← Chapters

ကမ္ဘာပျက်သုဉ်းခြင်း ငွေလည်ဆွဲ

Vol. 1 Ch. 157

ကမ္ဘာပျက်သုဉ်းခြင်း ငွေလည်ဆွဲ

Vol. 1 Ch. 157

အဘွားဟွင်း တစ်ယောက် လှည့်စားခံလိုက် ရလေသည်။ သူမသည် ချက်ချင်း ရပ်တန့်သွားကာ ရွှေချမ်လော့ထံ ချက်ချင်း ပြန်ပြေးသွားခဲ့သည်။ သူမသည် လှည့်စားမှု သက်သက်ဟု ခန့်မှန်း မိသော်လည်း လျှို့ဝှက် သက်တော်စောင့် တစ်ယောက်အနေနှင့် ရွှေချမ်လော့၏ လုံခြုံရေးသည်သာ ပထမဦးစားပေး ဖြစ်လေသည်။ ယခုတွင် ရွှေချမ်လော့၏ အကာအကွယ် ရတနာ ဝိညာဉ်ခေါင်းလောင်း ဝတ်စုံသည် ဖျက်ဆီး ခံထားရသည် ဖြစ်ရာ အဘွားဟွင်းအား ပို၍ စိုးရိမ်စေလေသည်။ ဝိညာဉ် …

"ပြေး ... သင်တန်းကျောင်းကို ပြန်မယ်"

ကျန်းရီသည် စိတ်သက်သာရာ ရကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝံပုလွေကြီးအား ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ အမြန်ဆုံး ပြေးသွားရန် ထိန်းချုပ်လိုက်သည်။ သင်တန်းကျောင်းဝင်း အတွင်း ကျူးကော့ချမ်ယွမ် ရှိနေရာအနီး ရွှေချမ့်လောနှင့် အဘွားဟွင်းသည် သူ့နောက်သို့ မျက်နှာပြောင် တိုက်၍ လိုက်မလာ လောက်ပေ။

"ဆိုးလိုက်တဲ့ကံ"

ပြေးလွှားနေသော ငွေလဝံပုလွေထက် ထိုင်နေရင်းမှ ကျန်းရီ မကျေမနပ် ရေရွတ်လိုက်သည်။ ပြိုကျသွားသော ကျောက်ကမူစွန်း ထက်တွင် ကျောက်ဂူရှိနေခဲ့ပြီး ကျောက်ဂူထဲတွင် သူလွန်ခဲ့သည့် ရက်နည်းနည်းက တိုက်ပွဲများတွင် ရရှိခဲ့သော ပစ္စည်းများ ရှိနေခဲ့သည်။ ချမ်ခွမ်းသည် သူ့လူများကို စေလွှတ်ကာ ထိုပစ္စည်းများအား ဝိညာဉ်သားရဲမြို့သို့ နေ့တိုင်း ပို့ဆောင်စေ၍ ချမ်ဂိုဏ်း၏ အရောင်းဆိုင် များတွင် ရောင်းဝယ်ဖောက်ကား စေလေသည်။ ကျန်းရီသည် သက်သက် ဒုက္ခများသည်ဟု ဆိုကာ ချမ်ခွမ်းအား ငါးရက်တွင် တစ်ကြိမ်သာ ပို့ဆောင်စေလေသည်။ ယခုမူ ခရမ်းရောင်ရွှေ တစ်သောင်းကျော် တန်ဖိုးသည် အလဟဿ ဖြစ်သွားခဲ့ပြီ ဖြစ်သလို နေထိုင်၍ ကောင်းမွန်သော ကျောက်တုံးဂူ သည်လည်း ပျက်စီး သွားခဲ့လေပြီ ... ထိုအကြောင်းကို တွေးမိလိုက်တိုင်း ကျန်းရီ အံတကြိတ်ကြိတ် ဖြစ်နေ ရလေသည်။

