← Chapters

သမိုင်းကြောင်း (၁)

Vol. 99 Ch. 978

သမိုင်းကြောင်း (၁)

Vol. 99 Ch. 978

တကယ်တော့ ရှင်သန်ခြင်းနွေဦးဟူသည် စီမံကိန်းတခုထက်ပင် ပိုသည်ဟု ဆိုနိုင်သည်။

ထိုစီမံကိန်း၏ မူလဘူတဇစ်မြစ်ကား အာကင်နာများပင် ဖြစ်ကြလေသည်။

အာကင်နာနိုင်ငံတော်ကြီး အထွတ်အထိပ် ရောက်ခဲ့ချိန်တွင် အာကင်နာများသည် အမျိုးမျိုးအဖုံဖုံသော အယူအဆများကို ထုတ်ဖော်ခဲ့ကြ၏။ ထိုအယူအဆများကို လက်တွေ့အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြ၏။

ထိုစီမံကိန်းများအနက် ဉာဏ်ရည်မြင့်မျိုးစိတ်အားလုံး၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့သည့် စီမံကိန်းတခုမှာ ရှင်သန်ခြင်းနွေဦး စီမံကိန်းပင် ဖြစ်သည်။

ရှင်သန်ခြင်းနွေဦး၏ သီအိုရီဆိုင်ရာ မူဘောင်ကား အတော်လေးပင် ရိုးရှင်းလှသည်။ အာကင်နာပညာရှင်ကြီး ကလီဂါယင်၏ သုတေသနပြုချက်အရ မူလစွမ်းအင်သည် လုံလောက်သော သိပ်သည်းဆအထိ ဖိသိပ်လိုက်သောအခါ အရည်ပုံစံသို့ ပြောင်းလဲသွားနိုင်သည်ဟု ဆိုထား၏။ ဤကား မူလစွမ်းအင် ပင်လယ်ပြင် တည်ရှိခြင်း၏ နောက်ကွယ်မှ သီအိုရီပင် ဖြစ်သည်။ ထို့ကြောင့် မူလစွမ်းအင်ကို ဤအရည်ပုံစံဖြင့် သိုလှောင်နိုင်သည့် ကိရိယာတမျိုး တီထွင်ဖန်တီးရန် ကလီဂါယင်က မျှော်လင့်ခဲ့၏။

တနည်းဆိုရသော် သူသည် မူလစွမ်းအင်ပင်လယ်ပြင်ကို အတုယူကာ မူလစွမ်းအင် ရေတွင်းတတွင်း ဖန်တီးရန် စိတ်ကူးခဲ့ခြင်းပင်။

ဤနည်းဖြင့် သူသည် မူလစွမ်းအင်ကို အချိန်မရွေး စိတ်ကြိုက်ထုတ်ယူ အသုံးပြုလာနိုင်ပေလိမ့်မည်။

၎င်းသည် ရှင်သန်ခြင်းနွေဦး၏ အစောပိုင်း သဘောတရား ဖြစ်သည်။ သို့သော် စီမံကိန်းသည် အချိန်ကြာလာသည်နှင့်အမျှ စတင် ပြောင်းလဲလာ၏။

လူတိုင်းနီးပါးက ဤစီမံကိန်းကို လုံးဝ လက်တွေ့မကျကြောင်း လျင်မြန်စွာ ဆုံးဖြတ်ခဲ့ကြ၏။ မူလစွမ်းအင် ရေတွင်းကို ဖန်တီးရာတွင် ကြုံတွေ့ရသည့် အခက်အခဲများသည် မူလစွမ်းအင်ပင်လယ်ပြင်ကို အသုံးပြုရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အတူတူသာ။ သို့ဆိုလျင် မည်သည့်အတွက်ကြောင့် မူလစွမ်းအင်ရေတွင်းကို ဖန်တီးနေတော့မည်နည်း။

သို့သော် ဤသဘောတရားကိုအခြေခံပြီး လမ်းသစ်ထွင်လျှောက်သူများလည်း ဧကန်ပင် ရှိခဲ့၏။

ထို့နောက် အရည်ပျော်နေသော မူလစွမ်းအင်သည် အလွန် ပုံသွင်းရလွယ်ပြီး ပုံစံအမျိုးမျိုးကို ပြောင်းလဲနိုင်ကြောင်း တစုံတဦးက ထပ်မံတွေ့ရှိသွားပြန်သည်။

