← Chapters

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 148 Ch. 2197

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 148 Ch. 2197

“ အဲ့တာက တကယ်ပဲ ဖြစ်နိုင်တယ် … ဒီတိုင်း တစ်ဖက်လူက ဘယ်နေရာမှာ ရှိနေလဲဆိုတာ ငါတို့တွေ ရှာမတွေ့သေးရုံလေးပဲ ….” လင်းရီ ပြောလိုက်ပြီး “ မင်း အခန်းထဲကို ရောက်ရင် ဟိုတယ်ရဲ့ စောင့်ကြည့်ကင်မရာ မြင်ကွင်းကို ဖမ်းယူပြီး ငါ့ အခန်း ၅၀၃ ဝန်းကျင်မှာ သံသယ ဖြစ်ဖို့ကောင်းတဲ့ ငနဲ‌တွေ လမ်းသလားနေလား တစ်ချက် ကြည့်လိုက် ….”

“ အိုကေ …”

ရှောင်ပင်းနှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ဘာမျှ ဖြစ်ပျက်ထားခြင်း မရှိသကဲ့သို့ သူ့အခန်းသို့ ပြန်လာသည်။ တစ်ချိန်တည်းတွင် မျက်လုံးထောင့်ကပ်ပြီး သူ့ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်နေခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ လင်းရီ သဲလွန်စအနည်းငယ်ကို ရှာတွေ့သွားသည်။ ခန်းမထဲတွင် သံသယဖြစ်ဖို့ကောင်းသည့် လူတစ်ချို့ရှိနေပြီး ၎င်းတို့၏ မျက်လုံးများက သူ့အပေါ်မှာပဲ ဝေ့ဝဲနေသည်။

ထူးမခြားနားသဖွယ် ဟန်ဆောင်နေသော်လည်း သူတို့ရဲ့ အပြုအမူ လှုပ်ရှားမှုတို့က အတော်လေး သဘာဝမကျကြပေ။

လင်းရီ နှာတစ်ချက်မှုတ်ပြီး ဓာတ်လှေကားထဲသို့ ဝင်ကာ သူ့အခန်းထဲသို့ ပြန်ရောက်လာသည်။

နောက်နှစ်နာရီ ကြာပြီးနောက် ကောင်းကင်ကလည်း တဖြည်းဖြည်းချင်း မှောင်ရီပျိုးလာပြီး လင်းရီ မည်သည့်နေရာကိုမျှ မသွားခဲ့ချေ။ ဆိုဖာပေါ်တွင် ခြေထောက်ချိတ်လျက် ထိုင်နေပြီး အခြေအနေကို မည်သို့ဖြေရှင်းရကောင်းနိုးနိုး စဉ်းစားနေသည်။

သူ၏ လှုပ်ရှားမှုတိုင်းက တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ကောင်းသည့် အရာတစ်ခုတော့ မဟုတ်ပေ။ ပြိုင်ဘက်က သူ၏ လှုပ်ရှားမှုများအပေါ် အခြေခံ၍ နည်းဗျူဟာတို့ ချမှတ်လာနိုင်သည်။

ဤအချင်းအရာက သူ့ကို အင်မတန် အရေးမသာသည့် နေရာတွင် ရှိနေစေပြီး အခြေအနေအပေါ် ကိုင်တွယ်ရသည်အား ပို၍ ခက်ခဲအောင် ပြုလုပ်နေတော့သည်။

ဒူ ဒူ ဒူ ….

