မကောင်းဆိုးဝါးမ.. ငါတစ်ချက်ကြည့်တာနဲ့ လူမဟုတ်မှန်း ပြောလို့ရတယ်
Vol. 2 Ch. 15
ဝိညာဉ်သွေးကြော စမ်းသပ်မှု အပြီးတွင် လူများစွာ ဖယ်ထုတ် ခံလိုက်ရသည့်အတွက် ဒုတိယစမ်းသပ်မှုကို ယှဉ်ပြိုင်နိုင်ရန် ယှဉ်ပြိုင်သူ အနည်းငယ်သာ ကျန်ရစ်တော့သည်။ တိမ်ကြွေဂိုဏ်း၏ တပည့်တစ်ယောက် ဦးဆောင်မှုအောက်မှာပဲ ချီယွမ်နှင့်တကွ ကျန်သော ကျင့်ကြံသူများသည် သစ်တော လမ်းကြောင်းအတွင်းသို့ တစ်ပြိုင်နက်တည်း ခြေချလိုက်ကြသည်။
ချက်ချင်းဆိုသလို ချီယွမ်၏ ဦးနှောက်တစ်ခုလုံး မူးဝေသွားခဲ့ပြီး အသိတရား ပြန်ကပ်သော အချိန်တွင် ကြီးမားသော တောအတွင်း၌ လက်ထဲမှာ ဓားတစ်ချောင်းကိုင်ရင်း နူးညံ့သော မြေဆီလွှာပေါ်တွင် တစ်ယောက်တည်း ရပ်နေခဲ့တာကိုပဲ သိတော့သည်။ ထိုချွန်မျှသော ဓားသည် သူ၏လက်အတွင်းသို့ ဘယ်အချိန်က ရောက်လာခဲ့မှန်း ချီယွမ် စဉ်းစားလို့မရပါချေ။
( ဘယ်လိုတောင် အစစ်အမှန်နဲ့ဆင်တူလှတဲ့ ပုံရိပ်ယောင် နယ်မြေလဲ)
ချီယွမ်၏ တာအို အစီအရင်များအပေါ် နားလည်ခြင်းကအကန့်အသတ် ရှိသော်ငြား ဤအစစ်အမှန်နဲ့ ဆင်တူလှသော ပုံရိပ်ယောင် အစီအရင်သည် ကောင်းကင်နှင့် မြေကြီးကိုပါ ဆက်သွယ်ထားနိုင်ပြီး အဆုံးမရှိကျယ်ပြောကာ အလွန့်အလွန် ထူးချွန်သော အစီအရင် ဆရာကြီးတစ်ယောက်က ဖန်တီးထားတာမှန်း ပြောနိုင်ပါ၏။ ပတ်ဝန်းကျင်ကို လေ့လာလိုက်ရင်း ချီယွမ်၏ မျက်နှာသည် ချက်ချင်းဆိုသလို တည်ငြိမ်သွားခဲ့သည်။
ဤနေရာအတွင်းကို ဝင်ရောက်လာကတည်းက သူ၏ စဉ်းစားနိုင်စွမ်းသည် မှုန်ဝါးလာခဲ့သလို အတွေးတို့လည်း နှေးကွေးလာရသည်။ သူ့လိုမျိုး ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုပါ အခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ မူးဝေမှု ဖြစ်စေနိုင်သည့် ဤအဆင့်မြင့် အစီအရင်သည် အာရုံတချက် လွဲလိုက်တာနဲ့ ထောင်ချောက်ထဲ ပြုတ်ကျသွားမည်သာ။
ကျင့်ကြံသူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် ဝိညာဉ်သွေးကြောနှင့် မသက်ဆိုင်သလို ထိုသူ၏ ကျင့်ကြံမှုနယ်ပယ်နှင့်လည်း မသက်ဆိုင်ပါချေ။