အဆိုပါတွေ့ရှိချက်ကို အခြေခံပြီး အရည်ပုံစံမူလစွမ်းအင်၏ လိုက်လျောညီထွေရှိမှုကို ပို၍အားစိုက်လေ့လာရန်မှာ ရှင်သန်ခြင်းနွေဦး၏ နောက်ထပ်ရည်ရွယ်ချက်တခု ဖြစ်လာခဲ့၏။ ဤနည်းအားဖြင့် ရှင်သန်ခြင်းနွေဦးစီမံကိန်းကို အာကင်နာများ ပြန်လည်စတင်ခဲ့လေသည်။

သို့သော် စီမံကိန်းမှာ အာကင်နာနိုင်ငံတော် ပြိုလဲချိန်အထိ မပြီးစီးသေးပဲ ကျန်ရစ်ခဲ့၏။

အာကင်နာနိုင်ငံတော် ပြိုလဲပြီးနောက် ကျန်ရှိသော ညဏ်ရည်မြင့်မျိုးစိတ်များက အကျိုးအမြတ်များကို ခွဲဝေယူခဲ့၏။ ၎င်းတို့အနက် အာကင်နာများ၏ အသိပညာကို အများဆုံးလက်ခံရရှိခဲ့သူများမှာ ဝိညာဥ်မျိုးစိတ်ဝင်များပင် ဖြစ်ကြသည်။

ထို့နောက်တွင်တော့ ဝိညာဥ်မျိုးစိတ်ဝင်များသည် ထာဝရရှင်သန်ခြင်းနိုင်ငံတော်ကို တည်ထောင်ခဲ့ကြပြီး ဝိညာဥ်မျိုးစိတ်ဝင် ခေါင်းဆောင်ကို ထာဝရအာကီလီဟု ဘွဲ့ပေးခဲ့ကြသည်။ ဝိညာဥ်မျိုးစိတ်ဝင်များ၏ ဒုတိယခေါင်းဆောင်မှာကား ဒိုင်အိုမီဒီးစ်ပေတည်း။

ကြယ်စုနှစ်သစ်ခေတ်၏ ၁၀၀၀ ပြည့်နှစ်တွင် ဝိညာဥ်မျိုးစိတ်ဝင်များ ရှင်သန်ခြင်းနွေဦး စီမံကိန်းကို ပြန်လည် စတင်ခဲ့၏။ စီမံကိန်း၏ ပဲ့ကိုင်ရှင်မှာကား ဒိုင်အိုမီဒီးစ်ပင် ဖြစ်သည်။

ဤစီမံကိန်းသာ အောင်မြင်သွားခဲ့ပါက ဝိညာဥ်မျိုးစိတ်သည် မူလကမ္ဘာကြီးတခုလုံးတွင် အင်အားအကြီးမားဆုံး မျိုးစိတ်တစိတ် ဖြစ်လာပေလိမ့်မည်။ ၎င်းတို့သည် မူလသားရဲများကဲ့သို့ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး မသေနိုင်သော ခန္ဓာကိုယ်နှင့် အစွမ်းထက်သောစိတ်ဝိညာဥ်ကို ပိုင်ဆိုင်လာကြပေလိမ့်မည်။

သို့သော် ကံမကောင်းအကြောင်းမလှစွာပင် သူတို့ ကျရှုံးခဲ့ကြ၏။

အကြောင်းမှာ ဒိုင်အိုမီဒီးစ် ပျောက်ဆုံးသွားသောကြောင့်ပင်။

ရှင်သန်ုခြင်းနွေဦး စီမံကိန်း၏ အဓိက မောင်းနှင်သူဖြစ်သော ဒိုင်အိုမီဒီးစ် ပျောက်ကွယ်သွားခြင်းသည် စီမံကိန်း၏ တိုးတက်မှုကို အကြီးအကျယ် ထိခိုက်သွားစေ၏။ သို့နှင့် နောက်ဆုံးတွင် စီမံကိန်းတခုလုံး ကျရှုံးသွားခဲ့တော့သည်။

