← Chapters

ကွာဟမှု

Vol. 148 Ch. 2205

ကွာဟမှု

Vol. 148 Ch. 2205

လင်းရီရဲ့ အသံဆုံးသည်နှင့် အသင်းတစ် အဖွဲ့သားများလည်း တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြသည်။ သူတို့ကိုယ်စီတွင် ပစ်မှတ်ကိုယ်စီ သတ်မှတ်ထားပြီး ဖြစ်သည်။

ဆန့်ကျင်ဘက်ဖြစ်စွာ ရှောင်းယွမ်ကျယ် ဘက်ခြမ်းတွင်တော့ အခြေအနေက ထင်သလောက် တည်ငြိမ်မနေပေ။

သူတို့ဘက်က ဤမျှ လူအမြောက်အများ ခေါ်ဆောင်လာခဲ့သည်က လင်းရီကို အတူကိုင်တွယ်ရန် အတွက်ဖြစ်ပြီး လူဦးရေ အသာစီးဖြင့် ခြိမ်းခြောက်ကာ ညှိနှိုင်းနိုင်မည့် အခွင့်အရေး ရရှိဖို့ ဖြစ်သည်။

သို့သော် ယခု … သူ့ အသင်းဝင်များက ဆန်းကြယ်စွာဖြင့် ဤနေရာတွင် အဆုံးသတ်သွားခဲ့ကြလေသည်။

ဤသည်က သူ့အစီအစဉ်အတွက် ကောင်းသည့် လက္ခဏာရပ် မဟုတ်ပေ။

“ ကြည့်ရတာတော့ ဒီနေ့ ကံတစ်ခုတည်းကို မှီခိုရတော့မယ့်ပုံပဲ …”

ရှောင်းယွမ်ကျယ် တီးတိုးရေရွတ်လိုက်သည်။

သူတို့တွေ ဤသို့သော် ဖွဲ့စည်းပုံကို တည်ဆောက်ထားခဲ့သည်က သတိထားဖို့အတွက်ဖြစ်သည်။ နှစ်ယောက် တစ်ယောက် တိုက်ခိုက်သည်တွင် သူတို့ဘက်က သိသိသာသာ အသာစီးမည်ကို ယုံကြည်သည်။ အောင်မြင်ဖို့က မဖြစ်နိုင်တာ မဟုတ်ပေ။

“ အားလုံးတက်ကြ ….”

“ ငါ့နောက်လိုက်ခဲ့ …” ကုချင်းဖျင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နှစ်ယောက်လုံးက သူတို့ ပြိုင်ဘက်များထံ ပြေးတက်လာခဲ့ကြသည်။

“ ခေါင်းဆောင် … ကျွန်မ ကူပေးမယ် …”

စွေ့ချန်က ဒဏ်ရာရထားသဖြင့် ယွီစီယင်က သူတို့အုပ်စုထဲတွင် အသန်မာဆုံးဖြစ်သည်ဟု ပြော၍ရသည်။ ထို့ကြောင့် လင်းရီကို ကူညီပေး၍ ဝန်ထုပ်ဝန်ပိုးတစ်ချို့ကို မျှခံပေးဖို့ ဆန္ဒရှိနေသည်။

“ မလိုဘူး … ဒီနှစ်ယောက်ကို ကိုင်တွယ်ဖို့ လူတွေ အများကြီး မလိုဘူး … ကျန်တဲ့လူတွေကိုသာ သွားရှင်းလိုက် ….”

