← Chapters

ဘယ်သူထင်လို့ အရူးလုပ်နေတာလဲ

Vol. 2 Ch. 16

ဘယ်သူထင်လို့ အရူးလုပ်နေတာလဲ

Vol. 2 Ch. 16

"ကြည့်လိုက် အစီအရင်ရဲ့ ပထမဆုံး စမ်းသပ်ချက်ကို နောက်ထပ် လူတစ်ယောက်ကပြီးပြည့်စုံစွာ ကျော်ဖြတ်နိုင်ခဲ့တယ်"

ဆူညံနေသော ဆွေးနွေးသံများကြားတွင် လူတစ်‌ယောက်၏ ရုတ်တရတ်အော်သံသည် ပဲ့တင်ထပ်သွားခဲ့သည်။

"အဲ့တာ လင်ကျန်းပဲ"

"သူလည်းပဲ မသင်္ကာစရာအချက်တွေကို ရှာတွေ့ခဲ့တယ်။"

ထိုအချိန်မှာပင် အလွန့်အလွန် အံ့အားသင့်နေသော အသံတစ်ခု ထပ်မံထွက်ပေါ်လာ၏။

"ပြီးတော့ ဝမ်လုချန်... အဲ့ဒီဝမ်လုချန်လည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်"

ချက်ချင်းဆိုသလို အကုန်လုံး၏ အကြည့်သည် ကြေးမုံမှန်ရှိရာသို့ ကျရောက်လာခဲ့သည်။

ပုံရိပ်အတွင်းတွင် ဝမ်လုချန်၏ ပုံမှန်မောက်မာနေသော ဟန်ပန်များမရှိတော့ဘဲ ထိုသူက မလုံမခြုံဖြစ်နေသော အလှလေးကို စစ်မှန်စွာ ကယ်တင်ခဲ့တဲ့အပြင် စက္ကန့်အနည်းငယ်အတွင်းမှာပဲ ထိုကောင်မလေး၏ မူမမှန်မှုကို ရှာတွေ့ခဲ့သဖြင့် ရိုက်ချက်တစ်ခုထဲနှင့် အဆုံးသတ်ခဲ့သည်။ အချိန်တိုအတွင်းမှာ ပြီးပြည့်စုံလွန်းသည့် လုပ်ဆောင်ချက်ပါပေ။

များစွာသောလူတွေသည် အလွန်အံ့အားသင့်နေသော မျက်နှာထားများဖြင့် ရေကြေးမုံမှန်ရှေ့တွင် ရပ်နေသော ယင်ချင်းယွမ်ကို မသိမသာ လှည့်ကြည့်လိုက်ကြ၏။

ချီတနှင့် လင်ကျန်း လုပ်ဆောင်နိုင်ခြင်းက နားလည်ပေးလို့ရသည်။ ဒါပေမယ့် ဝမ်လုချန်ကတော့...မတူညီဘူး။ သို့ပေမယ့် တပည့်ခေါ်ဆောင်ရေးတွင် တာဝန်ယူထားရသော အကြီးအကဲ ယင်ချင်းယွမ်ကသာ အားလုံးကိုတာဝန်ယူထားရသူ ဖြစ်နေသည့်အတွက် ကိစ္စတွေကအနည်းငယ် စိတ်ဝင်စားဖို့ ကောင်းလာလေ၏။

အစီအရင်၏ အချက်အလက်များကို ဝမ်လုချန်ထံသို့ ယင်ချင်းယွမ်ကသာ ကြိုတင် သတင်းပေးထားခဲ့မယ်ဆိုရင်… ဝမ်လုချန်အတွက် ကျော်ဖြတ်ဖို့က အလွယ်လေး ဖြစ်သွားမည်မလား..

အစီအရင်အတွင်းသို့ ဝင်ရောက်သွားတာနှင့် အတိတ်မှတ်ဉာဏ်များ ဖျက်ခံလိုက်ရပြီး ပြိုင်ပွဲဝင်နေကြမှန်းတောင် မေ့သွားကြမည်ဆိုသော်ငြား အစီအရင်မှာလည်း ဟာကွက်တစ်ချို့တော့ရှိနေပါသေးသည်။

အကယ်လို့ ဝမ်လုချန်ကသာ ထိုဟာကွက်များကို ကြိုတင်သိရှိထားခဲ့ပြီး တစ်လလောက်လေ့ကျင့်ထားမည်ဆိုလျှင် မှတ်ဉာဏ်ဖျက်ဆီးခြင်း အစွမ်းကို အလွယ်လေး ကျော်ဖြတ်နိုင်လိမ့်မည်။

