အပိုင်း(၁၅၈)
Vol. 1 Ch. 158
မင်းကို ဒီလူအိုကြီးက လက်ဝါးတစ်ချက်နဲ့ သတ်လိုက်မယ်ဆို ယုံမလား။
"အမှုထမ်းဟွင်း ... မင်းက ငါ့ပိုင်နက်ထဲ လာပြီး ငါ့လူကို သတ်ဖို့ လုပ်တာက လွန်မနေဘူးလား"
ထိုအချိန်တွင် သင်တန်းကျောင်း၏ အတွင်းဘက် အဆောင်တစ်ခုမှ အိုမင်းနေ၍ သြဇာ ညောင်းလှသော အသံတစ်ခုသည် ပြင်းထန်သော အရှိန်အဝါနှင့် အတူ ထွက်ပေါ် လာလေသည်။ ထိုအရှိန်အဝါသည် ဝိညာဉ် သားရဲတောင်၏ ပေတစ်ရာ ပတ်လည်အား ချက်ချင်း လွှမ်းခြုံ သွားခဲ့သည်။
ထိုအရှိန်အဝါ လွှမ်းခြုံလိုက်သည့် ခဏတွင် အဘွားဟွင်းနှင့် ရွှေချမ်လော့တို့သည် အေးခဲသွားသည့် အလား ခံစားလိုက်ရကာ နေရာတွင်ပင် ရပ်တန့်နေခဲ့သည်။ ငွေလည်ဆွဲ၏ အရှိန်သည်လည်း လျော့ကျ သွားခဲ့သည်။
ထူးဆန်းသည်မှာ ဝိညာဉ်သားရဲ သင်တန်းကျောင်းရှိ ဘယ်သူမှ ထိုအရှိန်အဝါ၏ ဖိအားကို မခံစားရဘဲ ကျူးကော့ချမ်ယွမ်၏ အော်ဟစ်သံကြီးကိုသာ ကြားခဲ့ ကြလေသည်။ ကျောင်းသား အများစုသည် လန့်သွားကြကာ သူတို့နေထိုင်ရာ အဆောင်အသီးသီးမှ ထွက်လာခဲ့ကြသည်။ ဆရာများနှင့် ဒုကျောင်းအုပ်များသည်မူ အချက်ပြမီးရှူးအား မြင်လိုက်ကြရာ တောင်ဘက် အဆောင်တွင်းမှ ပြေးထွက်လာကြသည်။
"ရှပ် ... ရှပ် ... ရှပ်"
ကျန်းရီသည် ကျူးကော့ချမ်ယွမ်၏ အသံကို ကြားလိုက်သော အခါ အနည်းငယ် စိတ်အေး သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် မြေထဲမှ တိုးညင်းသော အသံတစ်သံ ကြားလိုက်ရသည်။ အသံသည် တဖြည်းဖြည်းနှင့် ကျယ်လာခဲ့ပြီး ရုတ်တရက် မြေကြီးထဲမှ လက်တစ်ဖက် ထွက်လာကာ ကျန်းရီနှင့် ငွေလဝံပုလွေကြီးအား မြေထဲသို့ ဆွဲချသွားခဲ့သည်။
"အာ့"
ကျန်းရီသည် လန့်ဖျပ်သွားခဲ့ပြီး မီးဝိညာဉ် ကျောက်တုံးအား သုံးရန် ပြင်လိုက်သည်။ သူ့အား ဆွဲသွားသော သူသည် တိုးတိုး ကပ်ပြောလာခဲ့သည်။
"ကောင်လေး ... မလှုပ်နဲ့ ... ငါမင်းကို ကယ်ဖို့ ရောက်လာတာ"
"ကျိလောင်"
