← Chapters

တိုက်ပွဲ ၃

Vol. 99 Ch. 976

တိုက်ပွဲ ၃

Vol. 99 Ch. 976

ဤတောင်ကား တကယ်ကြီး တည်ရှိနေသောတောင်ဖြစ်သည်။ စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များ တတောင်လုံးကို ဖုံးအုပ်ထား၏။ တောင်ကိုရစ်ခွေစီးဆင်းနေသော စမ်းချောင်းငယ်ကိုလည်း အတိုင်းသား မြင်တွေ့နေရသည်။ တောင်ထိပ်တွင်ကား တိမ်များရစ်သိုင်းနေ၏။ ဟိုဟိုသည်သည် ပျံသန်းနေကြသော​ ကျေးငှက်သာရကာတချို့ကလည်း မြင်ကွင်းကို အားဖြည့်ထားလေသည်။

ချောက်ကမ်းပါးကြီးတခုဘေးတွင် ရေတံခွန်ကြီးတခု အဟုန်ပြင်းပြင်း ကျဆင်းနေ၏။

မြင်ကွင်းကား ရှုမညီးဖွယ်ပင်။ သို့သော် တစ်ချိန်တည်းမှာပင် ထူးဆန်းနေ၏။ အကြောင်းမှာ ချောက်နက်ထဲတွင် ဘယ်သောအခါမှ မိုးမရွာသောကြောင့်ပင်။ သီးခြားလေဟာနယ်တခုထဲတွင် တည်ရှိနေသော ချောက်နက်အဖို့ ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရန် မိုး သို့မဟုတ် နှင်းကျရန် လားလားမျှ မလိုအပ်ချေ။

သို့ဆိုလျင် မိုးမရွာ နှင်းမကျပဲ ရေတံခွန်က ဘယ်ကနေဖြစ်တည်လာသနည်း။

မည်သို့ဆိုစေ အဆိုပါရေတံခွန်က အမှန်တကယ်ပင် တည်ရှိနေသည်။ ရေတံခွန်မှရေများသည် မရပ်မနားပင် စီးဆင်းနေ၏။ တောင်နားတစ်ဝိုက် ရေပြင်အောက်တွင် အနက်ရောင်အရိပ်တချို့ မျောပါနေသည်ကိုလည်း မြင်တွေ့ရနေရသည်။

ကောင်းကင်ပေါ်မှကြည့်လျင် သဲသဲကွဲကွဲ မမြင်ရသည့်တိုင် ရေအောက်ရှိ ပင်လယ်သားရဲတိုင်းသည် သားရဲဧကရာဇ်အဆင့်များဖြစ်ကြောင်း စုချန်း ခံစားမိနေ၏။ အဆိုပါ သားရဲဧကရာဇ်များကား တောင်ကို စောင့်ကြပ်နေကြခြင်းပေတကား။

“ဒီတော့ ဒီနေရာက နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းရှိတဲ့နေရာပေါ့ တောင်ရဲ့ဘယ်နေရာမှရှိတာတဲ့လဲ"

ကုချိန်းလွှာက မေးလိုက်သည်။

“ဟိုး​အပေါ်မှာ”

စုချန်းက တောင်ထိပ်ကို မေးငေါ့ရင်း ပြောလိုက်၏။

ကုချိန်းလွှာ အံ့အားသင့်သွား၏။

“ရှင် ဆိုလိုတာ......”

“ရေတံခွန်ထိပ်မှာ ဒါမှမဟုတ် အဲဒါကြီးဟာ စကတည်းက ရေတံခွန်ရဲ့ရင်းမြစ် ဖြစ်ရင်လဲဖြစ်နေမှာပေါ့"

မျက်စိနှင့် မမြင်ရသည့်တိုင်အောင် ဤအတိုင်း သေချာပေါက်ဖြစ်ရမည်ဟု စုချန်း ယုံကြည်ထား၏။

၎င်းမှာ လက်ရည်တူ ချီစွမ်းအားပညာရှင်နှစ်ဦး လက်ရည်စမ်းပြီးနောက် တဦးအရည်အချင်းကို တဦးက အသိအမှတ်ပြုလိုက်သည်နှင့် သဘောတရားချင်း အတူတူပင်။

