← Chapters

သွေးနတ်ဆိုးသစ်ပင်၏ အုံကြွမှု၊ အင်မော်တယ်မြူခိုးကျွန်းအား ဝါးမျိုနေသော မိစ္ဆာသစ်ပင်(၁)။

Vol. 17 Ch. 216

သွေးနတ်ဆိုးသစ်ပင်၏ အုံကြွမှု၊ အင်မော်တယ်မြူခိုးကျွန်းအား ဝါးမျိုနေသော မိစ္ဆာသစ်ပင်(၁)။

Vol. 17 Ch. 216

ယခုအချိန်တွင် အင်မော်တယ်ရှားဂိုဏ်းအတွင်း၌။

အဓိက ဂိုဏ်းကြီးသုံးခုမှ အကြီးအကဲများနှင့် တပည့်များအားလုံးသည် အလောင်းများကို ရှင်းလင်းနေကြရသဖြင့် အလုပ်ရှုပ်နေကြသည်။

သေဆုံးသွားသော ကျင့်ကြံသူများ၏ သိုလှောင်အိတ်အားလုံးကို ဂိုဏ်း၏ဘဏ္ဍာတိုက်တွင် စီမံခန့်ခွဲရန်အတွက် ဂိုဏ်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဤတိုက်ပွဲသည် အလုံးစုံသော အောင်ပွဲတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

"ငါတို့ နိုင်သွားပြီ... ငါတို့ တကယ် နိုင်သွားပြီ…"

"ငါတို့ရဲ့ ဂိုဏ်းချုပ်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ.. ကျွမ်းကျင်တဲ့ ဗျူဟာမှုးတစ်ယောက်ဆိုတာ သေချာတယ်.."

"ဟုတ်တယ်မလား.. ဗျူဟာသေးသေးလေးတစ်ခုနဲ့ ရွှေအမြုတေ ဆရာသခင်ရှစ်ယောက်ကို သေလမ်းပို့နိုင်ခဲ့တယ်.. ဒါက လက်တစ်ချက်လှန်လိုက်ရုံနဲ့ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်လုပ်လိုက်သလိုပဲ..”

"ဒီရွှေအမြုတေ ဆရာသခင်တွေက လူမိုက်တွေပဲ.. ငါတို့ အင်မော်တယ်မြူခိုးကျွန်းကနေ ထွက်ခွာတော့မယ်ဆိုတာ သိသိကြီးနဲ့ ဒီကို သေဖို့ လာကြသေးတယ်…"

"မဟုတ်မှလွဲရော... ငါတို့ ထွက်ခွာတော့မယ်ဆိုတာ သူတို့သိနေလို့ တမင်သက်သက် လာကြတာ ဖြစ်မယ်… သူတို့က ငါတို့ကို ဓားပြတိုက်သတ်ဖြတ်ပြီး ချမ်းသာချင်နေကြတာလေ…"

"ဟက်ဟက်... ချမ်းသာဖို့ အိပ်မက်မက်နေကြတာ.. အခုတော့ သံပြားကို ကန်မိပြီ မဟုတ်လား.. သူတို့အားလုံး ငါတို့ရဲ့ ဂုဏ်သရေရှိ ဂိုဏ်းချုပ်ရဲ့ လက်ချက်နဲ့ သုတ်သင်ခံလိုက်ရပြီလေ.. တစ်ယောက်မှ မလွတ်ဘူး.."

"ငါတို့ ဂိုဏ်းချုပ်က တကယ်ပဲ နှစ်တစ်ထောင်မှာ တစ်ယောက် ပေါ်နိုင်တဲ့ ပါရမီရှင်ပဲ.. အရင်ဂိုဏ်းချုပ်တုန်းက တစ္ဆေမိစ္ဆာဂိုဏ်းကို မယှဉ်နိုင်ခဲ့ဘူး… အခုတော့ တစ္ဆေမိစ္ဆာဂိုဏ်းနဲ့ မေပယ်ဝါတောင်ကြားတို့က ပျက်စီးလုနီးပါး ဖြစ်နေပြီ.."

