ဒိုင်အိုမီဒီးစ်
Vol. 99 Ch. 977
ရုပ်တု၏ ပါးစပ်ပေါက်မှာ အလွန်ကျယ်ဝန်းလှပြီး ဧရာမတံခါးပေါက်ကြီးနှင့်ပင် တူနေသေးသည်။ ၎င်း၏ လည်ချောင်းဝတွင်ကား အောက်သို့ဆင်းသွားသည့် လှေကားထစ်များ တပ်ဆင်ထား၏။
နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းဟု ခေါ်သည့် ရေများကား ထိုနေရာမှ စီးဆင်းလာခြင်းပင် ဖြစ်သည်။ အောက်မှ အပေါ်သို့ ပြောင်းပြန် စီးဆင်းနေခြင်းပေတကား။
မျှော်လင့်ထားသည့်အတိုင်း အဆိုပါရုပ်တုသည် အပေါ်ယံ မြင်ရသည့်အရာထက် ပို၍ နက်ရှိုင်းမှုများ ရှိနေသည်မှာ ဧကန်ပင်။
စုချန်သည် သူ၏တစ်ကောင်တည်းသော ကမ္ဘာဖျက်ပိုးကောင်ကို ရှေ့သို့လမ်းကြောင်းရှာစေ၏။ သူကိုယ်တိုင်လည်း နောက်မှ သတိတကြီးနှင့်လိုက်ပါလာခဲ့သည်။
လှေကားထစ်များဆုံးသွားသည်နှင့် ဆူးချုံနွယ်များဖြင့် ပိတ်ဆို့ကာဆီးထားသည့် ဥမင်ကြီးတခုက သူ့ကို ဆီးကြိုနေ၏။ အဆိုပါ ဆူးချုံနွယ်များမှာ မယုံနိုင်လောက်အောင် မာကြောခိုင်ခံ့ပြီး ဆွဲဖြဲရန် မဖြစ်နိုင်ကြောင်း မြင်ရုံနှင့် စုချန် သဘောပေါက်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ဆူးချုံနွယ်များထဲမှ အမည်မသိ အရာတခု လျင်မြန်စွာ ပျံ့လွင့်လာပြီး စုချန်းမျက်နှာနှင့် ပွတ်ကာသီကာမျှသာ လွဲချော်သွားခဲ့သည်။
စုချန် ခေါင်းငဲ့ကာ ရှောင်တိမ်းလိုက်၏။ သို့သော် ထိုအရာသည် လေထဲတွင်ကွေ့ဝိုက်ပြီး စုချန်ထံသို့ ပြန်လည်တိုးဝင်လာပြန်သည်။
စုချန်း ချက်ချင်းပင် လက်ညှိုးဖြင့် ထိုးလိုက်၏။ ထိုအခါ လက်ညှိုးမှ ထွက်ပေါ်လာသော ဖိအားက ထိုအရာကို ထိပ်တိုက်ဝင်တိုးလိုက်လေသည်။
ထိုအရာ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အောက်သို့ ပြုတ်ကျသွား၏။ အစိမ်းဖျော့ရောင်အရည်တမျိုး ပြန့်ကျဲသွားကြောင်း စုချန်း မြင်လိုက်ရသည်။ ထိုအခါကျမှ ထိုအရာ ပိုးကောင်တကောင်မှန်း စုချန်း သဘောပါက်လိုက်၏။
ပိုးကောင်ကိုယ်ထဲမှ စိမ့်ထွက်လာသော အရည်သည် အဆိပ်အလွန်ပြင်းကြောင်း မြင်ရုံနှင့် သိသာနေ၏။
သိပ်မကြာမီ ပိုးကောင် အမြောက်အမြား ဆူးချုံနွယ်များထဲမှ အလုံးအရင်းလိုက် ထွက်ပေါ်လာကြပြန်၏။
