← Chapters

ကောင်းကင်နတ်ဆိုးပိုးချည်အား လောင်ကျွမ်းစေခြင်း

Vol. 1 Ch. 159

ကောင်းကင်နတ်ဆိုးပိုးချည်အား လောင်ကျွမ်းစေခြင်း

Vol. 1 Ch. 159

သူ့ကို အကူညီ သွားမတောင်းနဲ့"

ကျန့်ဝူရွှမ်းသည် ကျူးကော့ချမ်ယွမ်ထံ အကူအညီ သွားတောင်းရန် ပြင်လိုက်သော် ကျန်းရီသည် ချက်ချင်း စကားပြော လာခဲ့သည်။ ကျိလောင်နှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်၍ ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်ကြသည်။ ကျန်းရီသည် အရာရာတိုင်းတွင် ထူးချွန်သော်လည်း ခေါင်းမာလွန်းသည်။

သူ့အမြင်နှင့်ဆိုလျှင် ကျူးကော့ချမ်ယွမ်အား တောင်းဆိုခြင်းသည် ကျန်းပိုင်လီအား တောင်းဆိုခြင်းနှင့် မခြားပေ။ ကျူးကော့ချမ်ယွမ်သည် သူ့အား ဤအချုပ်အနှောင်မှ လွတ်မြောက်အောင် ကူညီလာလျှင်တောင် သူ့စိတ်ထဲတွင် လွတ်လပ် ပေါ့ပါးသွားမည် မဟုတ်ပါချေ။

"တခြားနည်းလမ်း မရှိတော့ဘူးလား?"

ကျန်းရီသည် ပါးစပ်ဟကာ ထပ်မေးလာခဲ့သည်။ အဘွားဟွင်းနှင့် ရွှေချမ်လော့သည် ကောင်းကင်နတ်ဆိုး ပိုးချည်အား အတော်ဝေးဝေးမှ ပစ်လိုက်သည်ဖြစ်ရာ သူတို့သည်လည်း ကောင်းကင်နတ်ဆိုး ပိုးချည်အား အပြည့်အဝ မထိန်းချုပ်နိုင်ဟု ဆိုလိုသည် မဟုတ်ပါလား ... သက်ရှိ လူတစ်ယောက်က အသက်မဲ့ ပစ္စည်းတစ်ခုနဲ့ သေတဲ့အထိ ချုပ်နှောင် ခံထားရမှာတော့ သိပ်ပြီး မဖြစ်နိုင်ပေ။

"နည်းလမ်း တစ်ခုတော့ ရှိတယ်"

ကျိလောင်သည် တီးတိုး ရေရွတ်လိုက်ပြီး စကားဆက်လာ ခဲ့သည်။

"ကောင်းကင်နတ်ဆိုး ပိုးချည်ပေါ်မှာ ကျန်နေတဲ့ ပိုင်ရှင်ရဲ့ စွမ်းအား အမှတ်အသားတွေ ဖျက်ဆီးခံရရင် အဲဒါက ပိုင်ရှင်မဲ့ပစ္စည်း ဖြစ်သွားပြီး မင်းပြန်ပြီး လွတ်လပ် သွားလိမ့်မယ် ... ဝိညာဉ်စွမ်းအား အမှတ်အသား တွေကို ဖျက်ဆီးဖို့ အတွက်ဆို စိတ်စွမ်းအား ပညာရှင်တွေက လွဲရင် မီးဓာတ်အထူးပြု ကျင့်ကြံသူတွေကပဲ သူတို့ပိုင်တဲ့ မီးစွမ်းအားတွေကို သုံးပြီး ဝိညာဉ်စွမ်းအား အမှတ်အသား တွေကို ဖြည်းဖြည်းချင်း လောင်ကျွမ်း စေနိုင်တယ် ... သင်တန်းကျောင်းမှာ လူနှစ်မျိုးလုံး မရှိဘူး ... ကျန့်ဂိုဏ်းမှာတော့ မီးဓာတ်အထူးပြု ကျင့်ကြံသူ တစ်ယောက် ရှိတယ် ... ဒါပေမဲ့ ပြဿနာ တစ်ခုတော့ ရှိတယ် ... သူဒီကို ရောက်ဖို့ အနည်းဆုံး တစ်လလောက်တော့ ကြာလိမ့်မယ် ... ကလေး မင်းတစ်လကြာအောင် တောင့်ခံနိုင်မလား"

