← Chapters

ကြောက်စရာကောင်းသော စိတ်ဆန္ဒ

Vol. 1 Ch. 160

ကြောက်စရာကောင်းသော စိတ်ဆန္ဒ

Vol. 1 Ch. 160

ကျူးကော့ချမ်ယွမ်သည် အတော်လေး အံ့အား သင့်နေခဲ့သည်။ ဆယ့်လေးရက် ကြာပြီးသည့် အချိန်တွင် ကျန်းရီသည် အားနည်းလွန်း၍ သတိလစ် မေ့မျောသွားမတတ် ဖြစ်နေပါသော်လည်း သူသည် တစ်ယောက်ကိုမှ ကျူးကော့ချမ်ယွမ်ထံ အကူအညီ သွားတောင်းပေးရန် မတောင်းဆိုခဲ့ပေ။ လက်ရှိအချိန်ထိ သူသည် မီးတောက်များကို ဖြည်းဖြည်းချင်း ထုတ်ကာ ကောင်းကင်နတ်ဆိုး ပိုးချည်အား ဆက်လက် လောင်ကျွမ်းအောင် ပြုလုပ်နေဆဲပင်။

နောက်ဆုံး ဆယ်ရက်ကျော်အတွင်း ကျန့်ဝူရွှမ်းနှင့် ကျန်လူများသည် မကျင့်ကြံကြပဲ ကျန်းရီ၏ ဘေးတွင်သာ နေနေခဲ့ကြသည်။ စုလောရွှယ်သည်လည်း အမဲလိုက်သွားရန် သူမ၏ အဖွဲ့အား ဦးဆောင် မနေတော့ပဲ ခွင့်ယူကာ ထိုခြံဝင်း အတွင်း၌ပင် ရှိနေခဲ့သည်။ သူတို့ အားလုံးသည် ကျန်းရီ လွတ်မြောက်လာမလား ... ငတ်ပြတ်၍ သေသွားမည်လားကို ရင်တထိတ်ထိတ်နှင့် စောင့်ကြည့် နေကြသည်။

လူသားများ၏ အစာမစား၊ ရေမသောက်ဘဲ နေနိုင်သော အကန့်အသတ်သည် ခုနစ်ရက်ခန့်သာ ဖြစ်လေသည်။ ကျန်းရီ၏ အင်အားသည် အသင့်အတင့်ရှိ၍ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ဆယ်ရက်ခန့်သည် သူ၏ အကန့်အသတ် ဖြစ်လေသည်။ အထူးသဖြင့် ရေလုံးဝ မသောက်ရခြင်းသည် သူ့ကိုယ်အား ရေဓာတ် ခန်းခြောက်ခြင်းမှသည် အားနည်း၍ မူးဝေခြင်း၊ မေ့မျောသွားရာမှ သေဆုံးခြင်းတို့ အထိ ဖြစ်စေနိုင်လေသည်။

ထိုအချိန်များ အတောအတွင်း ကျန်းရီသည် စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ သူသာ မီးတောက်များကို ဖြည်းဖြည်းချင်း ထုတ်လွှတ် မနေခဲ့ပါလျှင် လူတိုင်းသည် သူသေသွားပြီဟု ထင်ကြမည်သာ။ သို့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ သူတို့၏ စိုးရိမ်စိတ်တို့ ပိုမို ကြီးထွားလာခဲ့သည်။ စုလောရွှယ်သည် ကျူးကော့ချမ်ယွမ်ထံ ပြေး၍ အကူအညီ တောင်းချင်စိတ်များ မရေမတွက် နိုင်အောင် ဖြစ်ပေါ် လာသော်လည်း သူမသည် ကျန်းရီ၏ စိတ်နေစိတ်ထားကို သိလေသည်။ ကျန်းရီသည် ကျူးကော့ချမ်ယွမ်ထံ အကူအညီ တောင်းရမည်ထက် အသေခံသွားမည်ကို သူမ နားလည်လေရာ သည်းခံ နေရလေသည်။