အင်မော်တယ်ရှားဂိုဏ်းမှ တပည့်များသည် တီးတိုးစကားဝိုင်းများဖြင့် ဆူညံနေကြသည်။ သူတို့အားလုံး လန်ယွဲ့ရှီကို အတိုင်းမသိ လေးစားနေကြသည်။

အစပိုင်းတွင် သူတို့ ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ အင်မော်တယ်ရှားဂိုဏ်းအတွင်းတွင် သစ္စာဖောက်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး၊ ရွှေအမြုတေ ဆရာသခင်ရှစ်ဦး စုရုံးရောက်ရှိလာခဲ့ရာ၊ အခြေအနေ ပြောင်းလဲရန် အခွင့်အလမ်း လုံးဝ မရှိဟု ထင်ရသည်။

သို့သော် လန်ယွဲ့ရှီသည် ကစားပွဲကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး၊ ဤရွှေအမြုတေ ဆရာသခင်အုပ်စုကို ပြန်လည် သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူက ကြိုတင်ခန့်မှန်းနိုင်မည်နည်း။

ဤအချက်က လန်ယွဲ့ရှီ၏ လိမ္မာပါးနပ်မှုကို အပြည့်အဝ ပြသနေသည်။

ယခင် လန်ယွဲ့ရှီ ရာထူး စတင်ရယူစဉ်က သူမသည် ရွှေအမြုတေ ဆရာသခင်ဖြစ်နေသည့်တိုင် အချို့သော အကြီးတန်းပုဂ္ဂိုလ်အချို့သည် သူမကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြသည်။

သို့သော် ယခုအခါ သူတို့ လက်ခံရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

…

ဤအချိန်တွင် အင်မော်တယ်ရှားတောင်ထွတ်အတွင်း၌။

လင်းယာကျူ၊ လန်ယွဲ့ရှီ၊ ရှန်ပိချန်၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အားလုံး စုဝေးနေကြသည်။ ထုံးစံအတိုင်း ကျိုးစွေ့သည်လည်း သူတို့ကြားတွင် ရှိနေသည်။ အခြားသူများမှာမူ နောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းနေရသဖြင့် မရှိကြပေ။

"ယောက်ျား... ကျွန်မရဲ့ ကျိမိသားစုအတွက် လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ်…"

ကျိပင်းယွီက ကျိုးစွေ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ သူမ၏ နှလုံးသားသည် နက်ရှိုင်းစွာ လှုပ်ရှားသွားပြီး၊ သူ့အပေါ် ထားရှိသော ခံစားချက်များမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

အမှန်အတိုင်းပြောရလျှင်၊ လက်စားချေနိုင်မည့်နေ့ရက်ကို မြင်တွေ့ရလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ၊ သူမသည် ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်လာခြင်းကပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်ပြီး သူမ အိပ်မက်ပင် မမက်ဝံ့ခဲ့ပေ။

တစ်နည်းဆိုရသော်၊ သူမ၏ တစ်သက်တာတွင် လက်စားချေရန် မျှော်လင့်ချက်သည် အခြေခံအားဖြင့် မရှိခဲ့ပေ။

သို့သော် ကျိုးစွေ့နောက်သို့ လိုက်ပြီးနောက်၊ ဆယ်နှစ်ဝန်းကျင် ကာလအတွင်းတွင် သူမသည် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ရုံသာမက ကျိမိသားစုအတွက် လက်စားချေနိုင်လိမ့်မည်ဟု မည်သူက ထင်ထားနိုင်မည်နည်း။

"ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ.. ငါတို့က တာအိုလက်တွဲဖော်တွေ မဟုတ်ဘူးလား.."

" လင်မယားတွေဆိုမှတော့ မင်းကိစ္စက ငါ့ကိစ္စပဲပေါ့.."

"အခု အိုးရန်မိသားစုရဲ့ ဘိုးဘေး သေသွားပြီ.. အခြေတည်အဆင့် အကြီးအကဲ တော်တော်များများလည်း အသတ်ခံလိုက်ရပြီ.."

"အခြေခံအားဖြင့်တော့ အိုးရန်မိသားစုက ပျက်စီးဖို့ ကံပါလာပြီးသားပဲ.."

