တန်ပြန်တိုက်ခိုက်မှု စပြီ
Vol. 148 Ch. 2200
ရှောင်းကျန်းရဲ့ ပြောသံကို ကြားတော့ ကျန်သူများလည်း ကြည့်လာခဲ့ကြပြီး ဒါဇင်လောက်ရှိသည့် လူများက ကားဘေးတွင် ရပ်တန့်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းက သူတို့ စိတ်ကူးထားသည်နှင့် အတော်လေး ကွဲပြားနေသည်။
“ အလျင်မလိုသေးနဲ့ … ငါ ဖုန်းတစ်ချက်ဆက်ပြီး အခြေအနေကို လှမ်းတီးခေါက်ကြည့်ဦးမယ် ….”
ကျန်းကျားဟောက် ဖုန်းထုတ်၍ မာပေါ်၏ နံပါတ်ကို နှိပ်လိုက်သည်။
“ ဘာတွေ ဖြစ်နေတာ … ဘာလို့ လူတိုင်း ပြန်ထွက်လာကြတာလဲ …”
“ ပြဿနာ သေးသေးလေး တက်နေလို့ အစ်ကိုဟောက် … ကျုပ်တို့လူတွေ အထဲဝင်တော့ အခန်းက ဗလာကျင်းနေတယ် … အဲ့ကောင် တစ်နည်းနည်းနဲ့ အပြင်ကို ထွက်သွားခဲ့ပြီ …”
“ ဒါဆိုလည်း ပြန်ခဲ့တော့လေကွာ … ငါတို့ မနက်ဖြန်မှ အခွင့်ကောင်းကို ဖြည်းဖြည်းချင်း ပြန်ရှာလို့ရတယ် ….”
“ ဟုတ်ကဲ့ …”
ကျန်းကျားဟောက် ဖုန်းချပြီး ရှောင်းကျန်းရဲ့နှင့် အခြားသူများကို ပြောလိုက်သည်။
“ အပေါ်ထပ်မှာ ပြဿနာ နည်းနည်းတက်နေတယ် … အဲ့ကောင်က အခန်းထဲကနေ ဘယ်လို ထွက်သွားခဲ့လဲ မသိဘူး … ငါတို့ မနက်ဖြန်ကျမှ အခြေအနေကြည့်ပြီး ပြန်လှုပ်ရှားရုံပဲ …”
ဤသတင်းကို ကြားသိလိုက်ရတော့ သုံးယောက်လုံး၏ မျက်နှာအမူအရာမှာ သိပ်မလှကြတော့ချေ။
သူတို့တွေ ဒီည စစ်ဆင်ရေးကို အတော်လေး မျှော်လင့်ထားကြတာ ဖြစ်သည်။ ဘာကြောင့်ဆိုတော့ လင်းရီ အသက်ရှင်နေသည့် နေ့ရက်တိုင်းက သူတို့အပေါ်ကို ခြောက်လှန့်နေသောကြောင့် ဖြစ်၏။
“ သူက ဟိုတယ်မှာ မရှိဘူးဆိုတော့ နောက်ထပ် အခွင့်အခါကောင်းကိုပဲ ပြန်ရှာရုံ ရှိတော့တာပဲ …”
ရှောင်းကျန်းရဲ့ မျက်နှာ အမူအရာ နက်မှောင်သွားခဲ့ပြီး ကျန်းကျားဟောက်ကို စိုက်ကြည့်လိုက်သည်။
“ ညီကိုဟောက် … ဒီကိစ္စက အင်မတန် အရေးကြီးတယ် … ဒီနေ့လိုမျိုး ထပ်ဖြစ်တာတွေ မလိုချင်ဘူး … သူ့ကို ဘာအခွင့်အရေးမှ မပေးနဲ့ ….”
