စိတ်စွမ်းအား ပညာရှင်
Vol. 1 Ch. 156
"ဟမ့်"
ကျန်းရီ ရွှေချမ်လော့အား သတ်တော့မည့် အချိန်တွင် ငွေရောင် ဆံပင်ဖြူများနှင့် အဘွားအို တစ်ယောက်သည် ဘေးရှိ သစ်တောထဲမှ ချက်ချင်း ထွက်ပေါ် လာခဲ့သည်။ ထိုအဘွားကြီးသည် လှုပ်ရှားခြင်း မပြုဘဲ ခပ်တိုးတိုး ရေရွတ်သံ တစ်ခုသာ လုပ်ခဲ့သည်။ ကျန်းရီသည် မိုးကြိုးအပစ်ခံ လိုက်ရသည့်အလား ဆတ်ခနဲ ဖြစ်သွားကာ သတ်ဖြတ်ခြင်း အရှိန်အဝါများ ကွယ်ပျောက် သွားခဲ့ကာ မျက်လုံးများလည်း ပုံမှန်ပြန်ဖြစ် သွားခဲ့သည်။
"အား"
ကျန်းရီသည် ခေါင်းအား လက်ဖြင့် ကိုင်လိုက်ကာ နာကျင်နေသော အမူအရာနှင့် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ သူသည် သူ၏ စိတ်ဝိညာဉ် ဆုတ်ဖြဲခံ လိုက်ရအလား ခံစားလိုက်ရသည်။ သူသာ ငွေလဝံပုလွေ၏ ဦးချိုအား ခိုင်မြဲစွာ ဆုပ်ကိုင်ထားခြင်း မရှိပါလျှင် ဝံပုလွေထက်မှ သူပြုတ်ကျ နေလောက်ပြီ ဖြစ်လေသည်။
"စိတ်ဝိညာဉ် တိုက်ခိုက်မှု ... ရွှေချမ်လော့ရဲ့ လျှို့ဝှက် သက်တော်စောင့်က စိတ်စွမ်းအား ပညာရှင်ပဲ"
လျှိုလောင်သည် ပြေးနေခြင်းကို ရပ်တန့်လိုက်ကာ ဆံပင်ဖြူနှင့် အဘွားအိုအား ထိတ်လန့်စွာ ကြည့်လိုက်လေသည်။ သူသည် ရွှေချမ်လော့၏ ဇစ်မြစ်အား ခန့်မှန်းထားပြီး ဖြစ်ရာ သူမတွင် အလွန် အားကောင်းသော လျှို့ဝှက်သက်တော်စောင့် တစ်ယောက်ရှိမှန်း သိထားခဲ့သည်။ သို့သော် ထိုလျှို့ဝှက် သက်တော်စောင့်သည် စိတ်စွမ်းအား ပညာရှင် တစ်ယောက် ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ ထိုကဲ့သို့သော လူများသည် တစ်ယောက်ယောက်အား ခြေရာလက်ရာ မချန်ဘဲ သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။
"ဟားဟား ... ကျန်းရီ ... သေလိုက်တော့"
ရွှေချမ်လော့သည် ကျန်းရီ သူမ၏ လျှို့ဝှက် သက်တော်စောင့်ထံမှ စိတ်ဝိညာဉ် တိုက်ခိုက်မှု ခံလိုက်ရသည်ကို မြင်လျှင် အလွန်ကျေနပ် သွားခဲ့သည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ပျောက်ကွယ် သွားသောကြောင့် သူမ၏ ပုံမှန်အင်အားကို ပြန်ရလာပြီ ဖြစ်လေသည်။
သူမအော်ဟစ် လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ လက်စွပ်တစ်ကွင်း လင်းလက်လာခဲ့ပြီး သူမ၏ လက်ထဲတွင် အနီရောင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ သူသည် ဓားရှည်တွင်းသို့ အတွင်းအားများ ဖြည့်သွင်းရင်း ခြေတစ်ချောင်း ထောက်ကာ အသာခုန်လိုက်သည်။ သူမသည် ချီစွမ်းအင်များ ပြည့်ဝနေသော အနီရောင် ဓားရှည်ဖြင့် ကျန်းရီအား ပိုင်းချလိုက်လေသည်။