ကျန်းရီသည် တစ်စုံတစ်ခုကို တွေးမိသွားကာ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။ ရွှေချမ်လော့သည် ရဲရင့်၍ တိုက်ပွဲများကို နှစ်သက်သူ တစ်ယောက် ဖြစ်လေသည်။ ဤကဲ့သို့သော လောကကြီး၏ ရက်စက်မှုများကို မသိသော ဂုဏ်သရေမြင့် မမလေး တစ်ယောက်သည် သူ့အား ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင်ဟု သိလျှင်တောင် သူရှိနေသော နေရာ အတိအကျကို သိလိမ့်မည် မဟုတ်ပေ။ ချမ်ဝမ်ကွမ်သည် ရွှေချမ်လော့ မည်သူဖြစ်မှန်း သိနေ၍ သူမအမေသည် နယ်မြေ တစ်ခုလုံး၏ နံပါတ်တစ် သိုင်းပညာရှင်ဟုတောင် ပြောခဲ့သေးသည်။ ဘာလို့ ချမ်ဝမ်ကွမ်က သူ့ကို ကြိုပြီး သတင်း မပေးခဲ့တာလဲ။

ပူးပေါင်းကြံစည်မှု …

ကျန်းရီသည် ပူးပေါင်းကြံစည်မှု တစ်ခု ရှိနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ချမ်ဝမ်ကွမ်အား သံသယ မရှိသော်လည်း နောက်ကွယ်တွင် တစ်ယောက်ယောက်မှ ကြိုးကိုင်၍ အကွက်ချ နေသည်ဟု ခံစားရနေသည်။ သူတို့၏ ရည်ရွယ်ချက်သည် ရွှေချမ်လော့အား အသုံးချ၍ သူ့အားသတ်ရန် ဖြစ်လေသည်။

"ဝှစ်"

ငွေလဝံပုလွေ ကြီးသည် ဟေးယွင်တောင်မှ ဆင်းသက်ကာ ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ ပြေးသွား ခဲ့လေသည်။ သူဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နယ်နိမိတ်အတွင်း ပြေးဝင် သွားသည့်အခါ အနီးတစ်ဝိုက်တွင် လှည့်လည် စောင့်ကြပ်နေကြသော ကင်းလှည့်အဖွဲ့သည် တုန်လှုပ် သွားကြလေသည်။ အဖွဲ့တွင်းမှ လူများအားလုံးသည် ခရမ်းရောင် နန်းတော်ရှင် အဆင့်များ ဖြစ်ကြသော်လည်း ကောင်းကင်သည် မှောင်မည်းနေခဲ့ပြီ ဖြစ်ရာ သူတို့သည် အရိပ်တစ်ခု ဖြတ်သန်း သွားသည်ဟု ခံစား မိလိုက်ကြသည်။ သူတို့သည် မျက်လုံးများကို ပွတ်သပ်ကာ သေချာ ကြည့်လိုက်ကြသော် ဘာကိုမှ မမြင်ရတော့ရာ သူတို့ သရဲခြောက်ခံရသည် ဟုသာ တွေးလိုက် ကြလေသည်။

"မျိုးမစစ်လေး ... ထွက်ပြေးဖို့ ကြိုးစား နေတုန်းလား ... သေဖို့ပြင်ထား"

အော်သံကြီး တစ်ခုသည် ဟေးယွင်တောင်မှ ဟိန်းထွက်လာခဲ့သည်။ အဘွားဟွင်းသည် ရွှေချမ်လော့အား သယ်ဆောင်ကာ အားကောင်းသော အရှိန်အဝါများ ထုတ်လွှင့်လျက် အားကုန် ပြေးနေခဲ့သည်။ သတ်ဖြတ်လိုသော အရှိန်အဝါသည် အားကောင်းလွန်း နေရာ မိုင်ပေါင်းများစွာ အဝေးရှိ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ကင်းလှည့်အဖွဲ့သည် ထိတ်လန့် သွားရလေသည်။

"အချက်ပြ မီးရှူးလွှင့်ပြီး ... အကူအညီ တောင်းလိုက်"