ဒါပေမယ့် ဤနေရာတွင်ရှိနေသော ကျင့်ကြံသူများကလည်း အခြေအနေကို ကောင်းမွန်စွာ နားလည်ကြပါသည်။ သံသယဝင်တာက သံသယဝင်တာပဲ.. သို့ပေမယ့် ခိုင်မာသောသက်သေတစ်ခုမရှိဘဲနှင့် ဘယ်သူကမှရူးမိုက်ပြီး လူသိရှင်ကြားထုတ်ပြောလိမ့်မည် မဟုတ်ချေ။

ထူးဆန်းသော စိုက်ကြည့်မှုများကို ယင်ချင်းယွမ် အလိုအလျောက် သတိပြုမိခဲ့ပြီး မျက်ခုံးနှစ်ဖက်အနည်းငယ် စုကျုံ့လာခဲ့သလို သူ၏မျက်နှာတွင် အမဲရိပ်သန်းလာတော့သည်။

တိမ်ကြွေဂိုဏ်း၏ စည်းမျဉ်းအရဆိုလျှင် အသစ်ဝင်ရောက်လာသော တပည့်များအားလုံးက အပြင်ခန်းမတွင် အစေခံတပည့်အဖြစ်ဆောင်ရွက်ရင်း ခန္ဓာကိုယ်နှင့် အတွင်းစိတ်ကို လိုက်လျောညီထွေဖြစ်စေရန် အချိန်တစ်ချို့ ယူကြရသည်။ သိုပေမယ့် ကောင်းမွန်သော ဒြပ်စင်နှစ်မျိုးရ ဝိဉာဉ်သွေးကြောကို ပိုင်ဆိုင်ထားသည့်အပြင် အတွင်းစိတ်စမ်းသပ်ခြင်း စမ်းသပ်မှုမှာလည်း ထူးချွန်သည့် လုပ်ဆောင်ချက်ကို ပြသနိုင်သည့်အတွက် ဝမ်လုချန်သည် စည်းမျဉ်းများကို လွယ်ကူစွာ ကျော်ဖြတ်နိုင်လိမ့်မည်။ ထို့ကြောင့် အချိန်တစ်နှစ် သက်သာပြီး အစေခံတပည့်အဖြစ် တာဝန်ထမ်းဆောင်ရန် လိုအပ်မည်မဟုတ်ချေ။

ထို့ကြောင့်ပဲ ယင်ချင်းယွမ်သည် တူဖြစ်သူ ဝမ်လုချန်အား စမ်းသပ်ချက်မေးခွန်းများကို ကြိုပေးခဲ့ပြီး အခွင့်အရေးကိုအမိဖမ်းရင်း အတွင်းခန်းမသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သည်။

မထင်ထားစွာဖြင့် ကိစ္စများကစီစဉ်သည့်အတိုင်း မဖြစ်ခဲ့ချေ။ ပြိုင်ပွဲဝင်အတွင်းမှာ ပါဝင်လာသော လူသစ်နှစ်ယောက်သည်လည်း ဝမ်လုချန်နည်းတူ ထူးချွန်သော လုပ်ဆောင်မှုကို ပြသနိုင်ခဲ့သည့်အတွက် ဝမ်လုချန်ရဲ့လုပ်ဆောင်မှုက အနည်းငယ်မှိန်လျော့သွားခဲ့သည်။ တစ်ယောက်တည်းထင်ပေါ်ခြင်းနှင့် သုံးယောက် တစ်ယောက် အခြေအနေသည် မတူညီပါချေ။

ယင်ချင်းယွမ် အတွေးများနေသည်ကို ပိုင်ရှီရို့ အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်ရင်း သူမ၏ မျက်လုံးအတွင်းမှာ မကျေနပ်မှုများ ဝင်ရောက်လာခဲ့သည်။

....