“ ဒီနေ့ ဖြစ်ရပ်က ငါ့ကိုလည်း အံ့အားသင့်သွားစေတယလို့ ပြောရမယ် … ငါ့လူတွေက တံခါးပေါက်ကို အချိန်ပြည့် စောင့်ကြည့်နေတာတောင် ထွက်သွားဖြစ်အောင် ထွက်သွားသေးတယ် …”
“ အဲ့အကြောင်းတွေ အခုမှလာပြီး ပြောနေလို့ ဘာထူးတော့မှာ … မနက်ဖြန်ကျရင် ပိုပြီးတော့တာ သတိရှိပါစေ … အခွင့်အရေးရှိတာနဲ့ လှုပ်ရှားလိုက်တော့ … ညရောက်တဲ့အထိ စောင့်မနေနဲ့ ….” ကျိုးကွမ်းယောင် ပြောလိုက်သည်။
“ ငါလည်း အဲ့လို ……”
ဘုန်း …
သူတို့ စကားပြောနေစဉ်မှာပဲ ရုတ်ချည်း ထွက်ပေါ်လာသည့် အုန်းခနဲ ပေါက်ကွဲသံက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ ပြီးနောက် သူတို့တွေ ကားအပြင်ဘက်သို့ အလျင်အမြန် ထွက်ကြည့်လိုက်ကြ၏။
ပေါက်ကွဲမှု အရင်းအမြစ်က GL8 ပင်။
အဆိုပါ အခိုက်အတန့်၌ GL8 က ပြင်းထန်စွာ မီးတောက်လောင်နေပြီး အနီးနားရှိ ယာဉ်များလည်း မီးဘေးအချက်ပြသံတို့ ကျယ်လောင်စွာ မြည်ဟည်းနေသည်။
အေးချမ်းတိတ်ဆိတ်နေသည့် ညတာမှာ မျက်တောင်တစ်ခတ်စာအတွင်း ပရမ်းပတာ ဆန်သွားတော့သည်။
ကားထဲရှိ လူလေးယောက်လုံးလည်း ကြက်သေသေသွားခဲ့ကြ၏။ သူတို့မျက်နှာအမူအရာများက ငတုံးများနှင့် တူနေကြသည်။
ဤအချင်းအရာက တိုက်ဆိုင်မှုသပ်သပ် မဟုတ်ဘူးဆိုတာကို သူတို့အားလုံး နားလည်ကြသည်။ သေချာ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာ ဖြစ်၏။
ဤကိစ္စ နောက်ကွယ်ရှိ လက်သည်တရားခံကလည်း လင်းရီပဲ ဖြစ်ရမည်။
ကားထဲတွင် ချမ်းစိမ့်သည့် အအေးဓာတ်တစ်ခုက ဖြတ်သန်းသွားပြီး လူတိုင်း ကျောချမ်းသွားခဲ့ကြလေသည်။ သူတို့အားလုံး မျက်နှာမည်းမှောင်သွားခဲ့ကြပြီး တစ်ကိုယ်လုံးလည်း တုန်ယင်လာသည်။
တစ်ဖက်လူက ဤသို့သော လုပ်ရပ်မျိုးကို လုပ်ပြနိုင်သည်က သူတို့၏ အစီအစဉ်တစ်ရပ်လုံးကို ထွင်းဖောက်မြင်ပြီးကြောင်း သက်သေပြရာ ရောက်နေသည်။
ထို့ကြောင့် ယခုလိုနည်းလမ်းဖြင့် တုံ့ပြန်ရန် စီစဉ်လာခဲ့ခြင်းပင်။
သူတို့ကတော့ တစ်ဖက်လူ၏ မျက်လုံးထဲတွင် လူရွှင်တော်ကြီးများ ဖြစ်နေခဲ့ကြသည်။
ရှောင်းကျန်းရဲ့၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါနေသည်။
ဤခုဖြစ်ရပ်ကြောင့် ကျုံးဝေ့တပ်ဖွဲ့၏ အသင်းခေါင်းဆောင် အဆင့်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို နားလည်သွားခဲ့ရတော့သည်။
ခိုးကြောင်ခိုးဝှက် အနေအထား၌ပင် လင်းရီက ယင်းကို အာရုံခံမိသွားပြီး တန်ပြန်တိုက်ခိုက်မှုတို့ ပြုလုပ်လာသည်။ ဤသည်က လုံးဝကို သည်းထိတ်ဖွယ်ရာ ကောင်းလွန်းလှ၏။
ကုဟိုင်ချောင်နှင့် ကျိုးကွမ်းယောင်တို့ နှစ်ဦးလုံးလည်း ထို့အတူပင်။ သူတို့အားလုံး ကျုံးဝေ့တပ်ဖွဲ့ကို အထင်သေးခဲ့မိကြသည်။
၎င်းတို့ကို ကိုင်တွယ်ဖို့ဆိုပါက တန်းထျန်ထဲက အတွင်းအား ထုတ်သည့်နည်းလမ်းကို ကျွမ်းကျင်သည့် လူများ လိုအပ်ပြီး သာမန်လူတို့နှင့် လုံလောက်မှာမဟုတ်ချေ။
“ သွားစို့ … ဒီမှာ ဆက်နေလို့ မကောင်းတော့ဘူး ….”