ကျန်းရီသည် အသံကို ကြားလိုက်သည့် အခိုက်တွင် လုံးဝ စိတ်အေးသွားခဲ့သည်။ တစ်ဖက်တွင်လည်း သိချင်စိတ်များ ဖြစ်လာရသည်။ ကျိလောင်မှာ ဒီလိုအစွမ်းမျိုး ရှိတယ် ... သူက မြေပေါ်မှာ လမ်းလျှောက် သလိုမျိုး မြေအောက်မှာ လျှောက်နိုင်တယ် ... ကျိလောင်သည် ပွေးတစ်ကောင် ကဲ့သို့ မြေအောက်တွင် လိုဏ်ခေါင်း အမြန်ဖောက်၍ ကျန်းရီအား ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ ဆွဲခေါ် သွားခဲ့လေသည်။
"ဟမ့်"
အဘွားဟွင်းသည် ကျန်းရီ သူရပ်နေသော နေရာမှ ပျောက်ကွယ် သွားသည်ကို သတိပြုမိလိုက်ပြီး မြေပြင်ထက်တွင် တွင်းပေါက်ကြီး တစ်ခု ရှိနေသည်ကို တွေ့လိုက် ရလေသည်။ ကျန်းရီအား တစ်ယောက်ယောက် လာကယ်သွားပြီ ဖြစ်မှန်း သိရှိ လိုက်လေသည်။ သူမ၏ မျက်နှာမှာ ပို၍ အရုပ်ဆိုးလာခဲ့သည်။ ကောင်းကင်နတ်ဆိုး ပိုးချည်သည် ကောင်းကင်အဆင့် လက်နက်မျှသာ ဖြစ်သော်လည်း သူမ ရွှေချမ်လော့ဆီမှ ငှားထားခဲ့ခြင်း ဖြစ်လေသည်။ ယခု ပိုးချည်အား ဆုံးရှုံးလိုက်ရပြီ ဖြစ်သောကြောင့် ရွှေချမ်လော့ အပေါ် အကြွေးတင်သွားခဲ့ပြီ ဖြစ်လေသည်။
"ဟမ့်"
သူမသည် ဒေါသတကြီး နှာမှုတ်လိုက်ကာ သင်တန်းကျောင်းထံ ကြည့်၍ အော်ဟစ်လိုက်သည်။
"ကျူးကော့ချမ်ယွမ် ... ရှင်က ဒီလို လူဆိုးလူသွမ်း တစ်ယောက်ကို ကာကွယ် ပေးနေတယ် ... ကျွန်မတို့ မျှော်စင်သခင်မရဲ့ အမျက်သင့်မှာကို မကြောက်ဘူးလား ... ကျန်းရီက မင်းသမီးလေးရဲ့ အနက်ရောင် ချီလင်ကို သတ်လိုက်ပြီးတော့ သူတော်စင်အဆင့် ဝိညာဉ်ခေါင်းလောင်း ဝတ်စုံကို ဖျက်ဆီးလိုက်တယ် ... သူ့ကို ထုတ်မပေးရင် ကျွန်မတို့ ရွှေယွဲ့လျန် မျှော်စင်က ဒီအတိုင်း ကြေအေး မပေးလိုက်နိုင်ဘူး"
အဘွားဟွင်းသည် အားကောင်း လွန်းလှသည်။ သူမ၏ အသံတွင် အတွင်းအားများ တမင်ထည့်၍ အော်ဟစ်လိုက်ရာ ကျောင်းသားတိုင်း၏ နားတွင် အသံများ ပဲ့တင်ထပ်နေ လေတော့သည်။