ချီယွမ်သည် ထိုက်ရွှမ်း သန့်စင်နယ်မြေကို တပည့်အဖြစ် ပထမဦးဆုံး ဝင်ရောက်စဉ်က စိတ်ဓာတ်စမ်းသပ်မှုကို တစ်ကယ်ပဲ ကျော်ဖြတ်ခဲ့ရ၏။ ထိုအချိန်တွင် ထိပ်သီးစိတ်ဝိညာဉ် ရတနာတစ်ခုဖြစ်သော နှလုံးသားကို မေးခွန်းထုတ်နိုင်သည့် ကြေးမုံမှန်တွင် အစမ်းသပ်ခံခဲ့ရပြီး အောင်မြင်ခဲ့သည်။ ထို့အပြင် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင်ထံမှ နောက်ဆုံးတိုက်ရိုက်တပည့်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုကိစ္စသည် ထိုက်ရွှမ်း သန့်စင်နယ်မြေကြီး တစ်ခုလုံးမှာ အံ့ဩဖွယ်ရာ သတင်းတစ်ခုအဖြစ်တောင် ပျံ့နှံ့သွားခဲ့သေးသည်။
ချီယွမ်တစ်ယောက် အတွေးများကို စုစည်းရင်း ရှေ့ဆက်လျှောက်ဖို့ ပြင်ဆင်လိုက်သည်။
ဤအစီအရင်သည် သူ၏အတွင်း မှတ်ဉာဏ်အတွင်းသို့ ဝင်ရောက်ကာ မွှေနှောက်ချင်နေပုံရှိသည်။ သို့ပေမဲ့ လူတစ်ယောက်၏ အတွင်းစိတ်ကို ခုခံမှု မြှင့်တင်ပေးနိုင်သော လျှိုထန်စိတ်ဝိညာဉ်သန့်စင်ခြင်း သိုင်းကျမ်းကို လေ့ကျင့်ထားသည့်အတွက် ချီယွမ်သည် သူ၏ မှတ်ဉာဏ်များကို လုံးဝ မဆုံးရှုံးခဲ့ပေ။ လက်ရှိတွင် ဂိုဏ်းတစ်ခု၏ တပည့်ရွေးချယ်ခြင်း စမ်းသပ်မှုမှာ ပါဝင်နေမှန်း ဝေဝါးစွာ မှတ်မိနေပါသေး၏။
အစီအရင်၏ အပြင်ဘက်တွင် မြူခိုးများ ဖုံးလွှမ်းနေခဲ့သည်။ အစီအရင်အတွင်းရှိ ပြိုင်ပွဲဝင်များ၏ အခြေအနေကို ပြသပေးနေသော မှော်စွမ်းအင်သုံး ရေကြေးမုံ မှန်များက လေဟာနယ်တွင် အသီးသီး နေရာယူထားကြသည်။
ပုံရိပ်ယောင် အစီအရင်က ပုံမှန်လိုမျိုး အဆင်ပြေနေတာ မြင်သည့်အတွက် တပည့်ခေါ်ဆောင်ရေးတွင် တာဝန်ရှိသူ အကြီးအကဲယင်ချင်းယွမ်သည် ခပ်ဖွဖွပြုံးရင်း ကျယ်လောင်စွာ ပြောလိုက်လေ၏။
“ဒီစကြာဝဠာ ပုံရိပ်ယောင်အစီအစဉ်ကို တစ်ခါက မြူခိုးပြာတောင်ကြားထဲ အလည်လာခဲ့တဲ့ ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဖန်တီးပေးခဲ့တာပဲ။ ဒီ နှစ်သောင်းချီ ကြာပြီဖြစ်တဲ့ စကြာဝဠာ ပုံရိပ်ယောင် အစီအရင်က ဂိုဏ်းကို ကာကွယ်ပေးနေတဲ့ အစီအရင် တစ်ခုလို့လည်း ပြောလို့ရတယ်။ ဒါ့အပြင် ဒီအစီအရင်ထဲကို ဂိုဏ်းရဲ့ဘိုးဘေးဆရာသခင်က နေရာကြီး သုံးခုမှာ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ခဲ့သေးတယ်။ အဲ့ဒီကောင်လေးတွေ အနေနဲ့ ဒီအစီအရင်ထဲကို ဖြတ်သန်းရတာ လွယ်ကူမှာမဟုတ်ဘူး”
“အစီအရင်ကို အသက်သွင်းလိုက်တာနဲ့ အစီအရင်ထဲမှာ ရှိနေတဲ့စွမ်းအင်က လူတိုင်းကို စမ်းသပ်ဖို့ရန် များစွာတဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲပေးလိမ့်မယ်။ ဒီအစီအရင်ထဲကို ဝင်ရောက်လိုက်တာနဲ့ ဘယ်သူမဆို သူတို့ရဲ့ အရင်မှတ်ဉာဏ်တွေကို မေ့လျော့သွားပြီး လက်ရှိမှာ စဉ်းစားမိတဲ့ ရွေးချယ်မှုအတိုင်းပဲ စစ်မှန်စွာ ဆောင်ရွက်ကြရလိမ့်မယ်”