ပြောပြီးနောက် လင်းရီ သူ့အမြန်နှုန်းကို တင်လိုက်ကာ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရှောင်းယွမ်ကျယ်ထံသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် လေပေါ်သို့ ခုန်တက်၍ ရင်ဘက်သို့ တည့်တည့် ကန်ကျောက်လိုက်၏။

လင်းရီ၏ လှုပ်ရှားမှုကို သတိပြုမိတော့ ရှောင်းယွမ်ကျယ်က ချက်ချင်း တုံ့ပြန်လာသည်။

အသင်း ၄ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်နှင့် အညီ သူ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အတွေ့အကြုံတို့က အခြားလူများထက်ကို ကျော်လွန်နေပြီး ဖြစ်၏။

သို့တိုင် လင်းရီရှေ့မှောက်တွင်တော့ ခြေတစ်လှမ်းနှောင့်နှေးနေခဲ့ပြီး ရင်ဘက်ကို ထောင့်ကျကျ ကန်ခံလိုက်ရကာ ဆက်တိုက် နောက်ဆုတ်သွားခဲ့ရသည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

ရှောင်းယွမ်ကျယ်နှင့် ကုချင်းဖျင်တို့ နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။

သူကလည်း သူတို့လို စီအဆင့်ပဲလေ … ဒီလို အဆင့်မျိုး ရောက်နေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….

တဒင်္ဂမျှ တုန်လှုပ်ပြီးနောက်တွင် ကုချင်းဖျင်က တိုက်ခိုက်သည့် နည်းဗျူဟာကို ပြောင်းလဲ၍ လင်းရိကို စက်ဝိုင်းသဏ္ဌာန် ရစ်ဝဲနေပြီး အားနည်းချက်ကို ဖွေရှာဖို့ ကြိုးပမ်းနေသည်။

ထိုအချိန်အခိုက်အတန့်မှာပဲ လင်းရီ၏ ကြွယ်ဝသည့် တိုက်ပွဲအတွေ့အကြုံက ချက်ချင်း တုံ့ပြန်လာခဲ့သည်။

ကြမ်းပြင်သို့ ခြေချပြီးသည်နှင့် သူ့ခန္ဓာကိုယ်ကို အောက်သို့ ငုံ့လိုက်ပြီး ကုဖျင်းချင်၏ တိုက်ခိုက်ချက်ကို ရှောင်တိမ်းလိုက်၏။ ထို့နောက် သူ့ ညာခြေထောက်ကို လခြမ်းကွေးပုံစံ ဝေ့ဝိုက်လိုက်ပြီး တစ်ဖက်သူ၏ ကိုယ်အောက်ပိုင်းသို့ ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။

အန္တရာယ်များသည့် အခြေအနေကို မြင်တော့ ကုချင်းဖျင်က လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ပြီး လင်းရီ၏ တိုက်ခိုက်မှုကို ကျင်လည်စွာ ရှောင်ရှားလိုက်နိုင်သည်။

တိုတောင်းသည့် တိုက်ကွက် ဖလှယ်မှုက သူတို့နှစ်ဦးလုံးကို လင်းရီ၏ ခွန်အား မည်မျှရှိသည်ကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားစေခဲ့သည်။

သူ့အဆင့်က သူတို့ ထင်မှတ်ထားသည်ထက်ကို အများကြီး မြင့်နေသည်။

“ သေစမ်း … ထိမ်ချန်မထားနဲ့တော့ … အားကုန်သုံးပြီး ဒီကောင့် အမြန်ရှင်းမယ် …”

ရှောင်းယွမ်ကျယ် ကျိန်ဆဲပြီး အိတ်ကပ်ထဲက ခေါက်ဓားမြောင်ကို ထုတ်လာခဲ့သည်။ ကုဖျင်းချင်ကတော့ ဘတ်တံတစ်ချောင်းကို ထုတ်လာခဲ့၏။

ဤသည်က သူတို့ သုံးနေကျ လက်နက်ဖြစ်၏။ ကနေဦးတုန်းကတော့ အသုံးချရန် မရည်ရွယ်ထားသော်လည်း ယခုတော့ မဖြစ်နိုင်တော့ချေ။

“ အိုး … အလေးအနက်ထားလာပြီပေါ့ …”