ထိုအချိန်မှာပဲ လင်းရီဖုန်းက တုန်ခါလာခဲ့သည်။ ရှောင်ပင်းက ဝီချက်ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။

“ အစ်ကိုရီ … ရှင့်ဘက်ခြမ်းမှာ တစ်ခုခု ဖြစ်နေတာ ဟုတ်တယ် … သံသယ ဖြစ်ဖို့ကောင်းတဲ့ လူတွေအများကြီး ရှင့် တံခါးဝနား ပတ်ဝဲနေတာကို မြင်နေရတယ် .. ကျွန်မ ဖုန်းနဲ့ မှတ်တမ်းတစ်ချို့ ယူထားတယ်… တစ်ချက်ကြည့်လိုက်ရင် သိလိမ့်မယ် …”

များမကြာမီ လင်းရီဖုန်းထဲသို့ ဗွီဒီယိုသုံးပုဒ် ရောက်လို့လာသည်။

ထူးဆန်းသည့် လူတစ်ချို့က သူ့တံခါးဝနားတွင် စကားတစ်ချို့ကို တီးတိုးပြောနေခဲ့ကြသည်။ သို့သော် တစ်မိနစ်ပင်မကြာလိုက်ဘဲ ပြန် ထွက်သွားခဲ့၏။

သူတို့ထဲ တစ်ယောက်က ဟိုတယ် သန့်ရှင်းရေး အလုပ်သမား အဖြစ် ရုပ်ဖျက်ထားပြီး သူ့ အခန်းတံခါးပေါက်ဝရှေ့ကနေ ရံဖန်ရံခါ ဖြတ်သွားနေခဲ့၏။ ထိုသို့ ဖြတ်သွားရင်း ခေါင်းက တစ်ချက်ကြည့်ကာ သူ့တွန်းလှည်းကို လျင်မြန်စွာ ဆက်ပြီး တွန်းသွားခဲ့သည်။

ဗွီဒီယိုသုံးခုလုံးကို ကြည့်ရှုပြီးနောက် လင်းရီ သူ စောင့်ကြည့်ခံနေရပြီဆိုတာကို ပိုပြီး သေချာသွားခဲ့သည်။

“ အစ်ကိုရီ … ကျွန်မတို့ ဒီလူတွေကို ရှင်းလိုက်ကြမလား … မဟုတ်ရင် ရှင်ရဲ့ လှုပ်ရှားမှုတိုင်းက သူတို့ရဲ့ မျက်လုံးတွေအောက်မှာ ရှိနေမှာလေ ….”

“ ကျုံးဝေ့တပ်ဖွဲ့ထွက် ပီသပါပေတယ် … ငါ့ကို တကယ်ပဲ စိတ်မပျက်စေဘူးပဲ … အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ် …”

ရှောင်ပင်း တခစ်ခစ် ရယ်မော၍ မေးလိုက်၏။ “ အခု ဒီမစ်ရှင်က စိန်ခေါ်မှု ရှိတယ်လို့ ခံစားရပြီလား …”

“ အင်း … တကယ်ပဲ အဲ့လို အနံ့၊ အရသာမျိုး ရတယ် … “ လင်းရီ ပြုံးလိုက်ပြီး “ ဒီလို ဉာဏ်ချင်းကစားရတဲ့ တိုက်ပွဲမျိုးတွေ ငါ တော်တော်လေးကြိုက်တယ် …”

“ ကျွန်မလည်း ဒီလူတွေက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ် …” ရှောင်ပင်း ပြောလိုက်ပြီး “ ရှင့်ရဲ့ တန်ပြန်ထောက်လှမ်းတဲ့စွမ်းရည်နဲ့ဆိုရင် စောင့်ကြည့်ခံနေရတာကို အစောကြီးကတည်းက သိနေသင့်တယ် မဟုတ်ဘူးလား ….”

“ ကြည့်ရတာ‌ သူတို့တွေက ငါ ဘယ်သူ ဘယ်ဝါဆိုတာ သေချာသိထားကြတဲ့ပုံပဲ … ဒါကြောင့်မို့ ကမူးကရူး မလှုပ်ရှားလားဘဲ ဟိုတယ်မှာ ကာကွယ်ရေးတွေလောက်ပဲ ချထားတာ … အဲ့တာကြောင့် ငါ သတိမထားမိတာပဲ ….”

“ အခု … အဲ့လူတွေကို တွေ့သွားပြီဆိုတော့ ကျွန်မတို့ လှုပ်ရှားသင့်ပြီလို့ ထင်တယ်နော်….”

