ဆေးဖော်စပ်ခြင်း
Vol. 1 Ch. 161
"ခရမ်းရောင်ရွှေ သန်းတစ်ရာ ရမယ်"
ချမ်ဝမ်ကွမ်သည် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ကျန်းရီ၏ နဖူးအား စမ်းကြည့် လိုက်သည်။
"အစ်ကိုကြီး ... မင်းဖျားလည်း မနေပါဘူး ... ဘာလို့ မဖြစ်နိုင်တာတွေ ပြောနေတာလဲ ... မင်းက ဆေးဖော်စပ်ပြီး ခရမ်းရောင်ရွှေ သန်းတစ်ရာ လိုချင်တယ် ... ဆေးဖော်စပ်တာကို ရွှံ့တွေနဲ့ ကစားသလိုမျိုး ထင်နေတာလား ... လူဘယ်လောက်က သူတို့ရဲ့ ဘဝကို ဆေးဖော်တဲ့ နေရာမှာ မြှုပ်နှံထားရလဲ မင်းသိလား ... လူဘယ်လောက်က အဆင့်နိမ့် ဆေးလုံးတွေကိုပဲ ဖော်စပ်နိုင်တဲ့ ပထမအဆင့် အဂ္ဂိရတ်ပညာရှင် အဖြစ်နဲ့ သေသွားရလဲ ဆိုတာ မင်းသိလား ... မင်း အဆင့်နိမ့် ဆေးလုံးတွေကို ဖော်စပ်နိုင်မယ် ဆိုရင်တောင် နှစ်တစ်ရာကျော် ရောင်းရင်တောင်မှ ခရမ်းရောင်ရွှေ သန်းတစ်ရာ မရနိုင်ဘူး"
ကျန့်လင်းအာသည် ခေါင်းညိတ်ကာ ဝင်ပြောလာခဲ့သည်။
"အစ်ကိုကျန်းရီ ... ဆေးဝါးဖော်တဲ့ ပညာရပ်က တကယ်ကို ခက်ခဲတယ် ... ကျန့်ဂိုဏ်းရဲ့ ဆေးဝါးပညာရှင်တွေ အားလုံးက တော်တော် အသက်ကြီးနေကြပြီ...သူတို့တွေမှာ အမြင့်ဆုံးက မြေကမ္ဘာအဆင့် အမြင့်ဆုံး နဂါးဆေးလုံးတွေကို ထုတ်နိုင်တဲ့ တတိယအဆင့်ပဲ ... စတုတ္ထအဆင့် ဆေးဝါးဘုရင် ဒါမှမဟုတ် ပဉ္စမအဆင့် ဆေးဝါးသူတော်စင် ဖြစ်လာဖို့က တကယ်ကို ခက်ခဲတယ်"
ကျန်းရီသည် ပြုံးလိုက်ပြီး မည်သို့မှ ရှင်းမပြတော့ပေ။ သူသည် လက်ကာပြကာ ပြောလိုက်သည်။
"ဝမ်ကွမ် ... ငါပြောတာကိုပဲ နားထောင်စမ်းပါ ... နောက်ရက်တွေမှာ ဒီအစ်ကိုကြီးက မင်းကို ပါရမီရှင်လို့ ဘာကို ခေါ်လဲဆိုတာ ပြမယ်"
"ဒါဆိုလည်း ကောင်းပြီလေ"
ချမ်ဝမ်ကွမ်သည် မယုံမကြည် ဖြစ်နေသေးသော်လည်း ကျန်းရီက ထိုသို့ ပြောလာရာ ငြင်းမနေတော့ပေ။ ထို့ပြင် ကျန်းရီသည် နာလန်ထူစ အချိန်တွင်သာ ရှိနေသေးရာ ဘာကြောင့် သူ့ကို အချိန်နည်းနည်း မဖြုန်းခိုင်းရမှာလဲ။
