ဒီနှစ်ပေါင်းများစွာကို ငါဘယ်လိုတောင့်ခံ ခဲ့ရလဲ မင်းသိလား
Vol. 2 Ch. 20
"ဂိုဏ်းတူမောင်လေးချီ၊ အနည်းဆုံးတော့ နင်က အစီအရင်ဝိညာဉ်ကို အပြင်ထွက်လာအောင် လုပ်နိုင်သေးတယ်၊ တိမ်ကြွေဂိုဏ်းရဲ့ တခြားဘယ်သူကမှ လုပ်နိုင်တာမဟုတ်ဘူး"
ချီယွမ်ကိုကြည့်နေသော ပိုင်ရှီရို့၏လှပသော မျက်လုံးများအတွင်းတွင် တက်ကြွမှုများ ဝင်ရောက်နေခဲ့သည်။
ချီယွမ် ချက်ချင်းပဲ သဘောပေါက်လိုက်၏။
[ဟုတ်ပြီလေ၊ မကောင်းတဲ့ အာရုံစိုက်မှုဆိုရင်တောင်မှ အာရုံစိုက်မှုတစ်ခုတော့ ဖြစ်နေတာပဲမလား]
လုံးဝကို လျစ်လျူရှုခံထားရတာထက်စာလျှင် အစီအရင်ဝိညာဉ်နှင့် အမုန်းတရားတချို့ရှိနေခြင်းက ထွက်ပေါ်လာအောင်လုပ်ဖို့ ပိုမိုလွယ်ကူနိုင်သည်။ ထို့ကြောင့်ပင် ပိုင်ရှီရို့ထံမှ အခုလိုမျိုး ထူးဆန်းတဲ့တောင်းဆိုမှုကို ပြုလုပ်လာတာဖြစ်လောက်မည်။
ချီယွမ် အနေခက်စွာဖြင့် နှာခေါင်းကိုပွတ်သပ်လိုက်သည်။
"အင်း... ဂိုဏ်းတူအစ်မ၊ ဒါကတော့ဗျာ ပြောရမယ်ဆိုရင် အဲဒီအစီအရင်စိတ်ဝိညာဉ်က ကျွန်တော့်ကို ဘယ်လောက်တောင် မကျေမနပ်ဖြစ်နေလဲ ဂိုဏ်းတူအစ်မလည်း တွေ့တာပဲမလား၊ အဲဒီလူက အရမ်းအင်အားကြီးတယ်၊ အကယ်လို့ သူတိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော်က အခွင့်အရေးရှိမှာမဟုတ်ဘူး"
" ဒါကိုစိတ်မပူပါနဲ့ ဂိုဏ်းတူမောင်လေးချီ"
ချီယွမ်၏စိုးရိမ်မှုများကို ပြေလျော့စေရန် ပိုင်ရှီရို့ လျင်မြန်စွာရှင်းပြလာခဲ့သည်။
"အခုဆိုရင် မောင်လေးက တိမ်ကြွေဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီ၊ အစီအရင်ရဲ့စည်းကမ်းတွေအရ အစီအရင်ကိုထိခိုက်စေဖို့ ဘာမှမလုပ်ဘူးဆိုရင် အစီအရင်စိတ်ဝိညာဉ်ဘက်က မောင်လေးကိုအရင်စပြီး တိုက်ခိုက်လို့မရဘူး၊ မဟုတ်ရင် သူက တန်ပြန်နာကျင်မှုကို ခံစားရလိမ့်မယ်"
ငြင်းဆိုစရာ ဟာကွက်မရှိတော့သည့်အတွက် ချီယွမ်နောက်ဆုံးတော့...