“နှစ်သောင်းချီ ထိန်းသိမ်းပြုပြင်လာခဲ့တဲ့အတွက် ဒီအစီအရင်ရဲ့ လုပ်နိုင်စွမ်းက ပိုပြီးတောင် မြင့်မားလာခဲ့တယ်။စွမ်းအင်ကပိုပြီး အသက်ဝင်လာခဲ့ပြီး အသန့်စင်ဆုံးလို့ ပြောရမှာပေါ့။ ဒါကြောင့် ဒီအစီအရင်ကနေ ဖောက်ထွက်ချင်ရင် ဗလာသန့်စင်ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင်မှ အချိန်တိုအတွင်း ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး”
“ကျွန်မ အဖေက ဒီရက်ပိုင်းမှာ ဝိညာဉ်အခြေတည် နယ်ပယ် နှောင်းပိုင်းအဆင့်ကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့အတွက် တံခါးပိတ် ကျင့်ကြံနေရတယ်။ အကြီးအကဲယင်ရဲ့ စီစဉ်ပေးမှုကို တစ်ကယ်ပဲကျေးဇူးတင်ပါတယ်”
ပိုင်ရှီရို့သည် ယင်ချင်းယွမ်ကို ကျက်သရေရှိစွာဖြင့် ဦးညွတ် အရိုအသေ ပေးလိုက်သည်။ ထို့နောက်မှာ ရေကြေးမုံမှန်များ ရှိရာသို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်ပြီး တဆက်တည်းမှာ တွေးမိသွားလေသည်။
( တိမ်ကြွေဂိုဏ်းကို အခုထပ်ပိုပြီး ကျော်ကြားလာချင်ရင် ကောင်းမွန်တဲ့ တပည့်အသစ်တွေ မွေးမြူဖို့က အရေးကြီးဆုံးအချက်ပဲ။ ဒီနှစ်ရွေးချယ်မှုမှာ တစ်ကယ်တော်တဲ့ တပည့်တွေ ရလာဖို့ မျှော်လင့်တယ် )
ချီယွမ်သည် တောအတွင်း၌ လျှောက်သွားနေချိန်မှာပဲ ရုတ်တရက် ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။
“ကယ်ကြပါ”
“ဟ ဟ ဒီတောကြီးမျက်မည်းထဲမှာ မင်းအော်ချင်သလောက် အော်လိုက်စမ်းပါ အလှလေး။ ဒါပေမဲ့ မင်းကို ကယ်ဖို့ လူတစ်ယောက်မှ ရောက်လာမှာမဟုတ်ဘူး”
အသံလာရာကို လှည့်ကြည့်လိုက်ချိန်တွင် အဝတ်အစား ဖရိုဖရဲဖြင့် အလှလေး တစ်ယောက်သည် အရှေ့မှ လျင်မြန်စွာ ပြေးလွှားနေပြီး သူမ၏ အနောက်တွင် ကြမ်းတမ်းသော လူရိုင်းလို အမျိုးသားတစ်ယောက်က အပြေးလိုက်နေသည်။ ငိုယိုကာ အကူအညီ တောင်းခံနေသော အလှလေးက နောက်ဆုံးတွင် ချီယွမ် ရှိရာသို့ ရောက်လာလေ၏။
“သခင်လေး ကျေးဇူးပြုပြီးကျွန်မကိုကယ်ပေးပါ”
ချီယွမ်ကို မြင်သည်နှင့် နောက်ဆုံးသော ကောက်ရိုးကို ဖမ်းဆုပ်လိုက်ရသည့်နှယ် သူမက အပြေးအလွှား အော်ဟစ်လာခဲ့သည်။
