ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူက တကယ်ကြီး ကိုယ်လုပ်တော်ဖြစ်လာတယ်၊ သူမက အရှက်ကိုမရှိပါ့လား(၂)။
Vol. 17 Ch. 212
“ဟားဟား.. သိပ်ဟုတ်တာပေါ့.. ငါနဲ့သက်ဆိုင်တာပေါ့…”
“အဲ့ဒီတုန်းက ငါ အဲ့ဒီလူတွေနဲ့အတူ အကြွင်းအကျန်ဂူထဲကို စွန့်စားခဲ့ရင်း ငါ့အစီအစဉ်တစ်ခုလုံးကို ထုတ်ဖော်ပြောခဲ့တယ်လေ..”
“ဒီအင်မော်တယ်ရှားဂိုဏ်းကို ပုန်ကန်ဖို့ သူတို့နဲ့ လက်တွဲနိုင်မယ်လို့ ငါမျှော်လင့်ခဲ့တယ်..”
“ဒါပေမဲ့.. အဲ့ဒီနှစ်ယောက်က ငြင်းဆန်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ..”
“သူတို့သွားရမယ့်လမ်းကို ပို့ပေးဖို့ တစ္ဆေမိစ္ဆာဂိုဏ်းနဲ့ လက်တွဲဖို့အပြင် ရွေးချယ်စရာမရှီတော့ဘူးပေါ့… သံသယဝင်ခံရမှာစိုးလို့ ငါ့ကိုယ်ငါတောင် ဒဏ်ရာပြင်းပြင်း ရအောင် လုပ်ခဲ့ရသေးတယ်..”
“ဒါပေမဲ့.. မင်းအပါအဝင် လူတိုင်းကို လှည့်စားနိုင်ခဲ့တဲ့အတွက် တန်ပါတယ်လေ.. ဟားဟား…”
အစီအရင်တောင်ထွတ်သခင် ယောင်ဝမ်က ရူးသွပ်စွာ ဟားတိုက်ရယ်လိုက်သည်။
ဤနှစ်များတစ်လျောက် သူသည် အင်မော်တယ်ရှားဂိုဏ်း၏အကျိုးစီပွားများကို ခိုးယူနေခဲ့သည်။ အင်မော်တယ်ရှားဂိုဏ်း၏ အကြီးအကဲအချိုး၏ သေဆုံးမှုများသည်ပင် သူနှင့် ပတ်သက်နေသေးသည်။ သူသည် သစ္စာဖောက်တစ်ဦးပင် ဖြစ်ချေတော့သည်။
"မင်း... လူယုတ်မာ ခွေးကောင်.."
"ယောင်ဝမ်… ငါတို့ အင်မော်တယ်ရှားဂိုဏ်းက မင်းကို နစ်နာအောင် ဘာများလုပ်ခဲ့ဖူးလို့.. မင်း ငါတို့ကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ရတာလဲ…"
“အင်မော်တယ်ရှားဂိုဏ်းက မင်းကို ပြုစုပျိုးထောင်ဖို့ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေတောင် ပေးခဲ့တယ်.. ဒါက ဂိုဏ်းကို မင်းပြန်ပေးဆပ်တဲ့ပုံစံလားကွ…”
“မင်းဟာ ရာထူးကြီးကြီးနဲ့ အင်မော်တယ်ရှားဂိုဏ်းမှာ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရတယ်.. ဒါတောင် ဘာလို့ မိစ္ဆာဂိုဏ်းတွေနဲ့ လက်တွဲရတာလဲ…”
အင်မော်တယ်ရှားဂိုဏ်း အကြီးအကဲအများအပြားသည် ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။
အစီအရင်တောင်ထိပ်၏ ဂုဏ်သိက္ခာကြီးမြတ်သော တောင်ထိပ်သခင်က ဂိုဏ်း၏သစ္စာဖောက်ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားချေ။
“ဟားဟား.. မင်းတို့ ဘာမှမသိဘူး..”
“ဂိုဏ်းတစ်ခုက ဘာအရေးလဲ.. အင်မော်တယ်လမ်းစဉ်ကသာ အစစ်အမှန်ပဲ… ကျန်တာအားလုံးက ပကာသနတွေချည်းပဲ…”
“တစ္ဆေမိစ္ဆာဂိုဏ်းနဲ့ လက်တွဲတာက ငါ့ကို အမြုတေဖွဲ့စည်းနိုင်လိမ့်မယ်.. အင်မော်တယ်ရှားဂိုဏ်းမှာ ဆက်နေနေလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး..”