ပုံရိပ်ယောင် အစီအရင်အတွင်းတွင်

လမ်းကြောင်းတစ်လျှောက် လျှောက်လှမ်းနေရင်း ချီယွမ်အလွန်စိတ်သက်သာနေခဲ့သည်။ အချိန်တစ်ချို့ယူပြီး အစီအရင်၏ ပုံစံကို အခြေခံအားဖြင့် အဖြေရှာနိုင်ခဲ့သောကြောင့် အစီအရင်က အစပိုင်းကလိုမျိုး သူ့ကိုမထိန်းချုပ်နိုင်တော့ချေ။

ထိုအချိန်မှာပဲ မြေပြင်ပေါ်၌ အပုံလိုက်ရှိနေသော အဝတ်ပုံကြီးကိုမြင်လိုက်ရသည်။ မြေပြင်ပေါ်တွင်ရှင်းလင်းစွာချထားသော အထည်စနှင့်ပတ်ထားသည့် ထိုအထုပ်ကြီးက မျက်လုံးပါသော ဘယ်သူမဆို အဝေးကနေပင် သတိထားနိုင်သော အနေအထားတွင်ရှိနေသည်။

(နောက်ထပ်စမ်းသပ်မှု တစ်ခုပဲ)

ချီယွမ် ခပ်ဖွဖွပြုံးလိုက်ရင်း ထိုအထုပ်ရှိရာသို့ လျင်မြန်စွာချဉ်းကပ်သွားကာ ကောက်ယူလိုက်သည်။ ဖြည်ကြည့်လိုက်ချိန်တွင် ငါးဆယ် ခြောက်ဆယ်ခန့်ရှိမည်ဖြစ်သော အဆင့်နိမ့်ဝိညာဥ် ကျောက်တုံးများကို တောက်ပစွာ မြင်လိုက်ရသည်။

လောဘက လူတစ်ယောက်၏ နှလုံးသားကို ယိမ်းယိုင်စေလိမ့်မည်ဟူသော ဆိုရိုးစကားအတိုင်းပင် တောက်ပစွာ ဝင်းလက်နေသော ဝိဉာဉ်ကျောက်တုံးအပုံလိုက်ကြီးက အမတလမ်းစဉ်ကို စတင်လျှောက်လှမ်း‌နေသော ကျင့်ကြံသူငယ်လေးများအတွက် တော်တော်လေး ပြင်းထန်သောရိုက်ချက်တစ်ခုပါပေ။

သို့ပေမယ့် နည်းပါးသော စွမ်းအင်ပါဝင်သည့် အဆင့်နိမ့်ဝိညာဥ် ကျောက်တုံးအပုံလိုက်ကြီးကို လမ်းပေါ်မှာမြင်တွေ့ရခြင်းက ချီယွမ်အတွက်တော့ ငုံ့ကြည့်ဖို့တောင် မထိုက်တန်ပါချေ။

ထိုင်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သော ချီယွမ်သည် လစဉ်တိုင်းတွင် အဆင့်မြင့်ဝိညာဥ်ကျောက်တုံး တစ်ထောင် ပေးအပ်ခြင်းခံရသည်။ အဆင့်မြင့်ဝိဉာဉ်ကျောက်တုံးတစ်တုံးသည် အလယ်အလတ်အဆင့်ဝိဉာဉ်ကျောက်တုံး တစ်ရာနှင့် လဲလှယ်လို့ရနိုင်ပြီး အလယ်အလတ်အဆင့် ဝိဉာဉ်ကျောက်တုံးတစ်တုံးသည် အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံးတစ်ရာနှင့် လဲလှယ်လို့ရနိုင်သည်။

"ကြည့်ရတာ ဒီစမ်းသပ်မှုက လောဘကိုစမ်းသပ်ချင်တဲ့ပုံပဲ။ ဒါပေမယ့် ဒီလောက်တန်ဖိုးမရှိတဲ့ အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး ငါးဆယ်လောက်နဲ့ ငါ့ကိုဆွဲဆောင်ဖို့လုပ်နေတာက တော်တော်လေး ကပ်စေးနဲတယ်လို့ပဲပြောရမယ်"

ချီယွမ် ပုံမှန်လို ပြောဆိုလိုက်ပေမယ့် ထိုအထုပ်ကို ကျောတွင်သယ်လိုက်သည်။

အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံးများက သူ့အတွက်တော့ အမှိုက်စတစ်ခုသာ‌ ဆိုသော်ငြား ဇာတ်ပြင်ထားပြီးမှတော့ အလိုက်သင့်လေး က ပေးရမည်မလား…