ယခုတော့ ဒိုင်အိုမီဒီးစ်သည် မမျှော်လင့်ပဲ ချောက်နက်ထဲတွင် ပြန်ပေါ်လာခဲ့ပေပြီ။

အဖိုးကြီးကို ဒိုင်အိုမီဒီးစ်မှန်း သိလိုက်သည်နှင့် ရှင်သန်ခြင်းနွေဦး စီမံကိန်းတွင် ဒိုင်အိုမီဒီးစ် မည်မျှ ပါဝင်ပတ်သက်ခဲ့သည်ကို စုချန်း ချက်ချင်း သတိရလိုက်၏။ ထို့နောက် ကျန်အချက်အလက်များကို မြန်မြန်ဆန်ဆန် ချိတ်ဆက်မိသွားခြင်းမှာ စုချန်းအတွက် ဘာမှမခက်ခဲတော့ချေ။

စုချန်း၏ စကားကို ကြားလိုက်သောအခါ ဒိုင်အိုမီဒီးစ်ကိုယ်တိုင်လည်း အံ့အားသင့်သွား၏။

“နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း ဟုတ်လား အဲဒါ ဘာလဲ အပြင်လောကမှာ ဘာတွေ ဖြစ်နေတာလဲ”

“ခင်ဗျား မသိသေးဘူးနဲ့တူတယ် ခင်ဗျား ဒီအခြေအနေကို ဘယ်လို ရောက်လာသလဲဆိုတာ ကျုပ်ကို အရင် ပြောပြရင် ဒီအကြောင်းတွေကို ကျုပ်ပြောပြမယ် ဘယ်လိုလဲ”

စုချန်းက ဒိုင်အိုမီဒီးစ် သိလိုသည်ကို ချက်ချင်း မပြောပဲ အချိန်ဆွဲထားလို​က်၏။ အကြောင်းမှာ ၎င်း၏ စိတ်ထဲတွင် မည်သို့သော စိတ်ကူးစိတ်သန်းများ ရှိနေသည်ကို အတိအကျ ပြောရန် ခက်ခဲသောကြောင့်ပင် ဖြစ်သည်။ စုချန်းသာ အရာအားလုံးကို ရှင်းပြလိုက်ပါက ဒိုင်အိုမီဒီးစ်အနေနှင့် သူ့ကို ပြန်လည် လှည့်စားရန် ကြံစည်လာနိုင်၏။

ဒိုင်အိုမီဒီးစ်ကလည်း စုချန်၏အတွေးကို နားလည်ဟန်တူသည်။

“အင်ဘလီ ခက်ခက်ခဲခဲ ဖန်တီးထားတဲ့ နေရာကို မင်း ဝင်လာကတည်းက မင်းဟာ သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ မြင်သာနေတယ် ဒါပေမဲ့ မစိုးရိမ်ပါနဲ့ မင်း ငါသိချင်တာကို ပြောပြပေးရင် ငါကလဲ မင်း သိချင်တာအားလုံးကို ပြောပြမှာပါ”

“အင်ဘလီ ဒါ ဒင်နီယယ် အင်ဘလီ ရဲ့ ဖန်တီးမှုလား”

စုချန်းက ကြားဖြတ် မေးလိုက်သည်။

“ကျုပ်က ကောနီဂါ ရဲ့ လက်ရာလို့ ထင်နေတာ”

ဒယ်နီယယ် အင်ဘလီသည် ပင်လယ်လူသားများ ဒုက္ခရောက်ရခြင်း၏ ရင်းမြစ်ဖြစ်သည်။ ထို့ပြင် သူသည် ကောနီဂါ၏ ဆရာလည်း ဖြစ်သည်။

“ကောနီဂါ အော် မင်းက အဲဒီ အာကင်နာကလေးကို ဆိုလိုတာလား ဟုတ်တယ် သူလည်း ပါဝင်ခဲ့တယ် သူဟာ ကုသလို့မရတဲ့ ရောဂါကို ခံစားနေရပေမယ့် ခံနိုင်ရည်ကတော့ အံ့မခန်းပဲ သူ့ရဲ့ အကူအညီ မပါရင် ငါလည်း ဒီလို အခြေအနေမျိုးကို ရောက်မှာ မဟုတ်ဘူး”

ဒိုင်အိုမီဒီးစ် သက်ပြင်းချလိုက်၏။

“ကုသလို့ မရတဲ့ ရောဂါ ဟုတ်လား”