တကယ်တမ်းတွင် ကျန်းရီသည် မီးဝိညာဉ်ပုလဲအား သုံး၍ ကောင်းကင်နတ်ဆိုး ပိုးချည်အား ဖျက်ဆီး လိုက်နိုင်သည်။ သို့သော် သူသည် ရက်ပေါင်းများစွာ ဒုက္ခခံပြီးနေပြီ ဖြစ်ရာ အလွယ်တကူ လက်မလျှော့လိုက် နိုင်ပါပေ။ သူ့စိတ်သည် မူးဝေနေပြီ ဖြစ်ကာ သူ၏ အခြေအနေကိုတောင် မခွဲခြားနိုင် ဖြစ်နေလေသည်။ သူ့စိတ်၏ အနက်ရှိုင်းဆုံး နေရာတွင် မီးဝိညာဉ်ပုလဲအား ထိန်းချုပ်ကာ မီးတောက်များကို ဖြည်းဖြည်းချင်း ထုတ်ရင်း ကောင်းကင်နတ်ဆိုး ပိုးချည်အား လောင်ကျွမ်းစေရမည် ဟူသော အသိသာ ရှိလေသည်။

ဆယ့်ငါးရက် မြောက်နေ့

ကျန်းရီသည် သူ့အလုပ်အား ဆက်လက် လုပ်ဆောင်နေချိန်တွင် ကျန့်လင်းအာသည် မျက်ရည်များ စီးကျလျက် ငိုကြွေးနေပြီ ဖြစ်လေသည်။ စုလောရွှယ်ကမူ မျက်ရည်များကို တိတ်တဆိတ် သုတ်နေလေသည်။ ချမ်ဝမ်ကွမ်သည် အဆောင်အတွင်း လှည့်ပတ်လမ်းလျှောက် နေခဲ့ပြီး ကျန့်ဝူရွှမ်းသည် ကျန်းရီရှိနေသော အခန်းထံ တွေတွေကြီး စိုက်ကြည့်နေခဲ့သည်။ ကျိလောင်နှင့် လျှိူလောင်ကမူ စိတ်ထဲတွင် လက်မထောင်ကြရင်း ကျန်းရီ၏ စိတ်အားထက်သန်မှုကို လေးစား နေကြလေသည်။ သူတို့သာ ကျန်းရီ၏ နေရာတွင်ဆိုပါက ထိုမျှလောက်သော နာကျင်မှုကို သည်းခံ မနေနိုင်လောက်ပေ။

ဆယ့်ခြောက်ရက် မြောက်နေ့

ကျူးကော့ချမ်ယွမ်၏ မျက်လုံးများထဲတွင် တွေဝေမှုများကို တွေ့ရမည်ဖြစ်ပြီး ကျောင်းအုပ်ချီသည် စိတ်မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ သူမသည် ကျူးကော့ချမ်ယွမ်အား ကျန်းရီကို သွားရောက် ကူညီပါရန် ဖျောင်းဖျ နေပါသော်လည်း ကျူးကော့ချမ်ယွမ်သည် မည်သည့်စကားမှ မဆိုဘဲ သူ၏ စိတ်အာရုံကိုသာ ဆက်လက် ဖြန့်ကြက် ထားလေသည်။

ဆယ့်ခုနှစ်ရက် မြောက်နေ့တွင် ကောင်းကင်နတ်ဆိုး ပိုးချည်သည် ကျန်းရီအား တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားဆဲ ဖြစ်ပြီး ကျန်းရီသည် ရုတ်တရက် မီးတောက်များ ထုတ်လွှတ် နေခြင်းကို ရပ်တန့်လိုက်သည်။ လူတိုင်းသည် မှင်တက်နေကြပြီး စုလောရွှယ်သည် ချက်ချင်း အဆောင်တွင်းသို့ ပြေးဝင် သွားခဲ့လေသည်။

အတွင်းဆောင် တစ်နေရာ၌ ထိုနေသော ကျူးကော့ချမ်ယွမ် သည်ပင် ဆက်လက်၍ ငြိမ်မနေ နိုင်တော့ရာ လှုပ်ရှားမိလုနီးနီး ဖြစ်သွားခဲ့သည်။ ထိုအချိန်လေး၌ ကျန်းရီသည် ထူးဆန်းစွာ မီးတောက်များကို ထပ်မံ ထုတ်လွှတ်လာခဲ့သည်။ တစ်ခဏအတွင်း ကောင်းကင်နတ်ဆိုး ပိုးချည်သည် အဖြူရောင် အလင်းများ လင်းလက်လာကာ ပြေလျော့ သွားခဲ့လေသည်။