ဤသို့ နားလည်မှုမျိုး၊ ထိုးထွင်းသိမြင်မှုမျိုးသည် အသွေးအသားထဲမှ လာခြင်းဖြစ်ပြီး ဉာဏ်အလင်းပွင့်သွားသည့် သဘောမျိုးနှင့် အတူတူဟု ဆိုနိုင်သည်။

ကျင့်ကြံမှုဆိုင်ရာနည်းပညာကြီး၏ ကျွမ်းကျင်ပညာရှင်တဦးအနေနှင့် စုချန်းသည် ဤကမ္ဘာကြီး၏ တည်ဆောက်ဖွဲ့စည်းပုံကို နားလည်သဘောပေါက်နိုင်သော စွမ်းရည်ရှိနေ၏။ ဤအချိန်ခနလေးမှာပင် စုချန်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကာလကို ပြန်လည်ရောက်ရှိသွားပြီး ကောနီဂါ ဤကိစ္စကြီးတခုလုံးကို မည်သို့မည်ပုံ ဖန်တီးစီစဉ်ခဲ့သည်ကို ဘေးမှထိုင်ကြည့်နေရသလို ခံစားလိုက်ရ၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောနီဂါသည် ဤနေရာကို ရောက်လာခဲ့ပြီး စုချန်း မြင်တွေ့နေရသည့် တောင်ကြီးကို တည်ဆောက်ခဲ့ကာ သီးခြားခွဲထုတ်ထားသည် ချောက်နက်လေဟာနယ်တခုလုံးအတွက် စနစ် သို့မဟုတ် ကွန်ယက်တခုကို ဖန်တီးခဲ့၏။

အဆိုပါရေတံခွန်ကား အရာအားလုံး၏ ဇာစ်မြစ်ပေတည်း။

အတိအကျပြောရလျင် ရေတံခွန်သည် ရေတံခွန်ပင် မဟုတ်ချေ။ ၎င်းသည်နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းမှ စီးထွက်လာသော အသက်ဓာတ်စမ်းရေများပင် ဖြစ်သည်။

ထာဝရစီးဆင်းနေသော နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း၏ အသက်ဓာတ်စမ်းရေများသည် ပင်လယ်ရေနှင့် ရောနှောသွားသည့်အခါ ပင်လယ်သားရဲကြီးများ အရှိန်အဟုန်နှင့် ကြီးထွားလာကြတော့၏။

ထို့ကြောင့် ဤရေတံခွန်သည် သားရဲမဟာဧကရာဇ်များ၏ အသက်အတွက် ဇာစ်မြစ်ဟု ဆိုနိုင်သည်။

ထို့နောက် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကတော့ အဆိုပါ ဇာစ်မြစ်၏ ဇာစ်မြစ်ဟုသာ ဆိုရပေတော့မည်။

“ဒါဆို ခု ကျွန်မတို့က ဘာကို စောင့်နေကြတာလဲ အခုပဲ သွားပြီး ဖျက်ဆီးပစ်ရအောင်”

ကုချိန်းလွှာ သိသိသာသာပင် စိတ်လှုပ်ရှားနေ၏။

“ဒီလောက်လဲ အလျင်မလိုပါနဲ့လေ"

စုချန်းက ကုချိန်းလွှာ၏ လက်ကို ဖမ်းဆွဲရင်း​ ပြောလိုက်သည်။

ရေအောက်မှ သားရဲမဟာဧကရာဇ်များသည် အလှပြရန် သက်သက်တော့ မဟုတ်လောက်ချေ။ ရေအောက်တွင် သားရဲမဟာဧကရာဇ်စုစုပေါင်း ဆယ်ဂဏန်းမျှပင် ရှိနေပုံရ၏။

ကြည့်ရသလောက် ဤသားရဲကြီးများသည် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းအတွက် ကောနီဂါ ချန်ထားခဲ့သည့် နောက်ဆုံးခံစစ်လိုင်း ဖြစ်နေပုံရသည်။