ကင်းလှည့်အဖွဲ့သည် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်တစ်ယောက်နှင့် ရင်မဆိုင်ရဲပေ။ သူတို့ထဲမှ တစ်ယောက် အော်ဟစ် လိုက်သည်နှင့် အချက်ပြ မီးရှူးများစွာတို့သည် ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။ ၎င်းတို့သည် အနက်ရောင် ကောင်းကင်ကို နောက်ခံထား၍ လေထဲတွင် ပေါက်ကွဲ သွားကြသည်မှာ အလွန်ခမ်းနား လှပနေလေသည်။

ရူးနေတဲ့ အဘွားကြီး တစ်ယောက်နဲ့ ရူးနေတဲ့ မိန်းကလေး တစ်ယောက် …

ကျန်းရီသည် နောက်လှည့် ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် ဒေါသ အရိပ်အယောင်များကို တွေ့မြင် နိုင်လေသည်။ သူသည် မနီးမဝေးရှိ မိုးထိတမျှ မြင့်နေသော ဝိညာဉ်သားရဲ တောင်ကြီးကို ကြည့်ကာ လူယုတ်မာပြုံး ပြုံးလိုက်သည်။

"ရူးနေတဲ့ အမျိုးသမီးနှစ်ယောက် ... ဒီသခင်လေးက ဒီမှာလေ ... သတ္တိရှိရင် လာပြီး သတ်လိုက်စမ်းပါ ..."

"အဘွားဟွင်း ... သူ့ကို သတ်ပေးပါ ... မဟုတ်ရင် ကျွန်မ အသက်မရှင် ချင်တော့ဘူး"

အဘွားဟွင်းသည် ကောင်းကင်ထက်ရှိ အချက်ပြ မီးရှူးများကို မြင်သည့်အခါ အနည်းငယ် တွေဝေသွားခဲ့သည်။ တစ်ဖက်တွင် ရွှေချမ်လော့သည် ကျန်းရီထံမှ စော်စော်ကားကား မခန့်လေးစား စကားများကို ကြားလိုက်ရာ အတော်လေး ဒေါသထွက်နေ ခဲ့လေသည်။

သူမ တစ်ဘဝလုံးတွင် ဤကဲ့သို့ မကျေနပ်မှုမျိုး တစ်ခါမှ မခံစားဖူးခဲ့ပေ။ ကြယ်တံခွန်ကျွန်းမှ မြောက်ဘက် လျန်နိုင်ငံ၊ လျန်နိုင်ငံမှ ရှန်ဝူနိုင်ငံတော်သို့ လာရာ လမ်းတစ်လျှောက်တွင် သူမ တစ်ခါမှ မရှုံးနိမ့်ခဲ့ပေ။ ယခုမူ ကျန်းရီသည် သူမမျက်နှာကို ညစ်ပတ်သွားအောင် လုပ်လိုက်ရုံသာမက သူမ၏ ငယ်ဘဝ ကစားဖက် အနက်ရောင် ချီလင်ကြီးကို သတ်လိုက်သည်။ ထို့ပြင် သူမအမေ လက်ဆောင် ပေးထားသော ဝိညာဉ်ခေါင်းလောင်း ဝတ်ရုံအားလည်း ဖျက်ဆီးခဲ့သေးသည်။ သူမစိတ်ထဲတွင် မည်မျှ ဒေါသ ထွက်နေသည်ကို ပြောမပြ တတ်အောင်ပင် ...

အဘွားဟွင်း သည်လည်း အတော် ဒေါသ ထွက်နေခဲ့သည်။ သူမသည် အစက ကျန်းရီအား မြင်ချိန်တွင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်သာ ရှိသဖြင့် ကျန်းရီ အနက်ရောင်ချီလင်ကို မသတ်လိုက်ခင် အထိ သူ့အား လုံးဝ အထင်မကြီးခဲ့ပေ။ အနည်းငယ် အလှမ်းဝေးနေသောသည့် အပြင် အနက်ရောင် ချီလင်ကြီးသည် သူမ၏ အမြင်အား ကွယ်ထားသလို ဖြစ်နေရာ ကျန်းရီ မည်သို့ အနက်ရောင် ချီလင်ကြီးကို သတ်လိုက်သည်ကို သူမ မမြင်လိုက်ရပေ။