မကြာမီမှာပဲ တစ်ခေါင်းလုံးဖြူဖွေးနေသော အသက်ကြီးကြီးအဖိုးအိုတစ်ယောက်သည် တုန်ချိစွာဖြင့် လမ်းတစ်ဖက်မှချဉ်းကပ်လာခဲ့သည်။ ထိုသူ၏ ပုံစံက ခြေတစ်လှမ်းလှမ်းရုံနဲ့တင် အုတ်ဂူအတွင်းသို့ ကျရောက်တော့မည့်ဟန်ပဲ။

အနီးကပ်ရောက်လာချိန်မှသာ ထိုသူ၏ ဖြူဖွေးနေသောမျက်လုံးများကို ကြည့်လိုက်မိပြီး ထိုအဖိုးအိုက မျက်စိကွယ်နေမှန်း သိလိုက်ရသည်။

ချီယွမ်၏ ခြေသံကိုကြားလိုက်ရသဖြင့် ထိုအဖိုးအိုကလျင်မြန်စွာ ရပ်တန့်လိုက်ပြီး အလောတကြီးမေးလာလေသည်။

"လူငယ်လေး မင်းအထုပ်တစ်ထုပ်တွေ့မိသေးလား"

ချီယွမ် ခပ်ဖွဖွပြုံးလိုက်လေကာ...

"အကယ်လို့ အဖိုးဘာမှမမြင်ဘူးဆိုရင် ကျွန်တော်က လူငယ်လေးမှန်း အဖိုးဘယ်လိုလုပ်သိတာလဲ"

ထိုအဖိုးအိုက အချိန်တခဏလောက်ကြောင်အသွားပြီးမှ ပြုံးလိုက်လေကာ

"အဖိုးမမြင်နိုင်ပေမယ့် အဖိုးရဲ့ နားတွေကတော့ အကောင်းအတိုင်းရှိပါသေးတယ်။ လူငယ်တစ်ယောက်ရဲ့ခြေသံက ပေါ့ပါးပြီး သန်မာတယ် ဒါကြောင့်မှတ်မိနိုင်ဖို့လွယ်ကူပါတယ်"

ချီယွမ်သည် စကားအပိုမပြောတော့ဘဲ တိုက်ရိုက်ပြောဆိုလိုက်တော့သည်။

"ကျွန်တော် အစောပိုင်းက အထုပ်တစ်ထုပ် ကောက်ရခဲ့တယ်။ ဒါပေမယ့်အဖိုးရဲ့အထုပ်ဆိုတာ အတည်ပြုစေချင်ရင် အထဲမှာပါတဲ့ပစ္စည်းကိုအရင်ပြောပြ"

ထိုအဖိုးအိုကလည်း ချက်ချင်းဖြေကြားလိုက်လေရဲ့..

"အဲ့ဒီအထုပ်ထဲမှာ အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး ငါးဆယ့်ငါးတုံးပါတယ်"

ချီယွမ်ခေါင်းရမ်းလိုက်သည်။

"အို တောင်းပန်ပါတယ် ဒီအထုပ်က အဖိုးရဲ့ပစ္စည်းမဟုတ်ဘူးနဲ့တူတယ်"

ထိုအဖိုးအိုကစိတ်လှုပ်ရှားသွားပြီး...

"လူငယ်လေး မင်းဘာလို့ မရိုးမသားလုပ်ရတာလဲ။ ဒီလောက်လူအရောက်အပေါက်နည်းတဲ့ တောထဲမှာ အထုပ်ပျောက်သွားတဲ့သူက အဖိုးအပြင် ဘယ်သူရှိနိုင်ဦးမှာမလို့လဲ။ ကျေးဇူးပြုပြီး ပြန်ပေးပါကွာ။ ငါမင်းကို ထိုက်ထိုက်တန်တန် ဆုချပါမယ်"

ချီယွမ်၏မျက်နှာထားကတော့ မပြောင်းလဲ‌သေးချေ။

"ကျွန်တော်အစောပိုင်းက ရေပြီးသွားပြီ။ ဒီထဲမှာ အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး ငါးဆယ်ပဲရှိတယ်။ ဒါပေမယ့် အဖိုးက ငါးဆယ့်ငါးတုံးလို့ပြောခဲ့တယ်မလား။ ဘာလဲ အဖိုးက ကျွန်တော့်ဆီကနေ ငါးတုံးလိမ်စား‌ချင်နေတာလား"

ထိုစကားကြောင့်အဖိုးအိုက ရုတ်တရတ် အလင်းပွင့်သွားသလို ဟန်ဆောင်လိုက်ပြီး လျင်မြန်စွာပြောလိုက်လေသည်။