ထို့ကြောင့် ဤသားရဲကြီးများအနေနှင့် ဤနေရာမှ အလွယ်တကူ ထွက်သွားမည့်ပုံမပေါ်ချေ။ ချောက်နက်ကြီး၏ အဝင်ဝတွင် ဖြစ်ပွားနေသည့် တိုက်ပွဲက ပြင်းထန်လွန်း၍ ဤနေရာအထိ စွမ်းအင်လှိုင်းများ ပျံ့လွင့်လာသည့်တိုင်အောက် တောင်အနီးမှ သားရဲများ လုံးဝ ဂရုမစိုက်ကြသည်ကို ကြည့်လျင် ဤအချက်ကို မြင်နိုင်၏။

“ကျွန်မ တောက်ပခြင်းနဂါးသွေးဗီဇရဲ့ စွမ်းအားကို ထုတ်ဖော်ပြီး ဒီကောင်တွေ ကြောက်သွားအောင်လုပ်လိုက်မယ် အဲဒီအချိန်မှာ ရှင်က နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို သွားပြီး ဖျက်ဆီးလိုက်ပေါ့ မဟုတ်ဘူးလား"

ကုချိန်းလွှာက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဟန်ဖြင့် ပြောလိုက်သည်။

သို့သော် စုချန်း​က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

“မဟုတ်သေးဘူးကွ ကျုပ်ပြောပြမယ် ဒီမှာ စောင့်နေတဲ့ သားရဲမဟာဧကရာဇ်တွေဟာ အသန်မာဆုံးကောင်တွေ ဖြစ်နေနိုင်တယ် မင်းအစွမ်းက သူတို့ကို မထိန်းချုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ နောက်တချက်က ကျုပ်တို့ထဲက ဘယ်သူမှ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း ကို မမြင်ဖူးသေးတော့ အနီးအနားမှာ ကာကွယ်ရေးပုံစံတွေ ရှိမရှိ မသိနိုင်ဘူး နောက်ပြီး ကျုပ်တို့ ဒါကိုရှာတွေ့ခဲ့အလွယ်တကူ ဖျက်ဆီးလို့ ရပါ့မလားဆိုတာ မသေချာဘူး အရမ်းမာကျောတဲ့ ပစ္စည်းနဲ့ လုပ်ထားရင် ဘယ်လိုလုပ်မလဲ”

ကုချိန်းလွှာ နှုတ်ခမ်းစူသွား၏။

"ကောင်းပြီလေ ရှင်က အမြဲတမ်းဂရုတစိုက် စဉ်းစားတတ်တာဆိုတော့ ဘာလုပ်သင့်သလဲ ပြောစမ်းပါအုံး”

စုချန်း ရယ်မောလိုက်သည်။

"ကျုပ်တို့မှာ ဒါရှိသားပဲလေ”

အထက်ပါအတိုင်းပြောရင်း သူ မူလအရိုးတောင်ဝှေးကို ဆွဲထုတ်လိုက်၏။

မူလအရိုးတောင်ဝှေးကို မြင်သည်နှင့် ကုချိန်းလွှာ ပြုံးစေ့စေ့ဖြစ်သွား၏။

လက်ရှိအခြေအနေအရ စုချန်းနှင့်ကုချိန်းလွှာအပြင် တောင်နားမှာ တခြား မည်သူမှမရှိချေ။ ဆိုလိုသည်မှာ ဤအနေအထားတွင် မူလအရိုးတောင်ဝှေး၏ ဟောကိန်းထုတ်မှုများကို ပို၍ လွယ်ကူစွာ လုပ်ဆောင်နိုင်သည်ဟု ဆိုလိုနေ၏။ စုချန်းအနေနှင့် ကိုယ့်ကိုယ်ကို ဟောကိန်းမထုတ်ပဲ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းအကြောင်းကိုသာ ဟောကိန်းထုတ်မည်ဆိုလျင် ကုန်ကျစရိတ်က အလွန်နည်းပါးသွားပေလိမ့်မည်။