ရှောင်းကျန်းရဲ့၏ အမိန့်အတိုင်းလိုက်နာ၍ ဒရိုင်ဘာက ကားကို ပြန်လှည့်ပြီး ဟိုတယ်အနားမှ ထွက်ခွာလာခဲ့သည်။
ပေါက်ကွဲမှုပြီးနောက် ဟိုတယ်က ချက်ချင်းပဲ တုံ့ပြန်လာသည်။
တာဝန်ကျနေသည့် လုံခြုံရေး အစောင့်များနှင့် အမျိုးသား ဝန်ထမ်းများက မီးသတ်ဆေးဘူးများ ကိုယ်စီ ကိုင်ဆောင်လာပြီး မီးတောက်များနှင့် တိုက်ခိုက်ကြသည်။
ပေါက်ကွဲမှုပြီးနောက် မိနစ်ပိုင်းအတွင်းမှာပဲ မီးသတ်ကားများ ရောက်လို့လာသည်။
သူတို့၏ တုံ့ပြန်မှုက ထင်မှတ်ထားသည်ထက်ပင် လျင်မြန်နေခဲ့သည်။ ထိုမျှ လျင်မြန်ရသည့် အကြောင်းအရင်းကတော့ တောင်းဆိုလာသူက မည်သူလဲဆိုသည့် အပေါ်တွင် မူတည်သည်။
“ အစ်ကိုရီ … ဒီလူတွေကို ကိုင်တွယ်ပြီးပြီဆိုတော့ ရှောင်းကျန်းရဲ့တို့နဲ့ စာရင်းရှင်းရမယ့် အချိန်မဟုတ်ဘူးလား ….”
“ သူတို့နဲ့ စာရင်းရှင်းဖို့ လိုတာ အမှန်ပဲ … ဒါပေမယ့် လူကိုယ်တိုင် ကိုယ်ထင်ပြစရာ မလိုပါဘူး …” လင်းရီ ပျင်းရိစွာ အညောင်းဆန့်ပြီး ပြောလိုက်သည်။ “ အိပ်ဖို့ တစ်နေရာရှာလိုက် … ငါ စောက်ရမ်း အိပ်ချင်နေပြီ …”
“ အိုကေ ….”
ရှောင်ပင်း ကားကို မောင်းနှင်၍ အိပ်ဖို့ တစ်နေရာ ရှာဖွေလိုက်သည်။
ထို့နောက် လင်းရီက ရန်စီကို ဝီချက်မက်ဆေ့ချ် ပို့လိုက်၏။ “ အိပ်နေပြီလား ….”
ရန်စီရဲ့ အချိန်ဇယားက ပုံမှန် မရှိသည်ကို သိသည့်အတွက်ကြောင့် လင်းရီ စစ်ဆေးသည့် စာတစ်စောင်ပို့လိုက်သည်။
မကြာမီ ရန်စီထံက ဖုန်းဝင်လာသည်။
“ လှုပ်ရှားရတော့မလား ….”
“ ဟုတ်တယ် ….” လင်းရီ တစ်ချက်ရယ်ရင်း ပြောလိုက်ပြီး “ အခု စကြစို့ … သတင်းကို ပျံ့အောင် လုပ်ဖို့ဆိုရင် အချိန် တစ်ချို့ ပေးဖို့လိုတယ် … မနက်ဖြန် မနက် … သူတို့ မျက်လုံးပွင့်တဲ့အချိန်ကျရင် စပရိုက် အကြီးစားကြီးကို မြင်အောင် ပြပေးလိုက်တာပေါ့ ….”
