ပေါက်ကွဲထွက်တဲ့ မြင်ကွင်း
Vol. 148 Ch. 2199
ဟိုတယ်အပြင်ဘက်တွင် အနက်ရောင် အက်ကော့စီဒန်တစ်စင်း ပါကင်ထိုးထားသည်။ ယင်းက လူ သိပ်သတိမပြုနိုင်သည့် နေရာတွင် ပါကင်ထိုးထားခြင်း ဖြစ်၏။
လင်းရီက ထိုင်ခုံနောက်ဘက်တွင် ထိုင်နေပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ အခြေအနေအား ကြည့်ရှုနေသည်။ ရှောင်ပင်းက ဒရိုင်ဘာထိုင်ခုံတွင် ရှိနေပြီး သူမဘေးတွင်တော့ ငါးလွှာရှိ စောင့်ကြည့်ကင်မရာမြင်ကွင်းပြသထားသည့် စခရင်တစ်ခုက ပွင့်လျက် ရှိသည်။
“ ရှင်ကတော့ တကယ့်ကို အမေးဇင်းပဲ အစ်ကိုရီ … ငါးလွှာက ဒီလောက်မြင့်တာတောင် ပြတင်းပေါက်ကနေ အောက်ကို ရောက်အောင် ဆင်းလာနိုင်တယ် ….”
“ ဒီ စောက်အစုတ်ပလုတ်ဟိုတယ်ကတော့ … ငါ့တောင် ခြေချော်ပြီး ပြုတ်ကျလုနီးပါးပဲ ….”
“ ကျွန်မလည်း သင်ခန်းစာရသွားပြီ … နောက်ကျ ဒီမှာ ထပ်မတည်းတော့ဘူး ဟီးဟီး …” ရှောင်ပင်း ရွှတ်နောက်နောက် လေသံဖြင့် ပြောလိုက်သည်။ “ ဒါနဲ့ သူတို့ဘက်က ကျိန်းသေပေါက် လှုပ်ရှားလာမယ်မလား …”
“ ငါလည်း မသေချာဘူး …. ဒီတိုင်း ကြိုတင် ပြင်ဆင်ထားတာ ….” လင်းရီ သက်ပြင်းချလိုက်သည်။ “ သူတို့က ငါဘယ်သူလဲနဲ့ ကျုံးဝေ့တပ်ဖွဲ့က ဘာလဲ ဆိုတာကို သိတယ် … ငါ့ကိုဟန့်တားဖို့ဆိုပြီး သာမန်ရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေတောင် သုံးလာနိုင်တယ် … ငါတို့ဘက်က သတိထားမှပဲ တော်ခါကျမှာ ….”
“ အဓိပ္ပာယ်ရှိတယ် …” ရှောင်ပင်း ပြောလိုက်ပြီး “ တကယ်လို့သာ သူတို့တွေ အစ်ကိုရီရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ချင်နေတယ်ဆိုရင် ဒီတိုင်း ဟိုတယ်မှာ လူနည်းနည်းပါးပါး လွှတ်ထားရုံလောက်နဲ့ ရိုးရှင်းမှာ မဟုတ်ဘူး …”
“ သံသယ ဖြစ်ဖို့ကောင်းနေတာ အဲ့တာပဲ …” လင်းရီ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ တကယ်လို့ သူတို့သာ ငါ့ကို တကယ်စောင့်ကြည့်ပြီး အလိုက်သင့် တုံ့ပြန်ချင်တာဆိုရင် ဒီရဲ့ ချဉ်းကပ်နည်းလမ်းက တကယ်ပဲ မဆီလျော်ဘူး … ဒါကြောင့်မို့ ငါ ခိုးထွက်ပြီး အခြေအနေကို စစ်ဆေးကြည့်နေရတာ …”
“ အစ်ကိုရီ … ကျွန်မရှင့်ကို ဘာ လေးစားမိလဲ သိလား ….”
“ ငါ့ရဲ့ တစ်ည အကြောင်းရေ တစ်ရာ့ရှစ်ဆယ် မောင်းနိုင်တာကို မနာလိုတာလား ….”
