မင်းတို့တွေ အကုန်လုံး ၊ ငါ့ဆီ အတူ တက်လာခဲ့
Vol. 148 Ch. 2204
အခြေအနေ မဟန်သည်ကို မြင်တော့ လင်းရီက အလျင်ဦးစွာ တုံ့ပြန်လာသည်။ သူ့ဘေးရှိ အခန်းတံခါးကို ကန်ကျောက်ဖွင့်ပြီး အနောက်ရှိ ကျန်းချောင်ယွဲ့ကို ဆွဲကာ အထဲသို့ အတူ ဝင်လိုက်သည်။
ကျန်သူများလည်း ကိုယ်စီ လျင်မြန်စွာ တုံ့ပြန်လာခဲ့ကြ၏။ သို့သော် အနောက်ဘက် အကျဆုံး ရောက်နေသည့် စွေ့ချန်က အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိပြီး ကျည်ဆံတစ်ချက်က သူ့လက်မောင်းသို့ ထိမှန်သွားခဲ့သည်။ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာတော့ မရှိပေ။
“ ဆိုဖာနဲ့ ရေခဲသေတ္တာကို တံခါးနား တွန်းပို့ပြီး ပိတ်ထားလိုက် …”
အခန်းထဲသို့ ရောက်သည်နှင့် လင်းရီ ပထမဦးစွာ အမိန့်ပေးလာသည်။
ကျန်းချောင်ယွဲ့၊ ကျောက်ယွင်ဟူ နှင့် ရှောင်းကျန်းဖုန်းတို့က ချက်ချင်းပဲ လှုပ်ရှားလာခဲ့ကြ၏။
ဒီ အဆင့်ရောက်ထားပြီးသည့် သူတို့အတွက် ဤသို့သော ပရိဘောဂ အသုံးအဆောင်ပစ္စည်များ ရွေ့ပြောင်းပြုလုပ်ရန်က အလွယ်လေးပင်။ ငါးစက္ကန့်အတွင်းမှာပဲ ပစ္စည်းများအားလုံးကို တံခါးပေါက်ဝရှေ့သို့ တွန်းပို့ပြီး တင်းကြပ်စွာ ပိတ်စို့ထားလိုက်သည်။
ဘန်း ဘန်း ဘန်း …
သေနတ်သံများက ဆက်တိုက်ထွက်ပေါ်လာပြီး တံခါးပေါက်ဝကို ပိတ်စို့ထားသည့် ဆိုဖာတွင်လည်း ကျည်ပေါက်ရာတို့ ဖြစ်ပေါ်လာသည်။
ကျန်းချောင်ယွဲ့နှင့် ကျန်သူများကလည်း ငြိမ်ငြိမ်ထိုင်မနေကြ။ အခန်းထဲရှိ အရာအားလုံးကို တံခါးဝရှေ့သို့ တွန်းပို့ပြီး ပိတ်စို့ထားလိုက်သည်။ အနည်းဆုံးတော့ ကျည်ဆံပစ်ချက်များကို မိနစ် အနည်းငယ်စာလောက်တောင့် အချိန်ဆွဲထားပေးနိုင်သည်။
“ သေစမ်း … ဒီလူတွေ ရူးသွားကြတာလား … နေ့ခင်းကြောင်တောင်ကြီးကို ဒီလို သေနတ်တွေ ပစ်နေတယ် …” ကျန်းချောင်ယွဲ့ ကျိန်ဆဲလိုက်၏။
“ နင် ခန့်မှန်းတာ မှန်တယ် … ဒီလူတွေက တကယ့်ကို မဆင်မခြင်နိုင်တဲ့လူတွေ …” ယွီစီယင် ပြောလိုက်သည်။
စောနတုန်းက သူတို့တွေ အငိုက်မိသွားခဲ့ကြသည်။ တစ်ဖက်ရန်သူက လက်နက်ခဲယမ်းများဖြင့် ရုတ်ချည်းထွက်လာသည်က လင်းရီနှင့် ကျန်သူများကို အနည်းငယ် အထိတ်တလန့် ဖြစ်သွားစေခဲ့လေသည်။ သို့သော် ယခု ဦးနှောက်က ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ဖြေရှင်းနည်းလမ်းကို စဉ်းစားနေကြသည်။
သူတို့စိတ်ထဲ စိတ်လှုပ်ရှားဖို့ကောင်းသည်ဟုတောင် ခံစားနေမိကြ၏။