သို့သော် အနီးအဝိုက်တွင် သားရဲဧကရာဇ်များလည်း ဧကန်ပင် ရှိနေ၏။

ထို့ကြောင့် အဆိုပါ သားရဲဧကရာဇ်များကိုပါ ဟောကိန်းထဲ ထည့်သွင်းခဲ့လျင် ကုန်ကျစရိတ်က သေချာပေါက် မြင့်မားလာပါလိမ့်မည်။

သို့​သော် ပြဿနာမှာ မူလအရိုးတောင်ဝှေး၏ စည်းမျဥ်းအရ ယဇ်ပူဇော်လိုက်သည့်ပစ္စည်းများ၏ တန်ဖိုးထက် ဟောကိန်းထုတ်ခံရသူ၏ တန်ဖိုးက ပိုများနေခဲ့လျင် ဟောကိန်းမှာ မအောင်မြင်နိုင်ချေ။

မည်သို့ဆိုစေ စုချန်းအနေနှင့် သာမာန်ပစ္စည်းတခုမျှကိုသာ ယဇ်ပူဇော်ပြီး မေးခွန်းတခု မေးလိုက်ရုံနှင့် ဟောကိန်းထုတ်နိုင်သည်ဖြစ်စေ မထုတ်နိုင်သည်ဖြစ်စေ အနာဂတ်ကို မှန်းဆ၍ရနိုင်လာပေလိမ့်မည်။

တနည်းအားဖြင့် စုချန်း၏ မေးခွန်းကို မူလအရိုးတောင်ဝှေးက မဖြေနိုင်ခဲ့လျင် ကြုံတွေ့ရမည့်ဖြစ်ရပ်တွင် သားရဲမဟာ ဧကရာဇ်များ ပါဝင်ပတ်သတ်နေသည်ဟူသော သဘောပင်။

ထိုအခါ စုချန်းသည် အလွန်ရိုးရှင်းသော ဟောကိန်းတခုနှင့် စတင်လိုက်၏။

သူ့မေးခွန်းမှာ တောင်ထိပ်သို့ ပျံတက်ပြီး နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို ယူဆောင်နိုင်လာနိုင်မလားဟူသော မေးခွန်းပင်။ မျှော်လင့်ထားသည့်အတိုင်း သူ ကျရှုံးသွား၏။ ဆိုလိုသည်မှာ သားရဲမဟာဧကရာဇ်များ သေချာပေါက် ဝင်ရောက်နှောင့်ယှက်ကြမည့်သဘောပင်။

သို့သော် စုချန်းက ထိုဟောကိန်းကို ဂရုစိုက်ဟန်မတူပဲ တစ်နာရီအကြာတွင် သူနှင့် ကုချိန်းလွှာ ဘာဖြစ်လာမည်နည်းဟု ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။ ထိုမေးခွန်းကိုလည်း မူလအရိုးတောင်ဝှေးက ပြန်မဖြေခဲ့ချေ။ ဆိုလိုသည်မှာ သားရဲမဟာဧကရာဇ်များ သူတို့ကို လိုက်ဖမ်းလိမ့်မယ်လို့ ဆိုလိုခြင်းပင်။

ဤတောင်ကို အလွယ်တကူ စွန့်လွှတ်မည့်ပုံမပေါ်သည့် သားရဲမဟာဧကရာဇ်များ သူ့နောက်ကို လိုက်ဖမ်းသည့်သဘောမှာ သူ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို ယူသွားခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့သော် စုချန်းက လက်မလျှော့ပဲ ဆက်လက်ဟောကိန်းထုတ်လိုက်ပြန်၏။ ဤတကြိမ်တွင်တော့ သူက မတူညီသည့် လမ်းကြောင်းတခုကို ရွေးချယ်လိုက်သည်။

ရိုးရိုးလေးပြောရလျင် သားရဲဧကရာဇ်များ မသိလိုက်ပဲ သူ့ရည်မှန်းချက်ကို အောင်မြင်နိုင်မယ့် နည်းလမ်းရှိမရှိ သူလို၍ ဤလမ်းကြောင်းကို ရွေးချယ်လိုက်ခြင်းပင်။