“များလှချည်လား”
စုချန်း လက်ကို မြှောက်ကာ လက်ဝါးရိုက်ချက်တချက်ကို ဖော်ထုတ်လိုက်၏။ သို့သော် စုချန်း၏ လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် အနှီပိုးကောင်များအားလုံး ဆူးချုံနွယ်များထဲသို့ ပြန်လည်ပြေးဝင်ကုန်ကြပြန်သည်။
လက်ဝါးရိုက်ချက်သည် ဆူးချုံနွယ်များဆီသို့ ဦးတည်သွား၏။ အံ့သြစရာကောင်းသည်မှာကား ဆူးချုံနွယ်များ ချက်ချင်းပင် စုစည်းသွားပြီး စုချန်း၏ ရိုက်ချက်ကို ခုခံလိုက်ကြခြင်းပင်။
“ဟင်”
စုချန်း၏ နှုတ်ဖျားမှ အာမေဋိတ်သံတသံ ထွက်ပေါ်လာ၏။ သူ့ ဘာနှင့်ရင်ဆိုင်နေရမှန်း စုချန်း သိရှိသွားလေပြီ။
“လက်စသတ်တော့ သေမင်းဆူးချုံနွယ် တွေပဲကိုး”
သေမင်းဆူးချုံနွယ်များဟူသည် အလွန် အန္တရာယ်များပြီး ဝိညာဥ်မျိုးစိတ်ဝင်များသာ သီးသန့် စိုက်ပျိုးလေ့ရှိသော အပင်များ ဖြစ်သည်။ ၎င်းတို့သည် မယုံနိုင်လောက်အောင် မာကျောပြီး မူလစွမ်းအင်ကိုပင် ခုခံနိုင်စွမ်း ရှိကြ၏။
ဤအတိုင်းဆိုလျင် ထိုပိုးကောင်များကလည်း အနက်ရောင်ပျားများပင် ဖြစ်ရပေလိမ့်မည်။
အနက်ရောင်ပျားများသည် သေမင်းဆူးချုံနွယ်များနှင့် အတူယှဉ်တွဲ နေထိုင်တတ်ကြ၏။ အဆိုပါဆူးချုံနွယ်များသည် ပျားများကို ကာကွယ်ပေးပြီး ပိုးကောင်များ၏ အညစ်အကြေးများက ဆူးချုံနွယ်များအတွက် မြေသြဇာနှင့် လိုအပ်သော အာဟာရကို ပြန်ပေးလေသည်။ ထို့ကြောင့် အနက်ရောင်ပျားနှင့် သေမင်းဆူးချုံနွယ်များဟူသည် တမျိုးနှင့်တမျိုး အပြန်အလှန် အမှီသဟဲပြု နေထိုင်ကြသည်ဟု ဆိုနိုင်၏။
မည်သို့ဆိုစေ သေမင်းဆူးချုံနွယ်နှင့် အနက်ရောင်ပျားများ အတွဲအစပ်သည် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ အတားအဆီးတခုဖြစ်သည်မှာ ယုံမှားနေစရာမလိုချေ။ သို့သော် စုချန်းအနေနှင့် ဤအတားအဆီးကို အမြန်ဆုံး ကျော်ဖြတ်ရပေလိမ့်မည်။
ထိုအခါ စုချန်းက ချက်ချင်းပင် သူ့ကမ္ဘာဖျက်ပိုးကောင်ကို ဖော်ထုတ်လိုက်၏။
မည်သည့်အခြေအနေတွင်မဆို ကမ္ဘာဖျက်ပိုးကောင်ဟူသည် အင်းဆက်ပိုးများ၏ ဘုရင်တပါးပင် မဟုတ်ပါလား။ အနက်ရောင်ပျားများအနေနှင့် သေမင်း ဆူးချုံနွယ်များကို မှီခိုအားထားပြီးနေထိုင်ရသော်လည်း ကမ္ဘာဖျက်ပိုးကောင်များကမူ သားရဲမဟာဧကရာဇ်များ၏ အစွမ်းကိုပင် တကိုယ်တည်း မထီမဲ့မြင် ပြုနိုင်သည်ကိုကြည့်လျင် ဤအချက်ကို မြင်သာနေ၏။
