သမိုင်းကြောင်း (၂)
Vol. 99 Ch. 979
ဒိုင်အိုမီဒီးစ်အနေနှင့် ဝိညာဥ်မျိုးစိတ်ဝင် မဖြစ်မီက အရာအားလုံးကို မည်သို့မှ ပြန်လည်မှတ်မိနိုင်စွမ်းမရှိတော့ချေ။
သူ့အနေနှင့် မသေနိုင်သည့် ဘဝကိုတော့ ရရှိသွား၏။ သို့သော် တချိန်က တပ်မက်ဖွယ်ရာ လောကီ စည်းစိမ်များအားလုံးကိုတော့ ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ သူသည် သစ်သီးများ၏ ချိုမြိန်သောရသ၊ နွေဦး၏ သာယာသောအငွေ့အသက်နှင့် ချစ်ခြင်းမေတ္တာ၏ အနှစ်သာရတို့ကို ခံစားနိုင်စွမ်း မရှိတော့ချေ။
မှန်ပါသည်။ ဝိညာဉ်ဘဝသို့ ပြောင်းလဲခြင်းသည် အပြင်လောကနှင့် ဆက်သွယ်နိုင်စွမ်းကို ကန့်သတ်လိုက်ရုံမက စိတ်ခံစားချက်များကိုပါ ကန့်သတ်လိုက်ခြင်းပင် ဖြစ်သည်။ ဤကား ဝိညာဥ်မျိုးစိတ်ဝင်တဦးဖြစ်လာရန် အကြီးမားဆုံးသော ပေးဆပ်မှုဟု ဆိုရပေလိမ့်မည်။
ယခင်ကတော့ ဒိုင်အိုမီဒီးစ်အနေနှင့် ဤဖြစ်စဉ်ကို ဘယ်တော့မှ ပြောင်းပြန်လှန်၍ မရနိုင်တော့ဟု စွဲစွဲမြဲမြဲပင် ယုံကြည်ခဲ့ဖူး၏။
သူ့အနေနှင့် မူလစွမ်းအင် ဖန်တီးခြင်း သီအိုရီကို မတွေ့မချင်းပင် ဖြစ်သည်။
မှန်ပါသည်။ ဤအချက်ကြောင့်ပင် သူ ရှင်သန်ခြင်း နွေဦးကို အကောင်အထည် ဖော်လိုရခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သူသည် ဝိညာဥ်မျိုးစိတ်ဝင်များအတွက် လမ်းသစ်ထွင်ပေးနိုင်ပေလိမ့်မည်။
အထက်ပါအတွေးနှင့်အတူ ဒိုင်အိုမီဒီးစ်တယောက် မူလစွမ်းအင် ဖန်တီးခြင်းသီအိုရီနှင့် ရှင်သန်ခြင်းနွေဦးကို စတင် သုတေသနပြုခဲ့၏။ သို့သော် အစပိုင်းကာလများတွင် သူ့သုတေသနများမှာ ထင်သလောက် လောက်လောက်လားလား မဟုတ်ခဲ့ချေ။
အံ့သြသင့်စရာကောင်းလောက်အောင်ပင် သူ့သုတေသနကို ရှေ့တလှမ်းတိုးစေခဲ့သည့်အရာမှာ မည်သည့်ရည်ရွယ်ချက်မရှိပဲ မက်ခဲ့သော အိပ်မက်တခု ဖြစ်နေ၏။
ပုံမှန်အားဖြင့်ဆိုလျင် ဝိညာဥ်မျိုးစိတ်ဝင်များသည် အိပ်မက်မက်လေ့မရှိကြချေ။ အကြောင်းမှာ ဝိညာဥ်မျိုးစိတ်ဝင်များအဖို့ အိပ်စက်ရန် မလိုအပ်သောကြောင့်ပင်။
တနည်းအားဖြင့် ဝိညာဥ်မျိုးစိတ်ဝင်များအတွက် အိပ်မက်ဘုံဟူ၍ မရှိချေ။
