ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူက တကယ်ကြီး ကိုယ်လုပ်တော်ဖြစ်လာတယ်၊ သူမက အရှက်ကိုမရှိပါ့လား(၁)။
Vol. 17 Ch. 211
"ညီမလန်ကရော ဒါကို သဘောတူတယ်တဲ့လား…"
လင်းယာကျူ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမအတွက် ဤကိစ္စသည် လုံးဝ ရယ်စရာကောင်းလွန်းနေသည်။ ရှန်ပိချန်သည် အခြား ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူတစ်ဦး၏ ချစ်သူကို လုယူရန် မည်မျှမျက်နှာပြောင်တိုက်နိုင်သနည်း ဟု တွေးမိသည်။ ၎င်းသည် လုံးဝ အရှက်မဲ့ခြင်းပင်။
လေးစားခံရသော တန်တိန်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ အသက်နှစ်ရာကျော် ရှိပြီဖြစ်သော ရွှေအမြုတေ ဆရာသခင်တစ်ဦးအနေဖြင့် သူမသည် ဤကဲ့သို့သော ယုတ်ညံ့သည့်အပြုအမူကို မည်သို့ ပြုမူနိုင်သနည်း။
သူမကိုယ်တိုင်မှာမူ ထိုကဲ့သို့ ပြုလုပ်ရန် သတ္တိရှိမည် မဟုတ်ပေ။ သူမသည် ကိုယ်ပိုင် ကိုယ်ကျင့်တရား၊ စည်းမျဉ်းများနှင့် ထုံးတမ်းစဉ်လာများ၏ ချည်နှောင်ခြင်းကို ခံထားရသူ ဖြစ်သည်။
"ခစ်ခစ်... ငါက ညီမလန်ရဲ့ လက်တွဲဖော်ကို လုယူတာ မဟုတ်ပါဘူး…"
"ငါက ဒီမိသားစုကြီးထဲကို ဝင်ချင်ရုံ သက်သက်ပါ.."
"ပြီးတော့... ‘ယောက်ျားကောင်း မောင်းမတစ်ထောင်’ဆိုတာက သိပ်ကို ပုံမှန်ပဲ မဟုတ်လား…"
"ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က တခြားယောက်ျားတစ်ယောက်ရဲ့ ကိုယ်လုပ်တော် မဖြစ်ရဘူးလို့ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းမှ မရှိတာကို…"
ရှန်ပိချန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"နင်..."
"အရှက်မရှိလိုက်တာ.."
လင်းယာကျူ ပြောစရာစကားလုံးများ ပျောက်ဆုံးသွားသည်။ ဤအမျိုးသမီးသည် အရှက်မဲ့ခြင်း၏ ပြယုဂ်ပင် ဖြစ်ချေသည်။ ရွှေအမြုတေကျင့်ကြံသူ ဖြစ်ပါလျက်နှင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ်လုပ်တော် ဖြစ်ရန် အရှက်မရှိ ရွေးချယ်ခဲ့သည်။
မည်မျှပင် အရှက်ကင်းမဲ့ကာ မိမိကိုယ်ကို တန်ဖိုးမဲ့စေသနည်း။ သူမသည် အသက်နှစ်ရာကျော်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော အရှက်ကင်းမဲ့သော မိန်းမမျိုးကို လင်းယာကျူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ၎င်းသည် ရွှေအမြုတေကျင့်ကြံသူများအား လုံးလုံးလျားလျား အရှက်ကွဲစေခြင်းပင်။
သို့သော်ငြား၊ သူမကိုယ်တိုင်က ထိုကဲ့သို့လုပ်ဆောင်ရန် သတ္တိမရှိသောကြောင့် ကူကယ်ရာမဲ့ကာ မချင့်မရဲ ဖြစ်မိတော့သည်။
"ရပါတယ် အစ်မလင်း… ဒါက ဘာမှ ကိစ္စမရှိပါဘူး.."