တစ်ရက်အတွင်း ချမ်ဝမ်ကွမ်သည် ပစ္စည်းအလုံးစုံကို ယူလာခဲ့သည်။ သို့သော် သူသည် ထိုပစ္စည်းများကို ကျန့်ဝူရွှမ်း၏ အဆောင်အတွင်း သယ်မလာခဲ့ပေ။ ကျန်းရီသည်လည်း သူလုံးဝ ပြန်ကောင်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ ကျန့်လင်းအာအား ထပ်မံ၍ ဒုက္ခမပေးသင့်တော့ဟု ခံစားနေရသည်။ သူသည် သူတို့ကိုယ်ပိုင် အဆောင်လေး သို့သာ ပြန်လာခဲ့ပြီး ကျင့်ကြံခြင်း၊ ဆေးဝါးဖော်သော ပညာရပ်တို့ကို လေ့လာခြင်းဖြင့်သာ အချိန်ဖြုန်းနေလိုက်သည်။
ချမ်ဝမ်ကွမ်သည် ဆေးဝါးဖော်စပ်နည်း စာအုပ်များစွာကို ယူလာခဲ့ပြီး အဆင့်နိမ့် ပစ္စည်းပစ္စယ များစွာလည်း ပါလာခဲ့သည်။ တတိယမြောက်နေ့တွင် ကျန်းရီသည် တံခါးပိတ်၍ ဆေးဖော်စပ်ရန် စတင်လိုက်သည်။ သူသည် ဆေးဖော်စပ်နည်းကို လုံးဝ နားမလည်ရာ ရက်ပေါင်းများစွာ ကြာသည်အထိ အဆင့်နိမ့် ဆေးတစ်လုံးကိုပင် မဖော်စပ်နိုင်ကြောင်း သိသာနေသည်။
ငါးရက်မြောက်နေ့တွင် ကျန်းရီသည် အဝါရောင် ဂျင်ဆင်းဆေးပြား တစ်ခုကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ သူ့လက်ထဲရှိ ဆေးပြား ခပ်သေးသေးကို ကြည့်ရင်း ကျန်းရီအတော်လေး ကျေနပ်နေခဲ့သည်။ သူသည် ဆေးတစ်လုံးကို ဖော်စပ်ရန် အပြည့်အဝ နားလည် ပြည့်စုံနေရန် မလိုပေ။ သူသည် ဆေးဖော်စပ်ရာမှ အကျိုးအမြတ်များ ရရန်သာ လိုလေသည်။ သူလုပ်ရမည့် အရာသည် မြေကမ္ဘာအဆင့် နဂါးဆေးလုံးကို ဖော်စပ်၍ ကောင်းကင်အဆင့် ဆေးလုံးအဖြစ် ပြောင်းလဲရန်သာ ဖြစ်လေသည်။
မြေကမ္ဘာအဆင့် အဆင့်မြင့် ဆေးလုံးများနှင့် ကောင်းကင်အဆင့် အဆင့်နိမ့် ဆေးလုံးများသည် အဆင့်အားဖြင့် ဆိုလျှင် အနည်းငယ်သာ ကွာခြားသော်လည်း တန်ကြေးအားဖြင့် သိသိသာသာ ကွာခြားလေသည်။ မြေကမ္ဘာအဆင့် နဂါးဆေးလုံး တစ်လုံးလျှင် ခရမ်းရောင်ရွှေ တစ်ထောင်ဝန်းကျင် ကုန်ကျမည် ဖြစ်ပြီး ကောင်းကင်အဆင့် ဆေးလုံးတစ်လုံးလျှင် ခရမ်းရောင်ရွှေ ငါးထောင်ခန့် တန်ကြေး ရှိလေသည်။ ကျန်းရီသာ အောင်မြင်သွားလျှင် သူ့အတွက် ခရမ်းရောင်ရွှေများ ရရန်မှာ ကလေး ကစားသလောက်သာ ရှိတော့မည်။
"ငါ ဒီနည်းလမ်းတွေရဲ့ အကျွမ်းတဝင် ဖြစ်အောင် ဆေးနည်းနည်း ထပ်ပြီး ဖော်စပ်ကြည့်ဖို့ လိုတယ် ... ဒါဆို ငါ မြေကမ္ဘာအဆင့် နဂါးဆေးလုံးတွေကို ဖော်စပ် နိုင်လောက်တယ် ..."