“ဟိတ်ကောင် မင်းဖယ်နေစမ်း။ ငါတို့ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးရဲလို့ကတော့ သေချာပေါက် မင်းကို ချမ်းသာမပေးဘူး”
ချွန်မျှသော လက်နက်ကြီးကို ကိုင်ဆောင်ရင်း ထိုလူရိုင်းက ချီယွမ်ကို ခြိမ်းခြောက်လိုက်သည်။
ချီယွမ် ချက်ချင်းပဲ သဘောပေါက်လိုက်သော်ငြား တည်ငြိမ်သော ပုံစံကိုပဲ ဖော်ပြထား၏။ လျင်မြန်သော လှုပ်ရှားမှုတစ်ချက်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ပစ်ဝင်လာသော အလှလေးကို ရှောင်ရှားကာ လူရိုင်းကောင်ကို ရှေ့တစ်လှမ်းတိုးပြီး တချက်တည်း ခုတ်ချလိုက်သည်။ လိမ့်ကျသွားသော ဦးခေါင်းကြီးနှင့်အတူ သွေးများ ဖြာထွက်လာပုံက
တစ်ကယ်ကို အစစ်အမှန်အတိုင်းပင်။
“ကျေးဇူးပါ သခင်လေး တစ်ကယ်ကို ကျေးဇူးတင်ပါတယ်”
ထို ကောင်မလေးက နီရဲနေသော မျက်နှာနှင့် မော့ကြည့်လာလေရဲ့။ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကြောင့် တစ်ပိုင်းတစ်စ ပေါ်နေခဲ့သော ဖြူဖွေးသည့် အသားစိုင်များသည် သနားစဖွယ် အခြေအနေမှာ ပိုလို့ ဆွဲဆောင်မှုရှိနေခဲ့သည်။
ဒါပေမဲ့ ချီယွမ်ကတော့ အေးစက်စွာ ရယ်မောလိုက်လေရဲ့။
“ဟန်ဆောင်နေတာ ရပ်လိုက်တော့ မင်းက လူတစ်ယောက် မဟုတ်မှန်း တစ်ချက်ကြည့်လိုက်တာနဲ့တင် ငါပြောနိုင်တယ်”
ချီယွမ် ချက်ချင်းပဲ ထိုကောင်မလေးကို မြေကြီးပေါ် လဲသွားသည်အထိ လက်သီးနှင့် ထိုးချလိုက်လေကာ ခါးပတ်ကြိုးအား လျင်မြန်စွာ ဖြည်လိုက်ရင်း သူမကိုတင်းကြပ်စွာ ချည်နှောင်လိုက်သည်။
“သခင်လေး ဘာ..... ဘာတွေ လုပ်နေတာလဲ”
ထို ကောင်မလေးကတော့ အကြောက်အလန့် ရုန်းကန်နေလေရဲ့။
“ဒီလိုမျိုး တောကြီးမျက်မည်းထဲမှာ နူးညံ့တဲ့ မိန်းကလေး တစ်ယောက်က ပေါ်လာစရာ အကြောင်းရှိမလား။ ဒီလောက် ဒုက္ခများတဲ့ စကပ်အရှည်ကြီး ဝတ်ထားတာတောင်မှ အနောက်က လိုက်လာတဲ့ လူရိုင်းကောင်ထက် အရှေ့တော်တော်ရောက်အောင် ပြေးနိုင်တယ်နော်။ အားနည်းတဲ့ မိန်းကလေးတစ်ယောက် ဟုတ်မနေသလားလို့လေ။ မင်းရဲ့ ပုံစံက ကြက်တစ်ကောင် လောက်တောင် ယုံချင်စရာ မကောင်းဘူး”
“ဒါ့အပြင် အရေးကြီးဆုံး အချက်က ဒီလောက် ရွှံ့ပွက်တွေများတဲ့ တောထဲမှာ ထွက်ပြေးနေတာတောင်မှ မင်းရဲ့ဖိနပ်က ရွှံ့တစ်စက်တောင် မပေဘူးတဲ့လား။ မင်းဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ”