"အစ်မရှန်က ငါတို့ချစ်ခင်ပွန်းရဲ့ ချစ်သူ ဖြစ်ဖို့ဆန္ဒရှိမှတော့.. ဒါက ငါတို့ ယောက်ျားအတွက် သဘာဝအတိုင်း ဂုဏ်ယူစရာပါပဲ…"
"ငါ့မှာ ငြင်းပယ်စရာ အကြောင်းပြချက် မရှိပါဘူး.. ဒီနည်းနဲ့ ငါတို့အားလုံး မိသားစု ဖြစ်လာကြမယ်လေ.. ပိုပြီးလည်း ရင်းနှီးလာမယ်.. ပြောရရင် ပျော်ရွှင်ခြင်းနှစ်ဆပဲပေါ့…”
လန်ယွဲ့ရှီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဤကိစ္စတွင် မည်သည့် အမှားအယွင်းမျှ မရှိဟု သူမ ယူဆသည်။
နောက်ဆုံးတွင်၊ သူတို့သည် ညီအစ်မများကဲ့သို့ ရင်းနှီးချစ်ခင်စွာ အင်မော်တယ်ရှားဂိုဏ်းတွင် ၂နှစ်၊ ၃နှစ်ခန့် အတူနေထိုင်ခဲ့ကြသည် မဟုတ်ပါလော။
"ကောင်းပြီလေ... ဒါက နင်တို့ကိစ္စပဲ.. ငါ ဝင်မပါတော့ဘူး.."
ဤစကားများကြောင့် လင်းယာကျူ ဆွံ့အသွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ အဆုံးသတ်တွင် ယင်းသည် သူတို့၏မိသားစုအရေးသာ ဖြစ်ပြီး၊ သူမလို အပြင်လူတစ်ဦးက မည်သို့ ဝင်ရောက်စွက်ဖက်နိုင်မည်နည်း။
သူမသည် ကျိုးစွေ့ကိုသာ ဒေါသတကြီး စိုက်ကြည့်နေမိတော့သည်။
‘ဒီယောက်ျားက တကယ့် အနှောင့်အယှက်.. ကပ်ဘေးကောင်ပဲ.. လိပ်ပြာတွေ အများကြီးကို ဆွဲဆောင်နေတော့တာပဲ.. ယောက်ျားတစ်ယောက် ချောမောနေတာက တကယ့်ကို ဒုက္ခပဲ…’
"ရန်သူတွေ လာနေပြီ…"
ဤအခိုက်အတန့်တွင် ကျိုးစွေ့က ရုတ်တရက် ပြောလိုက်သည်။ ဂိုဏ်းအပြင်ဘက်တွင် ရွှေအမြုတေ ဆရာသခင် (၈)ဦး၊ အခြေတည်အဆင့်ကျင့်ကြံသူ ရာပေါင်းများစွာနှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာကို အာရုံခံမိလိုက်သည်။
သူတို့သည် ကြီးမားသော စစ်တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားပြီး အင်မော်တယ်ရှားဂိုဏ်းအပြင်ဘက်သို့ ခမ်းနားကြီးကျယ်စွာ ချီတက်လာခဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့၏တည်ရှိမှုကို ဖုံးကွယ်ရန်ပင် မကြိုးစားကြဘဲ၊ ပြိုင်ဘက်ကင်း သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လျက် အင်မော်တယ်ရှားဂိုဏ်း၏ တောင်တံခါးကို တိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။
"ဘာ..."