"ဒီလိုဆိုမှတော့ ကျွန်တော်ကြိုးစားကြည့်မယ်လေ၊ ဒါပေမဲ့ အလုပ်ဖြစ်မလာရင်တော့ ကျွန်တော်မတတ်နိုင်ဘူးနော်"
အန္တရာယ်မရှိသည့်အတွက် ပိုင်ရှီရို့၏တောင်းဆိုချက်ကို လက်ခံရင်း အစီအရင်စိတ်ဝိညာဉ်နှင့် ထပ်မံတွေ့ဆုံဖို့ ချီယွမ်သဘောတူလိုက်သည်။ အနည်းဆုံးတော့ အစေခံတပည့်အဖြစ်နှင့် ရေဆွဲဖို့ သို့မဟုတ် ထင်းခုတ်ဖို့ ခေါ်ဆောင်ခံရတာထက် ပိုမိုသက်သာလိမ့်မည်လေ။
ထို့အပြင် တိမ်ကြွေဂိုဏ်း၏ ဤလှပသော ဂိုဏ်းတူအစ်မနှင့် ရင်းနှီးသောဆက်ဆံရေးကို တည်ထောင်နိုင်ပါက လာမည့်အနာဂတ်သည် အဆင်ပြေချောမွေ့နိုင်မည်မလား။
ချီယွမ်၏သဘောတူမှုကြောင့် ပိုင်ရှီရို့ အခုမှသာ စိတ်သက်သာရာရသွားဟန်ရှိသည်။ သူမ၏နှုတ်ခမ်းထောင့်တွင် ကျက်သရေရှိသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
"အကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်တောင်မှ ရပါတယ်၊ ဂိုဏ်းတူမောင်လေးချီ ကူညီပေးတာကိုပဲ ဝမ်းသာနေပါပြီ"
တိမ်ကြွေသစ်တောသည် စိတ်ဝိညာဉ်စွမ်းအင်ပေါများပြီး ကျက်သရေရှိကာ သန့်စင်သောမြေအနေအထားရှိသည်။ ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ခမ်းနားမှုကိုမယှဉ်နိုင်သော်ငြား တိမ်ကြွေသစ်တောအတွင်းမှာလည်း သူနည်းသူဟန်ဖြင့် ထူးခြားသောဆွဲဆောင်မှုရှိသည်။ လူတစ်ယောက်ကို နတ်ဘုံရောက်နေသကဲ့သို့ ခံစားရစေသည်။
ပိုင်ရှီရို့ အနောက်သို့လိုက်လာရင်း မကြာခင်မှာပဲ တောနက်အတွင်းရှိ အလွန်မြင့်မားသော သံမျှော်စင်ကြီးရှိရာသို့ ချီယွမ် ရောက်လာခဲ့သည်။ ထိုသံမျှော်စင်သည် မီတာပေါင်းများစွာမြင့်မားပြီး အလွန်ထူးချွန်သည့် ပန်းပဲဆရာတစ်ယောက်၏ လက်ရာဖြစ်နိုင်သည်။ သံမျှော်စင်၏မျက်နှာပြင်တွင် စွမ်းအင်ပုံစံခွက်များ ရေးထိုးထားပြီး ပတ်ပတ်လည်ကို ဝန်းရံထားသော မြူများကြားရှိ အစီအရင်စွမ်းအင်သည် မိုးမြေနှင့်ချိတ်ဆက်နေကာ အဆက်မပြတ်စီးဆင်းမှုကို ခံစားရစေသည်။
"ဂိုဏ်းတူအစ်မ"
ပိုင်ရှီရို့ကိုမြင်သည်နှင့် စောင့်ကြပ်နေသောတပည့်များက ချက်ချင်းပဲ အရှေ့တိုးလာကာ ရိုသေစွာနှုတ်ဆက်လာကြသည်။
ထိုတပည့်များကို နွေးထွေးစွာခေါင်းညိတ်ပြရင်း ပိုင်ရှီရို့သည် ချီယွမ်ကို ဦးဆောင်ခေါ်လိုက်၏။
"ဂိုဏ်းတူမောင်လေးချီ၊ ဒါက အစီအရင်ရဲ့ ပင်မဗဟိုချက်ပဲ"
ချီယွမ် ခေါင်းညိတ်ပြပြီးသည်နှင့် ချက်ချင်းဆိုသလို အပေါ်မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။
"အစီအရင်ဝိညာဉ်သခင်ကြီး၊ ကျွန်တော်က မနေ့တုန်းက စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ တိမ်ကြွေဂိုဏ်းရဲ့တပည့်အသစ် ချီတပဲ၊ ဒီနေရာကိုလာပြီးတော့ သခင်ကြီးကိုဂါရဝပြုတာပါ၊ ဒါကြောင့် ထွက်လာပေးလို့ရမလား"
ချီယွမ်၏အသံသည် ကျယ်လောင်ပြီးရှင်းလင်းပါသည်။ သို့ပေမဲ့ ဘာတုံ့ပြန်မှုမှမရချေ။ ထို့ကြောင့် ချီယွမ် ထပ်မံအော်ဟစ်လိုက်သည်။
"အစီအရင်စိတ်ဝိညာဉ်သခင်ကြီး၊ ကျွန်တော်ပြောတာကြားသလားဗျ"
ဘယ်လိုတုံ့ပြန်မှုမှ မထွက်ပေါ်သေးချေ။