ချီယွမ်၏ အသေးစိတ် ဖော်ပြချက်ကြောင့် အလှလေးသည် နောက်ဆုံးတော့ ရုန်းကန်နေတာ ရပ်သွားခဲ့ပြီး အစိမ်းရောင် မြူခိုးများအဖြစ် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ချီယွမ် မအံ့ဩပါချေ။ ထိုအစား သူ၏မျက်နှာက ပိုမို စိတ်ဝင်စားလာဟန်ပဲ။
( စိတ်ဝင်စားဖို့ ကောင်းတယ် )
အစကတော့ ထိုအဖြစ်အပျက်သည် ယောင်္ကျား တစ်ယောက်၏ မိန်းမလှလေး အပေါ် ထားရှိသော စိတ်ဓာတ်ကို စမ်းသပ်ရန်ဟုသာ ချီယွမ် ထင်မှတ်ခဲ့သည်။ သိုပေမဲ့ အသေးစိတ် စစ်ဆေးလိုက်ချိန်တွင် မူမမှန်သော အချက်အလက် တစ်ချို့ကြောင့် သူမကို ရှင်လျှက် ဖမ်းဆီးပြီး အခြေအနေ စောင့်ကြည့်ဖိုရန် ဆုံးဖြတ်ခဲ့သည်။ အခုတော့ ဤစစ်ဆေးမှုကို အောင်မြင်သွားဟန်ပဲ။
ထို့ကြောင့် ဓားတွင် ပေစင်နေသော သွေးများကို ပုံမှန်လိုပဲ သုတ်လိုက်ရင်း ချီယွမ် ရှေ့ဆက် လျှောက်သွားလိုက်သည်။
......
တစ်ဖက်က တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူများကတော့ တော်တော်လေး မသက်မသာ ဖြစ်နေဟန်ရှိသည်။ ကြေးမုံမှန်၏ မြင်ကွင်းများက မသင့်တော်လှပါချေ။
အစီအရင်၏ လုပ်ဆောင်ချက်သည် လူပေါ်မူတည်ပြီး ကွဲပြားသည်။ အမျိုးသား ပြိုင်ပွဲဝင်များက အလှလေးနောက်ကို လိုက်နေသော ဓားပြနှင့် တွေ့ကြုံရပေမဲ့ အမျိုးသမီး ပြိုင်ပွဲဝင်များသည် ချောမောသော ယောင်္ကျားပျို တစ်ယောက်ကို အကောက်ကြံဖို့ ကြိုးစားနေသော အကျင့်မကောင်းသည့် မိန်းမကြီးနှင့် ရင်ဆိုင်ရသည်။ အစီအရင်၏ ဤပထမ အခြေအနေတွင် အမျိုးသမီး ပြိုင်ပွဲဝင်များက ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ကြသော်ငြား အမျိုးသား ပြိုင်ပွဲဝင်များဘက်မှာတော့ တော်တော်လေး ဗရမ်းပတာဖြစ်နေလေရဲ့။
အမျိုးသား ပြိုင်ပွဲဝင် တဝက်လောက်သာ အလှလေး၏ ဆွဲဆောင်မှုကို ခုခံရင်း ကယ်တင်သော သူရဲကောင်းများအဖြစ် ဟန်ဆောင်နိုင်ခဲ့ကြသည်။ တစ်ချို့ သူတွေကတော့ ကယ်တင်ပြီးနောက်မှာ အလှလေးကို အမြတ်ထုတ်ဖို့ ကြိုးစားကြသည်။ တစ်ချို့ဆိုရင် ကယ်တောင်မကယ်တင်ပဲ ကြောက်ရွံ့စွာ ထွက်ပြေးသွားကြ၏။ အဆိုးဆုံးမှာ တချို့သော ပုဂ္ဂိုလ်များသည် လူရိုင်းနှင့်အတူ ပူးပေါင်းရင်း ဝေစုခွဲဖို့ ကြိုးစားနေလေရဲ့။
ထိုအထဲရှိ တစ်ချို့သော ငတုံးများဆိုလျှင် အလှလေးကို မတုံ့မဆိုင်း သတ်ပစ်ကာ လူရိုင်းတစ်ကောင်ထဲ ချန်ထားခဲ့သည်။