ထို့ကြောင့် စုချန်း၏ တတိယမေးခွန်းမှာ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိအချိန်တွင် စုချန်းသည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံး၍ ပေတသောင်းအထိ တစ်ခါတည်း ခုန်နိုင်စွမ်းရှိ၏။ ဤကားဉာဏ်ရည်မြင့်မျိုးစိတ်ဝင်တဦး ရယူနိုင်သည့် အမြင့်ဆုံးအကွာအဝေးပင် ဖြစ်သည်။ ကံမကောင်းစွာပင် သားရဲမဟာဧကရာဇ်များ၏ အာရုံခံနိုင်စွမ်းအား ဤထက်ပင် ကွာဝေးကြသေး၏။ အရွယ်အစားအားဖြင့်လည်း ပေထောင်ချီ အရွယ်အစား ရှိနေကြပေသည်။ ထို့ကြောင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အနေနှင့် အောင်မြင်ရန် လမ်းမရှိချေ။

အလင်းတုန်ခါခြင်းတစ္ဆေသည် သူ့ကို အဝေးကြီး ရောက်အောင် စွမ်းဆောင်နိုင်သော်ငြား စုချန်းအနေနှင့် ကိုယ်ပွားတကောင်ကို မိမိသွားလိုသောနေရာသို့ ဦး​စွာ ပို့ဆောင်ထားရန် လိုအပ်ပေသည်။

ဤကား စုချန်း၏ စတုတ္ထမြောက်မေးခွန်းဖြစ်သည်။ သို့သော် ဤမေးခွန်းမှာလည်း ထပ်မံကျရှုံးသွားပြန်၏။

ပဉ္စမတကြိမ်တွင်တော့ စုချန်းက ဖုံးကွယ်ဆေးတစ်မျိုးနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သော်ငြား အချည်းနှီးဖြစ်သွားရပြန်သည်။

ဆဋ္ဌမအကြိမ်တွင်တော့ စုချန်းက သူ သားရဲမဟာဧကရာဇ်များကို အာရုံပြောင်းထားချိန်တွင် ကုချိန်းလွှာက နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို ယူဆောင်သွားရန် အခွင့်အရေး ရနိုင်သလားဟု မေးခွန်းထုတ်လိုက်၏။ ထိုမေးခွန်းမှာလည်း ​မအောင်မြင်ခဲ့ပြန်ချေ။

အထက်ပါအတိုင်း စုချန်းသည် မတူညီသည့် စိတ်ကူးအများအပြားကို မေးခွန်းထုတ်ခဲ့သော်လည်း အားလုံးမှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရ၏။

နောက်ဆုံးတော့ သားရဲမဟာဧကရာဇ်များ မသိပဲ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို ရယူရန်မှာ မည်သို့မှ မဖြစ်နိုင်ကြောင်း မြင်သာနေခဲ့လေပြီ။

“ကြည့်ရတာ အင်အားသုံးပြီး လုပ်ရတော့မယ့်ပုံပဲ”

ကုချိန်းလွှာ အထက်ပါအတိုင်း ပြောရင်း တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်၏။ သို့သော် စုချန်းက ဟန့်တားလိုက်လေသည်။

"ခနနေပါအုံးလေ ကျုပ်မှာ စိတ်ကူးတခု ကျန်ပါသေးတယ်”

စုချန်းက ပြောလိုက်လေသည်။

“ဘာလဲရှင့်”

စုချန်း လက်တဖက်ကို လှုပ်ရှားလိုက်ရာ သူ့ဘေးနားတွင် ကမ္ဘာဖျက်ပိုးကောင်တကောင် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။

“ဒါကို လွှတ်ကြည့်ရအောင် ဒီပိုးကောင်တွေဟာ အစွမ်းထက်ပေမယ့် အရေအတွက်ပေါ်မှာလဲ အများကြီး မူတည်နေတယ် ပိုးကောင်တကောင်တည်းဆိုရင်တော့ သားရဲမဟာဧကရာဇ်တွေ သတိထားမိမှာ မထင်ဘူး"

ဤတကြိမ်တွင်တော့ ယဇ်ပလ္လင်ပေါ်ရှိ ပစ္စည်းများ ပျောက်ကွယ်သွားပြီး ပုံရိပ်တရိပ် ပေါ်ပေါက်လာ၏။