“ ဟော … အစ်ကိုရီက ယာဉ်မောင်းအိုကြီးဆိုတာ ဒီမှာ လက်ပူးလက်ကြပ် မိသွားပြီ ….” ရှောင်ပင်း တခစ်ခစ် ရယ်မောလိုက်၏။
“ ကျွန်မရှင့်ကို လေးစားလို့ မဆုံးတာက ရှင့်ရဲ့ ထက်ရှတဲ့ အလိုလိုသိစိတ်ကိုပဲ … မသိရင် အန္တရာယ်ကို ကြိုပြီး အာရုံခံနိုင်တဲ့ အသိနဲ့ မွေးဖွားလာတဲ့အတိုင်းပဲ …”
“ အဓိကက ငါက သေရမှာကို ကြောက်လို့လေ … ဒါကြောင့်မို့ အများကြီး တွေးဖြစ်တယ် … သတိထားတာက ဘယ်တော့မှ မမှားဘူး ….”
ဟစ်…
ရှောင်ပင်း ကြက်သီးဖြန်းသွားခဲ့ပြီး “ ကျွန်မ အရင်က မစ်ရှင်လုပ်တုန်းက အစ်ကိုရီကြောင့်သာ မဟုတ်ရင် အခုချိန်လောက်ဆို ကျွန်မရဲ့ အုတ်ဂူပေါ်က မြက်ပင်တွေ နှစ်မီတာကျော် ရှည်နေလောက်ပြီ ….”
“ ငါတို့က အသင်းအဖွဲ့လေ … တစ်ယောက်တည်း မဟုတ်ဘူး …”
“ ကျွန်မ အစ်မနင်ဆီက ကြားတာ အစ်ကိုရီ ကျုံးဝေ့တပ်ဖွဲ့ထဲက ထွက်ပြီဆို … အဲ့တာ တကယ်ပဲလား … ကျွန်မတို့ကို မခြောက်နဲ့နော်….”
“ အင်း … ငါ ထွက်လိုက်ပြီ … ဒါပေမယ့် လုံးဝ ထွက်လိုက်တာချည်းလည်း မဟုတ်ပါဘူး .. တစ်ချို့ မစ်ရှင်တွေမှာတော့ ရှိနေဦးမှာ … မင်းတို့လည်း ကြီးပြင်းလာဖို့ လိုတယ်လေ … ငါ့ချည်းပဲ အမြဲတမ်းရှိနေတာက မင်းတို့ကို မှီခိုလိုစိတ် ပြင်းပြလာအောင် လုပ်သလို ဖြစ်တယ် ….”
လင်းရီ သူတို့စိတ်ထဲ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်သည့်အတွက် ဤအကြောင်းကို ချဲ့ကားပြီး မပြောခဲ့ပေ။
“ စကားမစပ် … မင်း အပြင်က အခြေအနေကို စစ်ဆေးခဲ့သေးလား …” လင်းရီ မေးလိုက်၏။
“ အဲ့ဒီရဲ့ GL8 … အဲ့တာ သူတို့ ကားမလား …”
“ မပူနဲ့ … အဲ့လို အသေးအမွှား ကိစ္စလေးကို လုံးဝ အမှားမလုပ်ဘူး ….” ရှောင်ပင်း ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ “ ဒီညနေခင်းတုန်းက ကျွန်မ တစ်ချိန်လုံး ကားထဲမှာ ရှိနေတာ .. သူတို့တွေ ရှင့်ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ မြင်တယ် … သူတို့လူတွေ တော်တော်များများလည်း အဲ့ဒီကားနား သွားကြတယ် …”
“ ပြဿနာ မရှိရင် ပြီးရော ….”