“ အလျင်မလိုသေးနဲ့ …” လင်းရီ ပြောလိုက်ပြီး “ ငါတို့ အနားရှိနေတဲ့လူတွေက ဒီလူတွေလောက်ပဲ ဟုတ်မှာ မဟုတ်ဘူး … မင်း သေချာလေး စစ်စစ်ပေါက်ပေါက် ရှာဖွေဖို့ လိုသေးတယ် … သူတို့က ဟိုတယ် အပြင်ဘက်မှာ … ဒါမှမဟုတ် တစ်ချို့က ဟိုတယ်အခန်းတွေထဲမှာ ရှိနေနိုင်တယ် … ဒါ တာဝန်ကြီးပဲ … ဒီတော့ မြန်မြန်လုပ်ပြီး ကိုင်တွယ်လိုက် ….”

“ ဟုတ် … နားလည်ပြီ အစ်ကိုရီ ….”

ရှောင်ပင်းနှင့် ဆက်သွယ်ပြီးနောက် လင်းရီသည် လျန်ရူရွှယ်အား ဖုန်းခေါ်လိုက်သည်။

“ အလုပ်များနေလား …”

“ အခုလေးတင် အစည်းအဝေးတက်ပြီးတာပဲ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင် အဲ့မှာ ပြဿနာ တက်နေလို့လား …”

“ ပြဿနာတက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး … ဒီတိုင်း စိတ်ဝင်စားဖို့ကောင်းတာလေးတွေ တွေ့ထားရုံပါပဲ …” လင်းရီ ပြုံးလျက် ပြောဆိုလိုက်ပြီး “ ငါ မင်းကို တစ်ခု မေးချင်တာရှိလို့ … အခု ကွမ်တုံး စီရင်စုက ဖန့်ချိန် ကုန်သည်ကြီးများအသင်းကို ကာဗာပေးနေတဲ့လူက ဘယ်သူလဲ …”

“ ဝမ်ရှောင်ဟွေ့ …”

“ သူက ‌ဘော့စ်ပေါ့ … ဟက် …”

“ အင်း … ဉာဏ်ကောင်းသားပဲ ….”

“ သူ့အပြင် …၊ ရန်ကျင်းကနေပြီး သူတို့ကို‌ ထောက်ပံ့ပေးနေတဲ့လူရော ရှိလား …”

လင်းရီရဲ့ မေးခွန်းကို ကြားတော့ လျန်ရူရွှယ် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့သည်။ “ နင် သူတို့ကို လုံးဝ အမြစ်ကနေ ဆွဲလှန်ဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား ….”

“ ငါ့မှာ အဲ့လိုလုပ်ဖို့ အိုင်ဒီယာတော့ ရှိတယ် … ဒါပေမယ့် သူတို့လက်တွေကို ထုတ်မပြလာဘူးဆိုရင် ငါ့မှာ အခွင့်အရေး မရှိဘူး …”

“ အဲ့တာလည်း ဟုတ်သားပဲ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ အခု … ရှောင်းကျန်းရဲ့နဲ့ ကုဟိုင်ချောင်က ရှေ့ကို တက်လာခဲ့ပြီ … တော်တော်များများကလည်း နောက်ကွယ်မှာ ပုန်းလျှိုနေကြတယ် … ဒီကိစ္စကို ကိုင်တွယ်ဖို့က တကယ်လည်း တော်တော်လေး ခဲယဉ်းတယ် …”

“ ခက်ခဲမှာက သဘာဝပဲ … ဒါပေမယ့် အဲ့တာကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေတာပဲ ….”

“ ဒါဆို နင်က ဝမ်ရှောင်ဟွေ့အကြောင်း ဘာလို့ ရုတ်တရက်ကြီး မေးလာခဲ့တာ ….”