အားလုံးသည် ကောင်းကင်နတ်ဆိုး ပိုးချည်အား အလျင်အမြန် ဆွဲခွာလိုက်ကြရာ မျက်လုံးများကို ဖွင့်ရန်ပင် အင်အား မရှိတော့သော အရိုးပေါ် အရေတင် ကျန်းရီအား မြင်လိုက် ကြရလေသည်။ အားလုံးသည် လေးစား ထိတ်လန့် ကြရလေသည်။ ဆယ့်ခုနစ်ရက်ကြာ မစားမသောက်ပဲ နေနိုင်ပါသော သူ၏ စိတ်ဆန္ဒသည် မည်မျှ ပြင်းထန် လိုက်ပါသနည်း …

အရာရာသည် လွယ်ကူသွားခဲ့လေပြီ။ လျှိုလောင်သည် ကျန်းရီအား အတွင်းအားသုံး၍ ကုသပေးပြီး ချမ်ဝမ်ကွမ်ကမူ ကျန်းရီအား တိုက်ရန် ကြိုတင် ပြင်ဆင် ထားခဲ့သော ဆေးများကို ကမ်းပေး လာခဲ့သည်။ ကျန်းရီ၏ အခြေအနေ တည်ငြိမ်သွားသော အခါမှ လူတိုင်း စိတ်သက်သာကာ သက်ပြင်းချနိုင် ကြလေသည်။

***

ကျန်းရီ အပြည့်အဝ ကောင်းမွန်ရန် ဆယ်ရက်သာ ကြာမြင့်ခဲ့သည်။ လွန်ခဲ့သော ဆယ်ရက်အတွင်း သူသည် အိပ်ရာထက်တွင်သာ ကျင့်ကြံ၍ အိပ်သည်။ စုလောရွှယ်သည် တစ်ကြိမ်သာ လာရောက်ပြီးနောက် ထပ်မံ ပေါ်မလာတော့ပေ။ ကျန့်ဝူရွှမ်းကမူ သူ၏ ဝီရိယရှိရှိ ကျင့်ကြံခြင်းကို ပြန်လည် စတင်နေပြီ ဖြစ်သလို ရံဖန်ရံခါမှသာ ပေါ်လာခဲ့လေသည်။ ချမ်ဝမ်ကွမ်သည်လည်း ထိုအချိန်များတွင် ထူးထူးဆန်းဆန်း ပျောက်ဆုံး နေခဲ့သလို ကျန်းရီအား နေ့တိုင်း အဖော်ပြုပေးရန် ကျန့်လင်းအာ တစ်ယောက်သာ ကျန်ခဲ့လေသည်။

"အစ်ကိုကျန်းရီ ... ဆန်ပြုတ် နည်းနည်းလောက် လာပြီး သောက်ပါဦး"

မွန်းတည့်နေခဲ့ပြီ ဖြစ်သော်လည်း ကျန့်လင်းအာ၏ ချိုသာသော အသံလေး ထွက်ပေါ်လာချိန် အထိ ကျန်းရီသည် ကျင့်ကြံနေဆဲ ဖြစ်လေသည်။ သူမျက်လုံးများ ဖွင့်လိုက်သော အခါ အသားဆန်ပြုတ် တစ်ခွက်အား မြင်လိုက် ရလေသည်။ သူကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဘာလို့ ဆန်ပြုတ်ပဲလဲ ... ငါပြန်ကောင်းလုနီးပါး ဖြစ်နေပြီလေ ... အသားကင် ဖြစ်ဖြစ် တခြားဟာ တစ်ခုခုဖြစ်ဖြစ် စားသင့်နေပြီ မဟုတ်ဘူးလား"

"မရဘူး"

ကျန့်လင်းအာသည် အလျှော့မပေးဟန် ပြောဆို လာခဲ့သည်။

"လျှိူလောင်က ပြောတယ် ... အစ်ကိုကျန်းရီက ဒီလအတွက် ဆန်ပြုတ်ပဲ စားလို့ ရမယ်တဲ့ ... မဟုတ်ရင် အစ်ကိုကျန်းရီရဲ့ ခန္ဓာကိုယ် အတွက် အန္တရာယ်ရှိတယ်"

"ဒါဆိုလည်း ထားပါတော့"

ကျန်းရီသည် အိပ်ရာထက်မှ ဆင်း၍ ဆန်ပြုတ်ပန်းကန်ကို ယူလိုက်ကာ တံခါးအပြင်ဘက်ကို ကြည့်၍ ပဟေဠိဖြစ်စွာ မေးလိုက်သည်။