"ကောင်းကင်အဆင့် လက်နက် ... အစ်ကိုကြီး ... ရှောင်လိုက်"
ချမ်ဝမ်ကွမ်၏ မျက်လုံးများသည် ကျွတ်ထွက်သွားမတတ် ပြူးကျယ် လာလေသည်။ သူသည် ကိုယ်အားတွန့်လိမ်၍ ရုန်းကန် လိုက်ပါသော်လည်း လျှိုလောင်သည် သူ့အားဆွဲကာ နောက်ဆုတ် သွားခဲ့သည်။ ရွှေချမ်လော့၏ လျှို့ဝှက် သက်တော်စောင့်သည် အားကောင်းလွန်းသည်။ သူတို့သာ ရွှေချမ်လော့နှင့် သူမကို ဆန့်ကျင်မိလျှင် တစ်ယောက်မှ ထွက်သွား နိုင်လိမ့်မည် မဟုတ်ပေ။
"အား"
ကျန်းရီသည် ခေါင်းကိုကိုင်၍ နာကျင်စွာ အော်ဟစ်နေတုန်းပင် ရှိသေးသည်။ စိတ်ဝိညာဉ် ထိခိုက်သွားရာမှ ရသော နာကျင်မှုသည် အလွယ်တကူ သက်သာသွားနိုင်မည့် အရာမဟုတ်ပေ။ ငွေလဝံပုလွေ မိစ္ဆာသည် ဉာဏ်ရည် နိမ့်ပါးလွန်းရာ ကျန်းရီထံမှ အမိန့်တိုင်းကို လက်ခံရရှိနိုင်ခြင်း မရှိပေ။ ၎င်းသည် ရွှေချမ်လော့၏ အသတ်ခံရဆဲဆဲ ဖြစ်နေသော်လည်း အရူးတစ်ကောင်ပမာ ပြေးလွှားကောင်း နေတုန်းပင် ရှိသေးသည်။
"သေစမ်း"
ရွှေချမ်လော့၏ ဓားရှည်ကျဆင်း လာသည်နှင့် ကျန်းရီ အော်ဟစ်လိုက်သည်။ သူ့မျက်မှာပေါ်မှ နာကျင်မှုသည် ချက်ချင်းပျောက်ကွယ် သွားခဲ့ပြီး အေးစက်စက် အမူအရာ ပြန်ဖြစ်သွားခဲ့သည်။ စောစောက နာကျင်မှုသည် လုံးဝဟန်ဆောင် နေခဲ့ခြင်းဟု ထင်ရလေသည်။
နာကျင်နေဟန်သည် ကျန်းရီပုံမှန် အတိုင်း ပြုမူနေခဲ့ခြင်းသာ ဖြစ်လေသည်။ သူ့စိတ်ဝိညာဉ်သည် နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီးနောက် သူ့မီးဝိညာဉ်သည် သူ့ထံ စွမ်းအားတစ်မျိုး လွှဲပြောင်းပေး လာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာခဲ့ပြီး နာကျင်မှုများ အားလုံး ပျောက်ဆုံးသွား ခဲ့လေသည်။
သူ ရွှေချမ်လော့အနီး ရောက်သွားနိုင်ရန် ထိုမျှ နာကျင် ဟန်ဆောင်လိုက်ခြင်း ဖြစ်လေသည်။ ယခုမူ ရွှေချမ်လော့သည် သူနှင့် အလွန်နီးကပ်နေပြီ ဖြစ်လေသည်။ ဤသို့သော အခွင့်အရေးကြီးကို သူဘာကြောင့် လက်လွှတ် ခံရမည်နည်း ... သူ့မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။ မီးဝိညာဉ်ကျောက်တုံး ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး သူသည် လက်ဝါးဖြင့် ရိုက်ထုတ် လိုက်လေသည်။ မီးဝိညာဉ် ကျောက်တုံးသည် ရွှေချမ်လော့သည် ကြယ်တစ်စင်း ကြွေသည့်အလား ပျံသန်းသွား ခဲ့လေသည်။
"သေစမ်း"
ရွှေချမ်လော့၏ လျှို့ဝှက် သက်တော်စောင့်သည် မျက်နှာချက်ချင်း ပျက်သွားခဲ့သည်။ သူမသည် ပြေးလာရင်း အော်ဟစ်လိုက်သည်။