“ အိုကေ … ပြဿနာ မရှိဘူး ….”
လေးနက်သည့် အကြောင်းအရာ ကိစ္စများကို ပြေဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ ရှောင်ပင်းကလည်း တည်းခိုလို့ရမည့် ဟိုတယ် တစ်ခုကို ရှာတွေ့သွားခဲ့၏။
…..
မနက်ခင်း အစောပိုင်း ငါးနာရီကျော်တွင်။ ရှောင်းကျန်းရဲ့နှင့် ကုဟိုင်ချောင်တို့ ကလပ်ထဲက ထွက်လာပြီး ကားထဲသို့ ဝင်လာသည်။
မနေ့ညက အဖြစ်အပျက်ကြောင့် သူတို့လေးဦးလုံး မည်သည့် နေရာမျှ မသွားကြတော့ဘဲ ကလပ်သို့သာ ပြန်လာခဲ့ကြသည်။
ဘေးကြပ်နံကြပ် ဖြစ်နေသည့် လက်ရှိ အခြေအနေကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား သူတို့တွေ ဆက်ပြီး ဆွေးနွေးတိုင်ပင်ကြ၏။
နောက်ဆုံး၌ … သူတို့ရဲ့ ကိုယ်ပိုင် အရင်းအမြစ်၊ အစွမ်းအစတို့နှင့် မကိုင်တွယ်နိုင်တော့တာကို သတိပြုမိပြီး ဝမ်ရှောင်ဟွေ့ထံ အကူအညီတောင်းဖို့ ဦးတည်လာတော့သည်။
ဤကိစ္စကို သူပဲ ဖြေရှင်းပေးနိုင်မှာ ဖြစ်၏။
ထွက်ခွာလာခဲ့ပြီးနောက် နှစ်ယောက်က ဝမ်ရှောင်ဟွေ့ရဲ့ အိမ်သို့ ရောက်လာသည်။ ယင်းက မြို့ပြင်အနီးနားရှိ ဗီလာသေးသေးလေးတွင် ဖြစ်ပြီး ဘေးဘီဝဲယာ ပတ်ဝန်းကျင်က စိမ်းလန်းသည့် သစ်ပင်၊ လတ်ဆတ်သည့် လေထုတို့ဖြင့် ဝန်းရံထားလျက် ရှိသည်။
သူတို့ရောက်လာခဲ့သည့် အချိန်၌ ဝမ်ရှောင်ဟွေ့က အားကစား ဝတ်စုံဖြင့် မနက်ခင်း ပြေးရာမှ ပြန်ရောက်လာချိန်ပင်။ သူတို့နှစ်ဦး ရောက်လာတာကို မြင်တော့ ဝမ်ရှောင်ဟွေ့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ အစောကြီးပါလား မင်းတို့နှစ်ယောက်က … ဘာလဲ … အားလုံး ကိုင်တွယ်ပြီးသွားပြီလား ….”
“ ကျုပ်တို့ ပြဿနာ နည်းနည်းတက်နေလို့ …” ရှောင်းကျန်းရဲ့က ရှင်းပြလိုက်သည်။ “ မနေ့ညက သူ့ကို ရှင်းတော့မလို့ပဲ … ဒါပေမယ့် တန်ပြန်တိုက်ခိုက်ခံလာရတယ် ….”