"ငါဘာလို့ ချမ်ဝမ်ကွမ်ကို မကြာခဏ မတွေ့ရတာလဲ ... အဲဒီကောင်လေး ဘာတွေ လုပ်ထားသေးလဲ"

ကျန့်လင်းအာသည် ကျန်းရီ၏ ဘေးတွင် ထိုင်လိုက်ကာ ညာလက်နှင့် မေးထောက်၍ ခေါင်းယမ်းလိုက်သည်။

"အဲဒီ ချီးထုပ်ဖက်တီးက မိန်းမ လိုက်စားနေတာ ဖြစ်မယ် ... သူက အမျိုးသမီး ကျောင်းသူတွေ အများကြီးနဲ့ အရှုပ်အရှင်းတွေ ရှိတယ်လို့ ကျွန်မကြားတယ် ... ဟမ် ... အဲဒီဖက်တီးက အရမ်း နှာဘူးကြတာပဲ"

"နောက်ကွယ်မှာ ဒီသခင်လေးရဲ့ မကောင်းကြောင်း ဘယ်သူ ပြောနေတာလဲ"

မကျေမချမ်းမှုများ ကိန်းအောင်း နေဟန်ရသော အသံတစ်သံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ် လာခဲ့သည်။ ချမ်ဝမ်ကွမ်သည် ဘောလုံးကြီး တစ်လုံးအလား တစ်လှိမ့်လှိမ့် ဝင်လာကာ ကျန့်လင်းအာအား မကျေမနပ် စိုက်ကြည့်လိုက်သည်။

"ညီမလင်းအာ ... ဒီကောလာဟလ တွေကို ဘယ်က ကြားလာခဲ့တာလဲ ... ငါချမ်ဝမ်ကွမ်က ဖြောင့်မတ်တဲ့ လူဖြစ်ပြီး လိမ်ညာရတာကို မုန်းတယ် ... သင်တန်းကျောင်း တစ်ခုလုံး သိကြတဲ့ ကိစ္စတစ်ခု ရှိတယ် ... ငါ့အသက် ဆယ့်ခြောက်နှစ်လုံးလုံး ငါ့ရဲ့ ပြစ်မျိုးမှဲ့မထင်တဲ့ ကိုယ်လေးက ဘယ်မိန်းမနဲ့မှ မသင့်တော်တာမျိုး မလုပ်ဖူးဘူး ... မင်းငါ့ကို မယုံနိုင်ရင် ကောင်းကင်သက်သေ ထားပြီး ကျိန်ဝံ့တယ် ... ငါပြောတဲ့အထဲ တစ်ခုခုက အလိမ်အညာ ဆိုရင် ငါတစ်သက်လုံး မိန်းမ မရပါစေနဲ့"

"ဘာ ... ပြစ်မျိုးမှဲ့မထင်"

လှောင်ပြောင်လိုဟန် တစ်စွန်းတစ်စသည် ကျန့်လင်းအာ၏ မျက်ဝန်းထဲတွင် ထင်ဟပ်လာခဲ့သည်။ သူမသည် မကျေမနပ် ပြောလာခဲ့သည်။

"နင့်ဟာနင် မိန်းမ မရတော့ရော ဘာအရေးလဲ ... နင်က ဘာလို့ ငါ့အတွက် လာကျိန်နေတာလဲ"

"ခွီ"

ကျန်းရီ ဝင်ပြော ရတော့သည်။

"ဝမ်ကွမ်နဲ့ ပတ်သက်ပြီး ဒီတစ်ခုတော့ လင်းအာ မှားတယ် ... အနည်းဆုံးတော့ သူငါနဲ့ ရှိနေတဲ့ အချိန်တိုင်း ဘယ်မိန်းမနဲ့မှ အတူမတွေ့မိဘူး ... ဟုတ်ပြီ ... ဝမ်ကွမ် ... ထိုင်ပြီး ရေတစ်ခွက်လောက် အရင်သောက်ဦး ... မင်းကိုက ချွေးတွေနဲ့ နံနေပြီ ... ဘယ်ကနေ လာခဲ့တာလဲ"

"ဟီးဟီး ... အစ်ကိုကြီးပဲ ကျွန်တော့်ကို ကောင်းကောင်းသိတယ်"

