မျက်ကွင်းပေးမယ်!
Vol. 77 Ch. 1142
ချင်းလင်စံအိမ်လေ့ကျင့်ရေးခန်း_
လူများဝိုင်းအုံနေသည်။
မာဟုန်တို့က ချင်လင်နှင့်ဟူချင်းထိပ်တိုက်တွေ့နေသည်ကိုကြည့်နေကြသည်။
မာဟုန်က သူ့မျက်ကွင်းညိုကို ကြက်ဥပြုတ်နှင့်လှိမ့်နေသည်။ အထိမခံသည့်နေရာရောက်တိုင်း နှုတ်ခမ်းတွန့်တွန့်သွား၏။
သူ့မျက်ကွင်းညိုကအတော်ဆိုးနေသည်။
တော်ဝင်ပညာရှင်လီလည်းလာကြည့်ပြီး စူးစမ်းသည်_
"ခေါင်းဆောင်မာ... သူဌေးချင်က ဘာလို့ပြိုင်နေတာလဲ?''
သူအရမ်းအံ့ဩနေသည်။
ဘာပဲဖြစ်ဖြစ် သူ့အဖို့ သူဌေးချင်ကလူကြီးလူကောင်းဖြစ်ပြီး သုတေသနလုပ်သင့်သည်ဟုထင်သည်။ သူ့ကြောင့်တိုးတက်မှုရှိ၍ သူ့အရည်အချင်းတွေမဖြုန်းတီးသင့်။
ပြီးတော့ သူဌေးချင်က ဟူချင်းနဲ့ပြိုင်ရင်အကျိုးမယုတ်ဘူးလား?
ဟူချင်းက အထက်ကလွှတ်လိုက်တဲ့လူ။ မာဟုန်တောင် သူ့ကိုရှုံးတာ။
မာဟုန်ဘယ်လိုလူလဲ သူကောင်းကောင်းသိသည်။
"သူဌေးချင်က အတိုက်အခိုက်တော်တယ်... ကျွန်တော့်ထက်တောင်ပိုတော်တယ်''
မာဟုန်ကပြောသည်။
သူဌေးချင်ရဲ့အင်အားက အံ့ဩစရာကောင်းမှန်း သူသိတာကြာပြီ။ သူဌေးချင် သူ့ဆီကကိုယ်ခံပညာသင်ဖူးသည်။ သူ့ခန္ဓာကိုယ်အခြေအနေကြောင့် ကိုယ်ခံပညာသင်တာအရမ်းကောင်းသည်။
ဒီပွဲဖြစ်လာခြင်းမှာ ဟူချင်းနှင့်ကောကျန်းက ချင်လင်၏အင်အားကိုအံ့ဩမိသောကြောင့်ပင်။ မာဟုန်ကဘေးမှပီတိဖြာပြီး ချင်လင်ကိုယ်ခံပညာအရမ်းကောင်းကြောင်း အမှတ်တမဲ့ပြောပြလိုက်သည်။
ထို့ကြောင့် ကောကျန်းနှင့်ဟူချင်းက တစ်ပွဲတစ်လမ်းစမ်းချင်သွားသည်။
ဘာပဲဖြစ်ဖြစ် စောစောကအင်အားပိုင်းမှာ သူတို့အရှိုက်ထိခဲ့သည်။
ချင်လင်လည်း သိချင်နေသည်။ အားဖြည့်ဆေးရည်သောက်ထားသောဟူချင်းနှင့်ကောကျန်း၏အင်အားကို သူသေချာသိချင်သည်။
"ဥက္ကဌချင် အားနာပါတယ်''
ဟူချင်းက ချင်လင်ကိုစကားခံသည်။
ထို့နောက် တချိန်တည်းလိုလို နှစ်ယောက်သားချကြသည်။
မာဟုန်နှင့်ချင်လင်သင်ထားသောတိုက်ခိုက်နည်းက ထိုးစစ်ဖြစ်ပြီး တဖက်လူကိုပြန်တိုက်ခွင့်မပေး။
ဟူချင်းနည်းကထိုးစစ်ဖြစ်သော်လည်း သတ်ဖြတ်တော့မလိုပြင်းထန်သည်။