လင်းရီ သူ့ကိုယ်နေဟန်ထားကို သေချာ ပြင်ဆင်လိုက်ပြီး တိုက်ခိုက်လာမှုများကို တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူလည်း လက်နက်သုံးချင်သည်။ သို့သော် ဓားမြောင်နှင့် စကေဘာက အခန်းထဲတွင် ကျန်နေရစ်ခဲ့သည်။ ပြန်သွားယူဖို့လည်း အခွင့်အရေးက မရှိ။ ထို့ပြင် ဤနှစ်ယောက်ကို လက်နက်မပါလည်း ကိုင်တွယ်နိုင်သည်ဟု သူ ယုံကြည်သည်။

နှစ်ယောက်မှာ တစ်ဖန်ထပ်ပြီး လင်းရီထံသို့ ပြေးဝင်လာခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ လင်းရီ သူ့အာရုံကို ကုချင်းဖျင်ထံသို့ စူးစိုက်ထားလေသည်။

သကောင့်သားက သူ့ဘတ်တံကို အပေါ်မှနေ၍ ပြင်းထန်သည့် ခွန်အားဖြင့် ရှောင်ရခက်သည့် ရှုထောင့်မှနေ၍ ရိုက်ချလာခဲ့သည်။

လင်းရီကလည်း ရှောင်တိမ်းဖို့ရာ စိတ်ကူးမရှိ။ ဘတ်တံ အောက်သို့ ကျလာသည်တွင် လက်တစ်ဖက်ကို ရိုးရိုးရှင်းရှင်းသာ မြောက်ပြီး ဖမ်းထားလိုက်သည်။

“ မဖြစ်နိုင်တာ ….”

“ မဖြစ်နိုင်တာ မရှိဘူး … မင်းကိုက စောက်ရမ်း အားနည်းလွန်းနေတာ …”

ဘုန်း …

ငူငိုင်နေစဉ်တွင် လင်းရီ ကုချင်းဖျင်၏ ဝမ်းဗိုက်ကို ကွေးညွှတ်သွားအောင် ကန်လွှတ်လိုက်သည်။ ဘတ်တံကိုတော့ ၎င်းလက်ထဲကနေ ဆွဲလုထားလိုက်ပြီး အနောက်သို့ ပြင်းထန်စွာ ရိုက်ထုတ်၍ ရှောင်းယွမ်ကျယ်၏ ဓားမြောင်ကို ကာကွယ်ထားလိုက်၏။

လင်းရီ၏ လက်မောင်းက အပေါ်သို့ သိမ့်ခနဲ လှုပ်ရှားသွားခဲ့ပြီး ရှောင်းယွမ်းကျယ်ကို နောက်သို့ အတင်းအကြပ် တိမ်းညွှတ်သွားစေကာ နောက်လှန်လဲကျတော့မယောင် ဖြစ်သွားစေခဲ့သည်။

ထိုအချိန်အခိုက်အတန့် အတွင်းမှာပဲ လင်းရီ ခြေကန်ချက် တစ်ခုဖြင့် ကုချင်းဖျင်၏ ခေါင်းကို ကန်ကျောက်လိုက်သည်။

အော်ဟစ်သံ တစ်သံပေးပြီး ကုချင်းဖျင် သွေးများပန်းထွက်လာကာ အကျည်းတန်သည့် မျက်နှာအမူအရာဖြင့် နောက်သို့ လွင့်စင်သွားခဲ့၏။

ပြန်ထပြီး မတိုက်ခိုက်နိုင်တော့ချေ။

ထိုအချိန်တွင် ရှောင်းကျန်းရဲ့က တစ်ဖန်ပြန်၍ ပြေးဝင်လာခဲ့၏။ လင်းရီလက်ထဲတွင် ယခု ဘတ်တံတစ်ချောင်း ရှိနေပြီ ဖြစ်သဖြင့် သူနှင့် အကွက် ဒါဇင်ချီမျှ ဖလှယ်လိုက်သည်။

လင်းရီ၏ ကြမ်းကြုတ်သည့် ခွန်အားနှင့် ရက်စက်သည့် တိုက်ခိုက်မှုများအောက်တွင် ရှောင်းယွမ်ကျယ်မှာ ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးပင် ရှာမရဘဲ ဆက်တိုက် ခုခံနေရ၏။ သူ့တွင် လင်းရီကို ခြိမ်းခြောက်နိုင်သည့် အစွမ်းအစ မရှိတော့ချေ။