ကမ္ဘာဖျက်ပိုးကောင် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အနက်ရောင်ပျားများ ကသောင်းကနင်း ဖြစ်ကုန်ကြ၏။ ထို့နောက်တွင်တော့ ကမ္ဘာဖျက်ပိုးကောင်သည် ပျားအုပ်ကြီးထံသို့ ခုန်ဝင်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်လိုက်တော့၏။
ဤတကြိမ်တွင် သေမင်း ဆူးချုံနွယ်များ၏ ကာကွယ်မှုများက လုံးဝ အသုံးမဝင်တော့ချေ။ ကမ္ဘာဖျက်ပိုးကောင်သည် ဆူးချုံနွယ်များ၏ အပေါက်ထဲမှ လျှောဝင်ကာ ပျားများကို တကောင်ပြီးတကောင် စတင်သတ်ဖြတ်တော့၏။ ပိုးကောင်သေ အမြောက်အမြား ဆူးချုံနွယ်များထဲမှ ပြုတ်ကျလာကြသည်။ မျက်စိတမှိတ်အတွင်းမှာပင် စုချန်း၏ တကောင်တည်းသော ကမ္ဘာဖျက်ပိုးကောင်သည် ပျားတအုပ်လုံးကို အပြီးတိုင် ပျက်သုဥ်းသွားစေ၏။ ထိုမျှသာမကသေး ၎င်းက သေမင်းဆူးချုံနွယ်များကိုပါ စားပစ်လိုက်တော့သည်။
နောက်ဆုံးတော့ စုချန်းတယောက် လမ်းရှင်းသွားလေပြီ။
“စုချန်း ရှင် အဆင်ပြေရဲ့လား”
ကုချိန်းလွှာ၏ အသံ သူ့နားထဲသို့ ရုတ်တရက် တိုးဝင်လာ၏။
“ကျုပ် အဆင်ပြေပါတယ် လမ်းမှာ အတားအဆီးလေး နည်းနည်းတွေ့လို့ ခုတော့ အဆင်ပြေသွားပြီ”
စုချန်း အထက်ပါအတိုင်းပြန်ဖြေရင်း ရှေ့သို့ဆက်လက်ခရီးဆက်ခဲ့လေသည်။
“သေမင်းဆူးချုံနွယ်တွေ ဟုတ်လား ဒါတွေက ဝိညာဥ်မျိုးစိတ်ဝင်တွေရဲ့ သီးသန့်အပင် မဟုတ်ဘူးလား သူတို့ရဲ့သင်္ချိုင်းဂူတွေကို ကာကွယ်ဖို့အတွက် ဒီအပင်တွေကို အများအားဖြင့် သုံးကြတယ်လို့ ကျွန်မကြားဖူးတယ်”
ကုချိန်းလွှာက ပြောလိုက်ပြန်သည်။
"ဟုတ်တယ် ကြည့်ရသလောက် ဒီရုပ်တုကို ကောနီဂါဖန်တီးခဲ့တာ မဟုတ်ပဲ ဝိညာဥ်မျိုးစိတ်ဝင်တယောက် ဖန်တီးခဲ့တာများ ဖြစ်နေမလားပဲ နောက်တော့မှ ကောနီဂါက ဒီနေရာကို ရှာတွေ့သွားတာ ဖြစ်လိမ့်မယ်"
“မှန်တယ် ဒါပေမဲ့ ဝိညာဥ်မျိုးစိတ်ဝင်တွေရဲ့ သင်္ချိုင်းဂူဆိုရင် ရှင် ပိုပြီးသတိထားရတော့မယ် တချို့က သူတို့ကို မသေမျိုးလို့ ပြောကြတယ်မလား တော်ကြာနေ တနေရာကထွက်လာပြီး ရှင့်ကို တိုက်ခိုက်နေမှဖြင့်”