“ဟုတ်တယ် အဲဒီ ကောနီဂါဆိုတဲ့ ကလေးမှာ ကုသလို့ မရတဲ့ ရောဂါ သုံးမျိုးနဲ့ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ အများကြီးရှိတယ် သူ့မျက်လုံးတွေ ကွယ်နေတယ် သူ့ ဦးနှောက်ရဲ့ သုံးပုံတစ်ပုံလောက်က ထုတ်ပစ်ခံထားရပြီး ခြေထောက်နှစ်ဖက်လုံးက မသန်မစွမ်း ဖြစ်နေတယ်... သူ အသက်ရှင်နေတာကိုက အံ့သြစရာပဲ ဒါပေမဲ့ ဟုတ်တယ် ဒီနေရာတခုလုံးကို သူပဲ နောက်ဆုံးမှာ အောင်မြင်အောင် တည်ဆောက်ခဲ့တာ"

စုချန် အံ့အားသင့်သွားသည်။

“သူ ဘယ်လို လုပ်နိုင်ခဲ့တာလဲ”

ဒိုင်အိုမီဒီးစ်က ပခုံးတွန့်ပြလိုက်၏။

"နည်းနည်းချင်းစီပဲပေါ့ သူဟာ ငါ့ကို ဒီမှာ ပိတ်လှောင်လိုက်တယ် ပြီးတော့ ငါ့ကို ရှင်သန်ခြင်းနွေဦးအတွက် အသွင်ပြောင်း ကိရိယာအဖြစ် အသုံးပြုခဲ့တယ် ဒီနွေဦးဟာ အနီးအနားမှာရှိတဲ့ သက်ရှိတွေရဲ့ ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်တယ် အင်ဘလီ ဒီတာဝန်ကို သူ့တပည့်ကို ပေးတုန်းက ငါ သူ့ကို ရူးနေပြီလို့တောင် ထင်မိသေးတယ် ဒီလို စီမံကိန်းမျိုးက ကျန်းကျန်းမာမာလူတယောက်အတွက်တောင် အလွန်ခက်ခဲတယ်မလား မမျှော်လင့်ပဲ ဒီမသန်မစွမ်းကလေးက အင်ဘလီရဲ့ အလုပ်ကို အပြီးသတ်နိုင်ခဲ့တယ်”

“အံ့သြစရာပဲ”

စုချန်း တီးတိုး ရေရွတ်လိုက်၏။

သမိုင်းက ဒင်နီရယ်အင်ဘလီကို တိကျစွာ မှတ်တမ်းတင်နိုင်ခဲ့သော်လည ကောနီဂါ စတေးခဲ့ရသည့်အရာများကိုကား မည်သူမျှ မသိခဲ့ကြ​ချေ။ သူ မသန်မစွမ်း ဖြစ်နေသည်ကိုပင် မည်သူမျှ မသိကြလျင် တခြားအရာများကို မေးနေစရာပင် မလိုတော့ချေ။

ဤအတိုင်းဆိုလျင် ကောနီဂါအနေနှင့် သူ့ဘဝတစ်လျှောက်လုံးတွင် အခြား တီထွင်မှု တစ်စုံတစ်ရာမှ မပြုလုပ်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့။ အနှီအာကင်နာလူငယ်သည် တခုတည်းသောရည်မှန်းချက် အောင်မြင်စေရန် သူ့ဘဝတစ်ခုလုံးကို သုံးစွဲခဲ့ရသည် မဟုတ်ပါလား။

ခေတ္တ စဉ်းစားပြီးနောက် စုချန်းက မေးလိုက်ပြန်သည်။

“ခင်ဗျားကို ဒီအခြေအနေထဲ ထည့်သွင်းခဲ့တာ သူတို့ပဲ မဟုတ်ဘူးလား ခုတော့ ခင်ဗျားကိုကြည့်ရတာ သူတို့ကို သိပ်ပြီးမုန်းတီးတဲ့ပုံ မပေါ်ပါလား”

“ငါ့ကို ထည့်သွင်းခဲ့တာ ဟုတ်လား”

ဒိုင်အိုမီဒီးစ် အံ့အားသင့်သွား၏။ ပြီးမှ စုချန်း ဆိုလိုသည်ကို သဘောပေါက်သွားဟန်ဖြင့် ရယ်မောလိုက်သည်။

“အင်ဘလီနဲ့ ကောနီဂါက ငါ့ကို ပရိယာယ် သုံးပြီး ဒီအခြေအနေထဲ ဆွဲသွင်းခဲ့တယ်လို့ မင်း ထင်နေတာလား”

"မဟုတ်ဘူးလား”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”