"မျိုးမစစ်လေး ... မင်း လုပ်ရဲတယ်လား"
ထိုအသံသည် ကြောက်လန့်နေသော အသံပါပေ။ သူမပါးစပ် ဟလိုက်သော အချိန်တွင် သူမရှေ့ရှိ လေများသည် အဘက်ဘက်မှ တွန်းတိုက်ခြင်း ခံရသည့်အလား လှိုင်းဂယက်များ ဖြစ်သွားခဲ့သည်။
"စိတ်ဝိညာဉ် စုပ်ယူခြင်း အသံလှိုင်း"
လျှိုလောင်၏ မျက်နှာသည် ထပ်မံပျက်ယွင်း သွားခဲ့သည်။ သူသည် ကျန်းရီအား သေလူ တစ်ယောက်လို ကြည့်ကာ ပို၍ မြန်မြန် နောက်ဆုတ် လိုက်သည်။ ထိုစိတ်ဝိညာဉ် စုပ်ယူခြင်း အသံလှိုင်းသည် အလွန်အားပြင်းသော စိတ်ဝိညာဉ်တိုက်ခိုက်မှု အမျိုးအစား ဖြစ်လေသည်။ လှိုင်းကြောင့် ပုံမှန် သိုင်းသမားအများစု၏ စိတ်ဝိညာဉ်သည် ချက်ချင်း မေ့မျောသွား ပေလိမ့်မည်။
"အား ... အဘွားဟွင်း ... ကျွန်မကို ကယ်ပါ"
မီးဝိညာဉ်ကျောက်တုံး ထွက်ပေါ်လာသည့် ခဏတွင် ရွှေချမ်လော့သည် သေစေနိုင် လောက်သည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ အနီရောင်ကျောက်တုံး အပိုင်းအစလေးသည် သူ၏ အသက်အား အလွယ်လေး နှုတ်ယူသွားနိုင်သည့် သေမင်း၏ ဓားကောက်ကြီးနှင့် တူနေသည်ဟု သူထင်လိုက်မိသည်။ သူမမျက်နှာသည် ဖြူဖျော့နေခဲ့ပြီး သူမကိုယ်သည် ကြောက်လွန်း၍ တဆတ်ဆတ် တုန်နေရာ သနားစဖွယ် အော်ဟစ်လိုက်သည်။
မီးဝိညာဉ် ကျောက်တုံးသည် ရွှေချမ်လော့၏ အစိမ်းရောင် အရံအတားနှင့် ထိတွေ့သွား သောအခါ အစိမ်းရောင် မီးတောက်များ တောက်လောင် လာခဲ့သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း မြားကတောင် မထိခိုက် စေနိုင်ခဲ့သော အစိမ်းရောင် အရံအတားသည် ပျက်စီးသွားခဲ့ပြီး မီးဝိညာဉ် ကျောက်တုံးသည် ရွှေချမ်လော့ထံ ဆက်လက် ပျံသန်းသွားကာ သူမ၏ အစိမ်းရောင် ဝတ်စုံနှင့် ထိသွားခဲ့လေသည်။
ထိုအချိန်တွင် ဝတ်စုံသည် အစိမ်းရောင် ရောင်စဉ်တန်းများ ထွက်ပေါ်လာခဲ့သည်။ ဝတ်စုံထက်ရှိ ခေါင်းလောင်း လေးများသည် ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားကာ တချွင်ချွင် မြည်သံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်တော့ ထူးဆန်းသော အဖြစ်အပျက်တစ်ခု
ရွှေချမ်လော့၏ ကိုယ်သည် သူမရပ်နေသော နေရာမှ ချက်ချင်း ကွယ်ပျောက် သွားခဲ့ပြီး ပေရာပေါင်းများစွာ ဝေးသော တစ်နေရာတွင် ချက်ချင်း ပြန်ပေါ်လာခဲ့သည်။ သူမ၏ ဝတ်စုံထက်မှ ခေါင်းလောင်း လေးများမှာ ပေါက်ကွဲလျက်သား ဖြစ်နေပြီး ဝတ်စုံထက်တွင် အပေါက်လေးများစွာ ရှိနေလေသည်။ မူလက လှပထည်ဝါလွန်းသော ဝတ်စုံသည် ယခုမူ မှိန်ဖျော့ကာ အလွန်အရုပ်ဆိုး အကျည်းတန် သွားခဲ့သည်။