ရှောင်းကျန်းရဲ့၏ သက်လုံလျော့ကျလာနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လင်းရီ သူ့လက်ကောက်ဝတ်ကို ဘတ်တံဖြင့် ရိုက်နှက်လိုက်သည်။

နာကျင်သည့် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ဓားမြောင်ကလည်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့၏။

ရှောင်းယွမ်ကျယ်မှာ ခန္ဓာကိုယ်၏ အလိုအလျောက် တုံ့ပြန်မှုဖြင့် နာကျင်နေသည့် သူ့လက်ကို ဆုပ်ကိုင်လိုက်မိသည်။ ယင်းက လင်းရီကို သူ လိုအပ်နေသည့် အခွင့်အရေး ပေးလိုက်သည့်သဖွယ် ဖြစ်သွားခဲ့၏။

ရှောင်းယွမ်ကျယ်ကို ဆံပင်မှ ဆွဲ၍ အနီးရှိ အခန်းတံခါးနှင့် ဆွဲဆောင့်ပစ်လိုက်သည်။

ဘန်း ….

ခေါင်းက သစ်သားတံခါးကို ထုတ်ချင်းပေါက်သွားခဲ့ပြီး ရှောင်းယွမ်ကျယ်၏ မျက်နှာတစ်ခုလုံး သွေးများ ပြည့်နှက်နေသည်။ မြင်နေရသည့် မြင်ကွင်းက တကယ့်ကို သနားဖွယ်ရာ ကောင်းလှသည်။

ဖိုက်တာနှစ်ယောက်လုံး မှောက်သွားခဲ့ပြီး မည်သူကမျှ ပြန်မထနိုင်ကြတော့ချေ။

သူ့အသင်းကလည်း အသာစီးရရှိနေပြီး ဘယ်လောက်မျှ မကြာသည့် အချိန်အတွင်းမှာပဲ တိုက်ပွဲများအားလုံး ပြီးစီးသွားခဲ့၏။

“ လော့ချီ … မင်းဘာတွေ လုပ်နေတာ … ငါမင်းကို လူတစ်ယောက်တည်းပေးထားတာတောင် အခုထိ ရုန်းကန်နေရတုန်းလားကွ …”

“ ဟုတ် နားလည်ပြီ ခေါင်းဆောင် ….” လော့ချီ တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်၏။

ရှောင်းယွမ်ကျယ်နှင့် ကုချင်းဖျင်တို့နှစ်ဦးလုံး အမှောက်သိပ်ခံလိုက်ရသဖြင့် အသင်း၏ စိတ်ဓာတ်လည်း ပျက်စီးသွားခဲ့သည်။

သူတို့အားလုံး လင်းရီတို့ အသင်း၏ လွှမ်းမိုးမှုကြောင့် မကြာမီ အချိန်အတွင်းမှာပဲ အရှုံးပေးလုက်ရကာ အားလုံး မြေပြင်တွင် လဲလျောင်းနေကြရ၏။ ပြန်ထနိုင်လျှင်ပင် ပြန်မထဝံ့ကြပေ။

ရှောင်းယွမ်ကျယ်နှင့် ကုချင်းဖျင်တို့မှာ မျက်လုံး အပြူးသားဖြင့် ကြည့်နေကြပြီး သူတို့မျက်နှာအမူအရာက ကြောက်ရွံ့မှုများ ၊ မယုံကြည်မှုတို့ဖြင့် ပြည့်နှက်လို့နေသည်။

“ ငါတို့အားလုံး စီအဆင့်ချင်းတူတူ မင်းက ဒီလောက်ထိ သန်မာနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ….”