ကုချိန်းလွှာ စိုးရိမ်တကြီး သတိပေးလိုက်၏။
"ကျုပ် သိပါတယ်ကွာ ဒါပေမဲ့ အဲဒါက ကောနီဂါနဲ့ အရင်တွေ့မသွားဘူးဆိုရင်ပေါ့လေ"
စုချန်းကား ဤနေရာသို့ ပထမဆုံး ရောက်လာသူ မဟုတ်။ ကောနီဂါကသာ ပထမဆုံး ရောက်လာသူ ဖြစ်သည်။
ထို့ကြောင့် ရှေ့တွင် မည်သည့် အံ့အားသင့်စရာများ ရှိစေကာမူ ကောနီဂါက အရင် ကြုံတွေ့ပြီးသားမျိုး ဖြစ်နေနိုင်၏။
သို့နှင့် စုချန်းလည်း ရေစီးဆင်းရာ လမ်းကြောင်းအတိုင်း တရွေ့ရွေ့ဆက်လျှောက်လာရင်း နောက်ဆုံးတွင် ဥမင်သည် ကျယ်ပြန့်သော နေရာတခုဆီသို့ ပွင့်ထွက်သွားခဲ့သည်။ ထိုနေရာကား အလွန်လှပသော ဥယျာဉ်တခုနှင့်ပင် ခပ်ဆင်ဆင်တူနေ၏။ အကြောင်းမှာ ဤနေရာတွင် ကောင်းကင်ကြီးကို စုချန်း မြင်တွေ့နေရသောကြောင့်ပင်။
ဥယျာဥ်သည် အံ့အားသင့်ဖွယ်ရာကောင်းအောင် ကျယ်ဝန်းလှ၏။ ဥယျာဥ်၏ ဗဟိုတွင် ရေကန်တကန်ရှိနေပြီး ထိုရေကန်ထဲမှ ဧရာမ သစ်ပင်ကြီး တစ်ပင် ပေါက်ရောက်နေလေသည်။
စုချန်း မြင်တွေ့နေရသော ရေအားလုံး ထိုသစ်ပင်မှ စီးဆင်းနေခြင်းပေတည်း။
အတိအကျပြောရလျင် သစ်ပင်ကြီး၏ တွဲလွဲကျနေသော အကိုင်းအခက်များ၊ အရွက်များမှ စီးကျနေခြင်းပင် ဖြစ်သည်။
မြင်ကွင်းကြောင့် စုချန်း အကြီးအကျယ် အံ့အားသင့်သွား၏။
သူ့အနေနှင့် ဤတလျှောက်လုံး နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း မည်သည့်အရာမျိုးဖြစ်သည်ကို အချိန်တိုင်း တွေးတောနေခဲ့သော်လည်း သစ်ပင်တပင် ဖြစ်လိမ့်မည်ဟုကား ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။
မှန်ပါသည်။ ဤသစ်ပင်ကား နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းပင် ဖြစ်သည်။
၎င်း၏ အမြစ်များသည် ရေကန်ထဲသို့ ခိုင်မြဲစွာ စိုက်ဝင်နေပြီး ထိုရေကန်သည် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ထားပုံရ၏။
သစ်ပင်၏အမြစ်များသည် ရေကန်ထဲမှ ရေကို စုပ်ယူနေပြီး ၎င်း၏ အကိုင်းအခက်များသည်ကား ထိုရေကို ပြန်လည် ထုတ်လွှတ်ပေးနေ၏။ ထိုရေများတွင် ချောက်နက်အတွင်းမှ စုချန်း ရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားသော မူလပစ္စည်းများ ရောနှော ပါဝင်နေသည်။