"အား"
ဆက်တိုက်ဆိုသလို ကျန်းရီ၏ ခေါင်းသည် ပေါက်ကွဲ သွားတော့မတတ် နာကျင်လာခဲ့ ပြန်သည်။ ထိုဆံဖြူ အဘွားဟွင်း၏ စိတ်ဝိညာဉ် စုပ်ယူခြင်း အသံလှိုင်းသည် ပထမ တိုက်ခိုက်မှုထက် အဆများစွာ အားကောင်းပေသည်။ သူ့စိတ်သည် မေ့မျော သွားတော့မည်ဟု ကျန်းရီ ခံစားလာရသည်။ သူသာ မေ့မျောသွားလျှင် ချက်ချင်းသေဆုံး သွားပေလိမ့်မည်။
မီးဝိညာဉ်ပုလဲသည် ချက်ချင်း တောက်ပလာကာ အမည်မသိသော စွမ်းအင် တစ်မျိုးသည် ကျန်းရီ၏ ကိုယ်ထဲ စီးဝင်လာ ခဲ့ပြန်သည်။ သူ့စိတ်ထဲတွင် ရွှေရောင်အလင်း တောက်ပလာခဲ့ပြီး နာကျင်နေမှုများ အလျင်အမြန် သက်သာသွားခဲ့သည်။ သို့သော် ခါးသက်သော အရသာကို သူခံစားလိုက်ရ၍ မျက်နှာမှာ ရှုံ့မဲ့နေခဲ့သည်။ သေခြင်းနှင့် ရှင်ခြင်း မျဉ်းထက်တွင် လွန်ဆွဲရသည့် ခံစားချက်ကို သူကောင်းကောင်းကြီး သိသွားခဲ့ပေပြီ။
"စိတ်ဝိညာဉ် တိုက်ခိုက်မှု ပျက်စီးသွားတာလား ... ကလေး ... မင်းဒီနေ့ သေရမယ်"
အော်သံတစ်ခုသည် ကျန်းရီအား မှင်သက်နေရာမှ သတိဝင်လာစေသည်။ အဘွားဟွင်းသည် သူ့ထံ အရိပ်တစ်ခုအလား ပြေးလာခဲ့ပေပြီ။ ကျန်းရီတွင် စိတ်ဝိညာဉ်အား အကာအကွယ် ပေးသည့် ရတနာတစ်ခုရှိမှန်း သူမ သိသွားဟန် တူလေသည်။ သူမသည် စိတ်ဝိညာဉ် တိုက်ခိုက်မှုများ မလုပ်တော့ဘဲ ဓားရှည် တစ်ချောင်းကို ထုတ်ကာ အနက်ရောင် လှိုင်းများ ဖြစ်သည်အထိ ဝှေ့ယမ်းကာ ကျန်းရီအား ပိုင်းချလာခဲ့သည်။
"ပြေး"
ကျန်းရီသည် ငတုံးမဟုတ်ပေ။ သို့သော် ရွှေချမ်လော့ မည်သို့သော မှော်အတတ် သုံးသွားသည်ကို သူမသိ ... ထူးဆန်းသော အစိမ်းရောင် ဝတ်စုံတွင် သူမအား ပေပေါင်းများစွာ အကွာအဝေးသို့ ပို့ဆောင် ပေးနိုင်သည့် စွမ်းရည် ရှိနေခြင်းလည်း ဖြစ်နိုင်သည်။ အဘွားဟွင်းတွင် ဤကဲ့သို့သော အမြန်နှုန်း ရှိနေရာ သူ့တွင် ရွှေချမ်လော့အား သတ်ဖြတ်ရန် အခွင့်အရေး မရှိနိုင်တော့ပေ။
ယနေ့ သူသည် ရွှေချမ်လော့ ပိုင်ဆိုင်သော ချီလင်တစ်ကောင်ကို သတ်လိုက်နိုင်ခြင်းနှင့် သူမ၏ ရှားပါးရတနာ တစ်ခုအား ဖျက်ဆီး လိုက်နိုင်ခြင်းက အတော်လေး လုံလောက်နေခဲ့ပြီ ဖြစ်လေသည်။ ပြေးလာနေသော စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်ထံမှ လွတ်အောင်မပြေးနိုင်လျှင် သူသေဖို့သာ ရှိတော့သည်။
"ငွေလဝံပုလွေ ... နတ်ဆိုးစွမ်းအားကို ထုတ်လိုက်တော့ ... အားကုန်ပြေးလို့ရပြီ"
သူ့အမိန့်ပေး လိုက်သည်နှင့် ဝံပုလွေကြီး၏ ဂျိုသည် လင်းလက် သွားခဲ့သည်။ ခရမ်းရောင် အလင်းတန်းသည် အဘွားဟွင်းထံ ပျံသန်းသွားခဲ့ပြီး ဝံပုလွေသည် နောက်လှည့်ကာ အားကုန် ပြေးတော့သည်။