ကျိုးစွေ့က ကျိပင်းယွီကို လေးနက်စွာကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ၏ ချိုမြိန်သော ချစ်စကားများမှာ ရေကဲ့သို့ သဘာဝကျကျ စီးဆင်းနေသည်။

"အင်း.. ကျန်နေတဲ့ အိုးရန်မိသားစုဝင်တွေကို ဒီအတိုင်း ထားလိုက်ပါတော့.. ကျွန်မက အဓိက တရားခံတွေကို သတ်ပြီးပြီပဲ…"

ကျိပင်းယွီက လေးနက်စွာ ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ သူတို့သည် မကြာမီ အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာတော့မည် ဖြစ်သည်။ ကျန်ရစ်ခဲ့သော အိုးရန်မိသားစုဝင်များက သူတို့၏ ဆုံးရှုံးမှုအတွက် လက်စားချေလိုလျှင်ပင်၊ သူတို့၏ ရန်သူများကို မည်သည့်နေရာတွင် ရှာရမည်ကို သိကြမည် မဟုတ်ပေ။ ထို့အပြင် သူတို့ အသက်ရှင် လွတ်မြောက်နိုင်ချင်မှတောင် လွတ်မြောက်ပေလိမ့်မည်။

"ယောက်ျား... အခု တစ္ဆေမိစ္ဆာဂိုဏ်း.. မေပယ်ဝါတောင်ကြားနဲ့ တခြား အင်အားစုတွေက ရွှေအမြုတေ ဆရာသခင်တွေ အားလုံး အသတ်ခံလိုက်ရပြီဆိုတော့.. ငါတို့ သူတို့ရဲ့ ဂိုဏ်းတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ ရတနာတွေကို လုယူကြမလား…"

လန်ယွဲ့ရှီက မေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ဤရွှေအမြုတေ ဆရာသခင်များ၏ သိုလှောင်အိတ်များတွင် ရတနာ တစ်စိတ်တစ်ပိုင်းသာ ပါရှိပေသည်။ တကယ့် ရတနာများသည် ၎င်းတို့၏ ဂိုဏ်းဘဏ္ဍာတိုက်များတွင် သိမ်းဆည်းထားခြင်း ဖြစ်ရပေမည်။

"ထားလိုက်ပါတော့.. ငါတို့ ပစ္စည်းတွေသိမ်းပြီး အင်မော်တယ်မြူခိုးကျွန်းကနေ ချက်ချင်း ထွက်ခွာကြတာက ပိုကောင်းတယ်.."

"လွန်ကဲလွန်းရင် မကောင်းဘူး.. ငါတို့ အချိန် ထပ်ဖြုန်းလို့ မဖြစ်တော့ဘူး.."

ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။

အမှန်အတိုင်းပြောရလျှင်၊ သူတို့၌ အချိန်ပို ရှိပါက သူ သေချာပေါက် ထိုဂိုဏ်းများကို လုယက်ချင်သည်။

သို့သော် သွေးနတ်ဆိုးသစ်ပင်အနီးရှိ သူ၏ကိုယ်ပွားသည် သွေးနတ်ဆိုးသစ်ပင်ထံမှ အန္တရာယ်ရှိသော အရှိန်အဝါများ ပိုမို ထွက်ပေါ်လာနေသည်ကို အာရုံခံမိနေသည်။

ချိပ်ပိတ်တံဆိပ်က အကြာကြီး တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ သူတို့ ဆက်လက် နှောင့်နှေးနေပါက၊ အချိန်ကျလာသောအခါ သူတို့ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

ပစ္စည်းဥစ္စာ အနည်းငယ်အတွက် ကိုယ့်အသက်ကို စွန့်စားရခြင်းသည် လုံးဝ မတန်ပေ။

မည်သို့ပင်ဆိုစေကာမူ၊ သူ၏ တိုးတက်မှုနှုန်းအရ သူသည် နောက်ဆုံးတွင် ပိုမိုမြင့်မားသော နယ်ပယ်များသို့ ရောက်ရှိမည်သာ ဖြစ်သည်။ ထိုအခြေအနေတွင် သာမန် ရွှေအမြုတေဂိုဏ်းတစ်ခု၏ ကြွယ်ဝမှုသည် ဘာမျှ မဟုတ်တော့ပေ။

သူ၏အသက်သည် အရေးအကြီးဆုံး ဖြစ်ပြီး ကျန်အရာအားလုံးသည် ဒုတိယသာဖြစ်သည်။

"ကောင်းပါပြီ ယောက်ျား.."