စမ်းသပ်မှု မအောင်မြင်သော သူများကို ကျန်သည့် အခြေအနေများ ထပ်မံမကြုံတွေ့စေပဲ အစီအရင် အပြင်ဘက်သို့ ချက်ချင်း ဆွဲခေါ်သွားတာပဲ တော်သေးသည် ပြောရမည်။ မဟုတ်လို့ဆိုရင် ကျင့်ကြံရေး ဂိုဏ်းတစ်ခုဖြစ်သော တိမ်ကြွေဂိုဏ်းအတွက် အတော်လေး အမြင်ဆန်းသည့် မြင်ကွင်းများစွာကို အလကား ကြည့်ရှုခွင့် ရသွားကြမည်သာ။
“အဓိပ္ပာယ်မရှိတာကွာ ဒါဘယ်လိုတောင် အသုံးမကျတဲ့ လူတွေလဲ။ လူသားတွေရဲ့ စိတ်ဓာတ်က ဒီလောက်အထိ ပျက်ပြားနေပြီး စိတ်ပျက်ဖွယ် ကောင်းနေမယ်လို့ ငါတစ်ခါမှ တွေးမထားဖူးဘူး”
“ဟူး ဒီအသစ်လာတဲ့ သူတွေကို ငါတော်တော်လေး မျှော်လင့်ထားခဲ့တာကွာ ဒီလောက်အထိ လေးစားမှုမရှိတဲ့ ကောင်တွေလို့ ဘယ်သူထင်ခဲ့မှာလဲ”
“ဒီအစီအရင်ရဲ့ ပထမဆုံး အခြေအနေက တော်တော်လေးရိုးရှင်းပါတယ်။ တဏှာရာဂမှာ မျောပါနေတဲ့ သူမဟုတ်ဘူးဆိုရင် အလွယ်တကူ အောင်မြင်နိုင်တဲ့ အခြေအနေတခုပဲ။ နေရာကနေ ထွက်ပြေးသွားရင်တောင်မှ အော် သတိကြီးကြီး ထားတတ်လို့ ထွက်ပြေး သွားတာပါလို့ ဖြေသိမ့် ပေးလို့ရသေးတယ်။ ဒါပေမဲ့ ကယ်တင်ပြီးတော့မှ ဒီလိုကြီး လုပ်ချလိုက်တာတော့ တစ်ကယ်ကို....ဟူး..တစ်ကယ်ကွာ အခုခေတ်လူငယ်တွေကတော့”
“ဟေ့ ဟိုနေရာကို ကြည့်လိုက် အစီအရင်ရဲ့ ပထဆုံး အခြေအနေကို လူတစ်ယောက်က လုံးဝကို အောင်မြင်သွားခဲ့တယ်”
ကျင့်ကြံသူ လူအုပ်ထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သော အံ့ဩတကြီး ပြောသံကြောင့် အကုန်လုံး၏ အာရုံစိုက်မှုများသည် အစုလိုက် အပြုံလိုက် ကျရောက်လာခဲ့သည်။ ချီယွမ်၏ ပထမ အခြေအနေကို ဖြေရှင်းသွားသည့် ပုံရိပ်ကို ကြည့်နေရင်း ယင်ချင်းယွမ် မျက်လုံးများ မှေးကျဉ်းလိုက်သည်။
“မဆိုးဘူး အဲဒီကောင်လေးက အစီအရင်ရဲ့ အခြေအနေကို နားလည်တယ်။ ဒါက တော်တော်လေး ပြီးပြည့်စုံတဲ့ ကျော်ဖြတ်မှုလို့ ပြောလို့ရတယ်”
“အဲဒီ ချီတက မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုမှာ မကျရှုံးခဲ့တဲ့ အပြင် ရဲဝင့်စွာနဲ့ ကံကြမ္မာ အလှည့်အပြောင်းကို ဉာဏ်ရှိရှိ ဖြေရှင်းနိုင်ခဲ့တယ် ပြီးတော့ စူးရှတဲ့ အမြင်လည်း ရှိသေးတယ်။ ဝိညာဉ်သွေးကြောရဲ့ စွမ်းဆောင်ရည် နှိမ့်ကျတယ်ဆိုပေမဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တော်တော်လေး ထူးခြားတာပဲ”
ပိုင်ရှီရို့လည်း ထောက်ခံစွာ ခေါင်းငြိမ့် လိုက်လေကာ....