“ မြန်မြန် … ရေချိုးကန်ထဲ ရေအပြည့်ဖြည့်လိုက် … မြန်လေကောင်းလေပဲ …”
အမိန့်ပေးပြီးနောက် လင်းရီ အခန်းထဲသို့ သွားကာ ကုတင်မှ အိပ်ယာများအားလုံး ယူချလာပြီး ရေချိုးကန်ထဲသို့ ပစ်ထည့်ကာ ရေစိမ်လိုက်သည်။
မကြာမီ အပြင်ဘက်ရှိ သေနတ်ပစ်သံတို့က ရပ်တန့်သွားခဲ့ပြီး တံခါးဝတွင် ပိတ်စို့နေသည့် အရာများကို အတင်းအကြပ် တွန်းထုတ်နေသည့် အသံများသာ ထွက်ပေါ်နေသည်။ သို့သော် လင်းရီနှင့် သူ့အသင်းကတော့ ၎င်းတို့ကို မရပ်တန့်ဘဲ အပြင်ကလူတွေ အထဲဝင်လာနိုင်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။
တစ်မိနစ်အတွင်းမှာပဲ တံခါးဝတွင် ပိတ်စို့ထားသည့် ပစ္စည်းများအားလုံး အတင်းအကြပ် တွန်းထုတ်ခံလိုက်ရ၏။ အပြင်ကလူများ အထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
လူများဝင်ရောက်လာသည့် အချိန်၌ ကျန်းချောင်ယွဲ့က ရေစိမ်ထားသည့် အိပ်ယာခင်းကို ၎င်းတို့ထံ ပစ်ပေါက်လိုက်ပြီး လှုပ်ရှားမှုများကို အနှောင့်အယှက် ဖြစ်စေသည်။ ထိုအချိန်မှာပဲ လင်းရီက သူ၏ စကေဘာနှင့် ဓားမြောင်ကို တစ်ခုပြီး တစ်ခု ပစ်ပေါက်လိုက်၏။
တံခါးဝရှိ အမျိုးသမီးနှစ်ယောက်မှာ နေရာမှာတင် လဲကျသွားခဲ့ပြီး သူတို့ သေနတ်များလည်း ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့ကြ၏။
လင်းရီနှင့် ကျောက်ယွင်ဟူတို့က ရှေ့သို့ တက်လာခဲ့ကြပြီး သေနတ်များကို ကောက်ယူကာ ကျန်သူများအား တန်ပြန်တိုက်ခိုက်လိုက်ကြသည်။
ဘန်း ဘန်း ဘန်း ဘန်း …
(စာကြွင်း - ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီး မသုံးချင်လို့ပါ။ )
သေနတ်ပစ်ခတ်သံတို့ ဆူညံသွားခဲ့ပြီး သေနတ်နှစ်လက်တည်း ရှိသည်ဆိုသော်ငြားလည်း လင်းရီတို့ဘက်က လုံးဝ အရေးနိမ့်နေခြင်းမရှိ။ လင်းရီနှင့် ကျောက်ယွင်ဟူတို့၏ သေနတ်ပစ်စွမ်းရည်က ပစ်မှတ်တိုင်းကို နှစ်ခါမပစ်ရဘဲ ဦးခေါင်းများထဲသို့ ကျည်ဆံများ ဝင်ရောက်သွားခဲ့ကြသည်။ ယင်းက အသင်းပေါ်သို့ ကျရောက်နေသည့် ဖိအားကို တော်တော်များများ သက်သာသွားစေသည်။
ကျန်သူများကလည်း သူတို့ထံသို့ ရောက်လာနေသည့် ကျည်ဆံများကို လျင်မြန်သည့် အလျင်အား အသုံးချ၍ ရှောင်တိမ်းနေကြသည်။
တဖြည်းဖြည်းချင်း ၊ တံခါးပေါက် အပြင်ပေါက်ဝတွင် ရပ်တန့်နေသူများက လင်းရီနှင့် သူ့အုပ်စု၏ စွမ်းရည်ကြောင့် ရှေ့သို့ ဆက်မတိုးလာဝံ့ကြတော့ဘဲ နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
“ ငါတို့ အခု ဘာလုပ်ကြမလဲ ….”