နောက်ထပ်အကြိမ်ရေတစ်ချို့အထိ ချီယွမ် အော်ဟစ်ခဲ့သော်ငြား ထိုနေရာသည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေခဲ့ပြီး မပြောင်းမလဲရှိနေသည်။ ပိုင်ရှီရို့ နူးညံ့စွာသက်ပြင်းချလိုက်ပြီး သူမ၏စိတ်လှုပ်ရှားမှုတို့လည်း မှိန်ဖျော့လာခဲ့သည်။
"ထားလိုက်ပါတော့ ဂိုဏ်းတူမောင်လေးချီ၊ ကြည့်ရတာ စိတ်ဝိညာဉ်သခင်ကြီးက မထွက်လာချင်ဘူးနဲ့တူတယ်၊ ဘယ်လိုပဲဆိုဆို ဒီနေရာအထိလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ချီယွမ်၏မျက်နှာထက်မှာလည်း စိတ်ပျက်သောမျက်နှာထားမျိုး ဝင်ရောက်လာကာ ခပ်တိုးတိုးရယ်မောလိုက်သည်။
"ဟုတ်ပါပြီ၊ ကျွန်တော်က အစတုန်းက အဲဒီဝိညာဉ်ကျောက်တုံး တစ်ရာကို ပြန်ပေးမလို့ပဲ၊ ဒါပေမယ့် ပိုင်ရှင်က မယူချင်ဘူးဆိုမှတော့ ပြန်သွားကြတာပေါ့"
ချီယွမ်၏စကားဆုံးသည်နှင့် အစီအရင်သံမျှော်စင်ထိပ်ဆုံးတွင် ငယ်ရွယ်သော ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ စိုရဲနေသောနှုတ်ခမ်းများ၊ ဖြူဖွေးသောသွားများနှင့် ခပ်ချောချောထိုလူငယ်သည် စကြာဝဠာပုံရိပ်ယောင်အစီအရင်၏ အစီအရင်စိတ်ဝိညာဉ်ပင်။
ထိုလူငယ်က ချီယွမ်နှင့် ပိုင်ရှောင်ရို့ကို မျက်ခုံးတစ်ဖက်ပင့်ရင်းကြည့်လာကာ မဖော်မရွေပြောလိုက်သည်။
"ဝိညာဉ်ကျောက်တုံးတွေ ဘယ်မှာလဲ။ မြန်မြန်ပေး"
[ဝိညာဉ်ကျောက်တုံးဟုတ်လား]
ပိုင်ရှီရို့ အနည်းငယ်အံ့သြသွားခဲ့ပြီးမှ လျင်မြန်စွာဖြင့် သူမ၏ သိုလှောင်အိတ်အတွင်းသို့နှိုက်ယူရင်း ဝိညာဉ်ကျောက်တုံးတစ်ရာကို ရိုသေစွာကမ်းပေးလိုက်သည်။
"အစီအရင်စိတ်ဝိညာဉ်သခင်ကြီး ကျွန်မ..."
သူမ၏စကားလုံးများကို ထိုလူငယ်၏ အေးစက်သောအော်ဟစ်သံက ဖြတ်တောက်လိုက်လေရဲ့။
"မိန်းကလေး ဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ။ မင်း ငါ့ကိုဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်မထားဘူး၊ ငါက သူတောင်းစားတစ်ယောက်မဟုတ်ဘူး၊ မင်းရဲ့ဝိညာဉ်ကျောက်တုံးတွေကို အလကားယူစရာလား။ ငါ့ရဲ့ဂုဏ်သိက္ခာကို မစဉ်းစားဘူးလား”
ပိုင်ရှီရို့၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ တောင်းပန်ဖို့ရန် လျင်မြန်စွာ ခေါင်းငုံ့အရိုအသေပေးလိုက်သည်။
"ကျွန်မ အမြင်ကျဉ်းသွားတာပါ၊ သခင်ကြီး စိတ်မဆိုးဖို့မျှော်လင့်ပါတယ်"
အစီအရင်စိတ်ဝိညာဉ်ကတော့ သူမကိုလှည့်တောင်မကြည့်ပါချေ။ ထိုအစား ထိုသူက ချီယွမ်အပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထား၏။
"ကောင်စုတ်လေး၊ မင်း ဝိညာဉ်ကျောက်တုံးတွေ အမြန်ထုတ်ပေးလိုက်တာကောင်းမယ်နော်"
ချီယွမ် ခပ်ဖွဖွပြုံးလိုက်ရင်း ပိုင်ရှီရို့ကို စိတ်သက်သာစွာလှမ်းကြည့်လိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေမပေးခင်မှာ ကျွန်တော်မေးချင်တာတစ်ခုရှိတယ်၊ သခင်ကြီးကို ဖြေကိုဖြေပေးရမယ်"
"ဟမ်”
အစီအရင်ဝိညာဉ်က ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားပြီး...