ထို့နောက် ရှောင်းကျန်းရဲ့က ယမန်နေ့ညတွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို ပြန်ပြောင်းပြောပြလိုက်သည်။
နားထောင်ပြီးနောက် ဝမ်ရှောင်ဟွေ့၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားခဲ့သည်။
“ ဒီကောင် သိပ်ရဲတင်းလွန်းမနေဘူးလား …”
“ တကယ့်ကိုပဲ … ၊ ကျုပ်တို့လည်း ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ ထင်မထားဘူး … သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ကျုပ်တို့ တတ်နိုင်တာထက်ကို ပိုနေတယ် …” ရှောင်းကျန်းရဲ့ ပြောလိုက်ပြီးနောက် ပြုံးကာ “ အခု … ကျုပ်တို့တွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တာနဲ့ အကြီးအကဲဆီ ရောက်လာရတာပဲ …”
“ ဒင်းက အဲ့လိုတွေတောင် လုပ်ဝံ့နေတယ်ဆိုတော့ မင်းတို့နှစ်ယောက် ကိုင်တွယ်လို့ ခက်ရင်လည်း ခက်စရာပဲ ….” ဝမ်ရှောင်ဟွေ့ လေးနက်သည့် အမူအရာဖြင့် ခေါင်းတညိတ်ညိတ် လုပ်ပြီး ပြောလိုက်သည်။ “ လောလောဆယ်တော့ ပြန်သွားလိုက်ဦး … ဒီမှာ လျှောက်သွားမနေနဲ့ … မမြင်သင့်တဲ့လူတွေ မင်းတို့ကို မြင်သွားခဲ့ရင် ရှုပ်ကုန်လိမ့်မယ် …”
“ အိုကေလေ … ဒါဆိုလည်း ကျုပ်တို့တွေ ပြန်တော့မယ် ….”
နှစ်ယောက်က ဝမ်ရှောင်ဟွေ့၏ အိမ်တွင် ခပ်ကြာကြာမနေဘဲ လိုရင်းတိုရှင်း ပြောပြီးနောက် သူတို့ကားနှင့် သူတို့ ပြန်ထွက်သွားခဲ့ကြသည်။
ဝမ်ရှောင်ဟွေ့ အညောင်းအညာဆန့်ပြီး သူ့အိမ်ထဲသို့ ဝင်ကာ မနက်စာ စားသည်။ ထို့နောက် သူ့ရုံးခန်းထဲ ဦးတည်လိုက်၏။
သူ့ရုံးခန်းထဲ ရောက်ပြီးနောက် မကြာမီ ဝမ်ရှောင်ဟွေ့၏ အတွင်းရေးမှူးက အလျင်လိုသည့် အမူအရာဖြင့် သူ့ထံသို့ ရောက်လာသည်။
“ ခေါင်းဆောင် … ဖန့်ချိန်ကုန်သည်ကြီးများအသင်း ဖော်ထုတ်ခံလိုက်ရပြီ …”
“ ဖော်ထုတ်ခံလိုက်ရပြီ ဟုတ်လား … ဘာ ဖော်ထုတ်စရာ ရှိလို့ …”
ဝမ်ရှောင်ဟွေ့ ပေါ့ပေါ့ပါးပါးပဲ တွေးလိုက်သည်။ များများစားစား စဉ်းစားပြီး တွေးပူမနေချေ။
ဘာကြောင့်ဆိုတော့ ဖန့်ချိန်ကုန်သည်ကြီးများ အသင်းရဲ့ ဒုက္ခရောက်စေနိုင်လောက်သည့် ပြဿနာကြီးများကို သူ့ဘက်က ဖိနှိပ်ထားပြီး ဖြစ်နေသောကြောင့်ပင်။ အသေးအမွှား ကိစ္စလေးများကလည်း အရေးမပါသည့် အရာများသာဖြစ်၏။
“ ဒါကို တစ်ချက်ကြည့်လိုက်ဦး ….”
အတွင်းရေးမှူးရဲ့ ဖုန်းထဲရှိ အကြောင်းအရာများကို မြင်တော့ ဝမ်ရှောင်ဟွေ့ရဲ့ မျက်နှာမှာ ဒေါသကြောင့် စိမ်းတက်လာခဲ့သည်။
ဖုန်းထဲတွင် ဟွမ်စစ်ဟိုင်နှင့် ကျန်သူများက အချုပ်ခန်းထဲတွင် ဆေးလိပ်သောက်၊ အရက်တွေသောက်နှင့် ဖဲကစားနေကြသည့် မြင်ကွင်းကို ဓာတ်ပုံရိုက်ထားတာဖြစ်၏။
ထို့ပြင် ကြီးမားသည့် အနက်ရောင် ခေါင်းစီးလိုင်းကြီး တစ်ခုကလည်း တပ်ထားသေးသည်။
[ဒီလူတွေကို ဘယ်သူတွေက ဒါမျိုး လုပ်ပိုင်ခွင့် ပေးထားသလဲ … ]