“အမတ တစ်ယောက် ဖြစ်လာဖို့ ကျင့်ကြံရတဲ့ လမ်းစဉ်က အန္တရာယ်တွေ ပြည့်နေပြီး လှည့် ကွက်တွေ ထောင်ချောက်တွေနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်။ သေးငယ်တဲ့ အမှားလေး တစ်ခုကတောင်မှ သေဆုံးမှုကို ဖြစ်ပေါ်စေပြီး နောက်ပြန်လည်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ထူးချွန်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်ရင် အလှတရားမှာ မျောပါမသွားပဲ အချိန်တိုင်းမှာ ချိန်ဆ တွေးတောတတ်ဖို့ လိုလိမ့်မယ်”
“အစီအရင်ရဲ့ ဒီပထမ အခြေအနေကလည်း လူတစ်ယောက်ရဲ့ အဲဒီ လုပ်နိုင်စွမ်းတွေကို စစ်ဆေးချင်လို့ပဲ။ အစကတော့ ပြီးပြည့်စုံစွာ အောင်မြင်တဲ့ သူကိုပဲ ရွေးချယ်ဖို့ ကြံစည်ထားပေမဲ့ အရမ်းကိုအောင်မြင်ဖို့ နည်းပါးနေတဲ့အတွက် စည်းမျဉ်းကို အနည်းငယ်ဖြေလျော့ဖို့ လုပ်ရလိမ့်မယ်။ ဆိုးယုတ်တဲ့ အပြုအမူတွေ မလုပ်တဲ့ သူတိုင်းအောင်မြင်ခွင့် ရလိမ့်မယ်”
နူးညံ့စွာ သက်ပြင်းချလိုက်ရင်း သူမက ဆက်ပြောလိုက်သည်။
“တိမ်ကြွေဂိုဏ်းရဲ့ ဘိုးဘေးဆရာသခင်ကြီး ဆုံးပါးသွားတဲ့အတွက် ကျွန်မတို့ တိမ်ကြွေဂိုဏ်းက တဖြည်းဖြည်း အောင်မြင်မှု လျော့ကျလာခဲ့တယ်။ ခေါ်သမျှ တပည့်တွေထဲမှာလည်း တစ်ကယ် အရည်အချင်းရှိသူက တော်တော် နည်းလာတယ်။ အစီအရင်ရဲ့ အခြေအနေတွေကို ပြီးပြည့်စုံစွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ သူဆိုရင် လွန်ခဲ့တဲ့ ကိုးနှစ်ပြီးကတည်းက မတွေ့ရတော့ဘူး”
“အဲ့ဒါ ဘယ်သူလဲ”
တိမ်ကြွေဂိုဏ်းကို ဝင်ရောက်ထားတာ မကြာသေးသည့် ကျင့်ကြံသူ တပည့်များအားလုံး ချက်ချင်းဆိုသလို စိတ်ဝင်စားလာလေ၏။ ပုံရိပ်ယောင် အစီအစဉ်ကို သူတို့အားလုံး ကျော်ဖြတ်ခဲ့ရပေမဲ့ ပြီးပြည့်စုံစွာ ကျော်ဖြတ်သူကို တစ်ခါမှ မကြားဖူးခဲ့ပါချေ။
ပိုင်ရှီရို့ မဖြေကြားရခင်မှာပဲ ဘေးမှာရှိနေသော ယင်ချင်းယွမ်က မျက်ခုံးတစ်ဖက် ပင့်ပြရင်း တုံးထိကြီး ပြောချလိုက်တော့သည်။
“မင်းတို့ ပြောနေတဲ့သူက မင်းတို့ဘေးက ဂိုဏ်းတူအမ ပိုင်ရှီရို့ပဲ။ အဲ့အချိန်တုန်းက သူမကဆယ်နှစ်ပဲ ရှိသေးတာ”
…….