ကျန်းကျားဟောက် စေလွှတ်လိုက်သည့် လူများမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် လက်ဖဝါးထဲတွင် ချွေးစေးတို့ ပြည့်နှက်နေချေပြီ။
အခြေအနေက သူတို့ ထင်မှတ်ထားသည်ထက်ကို ကျော်လွန်နေခဲ့၏။ ရှုပ်ထွေးမှုကြောင့် မည်သို့ ကိုင်တွယ်ဖြေရှင်းရကောင်းမှန်းပင် မသိတော့ချေ။ ဤသို့သော အခြေအနေမျိုးတွင် တိုက်ရိုက်ဆုတ်ခွာသည်ကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။
“ လောလောဆယ် ပြန်ဆုတ်ကြစို့ … သူတို့က တံခါးကို စောင့်ကြပ်နေကြတာ … အဲ့တာက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ် … သူတို့အကို အပြင် အရင် ဆွဲခေါ်ထုတ်ကြတာပေါ့ ….”
“ ချီးပဲကွာ … ဒီကောင်တွေက တကယ်ပဲ ဘယ်သူတွေလဲ … ဘာကြောင့် ဒီလောက်ထိ ကြောက်ဖို့ ကောင်းနေရတာလဲ ….”
ကျန်းကျားဟောက် စေလွှတ်လိုက်ကြသည့် လူများမှာ ကျိန်ဆဲရင်း ဂရုတစိုက်နှင့် နောက်သို့ ဆက်တိုက် ဆုတ်နေကြသည်။
သူတို့ရဲ့ စည်းချက်ကို ပြန်လည်ချိန်ညှိပြီး တိုက်ခိုက်နိုင်မည့် နောက်ထပ် အခွင့်အရေးကောင်းတစ်ခုကို ပြန်လည် ရှာဖွေမည်။
လျင်မြန်စွာဖြင့်၊ အခန်းထဲ ကျန်ရစ်သည့် ဒါဇင်ခန့်သော လူများမှာ ဝင်ပေါက်ဝမှတစ်ဆင့် ကော်ရစ်ဒါဘက်ခြမ်းသို့ ဆုတ်ခွာသွားခဲ့ကြသည်။
ထို ဆုံးဖြတ်ချက်ကပဲ လင်းရီနှင့် သူ့ အုပ်စုကို အခွင့်အရေးကောင်းတစ်ခု ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
တံခါးပေါက်ဝတွင် သေနတ်များနှင့် လဲကျနေသည့် အလောင်းများ ရှိ၏။
လော့ချီက ပြတင်းပေါက်သို့ ပြေးသွားပြီး လိုက်ကာကို ဆွဲစုတ်ကာ ထိုင်ခုံနှင့်ချီပြီး အပြင်ဘက်သို့ လွင့်ပစ်လိုက်သည်။
ချက်ချင်း ဆိုသလို ဖုန်မှုန့်များက အလုံးလိုက်အရင်းလိုက် ဝင်ရောက်လာခဲ့ပြီး ရန်သူများ၏ အမြင်ကို နှောင့်ယှက်သွားစေခဲ့၏။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ပြုတ်ကျနေသည့် သေနတ်များအားလုံးကို လျင်မြန်သည့် အရှိန်ဖြင့် ကောက်ယူကာ ကျန်သူများအား ခွဲဝေပေးလိုက်သည်။
“ ချီးပဲ … ငါတို့နဲ့ ဒီလိုဂိမ်းမျိုး လာကစားချင်နေတယ်ပေါ့ … ကျုံးဝေ့တပ်ဖွဲ့ကို အလှပန်းအိုး သပ်သပ်လို့များ ထင်နေကြလား မသိဘူး ….”