မရေမတွက်နိုင်သော ကျောင်းသားများ၊ ဆရာများ မျက်နှာပျက်ကုန် ကြလေသည်။ သူတို့ အများစုသည် ရွှေယွဲ့လျန် မျှော်စင်အကြောင်း သိကြလေသည်။ ရွှေယွဲ့လျန်မျှော်စင်၏ သခင်မသည် နယ်မြေ တစ်ခုလုံး၏ နံပါတ်တစ် သိုင်းပညာရှင် ရွှေယို့လန် ဖြစ်လေသည်။ ကျန်းရီသည် နံပါတ်တစ် သိုင်းပညာရှင်၏ သမီးစီးနင်းသော အနက်ရောင်ချီလင်ကို အမှန်တကယ် သတ်လိုက်၍ သူမ၏ သူတော်စင်အဆင့် ဝိညာဉ်ခေါင်းလောင်း ဝတ်စုံကို ဖျက်ဆီးခဲ့သည်လား ... သူတို့သည် ကျန်းရီ၏ အရည်အချင်းကို လေးစား သွားကြသော်လည်း ကျန်းရီသည် သင်တန်းကျောင်းအား ကပ်ဘေး ဆိုက်စေမည်ကို စိုးရိမ် နေကြလေသည်။
"ဟားဟား"
ကျူးကော့ချမ်ယွမ်၏ အသံသည် ထပ်မံ ထွက်ပေါ်လာခဲ့ ပြန်သည်။ သူ ရယ်ချ လိုက်သော်လည်း သူ့အသံသည် ယဉ်ကျေးနေခြင်း မရှိပါပေ။ ထိုအသံတွင် အင်အား အမြောက်အမြား ပါဝင်နေသည်။ ရယ်ချ လိုက်ပြီးနောက် သူသည် ချက်ချင်း အော်ဟစ် လိုက်လေသည်။
"အမှုထမ်းဟွင်း ... မင်းကိုယ်မင်း မရှက်ဘူးလား ... ငါသာ မင်းတို့မျှော်စင်ရဲ့ သခင်မဆို မင်းကိုအရင်ဆုံး သတ်လိုက်မှာ ... မင်းဘာလို့ လူငယ်မျိုးဆက်တွေ သိုင်းပညာ ဖလှယ်တာကို ဝင်ပါတာလဲ ... ဝင်ပါတာက ထားပါ ... ဒါတောင် မင်းကဒီအထိ လိုက်လာပြီး ကျန်းရီကို သတ်ဖို့ ကြံနေသေးတယ် ... အခုလည်း အော်ဟစ် ရဲသေးတယ် ... မင်း သတ္တိရှိရင် ငါ့သင်တန်းကျောင်း ထဲကို ခြေတစ်လှမ်း ချကြည့်စမ်းပါ ... မင်းကို ဒီလူအိုကြီးက လက်ဝါးတစ်ချက်နဲ့ ရိုက်သတ် လိုက်မယ်ဆို ယုံမလား ... ထွက်သွား"
"ဝိုး"
သင်တန်းကျောင်း အတွင်း အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ကျောင်းအုပ်အိုကြီးသည် ထူးခြား၍ အမြဲတစေ သိုဝှက်၍သာ နေထိုင်ခဲ့သည်။ သူဘာမှ မပြောလျှင် ကိစ္စမရှိသော်လည်း သူပြောလိုက်သည်နှင့် လူတိုင်းက ဆွံ့အ ရလေသည်။ အလွန်မောက်မာ၍ အထက်စီး ဆန်လိုက်ခြင်း …
ထို့နောက် ကျူးကော့ချမ်ယွမ်သည် နယ်မြေ၏ အတော်ဆုံး စစ်သည်တော် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ကြောင်း လူတိုင်း သတိရသွား ကြလေသည်။ လူအများစုသည် စိတ်လှုပ်ရှား လာကြကာ ပြုံးပန်းများ ပွင့်လာ ကြလေသည်။ သူတို့သည် သူတို့၏ ကျောင်းအုပ်အား စိတ်ထဲမှ ချီးကျူး လိုက်ကြ လေသည်။
"ရှင် ..."