“ ရှောင်းကျန်းရဲ့နဲ့ သူ့အုပ်စုကိုပဲ ကိုင်တွယ်မယ်ဆို ပျင်းဖို့ကောင်းလို့လေ … ဒီတော့ အခု … အဲ့နောက်ကွယ်မှာ ရှိနေတဲ့ လူတွေကို ငါ ဘာမှ မလုပ်နိုင်သေးဘူးဆိုရင်တောင် သူတို့တွေကို ဒီ အရှုပ်ထုပ်ကြီးထဲ ဆွဲချနိုင်မယ့် နည်းလမ်းရှာဖို့လိုတယ် … “

“ ဒါပေမယ့် သူတို့က သူတို့ကိုယ်သူတို့ ကိုယ်ယောင်မပြလာဘူးဆိုရင် နင်က ဘယ်လိုမျိုး ဆွဲချနိုင်မှာ ….”

“ ဒါက ရှင်းပြနေမယ်ဆိုရင် မိုးလင်းသွားလိမ့်မယ် … ငါပြန်ရောက်မှ ဟိုတယ်တစ်ခုမှာဆုံပြီး ဒီကိစ္စ ဖြည်းဖြည်းချင်း ပြောကြတာပေါ့ ….”

“ လစ်စမ်း … ငါနဲ့ဆို ပေါက်ကရတွေ အတော်ပြောချင်နေတယ်ပေါ့ ဟုတ်လား …” လျန်ရူရွှယ် ပြောလိုက်ပြီး “ တခြား ဘာမှမရှိတော့ဘူးဆိုရင် ငါ ဖုန်းချလိုက်တော့မယ် …”

“ နေဦး … စောင့်ဦး … ငါ မပြီးသေးဘူး … “ လင်းရီ ပြောလိုက်ပြီး “ သူတို့ကို ရန်ကျင်းကနေပြီး ကာဗာပေးနေတာက ဘယ်သူလဲ ….”

“ လူတစ်သိုက်ပဲပေါ့ …” လျန်ရူရွှယ်ပြောလိုက်ပြီး “ အခု … အကြီးအကဲလုရဲ့ ဩဇာက ကျော်လွှားမရနိုင်အောင်ကို ကြီးမားနေပြီ … ပြီးတော့ ငါတို့လျန်မိသားစုကလည်း ရှိနေတော့ သူတို့ တစ်ယောက်မှ ငါတို့ကို လှုပ်ခါနိုင်တော့မှာ မဟုတ်ဘူး … ဒါကြောင့်မို့ တခြား မိသားစုတွေကလည်း တိတ်တိတ်လေး အုပ်စုဖွဲ့နေကြတာ ….”

“ ဒါက အုပ်စုချင်း တိုက်ပွဲကို ဦးတည်နေပြီပေါ့ ….”

“ အနည်းနဲ့ အများပေါ့ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင် အရင်က ရိုက်နှက်ခဲ့ဖူးတဲ့ မိသားစုတွေ ၊ လုမိသားစု ၊ ကျောက်မိသားစုနဲ့ နင့် ဦးလေးရဲ့ မိသားစုကတောင် အဲ့ထဲ ပါတယ် … ကုန်ကုန်ပြောရရင် လူတွေ အများကြီးပဲ ….”

အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက် လင်းရီ ပြောလိုက်၏။

“ တကယ်လို့ ဖန့်ချိန်ကုန်သည်ကြီးများအသင်းက ဖြိုလဲခံလိုက်ရမယ်ဆိုရင် သူတို့က အကြီးအကဲလုကို စီးပွားရေး ရှုထောင့်ကနေပြီး တိုက်ခိုက်လာမယ်မလား ….”

“ အဲ့လိုပဲ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ တကယ်လို့ ဖန့်ချိန် ကုန်သည်ကြီးများအသင်းကသာ ဖြိုလဲခံလိုက်ရမယ်ဆိုရင် အကျိုးဆက်တွေက ငါတို့ မြင်နိုင်သလောက်ပဲ ရှိမှာ မဟုတ်ဘူး … ရှန်းကျန်း စတော့အိတ်ချိန်း တစ်ခုလုံးပါ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ် ….”

“ အဲ့လိုဆိုရင်တောင် အကြီးအကဲလုကို ထိခိုက်အောင် မလုပ်နိုင်ဘူးမလား ….”