ဤအတိုင်းဆိုလျင် သက်ရှိများ၏ ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်သော အဆိုပါ မူလပစ္စည်းသည် ဤသစ်ပင်မှ လာသည်မှာ သေချာသွားခဲ့လေပြီ။
ထိုခနမှာပင် တစုံတရာကို စုချန်း နားလည်သွား၏။
ကောနီဂါကား နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို တီထွင်ခဲ့သူ မဟုတ်။ ရှာဖွေတွေ့ရှိခဲ့သူသာ ဖြစ်သည်။
ထိုသစ်ပင်ကို ရှာဖွေတွေ့ရှိပြီးနောက် သူ၏ ရည်ရွယ်ချက်အတွက် အသုံးပြုရန် ကောနီဂါ ဆုံးဖြတ်ခဲ့ပုံရ၏။
သစ်ပင်တစ်ပင်။
ထူးခြားသော မူလပစ္စည်းကို အလျှံအပယ် ထောက်ပံ့ပေးနိုင်သည့် သစ်ပင်တစ်ပင်။
ဤသစ်ပင်သည် ဤဒေသတစ်ခုလုံးကို ပြောင်းလဲစေခဲ့ပြီး ပင်လယ်သားများကို နှစ်ပေါင်း နှစ်သောင်းကြာအောင် ဒုက္ခရောက်စေခဲ့၏။
“လက်စသတ်တော့ ဒီလိုကိုး”
စုချန်း၏ စကားကိုနားထောင်ရင်း ကုချိန်းလွှာ ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။
ခေတ္တ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။
“ဒါဆိုရင် ဒီသစ်ပင်ကို ကျွန်မတို့ ဖျက်ဆီးပစ်ကြမလား"
“မဖျက်ဆီးဘူး”
စုချန်းက ချက်ချင်း ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
“ဒီသစ်ပင်က အတော်လေးကို ထူးဆန်းနေတယ် ကျုပ်သာ ဒီအပင်ကို သောင်းဓားတောင်ပေါ်မှာ စိုက်လိုက်ရင် ဘာဖြစ်လာမယ်ထင်သလဲ"
ကုချိန်းလွှာက ချက်ချင်းပင် သတိပေးလိုက်သည်။
"ရှင်ပြောတာ မှန်ပါတယ် ဒါပေမဲ့ ကောနီဂါက ဒီသစ်ပင်ကို ပြောင်းလဲပစ်ခဲ့ပြီးသားဆိုတာ ရှင် မမေ့နဲ့လေ ဒီသစ်ပင်ဟာ သက်ရှိရဲ့ ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်ပေမယ့် အဲဒီသက်ရှိတွေဟာ သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ကုန်ကြတယ်မလား နောက်ဆုံးမှာတော့ အဲဒီသက်ရှိတွေဟာ ဒီအပင်ကို ကာကွယ်ဖို့နဲ့ ပင်လယ်သားတွေကို တိုက်ခိုက်ဖို့ အတင်းအကျပ် အမိန့်ပေးခံရလိမ့်မယ်"
“ဒါဆိုလဲ အဲဒီ အမိန့်တွေကို ဖယ်ရှားပစ်ရုံပဲပေါ့”
စုချန်းက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