အဘွားဟွင်းသည် ဒေါသ ထွက်လွန်း၍ ရူးမတတ် ဖြစ်နေသော်လည်း ဝိညာဉ်သားရဲ သင်တန်းကျောင်း အတွင်းသို့ ဝင်ရဲသည့် သတ္တိ ရှိမနေပါချေ။ ကျူးကော့ချမ်ယွမ် ကဲ့သို့သော လူများသည် ပြောလျှင် ပြောသည့်အတိုင်း လုပ်မည့် သူများ ဖြစ်ကြလေသည်။ ထို့ပြင် သူမသာ သင်တန်းကျောင်း အတွင်း ဝင်သွားလိုက်လျှင် စည်းကျော်သလို ဖြစ်သွားမည် ဖြစ်ကာ သူမ အသတ်ခံရ လျှင်တောင် ရွှေချမ်လော့ တားနိုင်မည် မဟုတ်ချေ။
"အဘွားဟွင်း...ကျွန်မတို့ ဘာလုပ်ကြမလဲ"
ရွှေချမ်လော့သည် ထိတ်လန့် သွားခဲ့သည်။ သူတို့ ဤကိစ္စကို တကယ်ကြီး ဒီလို ထားလိုက် ရမှာလား …
သူမသည် အရွယ်ကောင်း၌ ဖြစ်၍ ဂုဏ်သတင်း ကျော်စောချင်သည်။ ဤပွဲအတွက် လက်စား မချေနိုင်ပါလျှင် ဤနယ်မြေတွင် မည်သို့ ဝံ့ကြွားစွာ သွားလာ နေရ တော့မည်နည်း ... ထို့ပြင် ရွှေယွဲ့လျန် မျှော်စင်သည် သူမကြောင့် အရှက်ရရ ပေလိမ့်မည်။ သူမသည် အရူးဖြစ်ခံ၍ ကျူးကော့ချမ်ယွမ်အား မအော်ဟစ် မိသည်မှာ တော်သေးသည်။ မဟုတ်ပါက သူမသည်လည်း သင်ခန်းစာ အပေးခံရမည် ဖြစ်ပြီး အကျိုးဆက်ကို ခံစားရပေ လိမ့်မည်။
"ကျွန်မတို့ ဘာလုပ် နိုင်သေးလို့လဲ"
အဘွားဟွင်းသည် ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
"မင်းသမီးလေး ... အရင် ပြန်ကြတာပေါ့ ... ဒီကိစ္စကို သခင်မဆီကို လွှဲလိုက်ပြီး မင်းသမီးလေး အတွက် ဖြေရှင်း ပေးခိုင်းလိုက်ပါ ... ဒီအစေခံအိုကြီးမှာ တခြားနည်းလမ်း မရှိတော့ပါဘူး"
"အမေ ... မဖြစ်ဘူး"
ရွှေချမ်လော့သည် အံကြိတ်၍ တီးတိုး ရေရွတ်လိုက်သည်။
"အမေက အခု တံခါးပိတ် ကျင့်ကြံနေတယ် ... နောက်သုံးနှစ်ကနေ ငါးနှစ်လောက်ထိ ထွက်လာဦးမှာ မဟုတ်သေးဘူး ... မဟုတ်ရင် ကျွန်မ ဘယ်လိုလုပ်ပြီး ခိုးထွက် လာရဲမှာလဲ”
"အမ်"
အဘွားဟွင်းသည် မှင်တက်သွားခဲ့ပြီး မျက်နှာပျက်လာ ခဲ့သည်။
"မင်းသမီးလေး ... သခင်မက မင်းသမီးလေးကို အပြင်ထွက်ပြီး စိတ်ကြိုက်သွားလာ ခိုင်းတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ... ဟူး ... ဒါဆို ကျွန်မတို့ ပိုပြီးတောင် ပြန်သင့်သေးတယ် ... မင်းသမီးလေး အပြင်ကို ခိုးထွက်တာသာ သခင်မ သိသွားရင် ဒီအစေခံအိုကြီး သေရပါလိမ့်မယ်"
"ပြန်ရမယ် ... ဟင့်အင်း"