သို့သော် တနေ့တွင် ဒိုင်အိုမီဒီးစ်သည် ထူးထူးဆန်းဆန်းဆိုသလို အိပ်မက်တခု မက်ခဲ့၏။ ထိုအိပ်မက်ထဲတွင် ဒိုင်အိုမီးဒီးစ်သည် ရှင်သန်ခြင်းနွေဦးကို အပြီးသတ် ဖန်တီးနေခဲ့လေသည်။
ထိုအိပ်မက်မှာ အလွန်ဆန်းကြယ်လှပြီး လက်တွေ့ဆန်နေ၏။ အိပ်မက်ထဲမှအသေးစိတ်အကျဆုံး အချက်အလက်အများစုကိုပင် ဒိုင်အိုမီးဒီးစ် ပြန်လည် မှတ်မိနေခဲ့၏။
ထို့နောက်တွင်တော့ သုတေသန၏ ရလဒ်များက သူ့ကို အကြီးအကျယ် အံ့အားသင့်သွားစေ၏။ ဤလမ်းကြောင်းကား အမှန်တကယ်ပင် အောင်မြင်နိုင်ဖွယ် ရှိသည့် လမ်းကြောင်းဖြစ်နေသည်မဟုတ်ပါလား။
သို့နှင့် သူ့ကို ဘုရားသခင်က လမ်းညွှန်ပေးခဲ့သည်ဟု ဒိုင်အိုမီဒီးစ် ယုံကြည်လာခဲ့၏။
ကံမကောင်းသည်မှာကား အိပ်မက်ထဲမှ အချက်အလက်အများစုကို မှတ်မိနေသည့်တိုင် တချို့အချက်အလက်များကိုမူကား ဒိုင်အိုမီးဒီးစ် မမှတ်သားနိုင်ခဲ့ခြင်းပင်။ ထို့ပြင် မှတ်မိလိုက်သည့်အချက်အလက်များ၌ပင် သူ နားမလည်နိုင်သည်များလည်း ရှိနေခဲ့သေး၏။ ထို့ကြောင့် ရှင်သန်ခြင်းနွေဦးစီမံကိန်းကြီးတရပ်လုံး ပြီးမြောက်အောင်မြင်ရန်မူကား ဆက်လက်၍စူးစမ်းရှာဖွေရပေအုံးမည်။
သို့သော် ၎င်းမှာ ဒိုင်အိုမီဒီးစ်အတွက် ပြဿနာ မဟုတ်ချေ။
ထိုအချိန်မှစ၍ သူသည် ရှင်သန်ခြင်းနွေဦးဆိုင်ရာ သုတေသနတွင် နစ်မြုပ်သွားခဲ့ပြန်၏။ အချိန်တချို့တွင်လည်း သူ့အနေနှင့် လိုအပ်သော အရင်းအမြစ်များ ရှာဖွေရန် နေရာအနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ရ၏။
တရက်တွင်တော့ သူသည် ရှင်သန်ခြင်းနွေဦးစီမံကိန်းအတွက် အရေးကြီးပါဝင်ပစ္စည်းတမျိုးဖြစ်သည့် သံသရာနွေဦးအမည်ရှိ ပစ္စည်းတမျိုးကို ရှာဖွေရန် ပင်လယ်ကမ်းခြေဒေသသို့ ရောက်ရှိလာခဲ့၏။ အဆိုပါ သံသရာနွေဦးမှာ ထူးခြားသည့် လေဟာနယ်နိုင်ဆိုင်ရာကုန်ကြမ်းတမျိုးဖြစ်ပြီး ရှင်သန်ခြင်းနွေဦးတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပါဝင်ပစ္စည်းတမျိုးပင် ဖြစ်သည်။