"တစ်လ"

ကျန်းရီသည် စိတ်ဓာတ်ကျစွာ ရယ်မော လိုက်သည်။ တစ်လအတွင်းတွင် သူအသားခြောက် ဖြစ်သွား နိုင်ပေသည်။ သူသည် မျက်လုံးကစားကာ စဉ်းစာလိုက်ရာ တစ်ခုခုကို တွေးမိသွားခဲ့သည်။ မီးစွမ်းအားကို သုံးပြီး လောင်ကျွမ်း စေနိုင်တယ် ... သူ၏ မီးဝိညာဉ် ပုလဲအတွင်း မီးတောက်များစွာ ရှိနေသည် မဟုတ်ပါလား ... အနက်ရောင် ချီလင်သည် မီးတောက် အမြောက်အမြား မှုတ်ထုတ်ခဲ့သည်။ ကျန့်လင်းအာ တွင်လည်း ဝိညာဉ်သားရဲ မီးငှက်တစ်ကောင် ရှိနေသည် မဟုတ်ပါလား ... ၎င်းသည်လည်း မီးတောက်များကို မှုတ်ထုတ် နိုင်လေသည်။

"မီးငှက်"

ကျိလောင်သည် ကျန်းရီ၏ မေးသံကို ကြားလိုက်သော အခါ ခေါင်းယမ်းလိုက်သည်။

"မီးငှက်ရဲ့ မီးတောက်တွေက အားနည်းလွန်းတယ် ...

အဲဒါက ကောင်းကင်နတ်ဆိုး ပိုးချည်ကို ဖျက်ဆီးဖို့ တစ်လ နှစ်လလောက် ကြာနိုင်တယ်"

ဟူး ... တခြားနည်းလမ်း မရှိတော့ဘူး ... ကောင်းကင်နတ်ဆိုး ပိုးချည်ကို ဖျက်ဆီးဖို့ မီးဝိညာဉ်ပုလဲကို ထုတ်သုံး ရတော့မယ်။

ကျန်းရီသည် အံကြိတ်၍ ပြောလိုက်သည်။

"ဝူရွှမ်း ... ဝိညာဉ်သားရဲ အဆောင် ငါ့လက်နဲ့ နီးသွားအောင် ငါ့ဗိုက်ကို အားပြင်းပြင်းနဲ့ ထိုးပေးပါလား ... ဒီကောင်းကင်နတ်ဆိုး ပိုးချည်ကို ဖျက်ဆီးဖို့ နည်းလမ်းမရှာခင် ငါ ငွေလဝံပုလွေကို အရင်သိမ်းလိုက်ဖို့ လိုနေတယ်"

ကျန်းရီ၏ လက်သည် အချုပ်နှောင် ခံထားရရာ ဝိညာဉ်သားရဲ အဆောင်အား ထိတောင် မထိနိုင်ပေ။ ထို့ကြောင့် အတွင်းအား ထည့်သွင်း၍ မရပေ။ ကျန့်ဝူရွှမ်းသည် ကျန်းရီ၏ စကားအတိုင်း သူ့ဝမ်းဗိုက်အား ထိုးချလိုက်သည်။ သူသည် ကျန်းရီ၏ လက်အား ရိုက်ချ၍ ဝိညာဉ်သားရဲ အဆောင်ကို လက်အနီးသို့ ရောက်စေ လိုက်သည်။

တစ်နာရီခန့် ကြာသွားပြီးနောက် ကျန့်ဝူရွှမ်းသည် မောလွန်း၍ ချွေးသီးချွေးပေါက်များ စီးကျနေပြီ ဖြစ်လေသည်။ ကျန်းရီသည်လည်း သွေးအန်လုမတတ် ဖြစ်နေ၍ လက်သည်လည်း ကျိုးတော့မတတ် ဖြစ်နေလေပြီ။ နောက်ဆုံးတွင် ကံကောင်း ထောက်မ၍ သူ့လက်တစ်ချောင်းသည် ဝိညာဉ်သားရဲ အဆောင်နှင့် ထိမိသွားခဲ့သည်။