"ဘာမေးခွန်းလဲ။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ပြောမှာဖြင့်ပြောလိုက်"
ထိုစကားကြောင့် ပိုင်ရှီရို့၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားကာ နှလုံးသားကလည်းတစ်ချက် ဆောင့်ခုန်သွားခဲ့သည်။ သူမက ချီယွမ်ကို မယုံမကြည်နိုင်ဖြင့် လှည့်ကြည့်လာလေ၏။
တိမ်ကြွေဂိုဏ်း၏ နှစ်ပေါင်းများစွာဒုက္ခရောက်နေခဲ့သော အခက်အခဲကို ထိုလူငယ်လေးက ဝေ့လည်ကြောင်ပတ်ဖြင့် ဖြေရှင်းလိုက်နိုင်မည်ဟု သူမလုံးဝမမျှော်လင့်မိခဲ့ပေ။
အစီအရင်ဝိညာဉ်၏ ကြမ်းတမ်းသောစကားလုံးများကို ချီယွမ် စိတ်မဆိုးပါချေ။ ထိုအစား ရယ်မောလိုက်ပြီး အလွန်သက်သာစွာဖြင့်မေးလာခဲ့သည်။
"သခင်ကြီးက ဂိုဏ်းရဲ့ ပင်မစိတ်ဝိညာဉ်တစ်ယောက်ဖြစ်ပြီးတော့ အငယ်တွေကို လစ်လျူရှုခဲ့တယ်၊ သခင်ကြီးဘက်က အခုလောက်အထိ အထင်သေးစွာဆက်ဆံနေရအောင် သူတို့ဘာအမှားလုပ်ခဲ့လို့လဲ"
"ဟားဟား... ငါက လစ်လျူရှုတယ်ဟုတ်လား"
အစီအရင်စိတ်ဝိညာဉ်က အရှိုက်ထိသွားသည့်နှယ် ရုတ်တရက်ရယ်မောလိုက်ပြီး စိတ်ဆိုးစွာတုံ့ပြန်လာခဲ့သည်။
"ပိုင်ယန်ကျီရဲ့ နောက်မျိုးဆက်တွေက ဘာကောင်းတာတွေလုပ်ခဲ့လို့ ငါ့ကို အခုလိုမျိုးမေးခွန်းထုတ်နေရတာလဲ”
[ဘာ]
ပိုင်ရှီရို့ လွန်စွာအံ့သြသွားခဲ့ပြီး အသိဝင်လာသည်နှင့် မြေကြီးပေါ်တွင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်တော့သည်။
"အစီအရင်စိတ်ဝိညာဉ်သခင်ကြီး၊ ပိုင်ယန်ကျီက ကျွန်မရဲ့ကွယ်လွန်သွားတဲ့ဘိုးဘေးပါ၊ ဂိုဏ်းထဲမှာရှိတဲ့ မှတ်တမ်းရေးရာတွေအားလုံးကို ကျွန်မဖတ်ပြီးသွားပြီ၊ ဘိုးဘေးကြီးကွယ်လွန်သွားပြီး နှစ်တစ်ထောင်ကြာပေမဲ့ မျိုးဆက်အဆက်ဆက်က သခင်ကြီးကို တောက်လျှောက်လေးစားခဲ့ပြီး ကောင်းမွန်စွာဆက်ဆံခဲ့ပါတယ်၊ သခင်ကြီးကို အပြစ်လုပ်ခဲ့တာမျိုးမရှိပါဘူး"
"ကောင်းကင်ဘုံကို ဒီနေရာမှာပဲကျိန်ဆိုပြီး ကျွန်မသက်သေပြလို့ရတယ်၊ အကယ်လို့ ကျွန်မရဲ့စကားလုံးတွေထဲမှာ လိမ်ညာနေတာပါရင် ဒီနေရာမှာပဲ နတ်အတိကပ်ဘေးဒုက္ခကိုခံစားရပါစေ၊ ဒီလောက်ဆိုရင် သခင်ကြီးကျေနပ်ပါပြီလား"