ဤစကားကို ကြားသောအခါ လန်ယွဲ့ရှီသည် ကျိုးစွေ့၏ အမိန့်ကို သဘာဝကျကျ လိုက်နာလိုက်သည်။ အကြောင်းမှာ သူမခင်ပွန်း၏ ဆုံးဖြတ်ချက်သည် ဘယ်သောအခါမျှ မမှားခဲ့ဖူးသောကြောင့် ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက်တွင် အင်မော်တယ်ရှားဂိုဏ်း၊ ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းတို့သည် သူတို့၏ ပိုင်ဆိုင်မှုများကို ထုပ်ပိုးပြီးစီးခဲ့ပြီး အကြွင်းအကျန်များကို ရှင်းလင်းခဲ့ကြသည်။ ထို့နောက် လှေပျံများကို မောင်းနှင်လျက် သူတို့သည် အဝေးသို့ ချက်ချင်း ပျံသန်း ထွက်ခွာသွားကြသည်။

လှေပျံ (၃၃)စင်းထက် မနည်းသော အရေအတွက်သည် အရှိန်အဟုန်အပြည့်ဖြင့် ရွေ့လျားနေပြီး အင်မော်တယ်ရှားဂိုဏ်းမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

…

အဝေးတစ်နေရာတွင် အင်အားစု အများအပြားသည် အင်မော်တယ်ရှားဂိုဏ်းနှင့် အခြား ဂိုဏ်းကြီးနှစ်ခု၏ လှုပ်ရှားမှုတိုင်းကို အဆက်မပြတ် စောင့်ကြည့်နေကြသည်။

အင်မော်တယ်ရှားဂိုဏ်းသည် သူတို့၏ နေရာရွှေ့ပြောင်းမှုအကြောင်း သတင်းကို ကြာမြင့်စွာကတည်းက ဖြန့်ဝေခဲ့သော်လည်း၊ အင်အားစု အများအပြားက သံသယ ရှိခဲ့ကြသည်။ ဂိုဏ်းတစ်ခုက ဒီအတိုင်းကြီး ထွက်ခွာသွားနိုင်မည်လောဟု တွေးထင်ထားခဲ့ကြသည်။

သို့သော် ယခုအခါ အင်မော်တယ်ရှားဂိုဏ်းမှ လူတိုင်းနီးပါး အင်မော်တယ်ရှား တောင်တန်းမှ စွန့်ခွာသွားသည်ကို မြင်တွေ့လိုက်ရသောအခါမှသာ၊ နောက်ပြောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် ရွှေ့ပြောင်းသွားကြောင်း တွေ့ရှိလိုက်ရသဖြင့် သူတို့ တုန်လှုပ်သွားကြသည်။

"မဖြစ်နိုင်တာ.. အင်မော်တယ်ရှားဂိုဏ်း ရူးသွားကြပြီလား.. သူတို့ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အင်မော်တယ်ရှား တောင်တန်းကနေ တကယ်ကြီး ရွှေ့ပြောင်းသွားကြတာလား.. သူတို့ ဂိုဏ်းအတွက် ပိုကောင်းတဲ့ နေရာတစ်ခု ရှာတွေ့သွားလို့လား.. စတုတ္တအဆင့် ဝိညာဉ်ကြောကို တွေ့သွားကြတာများလား.."

