်တစ်ယောက် အရှေ့တိုးလာကာ အေးစက်စွာ ပြောလိုက်သည်။

"မင်းလွှတ်လိုက်တဲ့ လူ၃ယောက်က ကံအကြောင်း မလှကြဘူး။ သူတို့ရဲ့ ဘဝတွေက တော်တော်လေး တိုတောင်းတယ် ပြောရမယ်။ မကြာခင်ကဘဲ သစ်တောထဲမှာရှိတဲ့ သားရဲတွေ စားသွားတာ ခံလိုက်ရတာလေ။ ဒါကြောင့် မင်းကိုလည်း ဒီနေရာမှာ လှည့်ပတ်မသွားနေဖို့ ငါ အကြံပေးလိုက်မယ်"

ဝမ်လုချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ချီယွမ်ကို ကြည့်လိုက်ချိန်မှာ သူ၏ မျက်လုံးအတွင်း၌ အနည်းငယ် သဘောပေါက်သွားခဲ့ပြီး လေသံကလည်း ပျော့ပျောင်းသွားလေ၏။

"မင်းက ဘယ်သူလဲ။ ဘာကိစ္စ ငါတို့ရဲ့ကိစ္စထဲကို ဝင်ပါရတာလဲ"

ဝမ်လုချန်သည် ကျင့်ကြံမှုကို မစတင်ရသေးသော်ငြား မျက်စိရှေ့က ပုဂ္ဂိုလ်ထံမှ ဖိနှိပ်နိုင်သော အရှိန်အဝါတစ်ခုကို ခံစားနေရသည်။ ထိုအရှိန်အဝါက ကျင့်ကြံသူတစ်ယောက်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါလိုမျိုးပဲ။ အပြင်လူတွေရှေ့မှာ ဘယ်လိုပဲ မောက်မာရဲသော်ငြား ကျင့်ကြံသူတစ်ယောက် ရှေ့မှာတော့ လက်လွတ်စပယ် မပြောဆိုရဲပါချေ။ ထိုပုဂ္ဂိုလ်က နိမ့်ကျသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်တောင်မှ သူ့လိုမျိုး သာမန် သေမျိုးတစ်ယောက်က ရန်စဖို့ မဖြစ်သင့်ဘူး။

ချီယွမ်ကတော့ ထိုဖက်တီးကို ဂရုမစိုက်တော့ချေ။ ထိုအစား အားလုံးကို ပတ်ကြည့်လိုက်ကာ ခြိမ်းခြောက်မှုအပြည့်နဲ့ ပြောလိုက်သည်။

"အိုး ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားခဲ့တယ်။ ငါ့နာမည်က ချီတပဲ။ အခုကစပြီး လင်ကျန်းက ငါ့ရဲ့ကာကွယ်မှုအောက်မှာ ရှိတယ်။ လင်ကျန်းကို အနိုင်ကျင့်ရဲတဲ့ ဘယ်သူမဆို ငါ့ကို အရင်ဆန့်ကျင်လိုက်"

နေရာတွင် ရှိနေသော ငယ်ရွယ်သည့်သူများအားလုံး တုန်ယင်သွားသော နှလုံးသားများဖြင့် အကြည့်လွှဲသွားကြလေရဲ့..။

ဝမ်လုချန်၏ မျက်နှာထားသည်လည်း လွန်စွာ ပြောင်းလဲသွားသည်။ လင်ကျန်းကို ဒီနေ့ ဘယ်လိုမှ ရန်စလို့ မရနိုင်တော့မှန်း သိသွားသဖြင့် မျက်စိရှေ့က လူနှစ်ယောက်ကို ဒေါသတကြီး ကြည့်ရှုနေရင်း ကြမ်းတမ်းသော စကားတစ်ခွန်းတောင် မပြောဆိုရဲတော့ဘဲ နေရာမှ ချာခနဲ လှည့်ထွက်သွားလိုက်သည်။

ဝမ်လုချန် ထွက်သွားတာကြောင့် လင်ကျန်း ပိုမို ကျေးဇူးတင်သွားလေသည်။

"ညီကိုချီရဲ့ ကူညီပေးမှုကြောင့်သာ မဟုတ်ဘူးဆိုရင်..."

လင်ကျန်း၏ စကားမဆုံးခင်မှာဘဲ ချီယွမ် ဖြတ်ပြောလိုက်သည်။

"ညီိကိုလင်း၊ ကျုပ်တို့ရဲ့ ဆက်ဆံရေးမှာ ဒါမျိုး ယဥ်ကျေးနေဖို့ မလိုအပ်ပါဘူး"

ကောင်းကင်သားတော်ကို ညီငယ်လေး တစ်ယောက်လိုမျိုး ဆက်ဆံရခြင်းက တော်တော်လေး ကျေနပ်ဖွယ် ခံစားချက်မှန်း ချီယွမ်တစ်ယောက် ဝန်ခံရမည်ပင်။

ဝမ်လုချန်လိုမျိုး အဆင့်နိမ့် ဗီလိန်တစ်ယောက်ကတော့ သင်ခန်းစာ ပေးဖို့အတွက်တောင် ချီယွမ် စိတ်မဝင်စားပါချေ။

( အဲ့လိုကောင်ကို အချိန်ကုန်ခံပြီး သင်ခန်းစာ ပေးနေရရင် ရာဇဝင် ရိုင်းသွားမှာပေါ့..)