ပျားတကောင်ကဲ့သို့ပင် ကမ္ဘာဖျက်ပိုးကောင် တကောင်သည် လေထဲတွင် လှည့်ပတ်ပျံသန်းနေ၏။ ထို့နောက် ထိုပိုးကောင်က ရေတံခွန်၏ထိပ်ဆုံးအဆင့်တွင် ဆင်းသက်လိုက်လေသည်။

တောင်ထိပ်တွင်ကား မတ်မတ်ရပ်နေသည့် ဧရာမရုပ်တုကြီးတရုပ်ကို ရှိနေ၏။ ၎င်းည် ပါးစပ်ကို အကျယ်ကြီး ဖွင့်ထားလေသည်။

ရေတံခွန်မှရေများကား အဆိုပါပါးစပ်ထဲမှ ထွက်ကျနေခြင်းပင် ဖြစ်သည်။

ပိုးကောင်သည် ရုပ်တု၏ ပါးစပ်ထဲသို့ ဝင်ရောက်ရန်ကြိုးစားနေ၏။ ထိုအချိန်မှာပင် ရုပ်တု၏ မျက်လုံးများဆီမှ အဖြူရောင် အလင်းတန်းတခု ရုတ်တရက် ထွက်ပေါ်လာပြီး ကမ္ဘာဖျက်ပိုးကောင်ကို ထိမှန်သွားတော့သည်။

အလင်းတန်းထိမှန်သည်နှင့် ကမ္ဘာဖျက်ပိုးကောင်သည် ချက်ချင်းဆိုသလို မီးလောင်ကျွမ်းသွား၏။

ပုံရိပ်ကား ပျောက်ကွယ်သွားခဲ့လေပြီ။

စုချန်းတို့ နှစ်ဦးလုံး အံ့အားသင့်သွားကြကုန်၏။

“ဒါဆို ကာကွယ်ရေးစနစ်တွေ ရှိသေးတာပေါ့နော်"

ကုချိန်းလွှာက အထက်ပါအတိုင်း မှတ်ချက်ပြုလိုက်လေသည်။ စုချန်း ပြုံးလိုက်၏။

“ဘယ်လိုပဲနေနေပါ အနည်းဆုံးတော့ သားရဲကို မသိပဲ ခိုးဝင်နိုင်တဲ့ နည်းလမ်းကို ကျုပ်တို့ ရှာတွေ့ခဲ့ပြီမလား”

ထို့နောက် စုချန်းက သွေးပုလင်းငယ်တပုလင်းကို ထုတ်ယူပြီး ကမ္ဘာဖျက်ပိုးကောင်၏ ကိုယ်ပေါ်တွင် လိမ်းကျံပေးလိုက်၏။ ကမ္ဘာဖျက်ပိုးကောင် ရေတံခွန်ထိပ်သို့ ရောက်သောအချိန်တွင် အဆိုပါသွေးက ကိုယ်ပွားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထို့နောက် စုချန်းကလည်း အလင်းတုန်ခါခြင်းတစ္ဆေကို အသုံးပြုနိုင်လာပေလိမ့်မည်။

သူ ပြန်လည်ထွက်ခွာမည့်နည်းလမ်းမှာ ပို၍ပင် ရိုးရှင်းနေသေး၏။ ဤနေရာတွင် စုချန်းအနေနှင့် ကိုယ်ပွားတကောင်ကို ချန်ထားခဲ့ရုံပင်။

တကယ်တော့ စုချန်းက ချောက်နက်၏ အဝင်ဝမှာပင် ကိုယ်ပွားတကောင်ကို ချန်ထားခဲ့သေး၏။

“ရှင် သတိထားနော်”

ကုချိန်းလွှာက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ကွာ ကျုပ်ဆီက သတင်းကောင်းကို စောင့်နေလိုက်"

ကမ္ဘာဖျက်ပိုးကောင်သည် စုချန်း၏ သွေးကိုသယ်ဆောင်ရင်း ရုပ်တုဆီသို့ ပျံသန်းထွက်ခွာလာ၏။ သိပ်မကြာမီ အဆိုပါပိုးကောင် ရုပ်တုရှိရာသို့ ရောက်ရှိလာသည်။