ဒိုင်အိုမီဒီးစ်က ရယ်မောနေ၏။

"လုံးဝ မဟုတ်ဘူး သူတို့က ငါ့ကို ကူညီနေကြတာ”

“ကူညီတာ ဟုတ်လား”

“ဟုတ်တယ်”

ဒိုင်အိုမီဒီးစ် သက်ပြင်းချလိုက်၏။

“ဒီဖြစ်ရပ်တွေက နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ငါ့အနေနဲ့ မင်းကို ဒီပုံပြင်နဲ့ပတ်သ​က်ပြီး အကုန် ပြောပြနိုင်ပါတယ် ဒါပေမဲ့ ကောင်လေးရေ အခုလဲ ငါ မင်းကို အတော်အသင့် ပြောပြပြီးသွားပြီ ဒီတခေါက်တော့ အပြင်လောကမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မင်း ငါ့ကို ပြောမပြသင့်ဘူးလား ဒီလိုမှပဲ တရားမျှတမှာပေါ့"

“ကောင်းပြီလေ ခင်ဗျား ဘာသိချင်တာလဲ”

စုချန်း ခေါင်းညိတ်ပြလိုက်သည်။

“အပြင်လောကရဲ့ လက်ရှိ အခြေအနေကို သိချင်တယ် ပြီးတော့ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း ဆိုတာ ဘာလဲ"

"အပြင်လောကရဲ့ အခြေ​အနေက အရင်နဲ့ သိပ်မထူးလှပါဘူး ဒါပေမဲ့ အလင်းနတ်ဘုရားမင်းဆက်ကတော့ ပြိုလဲသွားခဲ့ပြီ သူ့နေရာမှာ လူသားတွေရဲ့ ခုနစ်ပြည်ထောင်က အစားထိုးလိုက်ပြီ……”

အထက်ပါအတိုင်း စုချန်းက အဖြစ်သနစ်အစုံအလင်ကို ဒိုင်အိုမီးဒီးစ်အား ရှင်းပြလိုက်၏။ သို့သော် မျိုးပွားခြင်း ဘုရားကျောင်း ဖျက်ဆီးခံရခြင်းကိုတော့ သူက ချန်လှပ်ထားခဲ့၏။

ဒိုင်အိုမီဒီးစ်ကို အလွန်အမင်း စိတ်လှုပ်ရှားသွားမည်ကို သူ မလိုလား၍ပင် ဖြစ်သည်။

“လက်စသတ်တော့ ဒီလိုဖြစ်သွားတာကိုး”

ဒိုင်အိုမီဒီးစ်က ရေရွတ်လိုက်၏။

“ဒါဆို လက်ရှိ ဝိညာဥ်မျိုးစိတ်ခေါင်းဆောင်က တတိယမြောက်တယောက်ပေါ့ ဟုတ်လား သူ ဝမ်လိုင်းလှိုဏ်ဂူတွေထဲမှာပဲ ပုန်းနေတုန်းလား နောက်မျိုးဆက်တွေက ဘာမှအသုံးမကျဘူးနဲ့တူတယ်"

“ဆိုပါတော့ဗျာ"

“ပြီးတော့ တခုရှိသေးတယ် မင်းဆီက သွေးဗီဇရဲ့ အရှိန်အဝါကို ငါ မတွေ့ရဘူး ဒါပေမဲ့ မင်းဟာ ဝိညာဉ် လောင်ကျွမ်းခြင်းနယ်ပယ်ကိုတောင် ရောက်နေပြီ ငါ ရှိခဲ့တုန်းက လူသားတွေအနေနဲ့ သွေးဗီဇကို အထူးတလည် အားကိုးနေရတုန်းပဲ လူသားတွေ သွေးဗီဇ အကူအညီကို မလိုတော့တဲ့ အဆင့်ကို ရောက်သွားပြီလား”

“တချို့တလေလောက်ပါပဲ”

စုချန်းက ပခုံးတွန့်ပြလိုက်သည်။

"ကဲ ခုလောက်ဆိုရင် ခင်ဗျားအကြောင်းကို ပြောလို့ ရပြီနဲ့တူတယ် ခင်ဗျား ဘာကြောင့်ဒီမှာ ပိတ်လှောင်ခံနေရတာလဲ"

“အိုး အဲဒါ တော်တော် ရှည်တဲ့ ဇာတ်လမ်းတပုဒ်ပေါ့ကွာ"

All Chapters