ပင်လယ်သမုဒ္ဒရာတခွင် လှည့်လည်သွားလာရင်း နောက်ဆုံးတော့ ဒိုင်အိုမီဒီးစ်တယောက် သူရှာဖွေနေသည့်အရာကို တွေ့ရှိသွား၏။ သို့သော် ဝမ်းသာ၍မဆုံးသေးခင်မှာပင် ပင်လယ်သားရဲကြီးတကောင်၏ ရုတ်တရက် ချုံခို တိုက်ခိုက်ခြင်းကို ဒိုင်အိုမီဒီးစ် ခံလိုက်ရ၏။
ထိုသားရဲကို သူ အနိုင်ယူနိုင်ခဲ့သည့်တိုင် ဒိုင်အိုးမီဒီးစ်ကား အဆိပ်သင့်ခဲ့ရလေပြီ။ အဆိပ်ကြောင့် သူ့သက်တမ်းမှာလည်း လျင်မြန်စွာ ပျက်စီးယိုယွင်းလာတော့၏။ ဤအဆိပ်ကား ဝိညာဥ်ခန္ဓာများအပေါ်မှာပင် သက်ရောက်နိုင်စွမ်းရှိလေရာ သာမန် အဆိပ်မဟုတ်သည်မှာ ထင်ရှားနေ၏။ မည်သို့ဆိုစေ ဒိုင်အိုမီဒီးစ်၏သက်တမ်းက သိပ်မကျတော့သည်မှာ သေချာနေခဲ့လေပြီ။
ထိုအချိန်မှာပင် သူ အဘလီနှင့်သူ့တပည့်ကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထိုကာလမှာ အင်ဘလီတယောက် ပင်လယ်လူသားများကို လက်တုံ့ပြန်ရန် နည်းလမ်းကို အသည်းအသန် ရှာဖွေနေသည့်ကာလ ဖြစ်သည်။ ဒိုင်အိုမီဒီးစ်နှင့် တွေ့ဆုံပြီးနောက် သူ့အတွက် လက်တုံ့ပြန်ရန် အခွင့်အရေး ရလာပြီဟု အင်ဘလီ သဘောပေါက်ခဲ့ပုံရသည်။ ထို့နောက် သူက ဒိုင်အိုမီဒီးစ်အား ဤနေရာမှာပင် ရှင်သန်ခြင်းနွေဦးကို တည်ဆောက်ရန် အကြံပြုခဲ့၏။
အကြောင်းမှာ ထိုသို့တည်ဆောက်မှသာ ဒိုင်အိုမီဒီးစ်ကိုယ်တိုင်လည်း ရှင်သန်ခြင်းနွေဦး၏ စွမ်းအားကို အသုံးပြု၍ အသက်ရှင်နိုင်မည် ဖြစ်သောကြောင့်ပင်။
နောက်ဆုံးတော့ အင်ဘလီ၊ ကောနီဂါတို့၏ အကူအညီဖြင့် ရှင်သန်ခြင်းနွေဦးကို ဒိုင်အိုမီဒီးစ် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့၏။ ဒိုင်အိုမီဒီးစ်အနေနှင့်လည်း သူ့သက်တမ်းကို ဆွဲဆန့်နိုင်ခဲ့လေသည်။ သို့သော် သူကိုယ်တိုင်ကား ရှင်သန်ခြင်းနွေဦးကို စွန့်ခွာ၍ ဘယ်ကိုမှ ထွက်မသွားနိုင်တော့ချေ။
ဤအနေအထားတွင် သူ့အနေနှင့် အိပ်နေရုံမှအပ တခြားရွေးချယ်စရာ မရှိတော့။ သို့သော် သူ အိပ်နေသည်မှာ နှစ်ပေါင်းနှစ်သောင်းပင် ကြာမြင့်သွားခဲ့ချေပြီတကား။
“နှစ်ပေါင်း နှစ်သောင်း အပြင်လောကကြီးကလဲ ဒီလောက်တိုတောင်းတဲ့ ကာလအတွင်းမှာ အများကြီး ပြောင်းလဲသွားခဲ့ပြီ”