ချင်လင်ကိုထိခိုက်မိမည်စိုး၍ ထိန်းထိန်းသိမ်းသိမ်းတိုက်နေခြင်းသာ။
ချင်လင်မှာအင်အားရှိမှန်းသိသော်လည်း အတိုက်အခိုက်က အင်အားနှင့်မဆိုင်။
သူ့ကိုယ်သူထိန်းထားပြီး အရှိန်လျှော့ထားသောကြောင့်လည်း ချင်လင်ကအခွင့်အရေးရနေသည်။
သူ့တိုက်ကွက်ကဘေးချော်သွားပြီး မျက်လုံးကိုပြင်းပြင်းထန်ထန်အထိုးခံလိုက်ရ၏။
ဟူချင်းမှာ နာကျင်မှုကြောင့် ခေါင်းနည်းနည်းမူးသွားသည်။ သူ့တကိုယ်လုံးနောက်ပြန်ယိမ်းပြီး လဲကျမတတ်ဖြစ်သွား၏။ ကောကျန်းကအမြန်ပြေးလာပြီး သူ့ကိုထိန်းပေးသည်။
နောက်ခဏတွင် ဟူချင်းကသူ့မျက်လုံးကိုအုပ်ပြီး ဇဝေဇဝါလည်းဖြစ်နေသည်။
ရုတ်တရက် သူဘယ်လိုရှုံးသွားမှန်းမသိ။ ဥက္ကဌချင်အရှိန်ကအလွန်မြန်ပြီး အတိုက်အခိုက်ကလည်းအရမ်းကောင်းသည်။
"ဟူချင်း.. အဆင်ပြေလား?''
ချင်လင်က ဟူချင်းကိုအမြန်သွားမေးသည်။
မာဟုန်ဆီကအတိုက်အခိုက်သင်ထားသော်လည်း တိုက်နေကျမဟုတ်သောကြောင့် အသားမကျ။
ထို့ကြောင့် ဟူချင်းလိုအားဖြည့်ဆေးရည်သုံးထားသူနှင့်ရင်ဆိုင်ရသောအခါ အားကုန်သုံးတိုက်သည်။ နောက်ဆုံးအရှိန်သတ်လိုက်သော်လည်း ဟူချင်းကိုထိုးမိလိုက်သည်။
"ဒါ..''
ကောကျန်းက ဟူချင်းကိုထိန်းထားရင်း သူ့မျက်လုံးကိုတအံ့တဩကြည့်လိုက်သည်။ သူ့မျက်လုံးက မာဟုန်လိုမျက်ကွင်းညိုနေပြီ။
ထိုမြင်ကွင်းကြောင့် တော်ဝင်ပညာရှင်လီအံ့အားသင့်သွားသည်။
သူမြင်နေရတာ မသေချာသလို သူ့မျက်စိသူတောင်ပွတ်လိုက်သည်။
ဟူချင်းရှုံးသွားတာလား?
အပြတ်အသတ်ကိုရှုံးသွားတာ?
ရုတ်တရက် တော်ဝင်ပညာရှင်လီကတစ်ခုခုသဘောပေါက်သွားပုံရ၏။
သူဌေးချင်က ဉာဏ်ကြီးရှင်၊ ဘာမဆိုအတတ်မြန်သည်ဟုပြောကြသည်။ ဟင်းချက်၊ တရုတ်တိုင်းရင်းဆေး၊ သိပ္ပံသုတေသန အားလုံးသူလေ့လာနိုင်သည်။
တိုက်နည်းခိုက်နည်းသင်ရင်ရော?
အတတ်မြန်မည့်ပုံပင်။
ချင်လင်မြင်းစီးပုံ၊လှံပစ်ပုံတွေ သူတွေးမိသည်။ ဒါတွေကလည်း ကိုယ်ခံပညာ၊ အတိုက်အခိုက်ကလည်း ကိုယ်ခံပညာပင်။
သူဌေးချင်ရဲ့အရည်အချင်းက စာရော၊သိုင်းရောလား?