ဤစကားကို ကြားလိုက်သည်နှင့်တပြိုင်နက် လင်းယာကျူ၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့ ရွှေအမြုတေ ဆရာသခင်သုံးဦးသည် ပြင်ပမှ အရှိန်အဝါများကို ချက်ချင်း အာရုံခံမိလိုက်ကြပြီး၊ သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
ထိုရွှေအမြုတေ ဆရာသခင်အားလုံးသည် ရင်းနှီးသောမျက်နှာများပင် ဖြစ်ချေသည်။ ဦးဆောင်လာသူမှာ တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် လော့ဟွာမှလွဲ၍ အခြားသူ မဟုတ်ပေ။ ထို့အပြင် မေပယ်ဝါတောင်ကြားမှ ရွှေအမြုတေ ဆရာသခင်နှစ်ဦး၊ အိုးရန်မိသားစုမှ ရွှေအမြုတေ ဆရာသခင်နှင့် ရှေးဟောင်းမိသားစုများမှ အခြားသူ အများအပြား ပါဝင်သည်။ စုစုပေါင်း သူတို့သည် ရွှေအမြုတေ ရှစ်ဦးအထိ ရှိနေသည်။
ထိုအင်အားသည် ယခင်က ဂိုဏ်းစစ်ပွဲနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ နောက်ဆုံးတိုက်ပွဲအပြီး တစ္ဆေမိစ္ဆာဂိုဏ်းသည် သင်ခန်းစာမယူခဲ့သည့်အပြင် လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာလိမ့်မည်ဟု သူမတို့ မမျှော်လင့်ထားခဲ့ချေ။ ရန်သူသည် ကြီးမားသော စစ်တပ်ဖြင့်ပင် ချီတက်ကာ ထပ်မံတိုက်ခိုက်လာချေသည်။
"လော့ဟွာ.. ရှင်က ငါ့ အင်မော်တယ်ရှားဂိုဏ်းကို တကယ် လာဝံ့တယ်လား…"
လန်ယွဲ့ရှီသည် လေထဲသို့ ပျံတက်သွားပြီး လော့ဟွာနှင့် သူ့လူများကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။ သူမ၏ ကြောက်မက်ဖွယ် ရွှေအမြုတေ ဥပဒေသနယ်ပယ်က ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် ထိုကျင့်ကြံသူများကို တိုက်ခိုက်လိုက်သည်။
"ဟွန့်... မင်းလို ကောင်မလေးတစ်ယောက်က ငါ့ရှေ့မှာ ထောင်လွှားရဲတယ်ပေါ့…"
တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် လော့ဟွာက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း နက်မှောင်သော အညိုးအတေးတစ္ဆေများ ငိုးကြွေးနေသကဲ့သိုရှိသည့် ရွှေအမြုတေ ဥပဒေသနယ်ပယ်ကို ထုတ်လွှတ်လိုက်သည်။
ဘုန်း….။
နယ်ပယ်နှစ်ခု ချက်ချင်း တိုက်ခတ်သွားပြီး ကြောက်မက်ဖွယ် စွမ်းအားလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်ကာ ကြီးမားသော မငြိမ်မသက်မှုကို ဖြစ်စေသည်။ သို့သော် လန်ယွဲ့ရှီသည် သိသာသော ကွာခြားချက်ဖြင့် ရှုံးနိမ့်နေဆဲ ဖြစ်သည်။
သူမသည် ရွှေအမြုတေနယ်ပယ်၏ အစောပိုင်းအဆင့်သာ ရှိနေသေးပြီး၊ တစ္ဆေမိစ္ဆာဂိုဏ်းချုပ် လော့ဟွာသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ရာ မှော်စွမ်းအား ကွာဟချက်က ကြီးမားလှသည်။
သို့သော် လန်ယွဲ့ရှီ လုံးဝ မကြောက်ရွံ့ပေ။ အကြောင်းမှာ သူမသည် အစီအရင်အကာအကွယ် ရှိသော အင်မော်တယ်ရှားဂိုဏ်းအတွင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။ ထိုကျင့်ကြံသူများ ချိုးဖြတ်ဝင်ရောက်နိုင်မည်ဟု သူမ မယုံကြည်ပေ။
"ရှင်က စစ်တပ်ကို ဦးဆောင်ပြီး ငါ့ အင်မော်တယ်ရှားဂိုဏ်းကို ကျူးကျော်ရဲတယ်ပေါ့…"