သူမ ကြယ်တံခွန် ကျွန်းသို့ ပြန်ရောက်သော အခါ တွေးတော ကြည့်နိုင်ပေမည်။ သို့သော် ရွှေယို့လန်ကို သူမ မည်သို့ ရှင်းပြရမည်မှန်း မသိပေ။ သူမသည် ဤမင်းသမီး ငယ်လေး၏ စိတ်နေ စိတ်ထားကို ကောင်းကောင်း သိလေသည်။ သူမသာ ကျန်းရီကို မသတ်လျှင် မင်းသမီးလေးသည် မရပ်မနား ပူကျီပူကျီ လုပ်နေ ပေလိမ့်မည်။ အဘွားဟွင်း၏ မျက်လုံးများသည် နှစ်ကြိမ်မျှ မှေးကျဉ်းသွားခဲ့ပြီး အံကိုကြိတ်ကာ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နယ်နိမိတ်အတွင်း ပြေးဝင် သွားလေသည်။

"မင်းသမီးလေး ... ကျွန်မကို ကောင်းကင်နတ်ဆိုး ပိုးချည် ငှားလို့ရမလား ... ဒီကောင်လေးကို မသတ်ခင် အရင်ဖမ်းမိဖို့ လိုတယ် ... ငွေလဝံပုလွေမိစ္ဆာရဲ့ အရှိန်က အရမ်း မြန်လွန်းတယ် ... ဒီအတိုင်းဆို သူ့ကို မမီနိုင်မှာ စိုးရတယ်"

အဘွားဟွင်းသည် အသားကုန် ပြေးနေရင်းမှ ရွှေချမ်လော့အား စကား ပြောလိုက်သည်။ ရွှေချမ်လော့သည် သံသနှင့် မေးမြန်းလိုက်သည်။

"အဘွားဟွင်း ... ကောင်းကင်နတ်ဆိုး ပိုးချည်က ကျွန်မရဲ့ စိတ်ဝိညာဉ်နဲ့ အနည်းငယ် ပေါင်းစပ်ထားပြီးပြီ ... အဲဒါကို အဘွားဟွင်း သုံးလို့ရပါ့မလား"

"ကျွန်မရဲ့ စိတ်ဝိညာဉ်က သန်မာပါတယ် ... မင်းသမီးလေးနဲ့ ပိုးချည်ရဲ့ အကြားက ဆက်သွယ်မှုကို လွယ်လွယ် ဖျက်လို့ရပါတယ်"

အဘွားဟွင်းသည် တစ်ဆက်တည်း ပြောလိုက်သည်။

"မြန်မြန် ... ဒီကောင်လေး ဝိညာဉ်သားရဲ သင်တန်းကျောင်းထဲကို ရောက်သွား တော့မယ် ... အဲဒီ ကျူးကော့ချမ်ယွမ်က မင်းသမီးလေးရဲ့ မယ်တော်ကို ရန်မစရဲပေမဲ့ ... ကျွန်မတို့ သင်တန်းကျောင်း ထဲမှာ ပြဿနာ ရှာမိရင် သူဝင်ပါလာလိမ့်မယ် ... သူ့ဂုဏ်သတင်းကို သူထိန်းသိမ်းဖို့တော့ လိုသေးတယ်လေ"

"ကောင်းပြီ"

ရွှေချမ်လော့၏ ရှေးဟောင်း နတ်ဘုရားလက်စွပ် လင်းလက်သွားခဲ့ပြီး ရှည်လျားသော ငွေရောင်ပိုးချည် တစ်စ ထွက်ပေါ်လာခဲ့သည်။ အဘွားဟွင်း၏ မျက်လုံးများမှ အနက်ရောင် အလင်းတန်း ထွက်ပေါ် လာခဲ့ပြီး ကောင်းကင်နတ်ဆိုး ပိုးချည်ထံ ကျဆင်းသွားခဲ့သည်။ သူမသည် ကောင်းကင်နတ်ဆိုး ပိုးချည်ကို လက်တစ်ဖက်နှင့် ကိုင်ကာ အတွင်းအားများ ထည့်လိုက်ပြီး အော်ဟစ်လိုက်သည်။