လုပ်ကြံသူလည်း လန့်သွားသည်။
ဟူချင်းနှင့်ကောကျန်း၏အင်အားကို သူကိုယ်တိုင်ခံခဲ့ရသည်။ သူလုပ်ကြံရန်ကြိုးစားခဲ့သော်လည်း လူမိသွား၏။ သူဘာမှမတုံ့ပြန်နိုင်ခင် သတိလစ်ခဲ့သည်။
အခု သူမြင်နေရတာက?
သူလုပ်ကြံမယ့်ပစ်မှတ်က သူ့ကိုသတိလစ်အောင်လုပ်ခဲ့တဲ့သူကို အသာလေးမျက်ကွင်းပေးလိုက်သတဲ့။
ဒီလိုအင်အားမျိုးရှိတာ သူ့ကိုသ*တ်နိုင်ပါ့မလား?
သူ့တုံ့ပြန်ချက်က အလွန်မြန်မည်။ အန္တရာယ်ကိုအာရုံခံနိုင်ပြီး တမဟုတ်ချင်းရှောင်ရှားနိုင်လိမ့်မည်။
သူ့ကိုမိသွားရင်တော့ သေပြီ။
သော*က်!
လုပ်ကြံသူက ရုတ်တရပ်ထဆဲလိုက်သည်။
ချောက်ချခံရသလိုပင်။
ဒါပေမဲ့ ဘယ်သူကသူ့စည်းစိမ်အကုန်ပုံပေးပြီး သူ့ကိုချောက်ချမှာလဲ?
သူ့အလုပ်ရှင် Yagyama တောင် ဒီအကြောင်းမသိ။
"ဥက္ကဌချင်က ငါတို့ကာကွယ်ပေးဖို့လိုလို့လား?''
ဟူချင်းကမျက်တောင်ခတ်ရန်ကြိုးစားသော်လည်း မျက်စိအောင့်သွားပြန်သည်။
"ကာကွယ်ပေးရမှာလား?''
ကောကျန်းက မသေချာသလိုပြောလိုက်သော်လည်း ယုံကြည်မှုရှိရှိနှင့်_
"ကာကွယ်ပေးရမှာပေါ့ ဟုတ်ဘူးလား?''
သူတို့လိုအထူးကာကွယ်ရေးစ*စ်သားတွေက အတိုက်အခိုက်တင်မဟုတ်၊ ကာကွယ်နိုင်စွမ်း၊ ပတ်ဝန်းကျင်ကိုလေ့လာနိုင်စွမ်း၊ ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် ကျည်ဆန်ကိုတောင် လျှပ်တပြတ်ကာကွယ်ရဲသည်။
ထို့ကြောင့် အလွန်အသုံးတည့်သည်။ ဥက္ကဌချင်မှာဒီလိုအင်အားမျိုးရှိတာ သူတို့အတွက်ကောင်းသောကိစ္စပင်။ အရေးကြီးသောအချိန်တွင် ချင်လင်ကသူ့ကိုယ်သူကာကွယ်နိုင်သည်။ တစ်ခုခုဖြစ်ခဲ့ရင် လက်လွတ်ထားပြီး တခြားကိစ္စလုပ်နိုင်သည်။
မာဟုန်ကဝမ်းသာအားရနှင့် ကြက်ဥပြုတ်ကို ဟူချင်းဆီပေးကာ_
"လိုချင်လား? သုံးလို့ရသေးတယ်''
ဟူချင်းကချက်ချင်း ကျားမျက်လုံးနှင့်မာဟုန်ကိုကြည့်လိုက်သည်။ မာဟုန်အကောင်းပြောတာမဟုတ်မှန်းသိသော်လည်း_
"လိုချင်တယ်!''
ထို့နောက် ကြက်ဥယူပြီး မာဟုန်လုပ်သလိုသူ့မျက်လုံးကိုပွတ်လိုက်သည်။ မျက်လုံးအောင့်ပြီး သူ့နှုတ်ခမ်းတွန့်သွား၏။