ရွှေချမ်လော့သည် သူမ၏ မျက်နှာကို လက်ဝါးဖြင့် ပွတ်လိုက်ကာ အံကြိတ်၍ ဆုံးဖြတ် လိုက်သည့်ဟန်နှင့် ဒေါသတကြီး ပြောလိုက်သည်။
"ကျန်းရီကို မသတ်ရပဲ ပြန်ရမှာ ကျွန်မရှက်တယ် ... ဒီကောင်စုတ် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှာ တစ်သက် ပုန်းနေနိုင်မယ်လို့ ကျွန်မ မထင်ဘူး"
ရွှေချမ်လော့၏ လှပသော မျက်လုံးလေး များသည် လှုပ်ရှားနေခဲ့သည်။ မကြာခင်တွင် သူမ အကြံတစ်ခု ရသွားခဲ့သည်။
"ကျန်းစွန်းဝူကျိဆီ တစ်ယောက်ယောက်နဲ့ သတင်းစကား ပါးခိုင်းလိုက် ... ဝိညာဉ်သားရဲ မြို့ဆီ သူ့ဖင်ကို ရွှေ့လာလို့ ... သူ့ရဲ့ တောင်းဆိုချက် ကြောင့်သာ မဟုတ်ရင် ကျွန်မဒီကို ရောက်လာပြီး ဒီလို အရှက်ခွဲခံရမှာ မဟုတ်ဘူး ... သူ့ကို ကျန်းရီ ထွက်လာအောင် လုပ်ဖို့ နည်းလမ်း ရှာခိုင်းလိုက် ... မဟုတ်ရင် ကျွန်မ သူ့ကို ပြဿနာရှာရမယ် ... ဟုတ်တယ် ... ဟုတ်တယ် ... အဲဒီလိုပဲ လုပ်လိုက်"
"ဟူး ... ကောင်းပါပြီ"
အဘွားဟွင်းသည် ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်သည်။ သူမ ရွှေချမ်လော့ကို အတင်းအကျပ် ပြန်ခေါ်သွားမည် ဆိုလျှင်တောင် ရွှေယို့လန်သည် တံခါးပိတ် ကျင့်ကြံနေသည် ဖြစ်ရာ ဤနတ်ဆိုးသား မိန်းကလေး၏ ဒေါသအား မည်သူကမှ ဖိနှိပ်နိုင်မည် မဟုတ်ပေ။ သူတို့ ကျန်းရီအား မသတ်နိုင်လျှင် ရွှေချမ်လော့သည် ပြဿနာ အကြီးအကျယ် ရှာပေတော့မည်။
အဘွားဟွင်းသည် သင်တန်းကျောင်းထံ နာနာကြည်းကြည်း ကြည့်လိုက်ကာ ရွှေချမ်လော့အား သယ်ဆောင်၍ ဝိညာဉ်သားရဲမြို့ဆီ ဦးတည်၍ ပြေးသွား ခဲ့လေသည်။
***
ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ခြံဝင်းငယ် တစ်ခုအတွင်း မြေပြင်သည် ရုတ်တရက် ကွဲအက် သွားခဲ့သည်။ ကျိလောင်သည် ကောင်းကင်နတ်ဆိုး ပိုးချည်ဖြင့် ချည်နှောင်ခြင်း ခံထားရသော ကျန်းရီနှင့် ငွေလဝံပုလွေကို ဆွဲကာ မြေကြီးထဲမှ တက်လာခဲ့သည်။
"ကျန်းရီ" "အစ်ကိုကျန်းရီ"
ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာသည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း နေခဲ့ကြသည်။ ကျန့်ဂိုဏ်းသည် ဝိညာဉ်သားရဲမြို့တွင် ကင်းထောက်များစွာ ထားရှိသည်။ နှစ်ယောက်သည် ကျန့်ဝူရွှမ်း၏ အမိန့်အရ ဟေးယွင်တောင်တွင် ကျန်ခဲ့ရလေသည်။ သူကျန်းရီ၏ အကြောင်း သိလျှင်သိချင်း ကျိလောင်အား အကူအညီ တောင်းခဲ့သည်။