ဝိညာဉ်သားရဲ အဆောင်အတွင်း အတွင်းအားများ ဝင်ရောက် သွားသည်နှင့် သူနှင့်အတူ တင်းကျပ်စွာ ချည်နှောင် ခံထားရသော ငွေလဝံပုလွေ ကြီးသည် ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ ကျန်းရီ မလှုပ်ရှားနိုင်ခင် လေးတွင် ကောင်းကင်နတ်ဆိုး ပိုးချည်သည် အလျင်အမြန် ကျုံ့သွားကာ သူ့အား ဖက်ထုပ် တစ်ထုပ်လို တင်းတင်းကျပ်ကျပ် ချုပ်နှောင် လိုက်ပြန်လေသည်။

ငွေလဝံပုလွေအား သိမ်းဆည်း လိုက်ပြီးနောက် ကျန်းရီသည် စိတ်သက်သာရာ ရသည့်အနေဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကောင်းကင်နတ်ဆိုး ပိုးချည်သည် သူ့အား ချည်နှောင် ထားသေးသော်လည်း သူသည် မီးဝိညာဉ် ကျောက်တုံးအား အသာလေး ထုတ်သုံး နိုင်နေလေပြီ။ သို့သော် ပိုးချည်အား ဖျက်ဆီးစရာ မလိုလျှင် အကောင်းဆုံး ဖြစ်သည်။ ၎င်းသည် ရှားပါးရတနာ တစ်ခု ဖြစ်နေသေးသည် မဟုတ်ပါလော …

"အားလုံးပဲ ... နည်းနည်း နောက်ဆုတ် ပေးကြပါ"

ကျန်းရီသည် အားတင်း၍ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့စိတ်သည် မီးဝိညာဉ်ပုလဲထံ စူးစိုက်လိုက်ပြီး အနက်ရောင် ချီလင်ကြီး၏ အပြာရောင် မီးတောက်များကို ထုတ်လွှတ် လိုက်လေသည်။

"ဟူး ... ဟူး"

မီးဝိညာဉ်ပုလဲမှ မီးတောက်များ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်သည် ချက်ချင်း ပူပြင်း လာခဲ့လေသည်။ ရုတ်တရက် ထွက်ပေါ်လာသော အပူလှိုင်းကြီးသည် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ကျန့်ဝူရွှမ်းနှင့် ကျန်လူများ၏ မျက်နှာများကို အပူရှိန်ဟပ်နေလေသည်။

"ဒီမီးတောက်က အားကောင်းတယ် ... ဝိညာဉ်စွမ်းအား အမှတ်အသားတွေကို လောင်ကျွမ်း နိုင်လောက်တယ်"

ကျိလောင်သည် အံ့အားသင့်သွားခဲ့ပြီး ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာအား နောက်သို့ ထပ်ဆုတ်ရန် လက်ဟန်ပြလိုက်ပြီး ကျန်းရီအား အော်ဟစ်လိုက်သည်။

"ကျန်းရီ မီးတောက်တွေ အများကြီး ထပ်မထုတ်လိုက်နဲ့ ... မီးတောက် အမှတ်အသားတွေက ဖြည်းဖြည်းချင်း လောင်ကျွမ်းသွားဖို့ လိုတယ် ... မင်းရဲ့ မီးတောက်တွေက အားပြင်းလွန်းတယ် ... ဒါပေမဲ့ ဆယ်ရက်ကနေ နှစ်ပတ်ထိ ကြာမယ်လို့ ငါထင်တယ် ..."