"သွားတော့"

"ရွှစ်"

ကောင်းကင်နတ်ဆိုး ပိုးချည်သည် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့ပြီး လေထုကိုခွင်း၍ ကျန်းရီနောက် ပြေးလိုက် သွားခဲ့လေသည်။

"ဒါက ဘာကြီးလဲ"

ကျန်းရီသည် နောက်ကို လှည့်ကြည့် လိုက်ကာ ကောင်းကင်ထက်မှ ငွေရောင် အလင်းတစ်စအား တွေ့မြင် လိုက်ရသည်။ သူ့လက်မှ မီးဝိညာဉ်ပုလဲကို ထုတ်၍ ကိုင်ထားကာ အော်ဟစ်လိုက်သည်။

"ငွေလဝံပုလွေ ... ဘယ်ဘက်ကို ရှောင်လိုက်"

"ရွှစ်"

ငွေရောင် ပိုးချည်စသည် ဝံပုလွေကြီး ရှောင်တိမ်း လိုက်သော နေရာတိုင်းသို့ လိုက်လာနိုင်စွမ်း ရှိမည်ဟု သူမထင်ထားမိပေ။ ၎င်းသည် အဝေးရှိ သူ့အား လှမ်းဖမ်း နိုင်သည့်ဟန် ရှိလေသည်။ ကျန်းရီသည် စိတ်ထဲမှ ကျိန်ဆဲ လိုက်သော်လည်း ပိုးချည်စအား ထိမည်ဟု မသေချာသဖြင့် မီးဝိညာဉ် ကျောက်တုံးအား အလျင်စလို ထုတ်မသုံးဝံ့ပါချေ။

နယ်မြေရဲ့ နံပါတ်တစ် သိုင်းပညာရှင်ရဲ့ သမီး ... သူမမှ ရတနာတွေ အတော်ပေါမှာပဲ ... အဲဒီအမေက သူ့သမီးကို အတော်လေး အလိုလိုက်ထားလို့ သူမ ဒီလိုပျက်စီးပြီး ထင်ရာစိုင်းနေတာ။

ကျန်းရီသည် လုပ်နိုင်တာ မရှိ၍ သူ့ကံဆိုးမှုကိုသာ အပြစ်တင်နေ လိုက်သည်။ သူသည် ငွေလဝံပုလွေအား အမြန်ဆုံးနှုန်းနှင့် သင်တန်းကျောင်း ဆီသာ ပြေးခိုင်း နိုင်လေသည်။ လက်ရှိတွင် သူသည် သင်တန်းကျောင်းနှင့် ပေတစ်ထောင်ခန့်သာ ဝေးတော့သည် ဖြစ်ပြီး သင်တန်းကျောင်းဆီ ရောက်ရန် အချိန်အနည်းငယ် လိုလေသည်။

"ရွှစ်"

ကောင်းကင်နတ်ဆိုး ပိုးချည်သည်လည်း မြန်ဆန် လွန်းပေသည်။ ပိုးချည်သည် မြန်လွန်းနေရာ ကျန်းရီနှင့် ဝံပုလွေကြီးသည် မရှောင်တိမ်း နိုင်တော့ပဲ ဖက်ထုပ်များအလား ချည်နှောင် ခံလိုက်ရသည်။ ငွေလဝံပုလွေသည် အစက ပြေးနေခဲ့သော်လည်း သူတို့ရှေ့တွင် ကျောက်တုံးကြီး တစ်ခု ကာဆီးနေ၍ အနည်းငယ် နှေးကွေး သွားခဲ့ရခြင်း ဖြစ်လေသည်။

"ဒါကဘာလဲ ... ဘာလို့ ဒီလောက် ကံဆိုး နေရတာလဲ"