သူမ၏ရိုးသားမှုကြောင့် အစီအရင်စိတ်ဝိညာဉ်က အနည်းငယ်အံ့သြသွားခဲ့ပြီး လေသံကလည်း အနည်းငယ်တည်ငြိမ်သွားခဲ့သည်။
"ဒါဆိုရင် မိန်းကလေး၊တိမ်ကြွေဂိုဏ်းရဲ့ လက်ရှိဂိုဏ်းခေါင်းဆောင်က ဘယ်သူလဲ"
ပိုင်ရှီရို့ ချက်ချင်းဖြေကြားလိုက်သည်။
"လွန်ခဲ့တဲ့နှစ်တစ်ရာကတည်းက ကျွန်မရဲ့အဖေ ပိုင်ချင်းဝူက ဂိုဏ်းခေါင်းဆောင်တာဝန်ကို ယူခဲ့တယ်"
အစီအရင်စိတ်ဝိညာဉ်က ခေါင်းညိတ်ပြပြီး ပုံမှန်လို မေးခွန်းထုတ်လိုက်သည်။
"သူ့ရဲ့လက်ရှိကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်လဲ"
ပိုင်ရှီရို့ ခဏတာတွန့်ဆုတ်သွားသော်ငြား ရိုးသားစွာဖြေကြားလိုက်ပါသည်။
"ကျွန်မအဖေရဲ့ ကျင့်ကြံမှုက ဝိညာဉ်အခြေတည်နယ်ပယ် နှောင်းပိုင်းအဆင့်မှာပါ"
"ဟ..အရမ်းနိမ့်နေတယ်"
အစီအရင်စိတ်ဝိညာဉ်က အံ့သြသွားဟန်ပင်။
"ဒါဆိုရင် လက်ရှိဂိုဏ်းအတွင်းမှာ ကျင့်ကြံဆင့်အမြင့်ဆုံးသူက ဘယ်သူလဲ"
"သခင်ကြီးကို ဖြေကြားရမယ်ဆိုရင် ဂိုဏ်းအတွင်းမှာ ကျင့်ကြံဆင့်အမြင့်ဆုံးသူကလည်း ကျွန်မအဖေပါပဲ"
ပိုင်ရှီရို့၏မျက်နှာထားက အနည်းငယ်အရှက်ရလာတော့သည်။
"နောက်မျိုးဆက်တွေက အရည်အချင်းမပြည့်မီတဲ့အတွက် ဘိုးဘေးတွေရဲ့မျှော်လင့်ချက်အတိုင်း မဆောင်ရွက်နိုင်ခဲ့ကြဘူး၊ တိမ်ကြွေဂိုဏ်းအတွင်းမှာ နတ်အသွင်ပြောင်းအဆင့်ကျင့်ကြံသူကို မတွေ့ရတာ တော်တော်လေးတောင်ကြာနေခဲ့ပြီ"
"အရင်တုန်းကဆိုရင် ပိုင်ယန်ကျီက နယ်မြေတစ်ခုလုံးမှာကျော်ကြားတဲ့ ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ၊ ဒါပေမဲ့ သူ့ရဲ့မျိုးဆက်တွေက ဒီလောက်အထိ အရည်အချင်းနိမ့်ပါးသွားမယ်လို့ ငါမထင်ထားဘူး"
စိတ်ဝိညာဉ်သခင်ကြီးက ခေါင်းယမ်းလိုက်ရင်း စိတ်ပျက်မှုများပြည့်နှက်လာခဲ့သည်။ ထို့နောက်မှာ ခံစားချက်များကို မဖိနှိပ်နိုင်စွာဖြင့် ထိုသူ၏မျက်လုံးနှစ်ဖက်က အနည်းငယ်နီရဲလာတော့၏။
" ဒီနှစ်ပေါင်းများစွာမှာ ငါဘယ်လိုတောင့်ခံခဲ့ရလဲ မင်းသိလား"
ထိုလေသံအတွင်းတွင် စိတ်ပျက်အားငယ်မှုနှင့် အမုန်းတရားများ ပြည့်နှက်နေလေရဲ့။