ကျန်းရီသည် စာအုပ် အမြောက်အမြားကို ဖတ်ထားပြီး ဖြစ်ရာ ဆေးမည်သို့ ဖော်စပ်ရမည်ကို သိရှိနေပြီ ဖြစ်လေသည်။ ဆေးဖော်စပ်ခြင်းသည် ရှုပ်ထွေး၍ နူးညံ့ သိမ်မွေ့သော ဖြစ်စဉ် ဖြစ်လေသည်။ အဆင့်လေး တစ်ခုပင် ကောင်းကောင်း မပြီးမြောက်ပါက ထိုဆေးလုံးသည် အလဟဿ ဖြစ်သွား ပေလိမ့်မည်။ ထို့ကြောင့်ပင် အဆင့်မြင့် ဆေးဝါးပညာရှင်များ အများကြီး မရှိခြင်း ဖြစ်လေသည်။
"ဒီစာအုပ်ထဲမှာ လူတစ်ယောက်ရဲ့ စိတ်စွမ်းအားက အားကောင်းလေလေ ဆေးဖော်စပ်ရာမှာ အောင်မြင်နိုင်ချေ များလေလေပဲတဲ့ ... ဒီကမ္ဘာမှာ စိတ်စွမ်းအား ပညာရှင်တွေ အများကြီး ရှိမှာကို သူတို့က ဘာလို့ ဆေးဖော် မနေကြတာလဲ ... မိုးပြာနဂါး တော်ဝင်မိသားစုရဲ့ ဆေးဝါးသူတော်စင် တစ်ယောက်ကလွဲလို့ ကျန်တဲ့ ဆေးဝါးပညာရှင်တွေ အကုန်လုံး ဂိုဏ်းကြီးတွေ အတွက် အလုပ်လုပ်ပေး နေကြတယ်လို့ ငါထင်တယ် ... အဲဒီ ဆေးဝါးသူတော်စင် ကလည်း သေချာပေါက် စိတ်စွမ်းအား ပညာရှင် ဖြစ်ရမယ်"
ကျန်းရီသည် ဝမ်းနည်းစွာ သက်ပြင်း ချလိုက်သည်။ ဆေးဖော်စပ်ခြင်းအား ကြိုချက်ခြင်း၊ ပုံဖော်ခြင်းနှင့် သန့်စင်ထုတ်ယူခြင်း ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။ ထိုအဆင့်များတွင် ဆေးလုံး ပုံဖော်ခြင်းသည် စိတ်စွမ်းအား အများဆုံး လိုအပ်သည်။ ဆေးဖော်စပ်သူသည် စိတ်စွမ်းအား နည်းပါးလျှင် ဆေးလုံး ပုံဖော်ရာ၌ မအောင်မြင်နိုင်ပေ။ ကံကောင်း၍ ကျန်းရီသည် ဆေးလုံး ပုံဖော်စရာ မလိုဘဲ မြေကမ္ဘာအဆင့် နဂါးဆေးလုံးများကို ဟိုဟိုဒီဒီ အနည်းငယ် ထည့်ရုံလောက်ဖြင့် ပြန်လည် သန့်စင် ထုတ်ယူရန်သာ လိုသည်။
နောက်ရက် အနည်းငယ်အတွင်း ကျန်းရီသည် နေ့ရောညပါ အခန်းအောင်း၍ အဝါရောင် ဂျင်ဆင်းဆေးပြားကို ဆက်တိုက် ဖော်စပ်၍ နည်းလမ်းများ၊ အပူကို ထိန်းချုပ်နည်းများဖြင့် အသားကျအောင် လေ့ကျင့် နေလေသည်။
'လေ့ကျင့်ခြင်းသည် ပြီးပြည့်စုံ စေသည်' ကျန်းရီ၏ လုပ်ဆောင်မှုတို့သည် အတော်လေး တိုးတက်လာခဲ့ပြီး သုံးရက်အကြာတွင် အဝါရောင် ဂျင်ဆင်းဆေးပြားကို ဖော်စပ်နိုင်မှုသည် ခုနစ်ဆယ် ရာနှုန်း၊ ရှစ်ဆယ် ရာနှုန်းအထိ တိုးတက် လာခဲ့သည်။
"တော်လောက်ပြီ ... ငါ မြေကမ္ဘာအဆင့် ဆေးလုံးကို ဖော်စပ်ဖို့ ပြင်ဆင်ရမယ်"
ကျန်းရီသည် လက်ခုပ်တီး၍ ကျေနပ်စွာ ပြောလိုက်သည်။ သို့သော် သူသည် ချက်ချင်း အလုပ်မလုပ်ဘဲ အခြား တစ်ခန်းဆီသို့ သွားကာ အိပ်ရာထက် လှဲချ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်သည်။ မြေကမ္ဘာအဆင့် နဂါးဆေးလုံးများကို ဖော်စပ်ခြင်းသည် အတော်လေး ခက်ခဲရာ အမှားရှိ၍ မဖြစ်ပေ။ သူသည် ကိုယ်ရောစိတ်ပါ ကျန်းမာနေအောင် လုပ်ထားရမည်။ အကောင်းဆုံးသော နည်းလမ်းသည် အိပ်စက်လိုက်ခြင်း ဖြစ်လေသည်။