ဒိုင်အိုမီဒီးစ် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
“ဒါတောင် ငါကတော့ ဒီမှာ ဒီအတိုင်းကြီး အိပ်ပျော်နေခဲ့တယ် ဒါ သေတာနဲ့ ဘာများကွာခြားသေးလို့လဲ တကယ်တော့ ငါ့အနေနဲ့ သက်တမ်းကို ဆွဲမဆန့်သင့်ခဲ့ဘူး အသက်ကြီးပြီး သေကုန်တာဟာ ဘဝရဲ့အစိတ်အပိုင်း တစ်ခုပဲဆိုတာ ငါ မေ့လျော့နေခဲ့မိတယ်"
“ဒါဆို အခု ခင်ဗျား ဒီက ထွက်သွားချင်သလား”
စုချန်းက မေးလိုက်သည်။
“ဟုတ်တယ် ငါ ထွက်သွားချင်တယ် ဒီလိုထွက်သွားလို့ သေသွားရင်တောင် ကမ္ဘာကြီးကို နောက်တခါ ပြန်မြင်ခွင့်ရရင် ငါ ကျေနပ်ပါပြီ”
ဒိုင်အိုမီဒီးစ် အဝေးဆီသို့ ငေးမောရင်း လေးလံသောလေသံနှင့် ပြောလိုက်သည်။
စုချန်း ခေါင်းညိတ်လိုက်၏။
“ခင်ဗျားရဲ့ ခံစားချက်ကို ကျုပ် နားလည်ပါတယ် ခင်ဗျားပြောပုံအရဆိုတာ ခင်ဗျားအတွက် သေသွားတာကမှ အကောင်းဆုံးရွေးချယ်မှုတခု ဖြစ်မဲ့ပုံပဲ ခင်ဗျား ခု ထွက်သွားချင်ရင် သွားလို့ရပါပြီ”
ထို့နောက် စုချန်းက ဘေးသို့တိမ်းပြီး လမ်းဖွင့်ပေးလိုက်သည်။
“ငါ အလျင်မလိုပါဘူးကွာ"
ဒိုင်အိုမီဒီးစ်က ရယ်မောလိုပ်၏။
"မင်း နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို မလိုချင်တော့ဘူးလား ဒါက အခု မင်းအပိုင်ဖြစ်သွားပြီ ဟိုးအောက်က မူလပုံစံကွက်က်ို မြင်တယ်မလား မင်းသာ ဒီပုံစံကွက်ကို ပျက်ပြယ်အောင် လုပ်နိုင်ရင် ဒါကို မင်း ယူသွားနိုင်ပြီ"
စုချန်းက ပြန်ဖြေလိုက်သည်။
“ကျုပ်လဲ အလျင်မလိုပါဘူး ခင်ဗျား သွားမယ်ဆိုသွားလိုက်ပါ”
“မဟုတ်ဘူး ငါ့အနေနဲ့ မင်းကို ဦးစားပေးပါတယ် မင်း အရင်လုပ်ပါ”
“ခင်ဗျား အရင်”
“မင်း အရင်”
အထက်ပါအတိုင်း သူတို့နှစ်ယောက် အပြန်အလှန် ဦးစားပေးစကား ဆိုနေကြ၏။ သို့သော် နှစ်ဦးလုံး တုပ်တုပ်မျှကား မလှုပ်ချေ။
အချိန်ကြာလာသည်နှင့်အမျှ ဒိုင်အိုမီဒီးစ်၏ မျက်နှာ တဖြည်းဖြည်း အုံ့ဆိုင်းလာ၏။
“ကောင်လေး မင်း ဒီကိုလာတာ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို ယူဖို့ ပဲမလား အခွင့်အရေးက မင်းရဲ့လက်တကမ်းကို ရောက်နေပြီ ဒါကို မင်းက လျစ်လျူရှုနေတယ် မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