(အကယ်လို့ ငတုံးစနစ်က တာဝန်ပေးလာလျှင်တော့ တစ်မျိုးတစ်လေပေါ့)

(ဟုတ်သားပဲ။ ဒီငတုံးစနစ် ပေါ်လာပြီးကတည်းက ငါက အားနည်းတဲ့သူတွေကိုပဲ တောက်လျှောက် အနိုင်ကျင့်နေရတာ။ အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီးတော့ ဆုအကြီးကြီးတွေကို ထိုင်ယူနေရတာက နည်းနည်းလေး ရှက်ဖို့ကောင်းတာပဲ။ ဘယ်တော့များမှ တကယ့် ထိုက်တန်တဲ့ ရန်သူကို တွေ့ရမှာလဲ)

ချီယွမ် အနည်းငယ် အရှက်ရသွားခဲ့သည်။

နောက်တစ်နေ့ မနက်မှာပဲ တိမ်ကြွေဂိုဏ်း၏ တံခါးပေါက်ကို ကျယ်လောင်စွာ ဖွင့်လှစ်လိုက်သည်။ တံခါးချပ် ပွင့်သွားသည်နှင့် အဖြူရောင် အလင်းတန်းများစွာ ပေါ်ပေါက်လာကာ စက္ကန့်ပိုင်းအတွင်းမှာပဲ တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံံသူများ ထွက်ပေါ်လာခဲ့သည်။ ထိုသူတွေ၏ အင်အားကြီး အရှိန်အဝါများက ဆူညံနေသော လူအုပ်ကို ချက်ချင်းပဲ တိတ်ဆိတ်စေလိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

နောက်လိုက်ကျင့်ကြံသူများကို ဦးဆောင်ထားသော တပည့်သစ် ခေါ်ဆောင်ရေးအတွက် တာဝန်ရှိသည့် အကြီးအကဲ ယင်ချမ်းယွမ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို လေပေါ်မှ စီးမိုးကြည့်ရှုရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

"မင်းတို့အားလုံး စောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့က တစ်ကယ်ကို အရေးကြီးတဲ့ နေ့တစ်နေ့ပဲ။ တိမ်ကြွေဂိုဏ်းရဲ့ လူသစ်ခေါ်ဆောင်မှုကို တရားဝင် စတင်လိုက်ပါပြီ။ ဂိုဏ်းရဲ့ စည်းမျဉ်းအရဆိုရင် ချီသန့်စင်ခြင်းအဆင့်ကို မရောက်သေးတဲ့ အသက်၁၈နှစ်အထက် လူတွေအားလုံး ထွက်သွားပေးကြပါ။ ချီသန့်စင်ခြင်းကို ရောက်ပြီးတဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေကတော့ အသက်အရွယ် ကန့်သတ်ချက်ကို တိုးမြှင့်ပေးထားတဲ့အတွက် အသက်၂၀အထိ ခွင့်ပြုပေးထားပါမယ်။ ဒီလိုအပ်ချက်တွေနဲ့ မကိုက်ညီတဲ့သူ ဒါမှမဟုတ် စစ်ဆေးနေစဥ်အတွင်း ပယ်ထုတ်ခြင်း ခံလိုက်ရတဲ့သူတွေတော့ ဂိုဏ်းထံကနေ ခရီးစရိတ် ထုတ်ယူပြီး ထွက်သွားနိုင်ပါတယ်"

(သူမပဲ…)

ထိုအချိန်မှာပဲ ကျင့်ကြံသူများကြားတွင် ရပ်နေခဲ့သော လှပသည့် အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ကို ချီယွမ် ချက်ချင်းပဲ သတိထားမိသွားခဲ့သည်။ ချီယွမ်၏ မျက်နှာက အံ့သြမှုတစ်ချက် ဖြတ်ပြေးသွားလေ၏။

သူမ၏ ပုံစံက သေချာပေါက် အသက် ၁၉ နှစ်ထက် မကြီးနိုင်ချေ။ ဤမျှငယ်ရွယ်သော အသက်အရွယ်မှာ အခြေခံတည်ထောင်ခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ထားသည်။ အခုလို ကောင်းမွန်တဲ့ အခြေခံနှင့် ပါရမီက ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ အတွင်းတပည့်များကိုပင် ယှဥ်နိုင်၏။

တိမ်ကြွေဂိုဏ်းအတွင်းမှာ အခုလို ပါရမီရှင်မျိုး ရှိနေမည်လို့ ချီယွမ် မထင်ထားခဲ့ချေ။

…..

All Chapters