အဘွားဟွင်းသည် ဝံပုလွေကြီး၏ နတ်ဆိုးစွမ်းအားကို အလွယ်တကူ ရှောင်တိမ်း လိုက်နိုင်သည်။ ခရမ်းရောင် အလင်းသည် လေထုကိုခွင်း၍ မနီးမဝေးရှိ တောအုပ်ထံ ပျံသန်း သွားခဲ့သည်။ ခရမ်းရောင် အလင်းတန်း ဖြတ်သန်း သွားသည့် နေရာတိုင်းသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲ သွားခဲ့သည်။
"ထွက်ပြေးဖို့ ကြိုးစားတာလား ... သေစမ်း"
ဝံပုလွေကြီးသည် မနီးမဝေးမှ အစွမ်းကုန် ပြေးလွှားနေသည်ကို မြင်လျှင် အဘွားဟွင်းသည် အတော်ဒေါသ ထွက်လာခဲ့သည်။ သူမသည် လက်ကို မြှောက်လိုက်ရာ ဓားအလင်းတန်း တစ်ခုသည် ကျန်းရီနောက် လိုက်သွား ခဲ့လေသည်။
"ငွေလဝံပုလွေ ... ဘယ်ဘက်ကိုကွေ့"
အေးစက်စက် အရှိန်အဝါအား ခံစားမိသည်နှင့် ကျန်းရီသည် ဝံပုလွေကြီးအား ချက်ချင်း အမိန့်ပေးလိုက်သည်။ ကံကောင်း၍ ဝံပုလွေကြီးသည် လခြမ်းကွေးသဏ္ဌာန် ဓားအလင်းအား ပွတ်ကာသီကာလေး ရှောင်လိုက်နိုင်သည်။ တတိယအဆင့် နတ်ဆိုးသားရဲများ၏ အင်အားသည် ဒုတိယအဆင့် နတ်ဆိုးသားရဲများနှင့် အတော်လေး ကွာခြားသည်။ ၎င်းတို့သည် နတ်ဆိုးစွမ်းအား ထုတ်သုံး ပြီးသည့်အခါ အမြန်နှုန်း အနည်းငယ် လျော့ကျသွားသည်မှ လွဲ၍ များများစားစား သက်ရောက်မှု မရှိပေ။
"ဗုန်း"
လေကို ခွင်းသွားသော ဓားအလင်းသည် ရှေ့တည့်တည့်ရှိ တောအုပ် တစ်ကွက်လုံးကို ဖျက်ဆီး သွားခဲ့သည်။ ထိုဓားအလင်းသည် တောအုပ်၏ ပေရာပေါင်း များစွာကို ဖျက်ဆီးပြီးမှ ပျောက်ကွယ် သွားခဲ့သည်။
"အလိုလေး"
ကျန်းရီသည် လုံးဝ တုန်လှုပ် သွားခဲ့သည်။ သူနောက်လှည့် ကြည့်လိုက်သော် အဘွားဟွင်းသည် လျှပ်စီးအလား ပြေးလိုက်လာ နေသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ အမြန်နှုန်းသည် ငွေလဝံပုလွေအောက် လျော့နည်းခြင်း မရှိပါပေ။ အဘွားဟွင်းသည် အနည်းဆုံး စိတ်ဝိညာဉ် မျောလွင့်ခရီးသည် သတ္တမအဆင့်၊ အဋ္ဌမ အဆင့်လောက်တွင် ရှိရပေမည်။ မဟုတ်ပါက ငွေလဝံပုလွေနှင့် တူညီသော အမြန်နှုန်း ရှိမည် မဟုတ်ပေ။
အဘွားဟွင်းသည် နောက်ထပ် အတွင်းအားသုံး၍ သူ့အား ဓားအလင်းတန်းဖြင့် ပစ်တော့မည်ကို မြင်သောအခါ သူအကြံတစ်ခု ရသွားခဲ့သည်။ ရုတ်တရက် သူသည် ညာဘက်ခြမ်းသို့ ကြည့်ကာ အော်ဟစ်လိုက်သည်။
"ကျန်းစွန်းဝူကျိ ... မင်းဘာလို့ ဆက်ပုန်း နေသေးတာလဲ ... တစ်ယောက်ယောက်ကို ခေါ်ပြီး ရွှေချမ်လော့ကို မြန်မြန် သွားသတ်တော့ ... သူမရဲ့ ရတနာတွေကို ငါတို့ပိုင်ပြီ"
***