စုချန်းက စိတ်အေးလက်အေးနိုင်သော အမူအရာနှင့် ပြန်ဖြေလိုက်သည်။
“အဖိုးကြီး ခင်ဗျား အပြင်လောကကို ဒီလောက် မြင်ချင်နေတာ ဘာလို့ မြန်မြန်ထွက်မသွားတာလဲ ဘာလဲ ခင်ဗျား မလုပ်နိုင်လို့လား”
ဒိုင်အိုမီဒီးစ် မသိမသာ မျက်နှာပျက်သွား၏။
“အဓိပ္ပာယ်မရှိတာ ငါ မလုပ်နိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ ငါ မသွားချင်သေးလို့ မသွားတာပေါ့ကွ"
စုချန်း ပြုံးလိုက်သော်၏။ သို့သော် သူ့မျက်လုံးများထဲတွင် အေးစက်စက်အရိပ်အယောင်များ ယှက်သန်းနေလေသည်။
“ဒါဆို ဘာလို့ ခြေတစ်လှမ်းလောက် ရှေ့တိုးပြီး ကျုပ်ကို သက်သေမပြတာလဲ"
ဒိုင်အိုမီဒီးစ် စုချန်းကို စိုက်ကြည့်နေ၏။
အချိန်အတော်ကြာမှ သူ သက်ပြင်းတချက်ချရင်း ပြောလိုက်လေသည်။
“မင်း တော်တယ် ကောင်လေး ကြည့်ရတာ မင်းကို ဘယ်လိုမှ လိမ်လို့မရဘူးနဲ့တူတယ်”
ထို့နောက် သူ ရယ်မောလိုက်၏။
“ကောင်းပြီ ငါ အမှန်အတိုင်းပဲ ပြောပြမယ် ငါ့ရဲ့ ခန္ဓာကိုယ်ဟာ ရှင်သန်ခြင်းနွေဦးနဲ့ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ပေါင်းစပ်သွားခဲ့ပြီ ဒါကြောင့် ငါ တစ်ယောက်တည်း ထွက်သွားလို့မရဘူး ဒါပေမဲ့ ဒီသစ်ပင်ဟာ ရှင်သန်ခြင်းနွေဦးရဲ့ အခြေခံအုတ်မြစ်ပဲ မင်းသာ သစ်ပင်ကို ယူသွားမယ်ဆိုရင် ငါလည်း ထွက်သွားနိုင်သေးတယ်”
“ဒီသစ်ပင်က ရှင်သန်ခြင်းနွေဦးရဲ့ အခြေခံအုတ်မြစ်တင်မကပဲ ခင်ဗျားကိုဖမ်းချုပ်ထားတဲ့ အစီအစဥ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်နေမှာကိုတော့ ကျုပ်က စိုးရိမ်မိသားဗျ”
စုချန်း၏ စကားကိုကြားသည်နှင့် ဒိုင်အိုမီဒီးစ် တုန်လှုပ်သွား၏။
“မင်း ဘာတွေ ပြောနေတာလဲ”
စုချန် အေးစက်စက်အသံနှင့် ရယ်မောလိုက်သည်။
“အင်ဘလီဟာ အာကင်နာတယောက် အာကင်နာနိုင်ငံတော် ပြိုလဲရခြင်းရဲ့အကြောင်းရင်းတွေထဲမှာ ဝိညာဥ်မျိုးစိတ်ဝင်တွေလဲပါတယ် သူက ဝိညာဥ်မျိုးစိတ်ဝင်တယောက်ကို အသက်ကယ်ဖို့ စိတ်ရင်းမှန်နဲ့ ဘယ်ကြိုးစားပါ့မလဲ"