“ကောနီဂါက အမိန့်တွေ ထည့်သွင်းနိုင်ရင် ကျုပ်ကလည်း အဲဒီ အမိန့်တွေကို ဖယ်ရှားပစ်နိုင်ရမှာပေါ့"
မူလအရိုးတောင်ဝှေးကို ပိုင်ဆိုင်ထားသော စုချန်းအဖို့ ဤစကားက မဖြစ်နိုင်သော စကားမဟုတ်။
“ဒါဆို ဒီသစ်ပင်ကို ရှင် ဘယ်လိုလုပ်ပြီး ယူသွားမှာလဲ”
“ပြသနာမရှိဘူး မူလအရိုးတောင်ဝှေးကို မေးကြည့်လိုက်မယ်”
သို့သော် သူ မူလအရိုးတောင်ဝှေးကို ဆွဲထုတ်လိုက်သည်နှင့်တပြိုင်နက် သစ်ပင်ထဲမှ မီးခိုးငွေ့များ ရုတ်တရက် ဆိုသလို ပျံလွင့်လာ၏။ ထို့နောက် အဆိုပါမီးခိုးငွေ့များသည် သစ်ပင်ဘေးတွင် ပုံရိပ်ယောင်တခုအဖြစ် စုစည်းသွားလေသည်။
ထိုပုံရိပ်ယောင်မှာကား အဖိုးအိုတစ်ဦး၏ ပုံစံပင် ဖြစ်သည်။ ပုံရိပ်ယောင်တခုအဖြစ် ပေါ်ထွက်လာသည်နှင့် အဖိုးကြီးက အောက်ပါအတိုင်း ပြောလိုက်၏။
“မူလအရိုးတောင်ဝှေးပါလား နောက်ဆုံးတော့ မင်းကိုငါ မြင်ဖူးသွားပြီပေါ့လေ"
စုချန်း အဆိုပါ ပုံရိပ်ယောင်ကိုယ်ခန္ဓာကို ကြည့်ရင်း မေးလိုက်၏။
“ဝိညာဥ်မျိုးစိတ်ဝင်ပါလား”
စုချန်း၏ရှေ့ရှိ ပုံရိပ်ယောင်ကိုယ်ခန္ဓာသည် ဝိညာဥ်မျိုးစိတ်ဝင်တဦး၏ ကိုယ်ခန္ဓာဖြစ်သည်မှာ ထင်ရှားသော်လည်း ခြားနားချက်တချို့လည်း ရှိနေ၏။ အထူးသဖြင့် ၎င်း၏ ခြေထောက်များသည် သစ်ပင်ထဲမှ တိုက်ရိုက် ထိုးထွက်နေလေရာ သူ့ကိုကြည့်ရသည်မှာ သစ်ပင်ထဲမှ ပေါက်ဖွားလာသူနှင့် တူနေလေသည်။
“လူသားတယောက်ပါလား မူလအရိုးတောင်ဝှေးက လူသားတယောက်ရဲ့ လက်ထဲ ရောက်သွားပြီလား ဒါဆို ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်သူတွေ ဖျက်ဆီးခံရပြီလား”
ဝိညာဥ်မျိုးစိတ်ဝင်က စုချန်းကို အံ့သြတကြီးကြည့်ရင်း မေးလိုက်သည်။
“သူတို့ ရှိနေတုန်းပါပဲ ဒါပေမဲ့ ဒီရတနာက သူတို့ပိုင် မဟုတ်တော့ဘူး ခင်ဗျား ဒါကို သိထားတဲ့ပုံပဲ"
“ ငါ တချိန်လုံး လိုက်ရှာနေခဲ့တဲ့ အရာကို ငါ ဘယ်လိုလုပ် မသိပဲနေမလဲ မူလအရိုးတောင်ဝှေးသာ ငါ့လက်ထဲမှာ ရှိခဲ့ရင် ဒိုင်အိုမီဒီးစ်ဆိုတဲ့ငါဟာ ဒီလို အခြေအနေမျိုးကိုတောင် ရောက်လာစရာအကြောင်းမရှိဘူး”
အထက်ပါအတိုင်းပြောရင်း ထိုအဖိုးအို နောင်တရစွာ သက်ပြင်းချလိုက်၏။
ဒိုင်အိုမီဒီးစ်...