"ကြည့်ရတာ ရှင်က ငါ့ အင်မော်တယ်ရှားဂိုဏ်းရဲ့ တောင်ကာကွယ်ရေး အစီအရင်ကို ကိုင်တွယ်ဖို့ နည်းလမ်း ရှာတွေ့ထားပုံပဲ…"
လန်ယွဲ့ရှီက တစ္ဆေမိစ္ဆာဂိုဏ်းချုပ် လော့ဟွာကို စိုက်ကြည့်လိုက်သည်။
ပုံမှန်အားဖြင့်၊ သာမန်ရွှေအမြုတေကျင့်ကြံသူသည် အကာအကွယ်ခင်းကျင်းထားသော ရွှေအမြုတေဂိုဏ်းကို တိုက်ခိုက်ရန် မိုက်မဲလိမ့်မည် မဟုတ်ပေ။
ရွှေအမြုတေကျင့်ကြံသူတစ်ဦးက ထိန်းချုပ်ထားသော တတိယအဆင့် အစီအရင်သည် ၎င်း၏မူလစွမ်းအားထက် ဆယ်ဆပိုသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။ လာရောက်တိုက်ခိုက်ဝံ့သော ရန်သူသည် သေလမ်းရှာခြင်းသက်သက်သာ ဖြစ်၏။
သို့သော် တစ်ဖက်လူသည် လိမ္မာပါးနပ်သော တစ္ဆေမိစ္ဆာဂိုဏ်းချုပ် လော့ဟွာ ဖြစ်သည်။ သူသည် ထိုမျှ မိုက်မဲမည့်သူ မဟုတ်ချေ။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေသည် ဂိုဏ်းအစီအရင်အား ဖြေရှင်းရန် နည်းလမ်းရှာတွေ့ထားခြင်းသာ ဖြစ်ရပေမည်။
သို့မှသာ၊ ယခုကဲ့သို့ မဆင်မခြင် ရဲတင်းစွာ ပြုမူရဲခြင်း ဖြစ်၏။
"ဟားဟား... မင်းလို ကောင်မလေးတစ်ယောက်က နည်းနည်းတော့ ဉာဏ်ကောင်းသားပဲ.. "
“ဒီကိုတောင် ရောက်လာပြီဆိုတော့ ဘာမှ ဖုံးကွယ်နေစရာမလိုတော့ဘူး..”
"အင်မော်တယ်ရှားဂိုဏ်းရဲ့ တောင်ကာကွယ်ရေး အစီအရင်ဆိုတာ အလှပြထားတာထက် မပိုဘူး.. အဲ့ဒါကို ငါ့ တစ္ဆေမိစ္ဆာဂိုဏ်းက နှံ့နှံ့စပ်စပ် နားလည်ပြီးသား.. ဒီအစီအရင်ကို ဖျက်ဆီးပစ်ဖို့ဆိုတာ လက်ဖဝါးလှန်လိုက်သလောက်ကို လွယ်တယ်…"
တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် လော့ဟွာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဘုန်း…။
သူ့စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက်၊ မူလက အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားသော တတိယအဆင့် ခရမ်းမြူခိုးယင်ယန်အစီအရင် ရုတ်တရက် ပြိုကျသွားသည်။ အစီအရင်အတားအဆီး တစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားပြီး၊ ဂိုဏ်းတစ်ခုလုံးကို မည်သည့်အတားအဆီးမျှ မရှိဘဲ ကမ္ဘာလောကသို့ ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
"မဖြစ်နိုင်ဘူး... တတိယအဆင့် ခရမ်းမြူခိုးယင်ယန်အစီအရင်ကို ဘယ်သူက ပိတ်လိုက်တာလဲ.."
"အတွင်းလူ... အင်မော်တယ်ရှားဂိုဏ်းထဲမှာ မင်းကို ကူညီပေးနေတဲ့ သစ္စာဖောက်တစ်ယောက် သေချာပေါက် ရှိနေတယ်.."
လန်ယွဲ့ရှီ၏ မျက်နှာ အရောင်ပြောင်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အင်မော်တယ်ရှားဂိုဏ်းအတွင်းတွင် သူလျှိုတစ်ဦး ရှိနေပြီး၊ ထိုသူသည် အဆင့်မြင့် ရာထူးတစ်ခုတွင် ရှိနေရမည်အား သူမ သဘောပေါက်လိုက်သည်။
အခြေတည်အဆင့် အကြီးအကဲတစ်ဦး မဟုတ်ဘဲ၊ အင်မော်တယ်ရှားဂိုဏ်း၏ အစီအရင်သို့ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။
ဆိုရလျှင်၊ ဂိုဏ်းအကာအကွယ်အား ပိတ်သိမ်းနိုင်သူ အရေအတွက်မှာ လက်တစ်ဆုပ်စာသာ ရှိ၏။
"ဒီလိုကိုး... အစီအရင်တောင်ထွတ်သခင် ယောင်ဝမ်..."