ကျန့်ဝူရွှမ်းသည် စစ်နတ်ဘုရား မျိုးဆက်၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်သောကြောင့် ကျိလောင်က သူ့အား အလွန်နာခံလေသည်။ သူသည် နောင်တွင်လည်း သေချာပေါက် ကျန့်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာမည်သာ ... ကျိလောင်သည် ကျန်းရီအား သူကယ်နိုင်မည်ဟု သေချာ မပြောနိုင် သော်လည်း သတင်းကို ကြားသိသည်နှင့် ချက်ချင်း ထွက်ခွာ သွားခဲ့သည်။ သူသည် မြေလျှိုး၍ သွားလာနိုင်သည့် ထူးဆန်းသော ကျင့်စဉ်တစ်ခုကို တတ်မြောက် ထားခဲ့လေသည်။ ထို့ကြောင့် သူသည် ကျန်းရီအား လျင်မြန်စွာ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် သူဝင်မပါလျှင်တောင် ကျူးကော့ချမ်ယွမ် ဝင်စွက်ဖက်လာရာ အဘွားဟွင်းသည် ကျန်းရီအား အန္တရာယ် ပေးရဲမည် မဟုတ်ပါချေ။
"ဝူရွှမ်း" "လင်းအာ"
ကျန်းရီသည် ကောင်းကင်နတ်ဆိုး ပိုးချည်ဖြင့် ချုပ်နှောင် ခံထား ရသောကြောင့် ပါးစပ်သာ ဟနိုင်လေသည်။ သူသည် ခပ်တိုးတိုးသာ ပြောနိုင်ခဲ့သည်။ သင်တန်းကျောင်း အတွင်း ပြန်ရောက်လျှင် ဘေးကင်းပြီ ဖြစ်ကြောင်း ကျန်းရီသိသော်လည်း သူစိုးရိမ်နေခဲ့သည်။ ကောင်းကင်နတ်ဆိုး ပိုးချည်က လွတ်မြောက်အောင် သူဘာလုပ်ရမှာလဲ ... မီးဝိညာဉ် ကျောက်တုံးကို ထုတ်သုံးပြီး ငွေလဝံပုလွေကို တကယ်ကြီး စတေး လိုက်ရမှာလား …
"ဒါက ဘာကြီးလဲ"
ကျန့်ဝူရွှမ်းသည် လက်နှစ်ဖက်ဖြင့် ကောင်းကင်နတ်ဆိုး ပိုးချည်အား အားကုန် ဆွဲဖြတ် ပါသော်လည်း ဖြတ်၍ မရသည်ကို တွေ့လိုက်ရသည်။ သူမတတ်သာတော့ပဲ ကျိလောင်အား ထပ်မံ အကူအညီ တောင်းရလေသည်။
"ကောင်းကင် နတ်ဆိုးပိုးချည် ... ဒါက ရွှေယွဲ့လျန်မျှော်စင် သခင်မကို ကျော်ကြား လာစေတဲ့ ကောင်းကင်အဆင့် လက်နက်တွေထဲက တစ်ခုပဲ"
ကျိလောင် ရှင်းပြလာခဲ့သည်။
"အရှင် ... အင်အားတွေကို မဖြုန်းပါနဲ့တော့ ... အရှင်ကိုယ်တိုင် မပြောနဲ့ ... ကျွန်တော့်ရဲ့ အတွင်းအားတွေ အကုန်ထုတ်သုံးမယ် ဆိုရင်တောင် ဒီကောင်းကင် နတ်ဆိုး ပိုးချည်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ... ကျွန်တော်တို့ ကျူးကော့ချမ်ယွမ်ကိုပဲ သွားမေးလို့ရမယ် ... သူ့မှာလည်း အဖြေမရှိဘူး ဆိုရင် ကျန်းရီ အထဲမှာ ပိတ်မိနေပြီး သေသွားနိုင်တယ်"
***