"ဟုတ်တယ် ဟုတ်တယ် ငါးဆယ်လို့ မှတ်လိုက်ပါ့မယ်။ ကျန်တဲ့ငါးတုံးကို မင်းရဲ့ဆုလာဘ်အဖြစ် သတ်မှတ်လိုက်ပါ"

"ဘယ်သူ့ကို လှည့်စားချင်နေတာလဲ"

ချီယွမ်စိတ်တိုစွာ ပြောလိုက်သည်။

"ကျွန်တော် ချီတက တစ်ဘဝလုံး ရိုးရိုးသားသားနေထိုင်လာခဲ့တဲ့သူပဲ။ ကျွန်တော့်လို လူကိုများအဖိုးဆီကနေ ဝိဉာဉ်ကျောက်‌တုံးလေးနည်းနည်းလောက်နဲ့ လိမ်စားမယ့်လူလို့ ထင်နေလား။ ဒီအထုပ်ထဲမှာ ဝိဉာဉ်ကျောက်တုံး ဘယ်နှတုံးပါလဲ အဖိုးဟာအဖိုး စစ်ကြည့်လိုက်"

ချီယွမ်သည် ပြောပြီးတာနဲ့ ထိုအထုပ်ကို အဖိုးအိုကိုယ်တိုင်စစ်ဆေးစေရန် ညွှန်ပြရင်း ပစ်ပေးလိုက်သည်။

ထိုအဖိုးအိုက အချိန်ခဏတော့တွန့်ဆုတ်သွား၏။ ထို့နောက်မှာ တုန်ချိစွာဖြင့် အဝတ်စကိုဖြည်ရင်း ဝိဉာဉ်ကျောက်တုံးများအား စတင်ရေတွက်လေတော့သည်။

မကြာခင်မှာပဲ ဝိဉာဉ်ကျောက်တုံးများ ရေတွက်နေသော ထိုအဖိုးအို၏မျက်နှာထက်မှာ စိတ်လှုပ်ရှားမှုများဝင်ရောက်လာ၏။

"လူငယ်လေးတွေ့လား.. မင်းရေတာမှားတာပါ တစ်ကယ်ပဲဒီထဲမှာ ဝိဉာဉ်ကျောက်တုံး ငါးဆယ့်ငါးတုံးရှိနေတယ်။ ဒါဆိုရင် မင်းငါ့ကိုပေးလို့ရပြီမလား"

ချီယွမ်သည် နှာခေါင်းကို ထိလိုက်ရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ကြည့်ရတာ တစ်ကယ်ပဲ ကျွန်တော်မှားရေမိတယ်နဲ့တူပါတယ်။ ဒါပေမယ့် ဒီအထုပ်က အဖိုးရဲ့ပစ္စည်းမဟုတ်ဘူးဆိုတာ ကျွန်တော်သိပြီးသားပါ။ ဒါကြောင့်အဖိုး လာတဲ့နေရာကိုသာ ပြန်သွားလိုက်တော့"

ပြောပြီးသည်နှင့် ချီယွမ်သည် အထုပ်ကိုပြန်ဆွဲလုလိုက်သည်။

အဖိုးအို၏ မျက်နှာထက်ကပျော်ရွှင်နေသော အမူအရာက ချက်ချင်းဆိုသလို အေးခဲသွားကာ ဒေါသတကြီးအော်ဟစ်လာလေ၏။

"မင်းရဲ့ မျက်လုံးတွေ အကောင်းတိုင်းရှိနေရက်နဲ့ ဘာကြောင့်များလိမ်ညာရတာလဲ။ ဒီအထုပ်ကသေချာပေါက်ငါ့အပိုင်ပဲ"

ချီယွမ်ကလည်း အဖတ်မလုပ်စွာ ပြန်ပြောလာလေ၏။

"လူတစ်ယောက်စီတိုင်းမှာ ထူးခြားတဲ့လက်အရွယ်အစား ရှိတယ်ဆိုတာ အဖိုးသိတယ်မလား။ ဒီအထုပ်အပေါ်မှာ အစပိုင်းတုန်းက ရွှံပေနေတဲ့လတ်လတ်ဆတ်ဆတ် လက်ဖဝါးအရာတစ်ခုရှိတယ်။ ကျွန်တော်နှိုင်းယှဉ်ကြည့်လိုက်တော့ အဖိုးရဲ့လက်အရွယ်အစားက အထုပ်အပေါ်ကအရွယ်အစားထက် တော်တော်လေးသေးနေတယ်။ ဒါကမဖြစ်သင့်ဘူး”