ချမ်ဝမ်ကွမ်သည် မျက်လုံး ကျဉ်းကျဉ်းများ တန်းသွားသည် အထိ ပြုံးလိုက်သည်။ သူသည် ထူးဆန်းစွာ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်လိုက်ပြီး စားပွဲပေါ် တင်ထားလိုက်သည်။

"အစ်ကိုကြီး ... အထဲမှာ ဘာရှိမလဲ မှန်းကြည့်"

"အမ်"

ကျန်းရီသည် သူ့ဆန်ပြုတ် ပန်းကန်လုံးကို လက်မှချလိုက်ပြီး ကျောက်စိမ်း သေတ္တာကို အကဲခတ် လိုက်သည်။ သူသည် သံသယနှင့် မေးလိုက်သည်။

"ဆေးပင်တစ်ပင်လား"

"အမှန်ပဲ"

ချမ်ဝမ်ကွမ်သည် လက်မထောင်ပြကာ ရေတစ်ခွက် ငှဲ့လိုက်ရင်း ပြောလာခဲ့သည်။

"အစ်ကိုကြီး ... ဒီအတောအတွင်း ဝိညာဉ်သားရဲမြို့မှာ တည်းနေတဲ့ အရူးမကြောင့် အစ်ကိုကြီး သင်တန်းကျောင်း အပြင်ထွက်ဖို့ အခွင့်အရေး မရခဲ့ဘူး ... ဈေးထဲမှာ နှစ်တစ်ထောင်ကိုးချီ ဂျင်ဆင်းတွေ အများကြီး ရှိပေမဲ့ ဒီစန်းမုအရွက် ကိုတော့ နှစ်ပင်ပဲ တွေ့ခဲ့တယ် ... ကျွန်တော်လည်း တခြားတစ်ယောက် ဝယ်သွားမှာ စိုးတာနဲ့ ဒါကို အရင်ဝယ်လာခဲ့တာ"

ကျန်းရီ တိတ်ဆိတ် သွားခဲ့သည်။ သူသတ်ခဲ့သော နတ်ဆိုးသားရဲများမှ ရရှိသော ငွေကြေးသည် အလွန်ဆုံးမှ ခရမ်းရောင်ရွှေ ငါးသန်း ခြောက်သန်းခန့်သာ ရမည်ဖြစ်သည်။ ဤအတောအတွင်း ချမ်ဝမ်ကွမ်သည် သူ့အား မြေကမ္ဘာအဆင့် နဂါးဆေးလုံးများ အမြောက်အမြား ပေးထားရာ တန်ကြေးသည် ခရမ်းရောင်ရွှေ တစ်သန်းကျော်ခန့် ရှိပေလိမ့်မည်။ ထို့ထက်ပို၍ စန်းမုအရွက်သည် နှစ်တစ်ထောင်ကိုးချီ ဂျင်ဆင်းထက်ပင် ရှားပါးသေးရာ ပို၍ ဈေးကြီး ပေလိမ့်မည်။ စုစုပေါင်း တွက်ချက် လိုက်သော် ချမ်ဝမ်ကွမ်သည် ခရမ်းရောင်ရွှေ တစ်သန်း နှစ်သန်းခန့် ထပ်စိုက်ထားရ ပေလိမ့်ဦးမည်။

"ငါ ဘယ်လိုလုပ်ရင် ပိုက်ဆံပို ရနိုင်မလဲ"

ကျန်းရီသည် ခေါင်းကို ဖိလိုက်ပြီး ပိုမိုစိုးရိမ် လာခဲ့သည်။ သူ့ကျင့်ကြံဆင့်သည် နိမ့်လွန်းနေသည်။ သူတို့ မျိုးဆက်မှ လူငယ်ပါရမီရှင် များကို အမီလိုက်ရန် အဆင့်မြင့် ဆေးအမြောက်အမြား သူလိုအပ်သည်။ နှစ်တစ်ထောင်ကိုးချီ ဂျင်ဆင်းအား ဝယ်ယူရန် ခရမ်းရောင်ရွှေလည်း လိုနေသေးသည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်အား ရှာတွေ့လျှင်မူ တန်ဖိုးသည် သတ်မှတ်၍ပင် ရအံ့မထင်။

ယခုတွင် ရွှေချမ်လော့သည် ဝိညာဉ်သားရဲ မြို့အတွင်း ရှိနေလေရာ သူအပြင်သို့ မထွက်ရဲပေ။ သူသည် သေရမည်ကို မကြောက်သော်လည်း သေရမည်မှန်း သိသိကြီးနှင့် သေတွင်းထဲသို့ ခုန်ဆင်းခြင်းသည် သူရဲကောင်းဆန်ခြင်း မဟုတ် ... ရူးမိုက်ခြင်းသာ ဖြစ်လေသည်။