“ လူလူချင်းမတူဘူးဆိုတာ မင်းမသိဘူးလား … သဘာဝက ပေးတဲ့ ပါရမီချင်း ကွာတယ်လေ … မင်းတို့ကောင်တွေက အသင်း ၄ က ဆိုပေမယ့် တကယ့်လက်တွေ့ အမှန်တရားကိုတော့ လက်ခံဖို့လိုတယ် …” လင်းရီ ပြောလိုက်သည်။ “ ငါက ဘီအဆင့် ဖိုက်တာတွေကိုတောင် သတ်လာခဲ့တာ မင်းတို့လို အရှုံးသမား နှစ်ယောက်လောက်ကတော့လား … ဟက် …”

“ မင်း … မဖြစ်နိုင်တ ……”

နှစ်ယောက်လုံး နှလုံးခုန် မြန်ဆန်သွားခဲ့ကြပြီး ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ကြသည်။ အောင်နိုင်သူကသာ သမိုင်းကို ရေးထိုး၏။ ယခုအချိန်၌ သူတို့ဘာပဲ ပြောပြော၊ အရှုံးသမားက ပြောသည့် စကားမို့ အရာထင်မှာလည်း မဟုတ်ချေ။

“ ခေါင်းဆောင် … ကျွန်မတို့ ဒီလူတွေကို ဘာလုပ်လိုက်ရမလဲ …” ယွီစီယင် မေးလိုက်၏။

“ လောစရာမလိုဘူး … ငါသူတို့ကို အရင် စစ်မေးလိုက်ဦးမယ် …”

လင်းရီ ရှောင်းယွမ်ကျယ်နှင့် ကုချင်းဖျင်တို့ကို ကြည့်၍ “ ရှောင်းကျန်းရဲ့နဲ့ ကုဟိုင်ချောင်တို့ ဘယ်မှာလဲ ….”

“ ဟက်ဟက် ….” ရှောင်းယွမ်ကျယ်က အေးစက်စွာ တစ်ချက် ရယ်မောပြီး “ ငါတို့အားလုံးက ကျုံးဝေ့တပ်ဖွဲ့ကပဲ … ငါ ဒီမေးခွန်းကို ဖြေမယ်လို့ မင်းထင်လား …”

လင်းရီ ပခုံးတွန့်ပြလိုက်၏။ “ အမှန်ပဲ … ကျုံးဝေ့တပ်ဖွဲ့ထဲ သူရဲဘောကြောင်တဲ့ကောင်တွေ မရှိဘူး .. ဒါပေမယ့် မင်းတို့ ခေါ်လာခဲ့တဲ့ ကောင်တိုင်းက မင်းတို့နှစ်ယောက်လို ခေါင်းမာနိုင်မယ်ဆိုတာ မယုံဘူး …”

နှစ်ယောက်လုံး ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။

အကယ်၍ လင်းရီသာ ထိုကောင်တွေအပေါ် အာရုံစူးစိုက်ထားမည်ဆိုပါက ကိစ္စရပ်များက ခက်ခဲလာချေတော့မည်။

“ ငါ မင်းတို့ကို တာဝန်တစ်ခုပေးမယ် … ဒီလူတွေ ဆီကနေ ရှောင်းကျန်းရဲ့နဲ့ ကုဟိင်ချောင်တို့ ဘယ်မှာ ရှိနေလဲ ရအောင် မေးလာခဲ့… “

“ ဟုတ် …‌ ခေါင်းဆောင် ….”

လင်းရီ အခန်းသို့ ပြန်သွားပြီး စကေဘာနှင့် ဓားမြောင်ကို အလောင်းများထံက ဆွဲနှုတ်ပြီး သန့်ရှင်းလိုက်သည်။ ထို့နောက် သူ့နေရာသူ ပြန်ထားလိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် ရှောင်ပင်း အထဲသို့ ဝင်လာသည်။

“ အစ်ကိုရီ ကျွန်မ သတင်းရလာခဲ့ပြီ … သူတို့က ယွင်ရှန်း အဆောက်အဦးမှာ …. ကျန်းကျားဟောက်လို့ခေါ်တဲ့ တစ်ခြားတစ်ယောက်လည်း အဲ့မှာ ရှိနေတယ် …”

စာစဉ် (၁၄၈) ပြီး၏။

All Chapters