"ဆယ်ရက်ကနေ နှစ်ပတ်ထိ ... ငါအစွမ်းကုန် တောင့်ခံမယ်"

ကျန်းရီသည် အံကိုကြိတ်၍ မီးတောက်များကို ဖြည်းဖြည်းချင်းစီ ထုတ်ကာ ကောင်းကင်နတ်ဆိုး ပိုးချည်အား လောင်ကျွမ်း စေလိုက်သည်။ ကောင်းကင်နတ်ဆိုး ပိုးချည်အား ဖျက်ဆီးရမည်မှာ နှမြောစရာ ကောင်းလွန်းပေသည်။ ထို့ထက်ပို၍ မီးဝိညာဉ် ကျောက်တုံးက သူ့အတွက် ပို၍ တန်ဖိုးရှိလေသည်။ ထို့ကြောင့် မသုံးရလျှင် အကောင်းဆုံး ဖြစ်သည်။

မီးဝိညာဉ်ပုလဲ ရှိနေရာ သူသည် မီးတောက်များကို မကြောက်ပေ။ တစ်ခုတည်းသော စိတ်အနှောင့်အယှက် ဖြစ်စရာသည်ကား သူမီးတောက်များကို ထုတ်လွှတ် လိုက်သည်နှင့် မီးဝိညာဉ်ပုလဲသည် အလိုအလျောက် မီးတောက်များကို ထပ်မံ စုပ်ယူနေခြင်းပင်။ ထပ်တလဲလဲ ပြန်လည် လုပ်ဆောင် နေရခြင်းသည် သူ့အား အတော်လေး စိတ်အနှောင့်အယှက် ပေးလေသည်။

မီးဝိညာဉ်ပုလဲသည် အနက်ရောင်ချီလင် သုံးကြိမ်တိုင် မှုတ်ထုတ်ခဲ့သော မီးတောက်များကို စုပ်ယူထားခဲ့သည်။ နည်းနည်းချင်းစီ အသုံးပြုမည် ဆိုလျှင် မီးတောက်များသည် သူတစ်လသုံးရန် အသာလေး လုံလောက်ပေသည်။

"အစ်ကိုကြီး ... အစ်ကိုကြီး"

တစ်ခဏအတွင်း ပြဿနာအိုး တစ်ကောင်သည် အပြေးအလွှား ရောက်ချလာခဲ့ပြီး သူ့နောက်တွင် လျှိုလောင်နှင့် စုလောရွှယ်ပါ ပါလာခဲ့လေသည်။ စုလောရွှယ်သည် ချမ်ဝမ်ကွမ်နှင့် မတော်တဆ ဝင်တိုက် မိသွားလေသည်။ ချမ်ဝမ်ကွမ်သည် အလျင်အမြန် ရှောင်တိမ်း လိုက်ပါသော်လည်း ခြေလှမ်းများကိုမူ မရပ်တန့်ခဲ့ပေ။ သူသည် ကျန်းရီအပေါ် လဲကျလုနီးပါးပင်။ အားကောင်းသော မီးတောက်များသည် သူ့မျက်ခုံးများ၊ ဆံပင်များနှင့် ဝတ်စုံတို့ကို စွဲသွားခဲ့လေသည်။

"ဝှစ်"

ကံကောင်းထောက်မ၍ လျှိုလောင်သည် ချမ်ဝမ်ကွမ်အား အလျင်အမြန် ဆွဲထား လိုက်နိုင်လေသည်။ ချမ်ဝမ်ကွမ်၏ မျက်နှာထက်တွင် အပူရှိန်ပြင်းပြင်းက ဟပ်နေလေရာ သူသည် နောက်သို့ အလျင်အမြန် ဆုတ်လိုက်လေသည်။ ထို့နောက် သူသည် ကျန့်ဝူရွှမ်းအား သံသယနှင့် ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုကြီး ဘာလုပ်နေတာလဲ"

ကျန့်ဝူရွှမ်း၏ ရှင်းပြချက် အဆုံးတွင် စုလောရွှယ်၏ လှပသော မျက်လုံးများတွင် ထိတ်လန့် သွားဟန်များ ပေါ်လာခဲ့သော်လည်း ချက်ချင်းပင် တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့သည်။ ယခုမူ ထိုမျက်လုံးများ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် စိုးရိမ်မှုများ ကိန်းအောင်း နေသည်ကို တွေ့မြင် နိုင်လေသည်။

"ဟူး ..."