အစီအရင်တောင်ထိပ်သခင် ယောင်ဝမ်သည် အင်မော်တယ်ရှားဂိုဏ်းဝင် မိတ်ဆွေဟောင်းများအား အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။
တစ္ဆေမိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်မှ ထင်ရှားလှသည်။ သို့မဟုတ်ပါက၊ အင်မော်တယ်ရှားဂိုဏ်းကို စိတ်လိုလက်ရ သစ္စာဖောက်၍ တစ္ဆေမိစ္ဆာဂိုဏ်း၏ လက်ပါးစေတစ်ဦး ဖြစ်လာမည် မဟုတ်ပါလော။
"တော်ပြီ... ဒီငတုံးတွေနဲ့ စကားပြောပြီး အချိန်ဖြုန်းမနေနဲ့တော့…"
"အင်မော်တယ်ရှားဂိုဏ်းကိုသာ ရှင်းလင်းပစ်လိုက်… နောက်ပိုင်းကျရင် ဒီနေရာက မင်းအပိုင်ဖြစ်သွားပြီ..”
တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် လော့ဟွာ၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားသည်။ ကိစ္စများ မရှုပ်ထွေးလာစေရန် သူအချိန်မဖြုန်းလိုတော့ချေ။
ရှေးဦးစွာ ဤဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများကို သုတ်သင်ခြင်းက ပိုကောင်းပေမည်။ ယခုဦးစားပေးကိစ္စသည် ဂိုဏ်းသုံးဂိုဏ်းကို တစ်ရှိန်ထိုး ရှင်းလင်းရန်သာ ဖြစ်၏။
ဤနည်းလမ်းအားဖြင့်၊ ဂိုဏ်းသုံးဂိုဏ်းစလုံး၏ အမွေအနှစ်များ၊ အရင်းအမြစ်များအားလုံး သူပိုင်ဆိုင်သွားမည်ဖြစ်သည်။ ထို့နောက် ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိနိုင်မည့် အရင်းအမြစ်များကို သူပိုင်ဆိုင်နိုင်ပေမည်။ ထို့ကြောင့် ဂိုဏ်း၃ဂိုဏ်းကို ချေမှုန်းရန် အရေးကြီးပေသည်။
“ဟုတ်တယ်.. အခုချိန်ကစပြီး မင်းတို့ဂိုဏ်း၃ဂိုဏ်းက သမိုင်းကြောင်းထဲမှာပဲ ကျန်ရစ်ခဲ့ရတော့မယ်.. ဟားဟား..”
“မင်းတို့ ဂိုဏ်းကြီး၃ဂိုဏ်းရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်ပြီ..”
“ဒီနေ့တော့ ငါတို့ရဲ့အစွမ်းကို ပြလိုက်ကြတာပေါ့..”
“ဟီးဟီး.. အဓိကဂိုဏ်းကြီး၃ဂိုဏ်းရဲ့ အမွေအနှစ်တွေက ဘယ်လိုလဲဆိုတာ ငါသိချင်နေပြီ..”
ရွှေအမြုတေ ဆရာသခင်များစွာ၏ မျက်လုံးများသည် အေးစက်သော အရောင်များဖြင့် တောက်ပနေသည်။ သူတို့သည် အဓိက ဂိုဏ်းကြီးသုံးခုမှ ကျင့်ကြံသူ တစ်ဦးချင်းစီကို စိုက်ကြည့်နေကြသည်။ ယင်းတို့၏ ခန္ဓာကိုယ်များမှ ချောက်ချားဖွယ် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေပြီး၊ သားကောင်ကို မျက်စိကျနေသော အဆိပ်ပြင်းမြွေများကဲ့သို့ပင် ဖြစ်နေချေသည်။
သူတို့သည် ဤစစ်ဆင်ရေးအတွက် အချိန်အတော်ကြာကတည်းက အပြည့်အဝပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။
ဘန်း..ဘန်း..ဘန်း..။
ချက်ချင်းပင် ထိုကျင့်ကြံသူများသည် လန်ယွဲ့ရှီ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့အား ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
ဤရွှေအမြုတေကျင့်ကြံသူသုံးဦးကိုသာ သူတို့ ဖယ်ရှားနိုင်ပါက၊ ဂိုဏ်းကြီး၃ဂိုဏ်းသည် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိတော့ဘဲ၊ လုံးလုံးလျားလျား အားနည်းသွားမည် ဖြစ်သည်။
“သောက်ရူးတွေ…”
ဤအခိုက်အတန့်တွင် ကျင့်ကြံသူများကို တည်ငြိမ်စွာကြည့်ရှုနေသော ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် ‘အစီအရင်နှလုံးသားကူ'ထံသို့ အမိန့်တစ်ခု ပေးပို့လိုက်သည်။
ဘုန်း.. ဘုန်း..ဘုန်း…။
နောက်တစ်စက္ကန့်တွင် ယခင်က ပိတ်ထားခဲ့သော တတိယအဆင့်အစီအရင်ဖြစ်သည့် ခရမ်းမြူခိုးယင်ယန်အစီအရင်သည် ပြန်လည် အသက်ဝင်လာပြီး၊ ကောင်းကင်နှင့် မြေကြီးကို မည်းမှောင်သွားစေသည်။
အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးကို အဆုံးမရှိသော ခရမ်းရောင် မြူခိုးများက လွှမ်းခြုံသွားပြီး၊ ကြီးမားသော အစီအရင် အတားအဆီးကြီးတစ်ခုက နယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်ကာ၊ အတွင်းရှိ ကျင့်ကြံသူ အားလုံးကို ပိတ်လှောင်ထားလိုက်တော့သည်။
ကျင့်ကြံသူအားလုံး ထောင်ချောက်အတွင်း ကျရောက်သွားသည့်အလား အတားအဆီး၏စွမ်းအားကို ခံစားလိုက်ရတော့သည်။
"မဖြစ်နိုင်ဘူး... တတိယအဆင့် ခရမ်းမြူခိုးယင်ယန်အစီအရင်ကို ပိတ်ထားပြီးပြီ မဟုတ်ဘူးလား… ဘယ်လိုလုပ် ပြန်ပွင့်လာရတာလဲ… ဘာတွေ ဖြစ်နေတာလဲ.."