လူအချို့မှာ ကြောင်အမ်းနေကြသည်။ အင်မော်တယ်ရှားဂိုဏ်းက အဘယ်ကြောင့် ဤမျှကြီးမားသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ကို သူတို့ နားမလည်နိုင်ကြပေ။

"ငါ ကြားတာတော့ အင်မော်တယ်ရှားဂိုဏ်းက ဒီဒေသမှာ ရှောင်လွှဲမရနိုင်တဲ့ကပ်ဘေးတစ်ခု မကြာခင် ဖြစ်ပေါ်လာတော့မယ်လို့ ခံစားမိလို့.. ကပ်ဘေး မရောက်ခင် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာတဲ့.. ဒါကြောင့် အစုလိုက်အပြုံလိုက် နေရာ ရွှေ့ပြောင်းကြတာပဲ…"

"မဖြစ်နိုင်တာ.. အရာအားလုံးက အေးဆေးငြိမ်သက်နေတာပဲ.. ဘယ်လိုလုပ် ကပ်ဘေးတစ်ခု ရှိနိုင်မှာလဲ.. အဓိပ္ပါယ်မရှိလိုက်တာ.."

"အဲ့လိုတော့ ပြောလို့မရဘူးလေ.. အင်မော်တယ်ရှားဂိုဏ်းက ရွှေအမြုတေဂိုဏ်းဆိုတာ သတိရဦး.. ပြီးတော့ အဲ့ဒီမှာ ရွှေအမြုတေ ဆရာသခင်တစ်ယောက် ရှိတယ်.. 'နွေဦးရောက်လို့ မြစ်ရေ နွေးလာတာကို ဘဲတွေက အရင်သိတယ်' ဆိုတဲ့ စကားအတိုင်းပဲ.. သူတို့က ငါတို့ထက် ပိုသိမှာ သေချာတယ်.. တကယ်ပဲ တစ်ခုခု ဖြစ်ခဲ့တာ ဖြစ်နိုင်တယ်.."

"တကယ်လို့ ကပ်ဘေးတစ်ခု တကယ် ရှိနေရင် ငါတို့ ဘာလုပ်ကြမလဲ.. ငါတို့မှာ လှေပျံတွေ မရှိဘူးလေ.."

"ရိုးရိုးသားသား ပြောရရင်... မရှိဘူးလို့ ငြင်းနေတာထက်.. ရှိတယ်လို့ ယုံလိုက်တာက ပိုကောင်းတယ်လို့ ငါ ယုံတယ်.. ငါတို့ ဒီနေရာကနေ ခဏလောက် ထွက်ခွာသင့်တယ်.. ဘာမှ မဖြစ်ရင် အကောင်းဆုံးပေါ့.. ငါတို့ ပြန်လာပြီး ဒီတတိယအဆင့်ဝိညာဉ်ကြောကို သိမ်းပိုက်လို့ ရတာပ်.. ဒါပေမဲ့ တစ်ခုခု ဖြစ်ခဲ့ရင်တော့ ငါတို့ သွားပြီပဲ…"

"ဒါ အမှန်ပဲ.. နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ဂိုဏ်းတစ်ခုက တစ်ခုခု အရေးကြီးတာ မဖြစ်ဘဲနဲ့ ဒီလောက် လွယ်လွယ်ကူကူ လက်လျှော့မှာ မဟုတ်ဘူး.. ထင်မထားတဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့တာ နေမှာ.."

ကျင့်ကြံသူအားလုံး အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြသည်။ သူတို့၏စိတ်ထဲတွင် အချက်ပေးသံများ ဆူညံ့နေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ရွှေအမြုတေဂိုဏ်းတစ်ခု နေရာ ရွှေ့ပြောင်းခြင်းသည် သေးငယ်သော ကိစ္စ မဟုတ်ပေ။

အမှန်တကယ် ဤအရာသည် ကြီးမားသော အာဏာလစ်ဟာမှု နေရာလွတ်တစ်ခုကို ချန်ထားရစ်သည် ဖြစ်သော်လည်း၊ ၎င်းကို သိမ်းပိုက်နိုင်ရန် သူတို့ အသက်ရှင်နေမှ ဖြစ်ပေမည်။ ထို့ကြောင့် သူတို့သည် ပျော်ရွှင်မှု မခံစားရဘဲ၊ ကျရောက်လာတော့မည့် ကပ်ဘေးကိုသာ ကြောက်ရွံ့နေမိကြသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ဂနာမငြိမ် ဖြစ်လာကြပြီး ဤဒေသမှ ထွက်ပြေးကြတော့သည်။ တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူမိသားစု အမြောက်အမြားလည်း အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။

All Chapters