ထိုအချိန်မှာပင် ပိုးကောင်က စုချန်း၏ သွေးကို အောက်သို့ ကျစေလိုက်၏။

သွေးစက် မြေပြင်ပေါ်ကို ကျသွားသည်နှင့် ချက်ချင်းဆိုသလို စုချန်း ကိုယ်ပွားတကောင် ပေါ်ပေါက်လာသည်။ နောက်တစ်စက္ကန့်အကြာမှာပင် အဆိုပါကိုယ်ပွားပတ်ပတ်လည်ရှိ​ လေထုမှာ လှိုင်းထသွားပြီး အစစ်အမှန်ကိုယ်ခန္ဓာက ကိုယ်ပွား၏ နေရာကို အစားထိုးလိုက်၏။

နောက်ဆုံးတော့ စုချန်းတယောက် ရုပ်တုရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေပြီ။

ရုပ်တုကား အကြမ်းဖျင်းအားဖြင့် ပေသုံးရာခန့် မြင့်ပြီး တောင်ထိပ်မှာ မတ်မတ်ကြီး ရပ်နေ၏။ ထိုအခါကျမှ ရုပ်တု၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော စုချန်းတယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အကြောင်းမှာ အဆိုပါရုပ်တု၏ မျက်နှာသည် အာကင်နာတယောက်၏ မျက်နှာ မဟုတ်သောကြောင့်ပင်။

ရုပ်တု၏ ခြေလက်အင်္ဂါများသည် သွယ်လျနေ၏။ ၎င်း၏ ချွန်ထက်သော နားရွက်များနှင့် အစိမ်းဖျော့ဖျော့အသားအရေက အဆိုပါရုပ်တု အာကင်နာတဦး မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ အတိအကျပြောရလျင် ရုပ်တုကား မျိုးသုဉ်းလုနီးပါးဖြစ်နေပြီဖြစ်သော အနက်ရောင်ဝိညာဥ်မျိုးစိတ်ဝင်တဦးနှင့် ခပ်ဆင်ဆင်တူနေ၏။

ကောနီဂါသည် အာကင်နာတဦးဖြစ်လေရာ ရုပ်တုကို အာကင်နာတဦးပုံစံနှင့် မတည်ဆောက်ခဲ့သည်မှာ နားမလည်နိုင်စရာ ကိစ္စပင် ဖြစ်သည်။

သို့သော် စုချန်းတွင် ဤမေးခွန်းကို အကြာကြီး စဉ်းစားနေရန် အချိန်မရှိချေ။ သူ ရုပ်တု၏ ဧရာမပါးစပ်ကို မော့ကြည့်ရင်း ကောင်းကင်ယံသို့ စတင်ပျံတက်လိုက်၏။

သူ့အနေနှင့် ရုပ်တုအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးစားလိမ့်မည်မဟုတ်။ ထိုအစား သူက ကိုယ်ပွားတကောင် ရုပ်တု၏ ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်နိုင်မနိုင်သာ စမ်းသပ်ကြည့်မည်ဖြစ်သည်။

အကယ်၍ အဖြူရောင်အလင်းတန်းများကို ထွက်ပေါ်စေသည့် စက်ယန္တယားကသာ အသက်ဓတ်ကို အာရုံခံပြီး ချေမှုန်းဖျက်ဆီးသည်မှန်လျင် စုချန်း၏ နည်းလမ်းက အလုပ်ဖြစ်သွားနိုင်သည်။ အကြောင်းမှာ စုချန်း၏ ကိုယ်ပွားများတွင် မည်သည့်အသက်ဓာတ်မှ မပါဝင်သောကြောင့်ပင်။

တကယ်လည်း စုချန်း၏ကိုယ်ပွားက ရုပ်တု၏ ပါးစပ်ထဲသို့ ဖြတ်ကျော်ဝင်ရောက်သွား၏။

နောက်တစ်စက္ကန့်အကြာတွင်တော့ စုချန်းကိုယ်တိုင် ရုပ်တု၏ ပါးစပ်ထဲသို့ ရောက်ရှိလာတော့သည်။

All Chapters