"မင်း အင်မော်တယ်ရှားဂိုဏ်းကို သစ္စာဖောက်ခဲ့တာပဲ…"
တစ်ခဏချင်းမှာပင် လန်ယွဲ့ရှီ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး၊ သူမ၏ အကြည့်များက အဝေး၌ ပုန်းအောင်းနေသော အစီအရင်တောင်ထွတ်သခင် ယောင်ဝမ်ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။
လွန်ခဲ့သောနှစ်များအတွင်း ယောင်ဝမ်သည် သွေးဘိုးဘေးလိုဏ်ဂူသို့ ဝင်ရောက်ခဲ့အပြီးတွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး သူ၏ကျင့်ကြံမှု ကျဆင်းသွားခဲ့သည်။
ထိုအချိန်မှစ၍ သူသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး၊ သူ၏ကျင့်ကြံမှုလမ်းကြောင်း ပျက်သုဉ်းသွားပြီဟု လူတိုင်းက ထင်မြင်ထားခဲ့ကြသည်။
သူသည် တစ္ဆေမိစ္ဆာဂိုဏ်းမှ ပျိုးထောင်ထားသော သူလျှိုတစ်ဦးဖြစ်နေမည်ဟု မည်သူကမှ ထင်ထားမိကြမည် မဟုတ်ချေ။
"ဟားဟား... ဂိုဏ်းချုပ်လန်.. ခင်ဗျားက ကျုပ်မျှော်လင့်ထားတာထက် စောပြီး ကျုပ်ကို ခြေရာခံမိသွားတာပဲ…"
"ဟုတ်တယ်... ခရမ်းမြူခိုးယင်ယန်အစီအရင်ကို ငါကိုယ်တိုင် ပိတ်လိုက်တာပဲ.."
"အစီအရင်တောင်ထွတ်သခင်ရဲ့ အကူအညီမပါဘဲ.. တစ္ဆေမိစ္ဆာဂိုဏ်းက အင်မော်တယ်ရှားဂိုဏ်းရဲ့ ခံတပ်ထဲကို ဘယ်လို တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်နိုင်မှာလဲ.. သူတို့ တတိယအဆင့်အစီအရင်ကို ဘယ်လို ဖြိုဖျက်နိုင်မှာလဲ.. ဟားဟား.."
အစီအရင်တောင်ထွတ်သခင် ယောင်ဝမ်က ကျေနပ်မောက်မာသော လေသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက် သူကြိုတင်တွက်ဆထားသည့်အတိုင်း၊ လန်ယွဲ့ရှီနှင့် အခြားရွှေအမြုတေကျင့်ကြံသူများ၏ တိုက်ခိုက်မှုအကွာအဝေးမှ ရှောင်ရှားနိုင်ရန် အဝေးသို့ ချက်ချင်း ပျံသန်းသွားတော့သည်။
ရွှေအမြုတေများ၏ ပစ်မှတ်ထားခံရပြီး၊ လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ခံရမည်အား သူကြောက်ရွံ့ပေသည်။
“ဆုပေးဒဏ်ပေးခန်းမသခင် ရှုချီယန်နဲ့ သန့်စင်ခြင်းခန်းမသခင် လော့တင်ထျန်တို့ရဲ့ အရင်နှစ်တွေက သေဆုံးမှုက ရှင်နဲ့ပတ်သက်နေတာလား..”
လန်ယွဲ့ရှီသည် လွန်ခဲ့သာနှစ်များက အဖြစ်အပျက်များကို ပြန်ပြောင်းသတိရကာ မျက်မှောင်ကြုတ်လိုက်သည်။