ကျန်းရီသည် တစ်နေ့နှင့် တစ်ညလုံး အိပ်စက်နေခဲ့ပြီး အင်အားအပြည့်ဖြင့် နိုးထလာခဲ့သည်။ သူသည် ပုံမှန် လုပ်ရိုးလုပ်စဉ် အတိုင်း နှစ်နာရီကြာ ကျင့်ကြံလိုက်သည်။ ထို့နောက် တစ်ခုခုစား၊ ရေမိုးချိုး၍ အဝတ်အစား လဲလိုက်ပြီး သူ၏ ဆေးဖော်စပ်ခြင်း အလုပ်ကြီးအား စတင်လိုက်သည်။
"အနက်ရောင် မီးကျောက်တုံး၊ အဝါရောင် လေဆေးမှုန့်၊ ငွေရောင် ဆေးမြစ်မှုန့် ... အားလုံး အဆင်သင့်ပဲ ... စလိုက်တာပေါ့"
ချမ်ဝမ်ကွမ်သည် လိုအပ်သော ပစ္စည်းအားလုံးကို အဆင်သင့် ပြင်ဆင် ပေးထား လေသည်။ ကျန်းရီသည် မြေကမ္ဘာအဆင့် နဂါးဆေးလုံး သုံးလုံးကို ထုတ်ယူလိုက်ပြီး အစိမ်းရောင် ဆေးဖိုကြီးအတွင်း ပစ်ထည့်လိုက်ကာ အဆင့်မြင့် အနက်ရောင် မီးကျောက်တုံးများကို သုံး၍ မီးမွှေးလိုက်သည်။ ကျန်းရီသည် မီးအပူရှိန်အား ချက်ချင်း မြှင့်လိုက်ရအောင် မတုံးသေးပေ။ သူသည် မီးကျောက်တုံးများကို ထိန်းချုပ်ကာ အပူချိန်အား ဖြည်းဖြည်းချင်း မြှင့်တင်ကာ ဆေးများကို အရည်ပျော်စေ လိုက်သည်။
"ပြီးတော့မယ်"
ကျန်းရီသည် သူ့လက်ကို ဆေးပေါင်းအိုး အနီး ထား၍ အတွင်းအားဖြင့် အိုးအတွင်းရှိ အခြေအနေကို အာရုံခံလိုက်သည်။ ဆေးများသည် ပျော့သော အစိုင်အခဲလေးများ ဖြစ်နေပြီကို သူသိလိုက်သော အခါ လက်တစ်ဖက်သုံး၍ ဆေးပေါင်းအိုး အဖုံးကို ရိုက်ချကာ ဖွင့်လိုက်သည်။ သူ၏ ကျန်လက်တစ်ဖက်သည် အဝါရောင် ဆေးမှုန့်များကို လျှပ်စီးအလျင်နှင့် ထည့်လိုက်ကာ အဖုံးကို အလျင်အမြန် ပြန်ပိတ်လိုက်သည်။
"အပူချိန်မြှင့်ရမယ်"
ကျန်းရီသည် မီးကျောက်တုံးများကို ထပ်ဖြည့်လိုက်ကာ ခဏစောင့်ပြီး အဖုံးဖွင့်၍ ငွေရောင် ဆေးမှုန့်များကို ထည့်လိုက်ပြန်သည်။ ထိုနည်းဖြင့် သူသည် ဆေးမှုန့် သုံးလေးမျိုးကို ဆက်တိုက် ထည့်ပြီးနောက် သူ့ မျက်လုံးများ တောက်ပလာကာ အော်ဟစ်လိုက်သည်။
"အနက်ရောင် အတွင်းအား ... သွားတော့"
အနက်ရောင် အတွင်းအား သုံးမျှင်သည် ကျန်းရီ၏ လက်ဝါးမှ တစ်ဆင့် ဆေးပေါင်းအိုး အတွင်း ဝင်ရောက် သွားခဲ့သည်။ ထိုအချိန်တွင် ဆေးပေါင်းအိုးမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အစအနများ လွင့်ထွက်လာခဲ့သည်။ ကျန်းရီတစ်ယောက် အလျင်အမြန် ကြည့်လိုက်ရာ ဆေးလုံး သုံးလုံးစလုံး ပေါက်ကွဲ နေသည်ကို တွေ့လိုက် ရလေသည်။
"ဒါ ဖြစ်နိုင်လို့လား"