ရွှေအမြုတေ ဆရာသခင်တစ်ဦး မျက်နှာ ဖြူဖျော့သွားသည်။ သေရေးရှင်ရေး အကျပ်အတည်းတစ်ခု ရောက်လာသည်ကို ခံစားလိုက်ရသည်။ ရန်သူ၏ အစီအရင်အတွင်း ရောက်နေခြင်းသည် အိုးထဲရောက်နေသော လိပ်တစ်ကောင်ကဲ့သို့ ဖြစ်သည်။
“ယောင်ဝမ်… မင်း ငါတို့ကို သစ္စာဖောက်တာလား…”
တစ္ဆေမိစ္ဆာဂိုဏ်းချုပ် လော့ဟွာ တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီး ဖြစ်သွားသည်။ သူသည် အဝေးမှ အစီအရင်တောင်ထွတ်သခင်ယောင်ဝမ်ကို စိုက်ကြည့်လိုက်သည်။
“ဒါ.. ဒါ.. ငါနဲ့မဆိုင်ဘူး.. ဒီတတိယအဆင့်အစီအရင်ကို ငါတိတ်တဆိတ် ပိတ်ထားပြီးတာ ကြာပြီ.. ဘယ်လိုလုပ် ပြန်ပွင့်လာနိုင်မှာလဲ.. ဒါ..ဒါ မဖြစ်နိုင်ဘူး…”
အစီအရင်တောင်ထွတ်သခင် ယောင်ဝမ် ခြောက်ခြားတုန်လှုပ်သွားကာ အဖြစ်အပျက်အား သဘောမပေါက်နိုင် ဖြစ်နေသည်။
ဒုတိယအဆင့် အစီအရင်ပညာရှင်တစ်ဦးအနေဖြင့်၊ သူသည် အင်မော်တယ်ရှားဂိုဏ်းအတွင်း၌ အဆင့်အမြင့်ဆုံး အစီအရင်ပညာရှင်ဖြစ်ပြီး၊ မည်သူမျှ သူနှင့် မနှိုင်းယှဉ်နိုင်ပေ။
များသောအားဖြင့် သူသည်အား ဤတောင်ကာကွယ်ရေးအစီအရင်အား စီမံခန့်ခွဲသူ ဖြစ်၏။ သို့သော် သူကောင်းစွာသိထားသည် ဟူသော အစီအရင်သည် ယခုအခါ သူနှင့် မရင်းနှီးတော့သကဲ့သို့ ဖြစ်သွားမည်အား မည်သူ ထင်ထားမိမည်နည်း။
အစကတည်းက ဤတောင်ကာကွယ်ရေးအစီအရင်အား သူကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ပုံရသည်။ ယင်းက သူ့အား နားမလည်နိုင်ဖြစ်သွားစေပြီး၊ လုံးဝ ဆွံ့အသွားစေတော့သည်။
"လူမိုက်…" လန်ယွဲ့ရှီ၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။
"ရှင့်ရဲ့ လုပ်ရပ်တွေကို ဘယ်သူမှ သတိမထားမိဘူးလို့ ရှင် ထင်နေတာလား.."
"တကယ်တော့... ရှင် လုပ်ခဲ့တာတွေကို ငါ သိနေတာ ကြာလှပြီ…"
“ရှင်နောက်ကွယ်က လူတွေအားလုံးကို တစ်ခါတည်း ရှင်းပစ်ချင်လို့ တမင်မသိချင်ယောင် ဆောင်ထားပေးခဲ့တာ…”
“ဟဟ.. အင်မော်တယ်မြူခိုးကျွန်းကနေ ထွက်သွားပြီးရင်.. တစ္ဆေမိစ္ဆာဂိုဏ်းကို လက်စားချေဖို့ ဘယ်လို အခွင့်အရေးရတော့မှာလဲ..”