ချမ်ဝမ်ကွမ်သည် သက်ပြင်း တစ်ချက် ချလိုက်ပြီး ပြောလာခဲ့သည်။

"အစ်ကိုကြီး ... ငါဒီကိစ္စကို စုံစမ်းပြီးသွားပြီ။ ရွှေချမ်လော့က ကျန်းစွန်းဝူကျိရဲ့ မြှောက်ထိုးပင့်ကော် လုပ်မှုကြောင့် မင်းကို ပြဿနာ လာရှာတာပဲ ... သူက ရွှေချမ်လော့ရဲ့ ခရီးလမ်းကြောင်းကို တစ်ယောက်ယောက်ကို ဖုံးကွယ် ခိုင်းထားတယ် ... အဲဒီလိုသာ မဟုတ်ခဲ့ရင် ငါနဲ့ အစ်ကိုဝူရွှမ်းက သတင်းတွေ ကြိုရခဲ့မှာ ... ကံကောင်းလို့ ... ကံကောင်းလို့ မင်းအဲဒီအရူးမကို မသတ် လိုက်ရတာ ... မဟုတ်ရင် သူမရဲ့အမေ သေချာပေါက် သင်တန်းကျောင်းကို ရောက်ချ လာလိမ့်မယ် ... အဲဒီလိုဆို မင်းကို ကျောင်းအုပ်ကတောင် ကယ်နိုင်မှာ မဟုတ်ဘူး ... အစ်ကိုကြီး ... ငါဒါကို မပြောချင်ပေမဲ့ ... မင်းက အရမ်း စိတ်လိုက်မာန်ပါ လုပ်လွန်းတယ် ... မင်းတကယ်ကြီး ရွှေချမ်လော့ကို သတ်ရဲတယ်... "

"ဟမ့်"

ကျန်းရီသည် မီးတောက်များကို ကောင်းကင်နတ်ဆိုး ပိုးချည်အား ဆက်လက် လောင်ကျွမ်းစေရန် ထိန်းချုပ်ရင်းမှပင် မကျေမနပ် ပြောဆိုလာခဲ့သည်။

"သူမရဲ့ အမေ ဒါမှမဟုတ် အဖေက နတ်ဘုရား ဆိုရင်တောင် ငါဂရုမစိုက်ဘူး ... အဲဒီအရူးမက ငါ့ကို သတ်မိလုနီးပါး ဖြစ်သွားခဲ့သေးတာ ... ငါ့မှာသာ အခွင့်အရေးရှိရင် အဲဒီမိန်းမကို မြင်တာနဲ့ သတ်မိလိမ့်မယ် ... သူမရဲ့အမေက နယ်မြေရဲ့ နံပါတ်တစ် ဖြစ်တာနဲ့ပဲ သူမက တစ်ယောက်ယောက်ကို သတ်လို့ရရောလား ... အဲဒီ လူတွေကရော အသတ်ခံရမှာကို ထိုင်ပြီး စောင့်နေရမှာလား"

"အမ်"

ချမ်ဝမ်ကွမ် တစ်ယောက် ဆွံ့အ သွားခဲ့လေပြီး စိတ်ဓာတ်ကျစွာ သက်ပြင်း ချလိုက်သည်။

"အဲဒီအရူးမက ဝိညာဉ်သားရဲမြို့မှာ တည်းခိုနေလိမ့်မယ် ... သူမက မင်းကိုသတ်ပြီးမှ ပြန်မယ်လို့တောင် ပြောသွားခဲ့သေးတယ် ... ကျန်းစွန်းဝူကျိ ... အဲဒီမျိုးမစစ်ကောင်က တခြား တစ်ယောက်ကို သူ့ရဲ့ ညစ်ညစ်ပတ်ပတ် အလုပ်တွေ လုပ်စေတဲ့အထိ ကောက်ကျစ်လွန်းတယ်"

"ကျန်းစွန်းဝူကျိ"

ကျန်းရီ၏ လေသံသည် အေးစက်သွားခဲ့ပြီး အသံကိုနှိမ့်၍ ပြောလိုက်သည်။

"ငါ အခွင့်အရေးရရင် အဲဒီကောင်ကို သေချာပေါက် သတ်ပစ်မယ် ... ဟုတ်ပြီ ... စကားပြောတာ ရပ်ကြစို့ ... ငါ ဒီကောင်းကင်နတ်ဆိုး ပိုးချည်ကို ဖြေဖို့ အာရုံစိုက်ရမယ် ... စကားများများ ပြောလေလေ ငါ အားပိုကုန်လေလေပဲ ... ဒီဟာကို မဖြေနိုင်ခင် ငါအရင် ငတ်ပြတ်ပြီး သေသွားလိမ့်မယ်"