ထိုနာမည်ကို တနေရာရာတွင် ကြားဖူးသလိုရှိသော်ငြား စုချန်း စဥ်းစား၍မရပဲ ဖြစ်နေ၏။
တဖန် ထိုအဖိုးအိုက စုချန်းကို မေးလိုက်ပြန်သည်။
“ခုက ဘယ်နှစ်ခုနှစ်လဲ”
“ကြယ်စုနှစ်သစ်ခေတ်ရဲ့ နှစ်ပေါင်း ၂၇၀၀၀ မြောက်ကို ရောက်နေပြီ”
စုချန်းက ပြန်ဖြေလိုက်သည်။
“နှစ်ပေါင်း နှစ်သောင်းတောင်ပါလား ဒါဆို ငါ နှစ်ပေါင်း နှစ်သောင်းလောက်ကြာအောင် အိပ်ပျော်နေခဲ့တာပေါ့”
ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးအစုံက အရောင်များဝင်းလက်သွား၏။
“ဒိုင်အိုမီဒီးစ် ခင်ဗျား နာမည် ဒိုင်အိုမီဒီးစ်လို့ ပြောလိုက်တာလား ဒါဆို ခင်ဗျား နာမည်မှာ စာလုံး သုံးလုံး ပါတာပေါ့ ဒီအတိုင်းဆိုရင် ခင်ဗျားဟာ ဝိညာဥ်မျိုးစိတ်ဝင်တွေရဲ့ အကြီးအကဲတွေထဲက တစ်ယောက် ဖြစ်ရမယ်"
“ဟုတ်တယ် အဆင့်အမြင့်ဆုံး အကြီးအကဲတွေထဲက တယောက်ဖြစ်ခဲ့တာပေါ့”
ဒိုင်အိုမီဒီးစ်က ဂုဏ်ယူစွာ ပြန်ဖြေလိုက်၏။
ဝိညာဥ်မျိုးစိတ်ဝင်များ၏ အမည်ပေးပုံမှာ အလွန်ရိုးရှင်းလှ၏။ သာမန်ဝိညာဥ်မျိုးစိတ်ဝင်တဦးအတွက် ၎င်းတို့၏ နာမည်တွင် စာလုံး တစ်လုံးသာ ပါဝင်ပြီး အလယ်အလတ်အဆင့်ရှိသူများမှာ နှစ်လုံး၊ အကြီးအကဲများမှာ သုံးလုံးနှင့် ခေါင်းဆောင်တွင် နာမည်လေးလုံး ပါဝင်၏။
ဤအမည်ပေးခြင်း ထုံးတမ်းစဉ်လာကြောင့် ဝိညာဥ်မျိုးစိတ်ဝင်များ၏ သမိုင်းကို မှတ်မိရန်မှာ အတော်လေး လွယ်ကူပေသည်။ တဖက်တွင်လည်း ၎င်းတို့သည် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သူများ ဖြစ်ကြလေရာ သမိုင်းတစ်လျှောက် နာမည်ကြီး ဝိညာဥ်မျိုးစိတ်ဝင်ဟူ၍ အယောက်တစ်ရာခန့်သာ ရှိခဲ့သေးသည်။
ဒိုင်အိုမီဒီးစ်သည်လည်း သူ့နည်းသူ့ဟန်ဖြင့် နာမည်ကြီး ပုဂ္ဂိုလ်တဦးပင် ဖြစ်သည်။
သူပြောသည့်အတိုင်း ဒိုင်အိုမီဒီးစ်သည် ဝိညာဥ်မျိုးစိတ်ဝင်များ၏ ဒုတိယအကြီးအကဲတဦး ဖြစ်ခဲ့ဖူးပေသည်။
သို့သော် သူ့နာမည်ကို ယနေ့တိုင် လူအများမမေ့ကြသည်မှာ သူပျောက်ကွယ်သွားခြင်းက ဝိညာဥ်မျိုးစိတ်ဝင်များအပေါ် သက်ရောက်မှု ကြီးမားခဲ့သောကြောင့်ပင်။
သူပျောက်ကွယ်သွားခြင်းကြောင့် ဝိညာဥ်မျိုးစိတ်ဝင်များ၏ ရှင်သန်ခြင်း နွေဦး အစီအစဥ်ကို ရပ်ဆိုင်းခဲ့ရ၏။
ထိုမျှသာမကသေး သူပျောက်ကွယ်သွားခြင်းကြောင့် မျိုးပွားခြင်းဘုရားကျောင်းသည်လည်း ဖျက်ဆီးခံခဲ့ရ၏။
ထိုခနမှာပင် စုချန်းတယောက် တစုံတရာကို ရှင်းရှင်းလင်းလင်းကြီး နားလည်သဘောပေါက်လိုက်၏။
ထို့နောက် သူ ရုတ်တရက် ထအော်လိုက်လေသည်။
"ဒါဆို နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းဆိုတာ ရှင်သန်ခြင်းနွေဦးပဲပေါ့"