"ငါမထင်ထားမိတာက... ရှင်တို့အားလုံးက သေမင်းတံခါးဝကို ကိုယ်တိုင် ရောက်လာကြတာပဲ.. ဒီတစ်ခါတော့ ရှင်တို့အားလုံးကို ရှင်တို့ရဲ့ သင်္ချိုင်းဆီ ပို့ပေးလိုက်မယ်.."
"အင်မော်တယ်ရှားဂိုဏ်းရဲ့ ကျဆုံးသွားတဲ့ ကျင့်ကြံသူတွေအတွက် လက်စားချေတာပေါ့…"
လန်ယွဲ့ရှီ၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ချက်ပေါ်လာသည်။ အစပိုင်းတွင် သူမသည် အင်မော်တယ်ရှားဂိုဏ်း ပျက်စီးတော့မည်ဟု တွေးကာ အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ သို့သော် မကြာမီပင် ခင်ပွန်းထံမှ သတင်းစကားကို ကြားလိုက်ရပြီး သူမတွင် အင်မော်တယ်ရှားဂိုဏ်း၏ မဟာ အစီအရင်အပေါ် ထိန်းချုပ်ခွင့် ရှိနေဆဲ ဖြစ်ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူမသည် ဤရွှေအမြုတေ ဆရာသခင်များကို သူမ သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဟု ထင်မှတ်သွားစေရန် ဟန်ဆောင်လိုက်သည်။ ထို့နောက် သူမသည် ဤ ရွှေအမြုတေ ဆရာသခင်များကို အစီအရင်အတွင်းသို့ မျှားခေါ်လိုက်ပြီး၊ ထိုနေရာတွင် ပိတ်မိနေစေရန် လမ်းခင်းပေးခဲ့သည်။
ဤအစီအစဉ်သည် ရိုးရှင်းပုံပေါက်သော်လည်း၊ မယုံနိုင်လောက်အောင် ထိရောက်သည်။ ရွှေအမြုတေကျင့်ကြံသူများသည် မည်သည်ကိုမျှ သံသယမဝင်မိကြဘဲ၊ ယခုအခါ အသတ်ခံရမည်ကို ထိုင်စောင့်နေသော စဉ့်နီတုံးပေါ်မှ ငါးများကဲ့သို့ ဖြစ်လာကြတော့သည်။
"သတ်…"
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် 'အစီအရင်နှလုံးသားကူ'ကို ထိန်းချုပ်လိုက်သည်။ သူသည် ကူပိုးကောင်နှင့် ချက်ချင်း တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ်သည် ‘အစီအရင်နှလုံးသားကူ'ထဲသို့ ပေါင်းစပ်သွားပြီး၊ ယခုအခါ တတိယအဆင့်အစီအရင်တစ်ခုလုံးကို ထိန်းချုပ်နေသကဲ့သို့ပင် ဖြစ်သွားတော့သည်။
သူသည် အစီအရင်၏ အစိတ်အပိုင်းတိုင်းအား သူ၏ခြေလက်များကဲ့သို့ စွမ်းအားအပြည့်အဝကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သွားသည်။
တစ်ခါမျှ ဤမျှလောက် သူအစွမ်းမထက်ဖူးချေ။ တတိယအဆင့် အစီအရင်၏ နက်နဲမှုအား သူ အပြည့်အဝ သဘောက်ပေါက်သွားသည်။
ဝုန်း…။
နောက်တစ်စက္ကန့်တွင် အတွေးတစ်ချက်ဖြင့် သူသည် တတိယအဆင့်အစီအရင်တစ်ခုလုံး၏ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်လိုက်သည်။
ဝှစ်…။
ခရမ်းရောင် မြူခိုးလှိုင်းကြီးတစ်ခုသည် ယင်နှင့်ယန်၏ အစွမ်းများဖြင့် ဟိန်းဟောက်ထွက်ပေါ်လာသည်။ ၎င်း၏ စွမ်းအားသည် ကောင်းကင်ကို ထိုးဖောက်နိုင်သော အထွတ်အထိပ်ဓားချီများအလား အကန့်အသတ်မဲ့သော စွမ်းအားများ ပါဝင်နေသည်။ မိုးစက်များ ကျဆင်းလာသကဲ့သို့၊ ၎င်းတို့သည် ကျူးကျော်လာသော ကျင့်ကြံသူများအပေါ်သို့ ရွာချလိုက်သည်။ ယင်းတို့၏အရှိန်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။