ကျန်းရီ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ သူသည် စာအုပ်ထဲမှ ညွှန်ကြားချက်များ အတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့သည်။ အဆင့်များ အားလုံးလည်း တိကျ မှန်ကန်နေပါလျက် အဘယ့်ကြောင့် ဆေးလုံးများ ပေါက်ကွဲ သွားရပါသနည်း။
တစ်ခဏ ကြာသွားသည် အထိ ကျန်းရီ နားမလည်သေးပေ။ သူသည် သံသယများကို ဘေးဖယ်၍ ဆေးဖော်ခြင်းကို ပြန်လည် လုပ်ဆောင်လိုက်သည်။ ဆေးပေါင်းအိုး ခုနစ်အိုး၊ ရှစ်အိုးခန့် ထပ်မံ ဖော်စပ်ပါသော်လည်း အားလုံးသည် ပေါက်ကွဲသွားခဲ့ပြီး နဂါးဆေးလုံး အလုံးနှစ်ဆယ်ခန့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
မြေကမ္ဘာအဆင့် နဂါးဆေးလုံး အလုံးနှစ်ဆယ်သည် ခရမ်းရောင်ရွှေ နှစ်သောင်းခန့် တန်ကြေး ရှိလေသည်။ ကျန်းရီသည် ရင်ထဲမှ နာကျင်လာ၍ ဆက်လက် မကြိုးစားဝံ့တော့ပေ။ သူ ပြဿနာအား အဖြေမရှာနိုင်ခင် ဆက်လက်၍ ဆေးများ ဖော်စပ်နေပါက သူ့တွင် ပေါက်ကွဲရန် ဆေးများ အလုံအလောက် မရှိမည်ပင် စိုးရိမ်ရသည်။
"ဘယ်နေရာမှာ မှားသွားတာလဲ"
ကျန်းရီသည် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူ့ဝတ်ရုံများသည် ပေါက်ကွဲမှု၏ အဖျားခတ်မှုကြောင့် မည်းတူးနေပြီ ဖြစ်ပြီး သူကိုယ်တိုင်ကမူ သူတောင်းစား တစ်ယောက်နှယ် စုတ်ပြတ်နေပြီ ဖြစ်လေသည်။ သူ့ခေါင်းထဲတွင် အတွေးများစွာ တန်းစီ နေသောကြောင့် မျက်ခုံးအစုံသည် တွန့်ချိုးနေခဲ့သည်။
"ဒါက နည်းလမ်းမကျဘူး ... အနက်ရောင် အတွင်းအားက ဆေးစွမ်းအားနှင့် ပေါင်းစပ် သွားတယ်ဆို ဘာလို့ ဆေးလုံးထဲကိုရော ရောက်မသွားတာလဲ"
ကျန်းရီသည် ရေရွတ်လိုက်ပြီး ရုတ်တရက် တုန်လှုပ် သွားခဲ့လေသည်။ သူသည် သူ့ခေါင်းသူ ထုလိုက်ပြီး သူ၏ ဝက်တစ်ကောင်နှယ် တုံးအမှုကို ဆဲရေးလိုက်သည်။ ထိုင်နေရာမှ အမြန်ထကာ ကျန်းရီတစ်ယောက် ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်သည်။
ဒီတစ်ကြိမ်တွင် သူသည် အနက်ရောင် အတွင်းအားများကို ဆေးဖော်စပ်ပြီးမှ မထည့်တော့ပဲ ဆေးမှုန့်များ မထည့်ခင်တွင် ထည့်လိုက်လေသည်။
"မပေါက်ကွဲသွားဘူး"
နောက်ဆုံးအဆင့် ပြီးမြောက်သွားချိန်တွင် ဆေးပေါင်းအိုးသည် မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။ ကျန်းရီသည် အတော်လေး စိတ်လှုပ်ရှား သွားခဲ့သည်။
သူသည် တုန်တုန်ယင်ယင်နှင့် ဆေးပေါင်းအိုး အဖုံးကို ဖွင့်လိုက်လေသည်။ သူသည် ပျံ့လွင့်လာသော ရနံ့တစ်ခုကို ရလိုက်ပြီး ဆေးပေါင်းအိုး အတွင်း ငြိမ်သက်စွာ တည်ရှိနေသော ဆေးသုံးလုံးကို တွေ့လိုက်ရလေသည်။ သူ့ညစ်ပတ် ပေရေနေသော မျက်နှာထက်တွင် မျက်စိကျိန်းမတတ် တောက်ပလွန်းသော အပြုံးပန်းကြီး တစ်ခု ပွင့်လန်း လာခဲ့လေသည်။
***