“ ဒါပေါ့ … အသေးမွှား နှောင့်ယှက်တာလေးကတော့ ဘာပေါက်မှာ မို့လို့ … အကြီးအကဲလုကို ပြဿနာ မတက်စေနိုင်ပါဘူး …” လျန်ရူရွှယ် ပြောလိုက်ပြီး “ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဦးလေးဟော်ကို လမ်းကြောင်းပေါ်ကနေ ဖယ်ရှားဖို့ … ငါက ကျိုးဟိုင်မှာ ရှိနေပြီးသား … တကယ်လို့ ဦးလေးဟော်ကပါ ဖန့်ချိန် တစ်ခုလုံးကို လွှမ်းမိုးနိုင်သွားမယ်ဆိုရင် သူတို့အတွက် နေရာဘယ်ကျန်တော့မှာ ….”

“ ငါ သဘောပေါက်ပြီ …” လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။

“ မင်း လုပ်စရာရှိတာ ဆက်လုပ်တော့ … ငါ တခြားကိစ္စလေးတွေ လုပ်လိုက်ဦးမယ် … နောက်မှ စကားဆက်ပြောကြတာပေါ့ ….”

လျန်ရူရွှယ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

လက်ရှိ အခြေအနေအရ ဖန့်ချိန်ကုန်သည်ကြီးများအသင်းကို ကိုင်တွယ်ဖို့ဆိုသည်မှာ သူ့အတွက် မခဲယဉ်းချေ။ သို့သော် ပွဲပြီးနောက်ဆက်တွဲများကမှ တကယ့်ကို အာရုံစူးစိုက်ထားဖို့ လိုအပ်တာဖြစ်၏။

ဘာကြောင့်လဲဆိုတော့ ထိုရဲ့ အကြောင်းပြချက် အစစ်အမှန်ကသာ ဟော်ကျားရှင်းကို ပထုတ်ဖို့ အကြောင်းအရင်း ဖြစ်နေသောကြောင့်ပင်။

ထိုအတွေးကို စိတ်ထဲ စဉ်းစားရင်း လင်းရီ ချီရှန်းကျောက်နှင့် အာယာနဲ မစ်ဆူတို့ထံ တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်လိုက်သည်။

နာရီဝက်ကျော်ကြာအောင် စကားပြောပြီးနောက် နောက်ဆုံးတော့ သူ့ကိစ္စများအားလုံး စီစဉ်နေရာချပြီးသွားလေပြီ။

ဖုန်းများ ခေါ်ဆိုပြီးနောက် လင်းရီ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးပြီး … နောက်ဆုံး၌ လီရုံဂျင်းကို ဖုန်းခေါ်လိုက်သည်။

ထိုအမျိုးသမီးနှင့် နောက်ထပ် နာရီဝက်လောက် စကားပြောလိုက်ရ၏။

ပြီးသည့်နောက် … လင်းရီ ရှောင်ပင်းထံ တစ်ဖန်ပြန်ပြီး ဖုန်းခေါ်လိုက်သည်။

“ ဟဲလို အစ်ကိုရီ….”

“ ငါ ခဏနေကျရင် နာမည်တွေ ပို့ပေးလိုက်မယ် … သူတို့နဲ့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းရဲ့ ဆက်နွယ်မှုကို ကြည့်လိုက် … ပြီးရင် သူတို့ချင်း အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို ရှာပေးစမ်းပါ … အုပ်စုလိုက် ရိုက်ထားတဲ့ ပုံမျိုး….”

“ အိုကေ …”

“ ပြီးတော့ စွေ့ချန်နဲ့ ယွီစီယင်ကို ကိစ္စတွေ အမြန်လုပ်ဖို့ လောလိုက်ဦး … ဒီည ရှစ်နာရီထိုးလို့မှ သူတို့တွေ တစ်ယောက်မှ ဖမ်းလို့ မမိသေးဘူးဆိုရင် ဒီကောင်တွေကို အသင်းထဲက နှုတ်ထွက်ခိုင်းလိုက်တော့ …” လင်းရီ ပြောလိုက်သည်။

“ ခစ်ခစ် … ဖြစ်စေရမယ် …”

All Chapters