သေနတ်လက်ထဲ ရောက်ရှိပြီးသူများမှာ ရှေ့သို့ ချီတက်လာခဲ့ကြသည်။
သူတို့ဘက်က အရေအတွက်အားဖြင့် အလေးမသာသော်လည်း တစ်ဦးတစ်ယောက်ချင်း တိုက်ခိုက်နိုင်မှု စွမ်းရည်က တိုက်ပွဲဒီရေကို လျင်မြန်စွာ ပြောင်းလဲဖို့အတွက် လုံလောက်သည်။
“ တစ်ခုခု မူမမှန်ဘူး …ပြေး …”
လင်းရီနှင့် သူ့အုပ်စု၏ စွမ်းအားကို မျက်မြင်ကြုံတွေ့သည်တွင် ကျန်းကျားဟောက်၏ လူများမှာ ဆက်တိုက် နောက်ဆုတ်သွားခဲ့ကြပြီး ထွက်ခွာဖို့ စီစဉ်နေကြ၏။
သို့သော် ယွီစီယင်နှင့် ကျန်းချောင်ယွဲ့တို့က သူတို့ကို ထိုသို့ ပြုလုပ်နိုင်သည့် အခွင့်အရေး မပေးပေ။
လင်းရီနှင့် ရှောင်ပင်းတို့၏ ကာဗာပေးထားမှု အောက်တွင် တစ်ဖက်အုပ်စုဆီသို့ နှစ်ဖက်ညှပ်ပြီး ချီတက်သွားကြ၏။
၎င်းတို့၏ လည်ပင်းကိုချိုးပြီး သွေးအိုင်ကန်ထဲတွင် ပစ်ထားခဲ့ကြသည်။
ဆူညံအော်ဟစ်သံများနှင့် ပရမ်းပတာ မြင်ကွင်းက ငါးမိနစ်အတွင်းမှာပဲ ပြီးဆုံးသွားခဲ့သည်။
စွေ့ချန်၏ လက်မောင်း တစ်ချက် ထိသွားခဲ့သည်ကလွဲ၍ ကျန်သူများမှာ မထိမခိုက် မပွန်းမပဲ့ဘဲ ကျန်ရစ်ခဲ့လေသည်။
ကြမ်းပြင်ရှိ ခန္ဓာကိုယ်အလောင်းများကို ကြည့်ရင်း ကျောက်ယွင်ဟူက ခါးတစ်ဖက်ထောက်၍ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“ ခေါင်းဆောင် … ဒီလောက်ထိ ဆူဆူညံညံတွေ ဖြစ်သွားတယ်ဆိုတော့ ကျုပ်တို့တွေ စစ်တပ်ကို ကိုင်တွယ်ခိုင်းလိုက်သင့်လား …”
“ ငါစဉ်းစားဦးမယ် .. မင်းတို့ကောင်တွေက စွေ့ချန်ရဲ့ ဒဏ်ရာကို တစ်ခုခု အရင်လုပ်ထားလိုက် ….”
လင်းရီ ဖုန်းထုတ်၍ စစ်တပ်ကို ခေါ်ဆို၍လည်း အနည်းငယ် မသင့်လျော်ဟု ခံစားနေရသည်။
စုဝန်ရန်က ဤနေရာသို့ ရောက်နေသည်မှာ ချိန်ကိုက်သား ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ဤကိစ္စကို သူနှင့် လွှဲထားလိုက်သည်က ပိုပြီး သင့်လျော်လေသည်။
သို့သော် လင်းရီ ဖုန်းခေါ်ဆိုတော့မည့် အချိန်မှာပဲ စင်္ကြံလမ်းရှိ နောက်ဆုံး ဒုတိယခန်းထဲမှ လူနှစ်ယောက် ထွက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူတို့ နှစ်ဦးလုံးက အသက်သုံးဆယ် အရွယ်များ ဖြစ်ကြပြီး ထွားကျိုင်းသည့် ကိုယ်ခန္ဓာနှင့် တောင်တန်းကြီးများကဲ့သို့ မြဲမြံခိုင်မာနေသည်။
၎င်းတို့အပြင် အခြားလူ ခုနစ်ယောက်၊ ရှစ်ယောက်ကလည်း ၎င်းတို့နှစ်ဦး အနောက်မှနေ၍ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြ၏။
ဤနှစ်ယောက်ကိုမြင်တော့ အုပ်စု၏ အမူအရာမှာ လေးနက်တည်ကြည်သွားခဲ့သည်။
တစ်ဖက်က ဘာမှ လုပ်မလာသေးသော်လည်းပဲ အလိုလိုသိစိတ်က ပြောပြနေသည်မှာ ဤလူနှစ်ယောက်က သွားရှုပ်၍ မရသည့် လူများဟူ၍ပင်။
“ အသင်းတစ်ရဲ့ ခေါင်းဆောင် တကယ်ပဲ ဖြစ်ထိုက်ပါပေတယ် … တော်ရုံလူဆို ဒီလောက်မြန်တဲ့ အရှိန်နှုန်းမျိုး မရှိဘူး ….’