ရှောင်ပင်း နှုတ်ခမ်းကိုက်လိုက်၏။ “ အစ်ကိုရီ … ဒါကြီးက မီးနဲ့ ကစားတာ ဖြစ်သွားပြီ မဟုတ်ဘူးလား …”
“ ဒီနေရာက လုံးဝကို ပရမ်းပတာဖြစ်သွားမှာ ... တကယ်လို့ ငါတို့ကသာ နည်းနည်းလောက်လေး မမွှေပေးလိုက်ရင် ပျင်းဖို့ ကောင်းသွားလိမ့်မယ် ….” လင်းရီ ထိုင်ခုံနောက်သို့ မှီပြီး ပြောလိုက်သည်။ “ ပြီးတော့ … အခု ကျုံးဝေ့တပ်ဖွဲ့ပါ ပတ်သက်လာပြီဆိုတော့ စားပွဲပေါ်ကို ထူးခြားတာ တစ်ခုခုလောက်လေးဖြစ်ဖြစ် ယူလာခဲ့ရမှာပေါ့ … မဟုတ်ရင် လူလှောင်ရယ်စရာ ဖြစ်သွားလိမ့်မယ် …”
“ ကျွတ် ကျွတ် ကျွတ် … အစ်ကိုရီနဲ့ မစ်ရှင်တွေလိုက်ရတာပဲ ကြိုက်တယ် … အရမ်း စိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ် ….”
လင်းရီ သမ်းဝေလိုက်သည်။ “ ကောင်းပြီ … ငါ ခဏလောက် အိပ်ဦးမယ် … ဆက်ပြီး စောင့်ကြည့်ထား … တကယ်လို့ ပင်ပန်းလာပြီဆို ငါ့ကို နိုးလိုက် … ငါတို့ အလှည့်ကျ စောင့်ကြတာပေါ့ …..”
“ ရပ် ရပ် ရပ် … မအိပ်သေးနဲ့ဦး … “ ရှောင်ပင်း စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်လိုက်ပြီး “ တစ်ခုခု ဖြစ်နေပြီ …”
“ သူတို့ လှုပ်ရှားလာကြပြီလား ….”
“ ဟုတ်တယ် … အစ်ကိုရီရဲ့ ခန့်မှန်းချက်တွေက မှန်ကန်နေတာပဲ …” ရှောင်ပင်း ကွန်ပျူတာ စခရင်ကို လက်ညှိုးညွှန်ပြလိုက်၏။
“ ပြီးတော့ အရေးကြီးဆုံးက …. သူတို့တွေ အကုန်လုံး ကြည့်ရတာ သေနတ်တွေလည်း သယ်လာနေကြသလိုပဲ ….”
“ သေနတ်တွေ သယ်ထားကြတာ ဟုတ်တယ် …” လင်းရီ ပြောလိုက်သည်။ “ ငါ့ကို ကိုင်တွယ်မယ်ဆိုပြီး တုတ်တွေ ၊ ဓားတွေ သယ်လာခဲ့မယ်ဆိုလို့ကတော့ ရှောင်းကျန်းရဲ့နဲ့ သူ့အုပ်စုက ရူးနေမှပဲ ဖြစ်လိမ့်မယ် ….”
…….
လွန်ခဲ့သော မိနစ် ၂၀ ခန့်က။
ရှောင်းကျန်းရဲ့နှင့် သူ့လူလေးယောက်မှာ ဟိုတယ်ဝင်ပေါက်ဝသို့ ပြန်ရောက်လာသည်။
ထို့နောက် သူတို့တွေအားလုံး ရှောင်းကျန်းရဲ့၏ အဲဖာ့ဒ်ပေါ်သို့ တက်လိုက်ကြသည်။
ကျန်းကျားဟောက်က ဖုန်းကိုင်ရင်း မာပေါ်နှင့် စကားပြောနေသည်။
“ လုပ်တော့ … ဓာတ်လှေကားနဲ့ ငါးလွှာက လှေကားတွေမှာ လူတွေ ချထား … မြင်တာနဲ့ ချက်ချင်းပစ်မယ် … တွန့်ဆုတ်နေဖို့ မလိုဘူး ….”
“ စိတ်ချပါ အစ်ကိုဟောက် … ဒီလို အသေးအမွှားလေးက ပြဿနာ မဟုတ်ပါဘူး ….”