"ကျွန်တော်က အတည်ပြုနိုင်အောင် ဖုန်တွေဖြူးထားခဲ့တယ်။ အဖိုးဝိဉာဉ်ကျောက်တုံးတွေ ရေတဲ့အချိန်မှာ အဖိုးရဲ့လက်ရာကလည်း အဲ့ဒီအပေါ်မှာ ထင်သွားပြီး ကျွန်တော်နှိုင်းယှဉ်ကြည့်လိုက်တော့ လုံးဝကိုမတူညီနေဘူး။ အဲ့ဒီမတူညီတဲ့အချက်ကြောင့်ပဲ ဒီပစ္စည်းက အဖိုးရဲ့ပစ္စည်းမဖြစ်နိုင်ဘူး။"

ပြောပြီးသည်နှင့် ချီယွမ်သည် ထိုအဖိုးအိုကို လျစ်လျူရှုလိုက်ရင်း အထုပ်အပိုးကို ကျောမှာပြန်လွယ်ကာ ပိုင်ရှင်အစစ်ကို ရှာဖွေဖို့ ထွက်သွားခဲ့သည်။

မကြာခင်မှာပဲ လမ်းထောင့်တွင် ထိုင်နေသော အထုပ်ပိုင်ရှင်ဖြစ်ဟန်ရှိသောသူကို မြင်လိုက်ရ၏။

"ဒါဆိုရင် အဲ့လိုဖြစ်သွားတာပေါ့..။ အထုပ်ပေါ်မှာ ငါမတော်မဆချထားမိခဲ့တဲ့ လက်ရာက အကျင့်မကောင်းတဲ့ လူရဲ့ရည်ရွယ်ချက်ကို အခုလိုမျိုးဖော်ထုတ်နိုင်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ အဲ့ဒီအဖိုးအိုက အသက်ကြီးပေမယ့် တော်တော်လေး မယုံကြည်ရတာပဲနော်။"

အိမ်တော်ထိန်းဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ချီယွမ်ကို ကျေးဇူးတင်စွာကြည့်လာခဲ့သည်။

"အဲ့ဒီအဖိုးအိုနဲ့ ငါနဲ့ အစောပိုင်းက တွေ့ခဲ့တယ်။ သူကငါဘာပျောက်သွားလဲလို့တောင် မေးနေသေးတယ်။ အဲ့တာနဲ့ ငါလည်းပဲ မသိဘဲပြောလိုက်မိတာပေါ့။ ဝိဉာဉ်ကျောက်တုံး ငါးဆယ့်ငါးတုံး ပါတဲ့ အထုပ်တစ်ထုပ် ပျောက်သွားတာပါ…၊ အဖိုးကူရှာပေးပါလို့ ငါကပြောခဲ့တာ။ ဒါပေမယ့် အဲ့ဒီအဖိုးက ပိုင်ရှင်လိုဟန်ဆောင်ပြီး လိမ်မယ်လို့ လုံးဝမထင်ထားဘူး။ ကံကောင်းလို့ မင်းနဲ့တွေ့ပြီး သိမ်းထားပေးလို့သာပေါ့။ မဟုတ်ဘူးဆိုရင် ငါအိမ်ပြန်ရောက်ရင် ဘယ်လိုရှင်းပြရမလဲမသိတော့ဘူး။"

"တစ်ကယ်တော့ ငါ့ရဲ့သခင်လေးက ဒီနားကကျင့်ကြံရေး ဂိုဏ်းတစ်ခုမှာ ကျင့်ကြံနေတာလေ။ သူက အဆင့်တက်ဖို့အတွက် လိုအပ်နေတယ်။ ဒီများပြားတဲ့ ဝိဉာဉ်ကျောက်တုံးတွေကလည်း အဆင့်တက်နိုင်ဖို့ သခင်လေးကြိုးစားပမ်းစား စုထားတဲ့ပစ္စည်းတွေပဲ။"

ရှင်းပြချက်အပြီးတွင် ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည် ထွက်ခွာသွားခဲ့သည်။ အကူအညီလိုအပ်လျှင် တောင်းခံဖို့ရန်အတွက်ပါ ချီယွမ်ကိုမှာကြားသွား၏။

……..

All Chapters