လင်းရီ သူ့ ကိုယ်ဟန်ကို ချိန်ညှိပြီး မျက်စိရှေ့မှောက်တွင် ရုတ်ချည်းထွက်ပေါ်လာသည့် လူနှစ်ယောက်ထံသို့ တည့်တည့်ကြည့်လိုက်သည်။
“ ငါ ဘယ်သူလဲ သိနေတာတောင် ဒီလို အမှိုက်တွေကို ဘယ်သူကများ လွှတ်လိုက်လဲဆိုပြီး စဉ်းစားနေတာ လက်စသတ်တော့ မင်းတို့နှစ်ယောက် ဖြစ်နေတာကိုး …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ငါမှန်းတာ မမှားဘူးဆိုရင် မင်းတို့နှစ်ယောက်က ရှောင်းမိသားစုနဲ့ ကုမိသားစုက ဖြစ်ရမယ် ….”
“ တော်တယ် ….” ရှောင်းယွမ်ကျယ် ပြောလိုက်ပြီး “ တကယ်တော့ ငါတို့လည်း ဒီလိုမျိုးတွေ မဖြစ်ချင်ပါဘူး … ဒါပေမယ့် မင်းက ငါတို့ကို ထောင့်ကပ်အောင် အတင်းအကြပ် တွန်းပို့ခဲ့တယ် … ကျုံးဝေ့တပ်ဖွဲ့က တစ်ဖွဲ့သားတည်းချင်းတွေကိုပဲ ဖြစ်ခဲ့တာတွေ အကုန်လုံးမေ့ပြီး ဒီကိစ္စ ဒီမှာတင် ရပ်လိုက်ကြတာပေါ့ … ဘယ်လိုသဘောရလဲ ….”
စကားဝိုင်းက ဤနေရာသို့တိုင် ရောက်လာပြီဖြစ်ရာ လူတိုင်းကလည်း ရှေ့ရှိ လူနှစ်ယောက်က မည်သူမည်ဝါ ဖြစ်သည်ကို အလိုအလျောက် မှန်းဆမိကြသည်။ သူတို့က ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ အဖွဲ့ဝင်များ ဖြစ်၏။
လင်းရီ ပခုံးတွန့်လိုက်၏။ “ ဟုတ်တာပေါ့ … ဒီကိစ္စက မင်းတို့နှစ်ယောက်နဲ့ ဘာမှမဆိုင်ဘူး .. ငါ့ပစ်မှတ်က မင်းတို့ အဖေတွေပဲ … အခုထွက်သွားလိုက် … ဒါဆို ဒီနေ့ ဘာမှ မဖြစ်ပျက်ခဲ့ဘူးလို့ သဘောထားပေးမယ် ….’
“ ခေါင်းဆောင်လင်း … မင်းပြောချင်တာက ဒါအကုန်ပဲဆိုရင်တော့ ငါတို့တွေ ဆက်ပြောနေလို့လည်း အကြောင်းထူးမှာ မဟုတ်တော့ဘူး ..” ရှောင်းယွမ်ကျယ် ပြောလိုက်ပြီး “ မင်းဘာကြောင့် ဒီလောက်တောင် ခေါင်းမာချင်ရတာလဲ ….”
ကလစ် ကလက် ကလက် …
လင်းရီ လက်ဆစ်များချိုးလိုက်သည်။
“ ဒါဆိုရင်တော့ ငါလည်း မတတ်နိုင်တော့ဘူး … မင်းတို့နှစ်ယောက် … တစ်ခါတည်း အတူလာခဲ့ကြ …”