လူတိုင်းသည် စကားပြောခြင်းကို ရပ်လိုက်ကြကာ ကျန်းရီ ကောင်းကင်နတ်ဆိုး ပိုးချည်အား မည်သို့ လောင်ကျွမ်းစေသည် ကိုသာ တိတ်ဆိတ်စွာ အကဲခတ်နေ လိုက်ကြသည်။ ထူးဆန်းသည်မှာ ကျန်းရီအား ကျိလောင်မှ ကယ်တင်လိုက်ခြင်းကို ကျူးကော့ချမ်ယွမ် သေချာပေါက် သိရပေမည်။ သို့သော်လည်း အချိန်အတော်ကြာသည် အထိ သင်တန်းကျောင်း၏ မည်သည့်အမှုထမ်းမှ လာရောက် မစုံစမ်းခဲ့ပေ။

***

ကျူးကော့ချမ်ယွမ်သည် ကျန်းရီရှိနေသော နေရာကို သိပေသည်။ သူသည် အတွင်းဆောင် တစ်နေရာ၌ ဘီးတပ်ကုလားထိုင် တစ်ခုထက်တွင် ထိုင်နေခဲ့လေသည်။ သူ့ဘေးတွင် ကျောင်းအုပ်ချီလည်း ရှိနေခဲ့သည်။ ကျောင်းအုပ်ချီသည် ကျူးကော့ချမ်ယွမ် ခေါင်းယမ်းနေသည်ကို မြင်သောအခါ သက်ပြင်းချ၍ မေးလိုက်သည်။

"ဘာများဖြစ်လို့လဲ ... ကျောင်းအုပ်"

ကျူးကော့ချမ်ယွမ်သည် ခါးသီးစွာ ရယ်မောလိုက်သည်။

"ဒီကလေးက တကယ် ခေါင်းမာတာပဲ ... သူက ကောင်းကင်နတ်ဆိုး ပိုးချည်ပေါ်က ဝိညာဉ်စွမ်းအား အမှတ်အသားတွေကို မီးတောင်တွေသုံးပြီး လောင်ကျွမ်းအောင် လုပ်နေတယ် ... သူက ခေါင်းမာပြီးတော့ တခြားတစ်ယောက်ကို ငါ့အကူအညီ လာမတောင်း ခိုင်းဘူးလေ"

"ဟမ့်"

ကျောင်းအုပ်ချီသည် မကျေမနပ် ပြောဆိုလာခဲ့သည်။

"ဒီကလေးက တခြားသူတွေရဲ့ စေတနာကောင်းကို မသိဘူး ... ကျောင်းအုပ်က သူ့အတွက်ကြောင့် မဟုတ်ရင် ရွှေယွဲ့လျန်မျှော်စင်ကို ဘာကြောင့် ဆန့်ကျင်ရမှာလဲ ... ဒါကို သူမတွေးမိဘူးလား ... ဒါပေမဲ့ သူ့မှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ ... သူက ရွှေယို့လန်ရဲ့ သမီးကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားစေတဲ့ အပြင် အဘွားဟွင်းရဲ့ လိုက်လံ ဖမ်းဆီးတာကလည်း လွတ်မြောက် ခဲ့သေးတယ် ... သူက ကျွန်မတို့ကြောင်းကို ဂုဏ်တက်စေသားပဲ"

"ဟားဟား"

ကျူးကော့ချမ်ယွမ် ရယ်မောလိုက်သည်။

"မင်းစိတ်မပူနဲ့ ... အဘွားဟွင်းရဲ့ စိတ်စွမ်းအားက အရမ်း အားကောင်းတယ် ... ဒီကလေးရဲ့ မီးတောက်တွေက အဲဒါကို ချိုးဖျက်နိုင်ဖို့ဆို နှစ်ပတ်လောက်တော့ ကြာမှာပဲ ... သူ တစ်ယောက်ယောက်ကို လွှတ်ပြီး အကူအညီ လာတောင်းခိုင်းမလား ဆိုတာ စောင့်ကြည့်ရအောင်"

***

All Chapters