ကျန်းရီသည် အဖြူရောင် အလင်းတစ်ခု ကိုသာ ခံစားလိုက်ရပြီး မလှုပ်ရှား နိုင်တော့ပေ။ သူ ရုန်းကန် ကြည့်သေး သော်လည်း ရုန်းလေလေ ပိုးချည်သည် တင်းကျပ် လာလေလေ ဖြစ်လာခဲ့သည်။ သူ့အား ချုပ်နှောင်ထားမှုသည် တင်းကျပ်နေလေရာ အသက်ပင်ဝဝ မရှူနိုင်တော့ပေ။

မီးဝိညာဉ် ကျောက်တုံး

ကျန်းရီသည် အံကိုကြိတ်၍ မီးဝိညာဉ် ကျောက်တုံးအား ထုတ်ရန် ပြင်ဆင် လိုက်သည်။ သို့သော် သူသည် တစ်ခုခုကို တွေးမိသွားကာ ဆွံ့အ သွားရလေသည်။ မီးဝိညာဉ် ကျောက်တုံးသည် အားပြင်းလွန်းရာ ထွက်ပေါ် လာသည်နှင့် ငွေလဝံပုလွေကြီး အရည်ပျော်သွား နိုင်ပေသည်။

သူ့ကိုယ်ပေါ်တွင် ဝိညာဉ်သားရဲ အဆောင်ရှိနေရာ သူအတွင်းအား သုံးနိုင်နေသ၍ ငွေလဝံပုလွေကြီးအား ဝိညာဉ်သားရဲ အဆောင်အတွင်း ပြန်သိမ်း နိုင်လေသည်။ ပြဿနာသည် သူ တစ်လက်မ လေးတောင် မလှုပ်နိုင်ရာ ဝိညာဉ်သားရဲ အဆောင်အား မည်သို့ ထုတ်ယူရမည်နည်း ... ဝိညာဉ်သားရဲ အဆောင်သည် မီးဝိညာဉ် ပုလဲလိုမျိုး သူ့စိတ်နှင့် ထိန်းချုပ်၍ ရသည့်အရာ မဟုတ်ပေ။

အဘွားဟွင်းသည် အလွန် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ သူမသည် ဤသို့ အရေးကြီးသည့် ကိစ္စကို သေချာ တွက်ချက်ကာ ကောင်းကင် နတ်ဆိုးပိုးချည်ကို ရင်းလိုက်ခြင်း ဖြစ်လေသည်။ ဟုတ်ပါသည် ... သူမလုပ်နိုင်တာ မရှိတော့၍ အလောင်းအစား လုပ်လိုက်ခြင်း ဖြစ်လေသည်။ ကျန်းရီသည် ငွေလဝံပုလွေ မိစ္ဆာအား မစတေးရဲသည်ကို ကြည့်လျှင် သူမ အလောင်းအစား နိုင်သွားခဲ့သည်မှာ သေချာလေသည်။

"မင်းသမီးလေး ... ကမ္ဘာပျက်သုဉ်းခြင်း ငွေလည်ဆွဲကို ထုတ်ပြီး ကျန်းရီကို ပစ်လိုက်ပါတော့"

သူမသည် ကျန်းရီနှင့် ပေတစ်ထောင် ခန့်သာ ကွာဝေးတော့သည်။ သူမ သယ်ဆောင်လာသော ရွှေချမ်လော့သည် ကမ္ဘာပျက်သုဉ်းခြင်း ငွေလည်ဆွဲအား ကျန်းရီထံ ပစ်လွှတ်လိုက်သည်။ တစ်ဖက်တွင် အဘွားဟွင်းသည် ကောင်းကင်နတ်ဆိုး ပိုးချည်ကို လည်ဆွဲ ကျန်းရီအား မထိလိုက်ခင် လေးတွင် ပြန်လည် သိမ်းဆည်း နိုင်ရန်သာ အာရုံစိုက်ထား လိုက်သည်။ ဤနည်းဖြင့် ကျန်းရီသည် အလွယ်တကူ အမှုန့်ဖြစ်သွား ပေလိမ့်မည်။

***

All Chapters