မနက်ခင်း အစောပိုင်း အချိန်တွင် လူစည်ကားခြင်း မရှိသော်လည်းပဲ တော်တော်များများကတော့ လှုပ်ရှားသွားလာကြနေဆဲဖြစ်၏။ လမ်းဘေးဆိုင်တစ်ချို့ပင် ပိတ်သိမ်းခြင်း မရှိသေးပေ။
ဟိုတယ်အခန်း အများစုတွင် ဧည့်သည်များက မီးမှိတ်ထားသည့် အတွက်ကြောင့် မှောင်မဲနေသည်။ သို့ပါသော်လည်း လူတစ်ချို့၏ အခန်းကတော့ မီးများ ထွန်းထားဆဲပင်။
ဆူညံစည်ကားနေသည့် မြို့ကြီးက တစ်နေ့တာ၏ တိတ်ဆိတ်ဆုံး အချိန်သို့ ချင်းနင်းဝင်ရောက်လာသည်။
သို့သော် ရှောင်းကျန်းရဲ့နှင့် သူ့အုပ်စုအတွက်ကတော့ … ဤသည်က ရင်ဖိုစိတ်လှုပ်ရှားဖို့ အကောင်းဆုံး အချိန်အခါ ဖြစ်သည်။
လင်းရီ သေသွားသည်နှင့် သူတို့က တိုက်ပွဲတစ်ဝက်ကို အောင်နိုင်ထားပြီဟူ၍ ပြော၍ ရ၏။
“ မီးတောက်တွေမြင်ရင် လျန်ရှန့်ဟော် ဘာလုပ်မယ်လို့ မင်းထင်လဲ …”
ရှောင်းကျန်းရဲ့၏ အကြည့်က ဟိုတယ်ရဲ့ ငါးလွှာတွင် ကပ်ညှိနေပြီး မီးစတင် လောင်မြိုက်မည့် အချိန်ကို မျှော်လင့် စောင့်ဆိုင်းနေသည်။
“ သွေးအန်တဲ့အထိ ဒေါသထွက်သွားလောက်တယ် ….” ကုဟိုင်ချောင် ရယ်မောလိုက်၏။
“ ငါတို့က ဖန့်ချိန်ကုန်သည်ကြီးများအသင်းအပေါ် အာရုံစိုက်နေကြတဲ့လူတွေကို ဘယ်လိုတွေ မလုပ်သင့်ကြောင်း သင်ခန်းစာ ပေးနေရုံပဲလေ …”
အနီးနားတွင် ထိုင်နေသည့် ကျိုးကွမ်းယောင်ကလည်း ရယ်မောလိုက်သည်။ “ ဒါဆိုလည်း မီးကို ပိုပြီး ရဲနေအောင် ရှို့ကြတာပေါ့ … လူတိုင်းကို မြင်ခိုင်းစမ်းပါစေ ….”
“ နှမြောဖို့တော့ကောင်းတယ် … တကယ်လို့ သူ့ကိုသာ ဒုက္ခိတဖြစ်အောင် လုပ်ပြီး ငါတို့ရှေ့ ခေါ်လာခိုင်းမယ်ဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားမှာ ….”
“ ကျေနပ်မှု ရှိတတ်စမ်းပါ … သူ့အဆင့်အတန်းကို လူတိုင်းထက် မင်းက ပိုသိနေတာပဲဟာ … သတ်နိုင်တာကတောင်မှ ကံကောင်းလွန်းလှပြီ … သူ့ကို ဖမ်းဖို့ဆိုရင် လွယ်မှာ မဟုတ်ဘူး …” ရှောင်းကျန်းရဲ့ မှတ်ချက်ပေးလိုက်၏။
“ အမှန်ပဲ … ရှိုးပွဲကို ဒီတိုင်းပဲ စောင့်ကြည့်ကြစို့ ….”
ခေတ္တမျှ စိမ်ပြေနပြေ စကားပြောပြီးနောက်တွင် သူတို့အားလုံးရဲ့ အကြည့်က ငါးလွှာထံသို့ ကျရောက်နေကြပြီး တောက်ပသည့် မီးညွှန့်မီးလူတို့ ဟုန်းခနဲ တောက်လောင်လာမှာကို စောင့်မျှော်စိတ်ကူးယဉ်နေကြသည်။
သို့သော် ရှည်ကြာသည့် မိနစ်လက်တံတို့ ရွေ့လျားကုန်ဆုံးပြီးသွားသည့်တိုင် ဘာမျှ မဖြစ်ပျက်သကဲ့သို့ ညသည်လည်း တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။
“ လောင်ဟောက် … ဘာတွေ ဖြစ်နေတာ … ဒီလောက်ကြာနေပြီကို ဘာလို့ ဘာသံမှလည်း မကြားရတာ …”