"ဟုတ်သားပဲ ... ဝမ်ကွမ်"

ရွှေချမ်လော့ အကြောင်း တွေးမိသွားသော အခါ ကျန်းရီသည် အကြံကောင်း တစ်ခု ရလာခဲ့သည်။ သူသည် မီးဝိညာဉ်ပုလဲ အတွင်းမှ ကောင်းကင်နတ်ဆိုး ပိုးချည်ကို ထုတ်ကာ ချမ်ဝမ်ကွမ်ထံ ကမ်းပေး လိုက်သည်။

"ငါတို့တွေ ဒါကို ရောင်းလိုက်ရင် ခရမ်းရောင်ရွှေတွေ ရနိုင်တယ်မလား ... ဒါက ကောင်းကင်အဆင့် လက်နက်ပဲလေ"

" … "

ချမ်ဝမ်ကွမ် တစ်ယောက် ဆွံ့အ သွားရလေသည်။ သူသည် မျက်လုံး လှန်ကြည့်ကာ ပြန်မေး လိုက်သည်။

"အစ်ကိုကြီး ... မင်းဆိုရင်ရော ဒီပစ္စည်းကို ဝယ်ရဲမှာလား ... ရွှေယို့လန် လိုက်ဖမ်းမှာကို မကြောက်ဘူးလား"

"ဟုတ်သားပဲ"

ကျန်းရီသည် ပိုးချည်အား ရှက်ရှက်ဖြင့် ပြန်သိမ်းလိုက်သည်။ သူ့တွင် မီးဝိညာဉ်ပုလဲ အပြင် အခြား အဖိုးမတန်သော ပစ္စည်းတချို့ ရှိနေသေးသည်ကို သတိရသွားခဲ့သည်။ မီးဝိညာဉ်ပုလဲကိုမူ သူ ဘယ်သောအခါမှ ရောင်းလိမ့်မည် မဟုတ်ပေ။

သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့ပြီး သူသည် ကောင်းကင်တောင်ပံ မြို့တွင် ငွေကြေး အနည်းငယ်အတွက် ပြဿနာများ ရင်ဆိုင်ခဲ့ရသော နေ့ရက်များကို ပြန်ရောက် သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကောင်းကင်တောင်ပံမြို့"

ကျန်းရီ၏ မျက်လုံးများ ချက်ချင်း  တောက်ပ သွားခဲ့သည်။ သူသည် အသုံးမဝင်သော ဆေးလုံးများကို သန့်စင်၍ ပုလဲမှုန်အစည်းအရုံး ဗိမာန်အား ရောင်းချခဲ့သည် များကို ပြန်တွေးမိ သွားခဲ့သည်။

ယခုသူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်သို့ ရောက်နေပြီ ဖြစ်သလို သူ့ကိုယ်တွင်းရှိ အနက်ရောင် အတွင်းအားသည်လည်း အမျှင်တစ်ထောင် အထိ ရှိနေပြီ ဖြစ်လေသည်။ ထို့ပြင် သူသည် ဆေးများ ဖော်စပ်ရန် မလိုဘဲ ဆေးစွမ်းကို တိုးမြှင့်ရန်သာ လိုသည်။ သူသည် မြေကမ္ဘာအဆင့် နဂါးဆေးလုံးများ တွင်းသို့ အနက်ရောင် အတွင်းအားများ ထည့်လိုက်ပါလျှင် ၎င်းတို့သည် ကောင်းကင်အဆင့် အမြင့်ဆုံး ဆေးလုံးများ ဖြစ်လာ လောက်ပေသည်။

"ဟား ... ဟား ... ဟား"

သူသည် မတ်တတ်ရပ်ကာ အော်ဟစ်လိုက်သည်။

"ဝမ်ကွမ် ... ငါ့ကို ဆေးဖော်စပ်တဲ့ စာအုပ်တချို့နဲ့ ဆေးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှာပေးပါလား ... ဒါသာ အောင်မြင်သွားရင် ခရမ်းရောင်ရွှေ ဆယ်သန်းမပြောနဲ့ ... သန်းတစ်ရာတောင် ငါရနိုင်တယ်"

***

All Chapters