“သူ နက်ရှိုင်းသောပင်လယ်ဝမ်းနည်းခြင်းကို တည်ဆောက်တဲ့နေရာမှာ ငါ့ကို အသုံးချဖို့ လိုအပ်လို့ ကယ်တာပေါ့ကွ"
ဒိုင်အိုမီဒီးစ် ရုတ်တရက် ထအော်လိုက်၏။
“ဟုတ်မှာပါ ဒါပေမဲ့ အဲဒါ ခင်ဗျားတို့ နှစ်ယောက် သဘောတူညီချက် ရနိုင်တဲ့ တခုတည်းသော နည်းလမ်းတော့ မဟုတ်သေးဘူး သူ ခင်ဗျားကို တနည်းတဖုံ အကြပ်ကိုင်ပြီး ရှင်သန်ခြင်းနွေဦးကို တည်ဆောက်ခဲ့တာမျိုးလဲ ဖြစ်နိုင်သေးတယ် ကျုပ် ပြောတာ မှန်ရဲ့လား အကြီးအကဲ ဒိုင်အိုမီဒီးစ် ဒါမှမဟုတ် ခင်ဗျားကို နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းရဲ့ ထိန်းချုပ်သူလို့ပဲ ခေါ်ရမလား”
ထိုစကားကိုကြားသည်နှင့် ဒိုင်အိုမီဒီးစ်တယောက် ကြောက်လန့်တကြား ဖြစ်သွား၏။
“မင်း ဘယ်လိုလုပ်ပြီး သိတာလဲ ဒါ မဖြစ်နိုင်ဘူး ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
စုချန်း ဒိုင်အိုမီဒီးစ်ကို ခပ်တည်တည်နှင့် ကြည့်နေ၏။
“ခင်ဗျား အမှားနှစ်ခု လုပ်ခဲ့တယ် ပထမဆုံးအနေနဲ့ ခင်ဗျား ဒီနေရာကထွက်သွားဖို့ အကူအညီ လိုအပ်တယ်ဆိုတဲ့အချက်ကို ကျုပ် မေ့သွားအောင် အင်ဘလီက ခင်ဗျားကို ကူညီပြီး နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို တည်ဆောက်ခဲ့တယ်လို့ ပြောခဲ့တယ် ဒါပေမဲ့ ခင်ဗျား မေ့နေတာက လှိုဏ်ဂူအပြင်က ရုပ်တုဟာ ဝိညာဥ်မျိုးစိတ်ဝင်တယောက်နဲ့ တူနေတာပဲ အင်ဘလီက ဒါမျိုး ဘယ်လုပ်ပါ့မလဲ ဒါကြောင့် ဒီနေရာရဲ့ မူလပိုင်ရှင်က ခင်ဗျားပဲ ဖြစ်ရမယ်”
ဒိုင်အိုမီဒီးစ် နှုတ်ဆိတ်သွား၏။
စုချန်းက ဆက်ပြောလိုက်ပြန်သည်။
“ဒုတိယတချက်ကတော့ ခင်ဗျား ကျုပ် ဘယ်သူမှန်း သိမနေခဲ့တာပဲ တကယ်တော့ ကျုပ်ဟာ အရင်တုန်းက ခင်ဗျားလို ဝိညာဉ်ပုံရိပ်မျိုးနဲ့ ဆုံဖူးတယ် သူလဲ ခင်ဗျားလိုပဲ ကျုပ်ကို လိမ်ညာဖို့ကြိုးစားခဲ့ဖူးတယ် ပြီးတော့ အရေးကြီးဆုံးအချက်က ကျုပ်ရဲ့စိတ်ဝိညာဥ်အပေါ် နားလည်မှု ဘယ်လောက်ထိ နက်ရှိုင်းတယ် ဆိုတာကို ခင်ဗျား မသိတာပဲ”
စုချန်းကား စိတ်ဝိညာဉ် လက်နက်များ ကို တီထွင်နိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်ဝိညာဥ်စွမ်းအားအပေါ် နားလည်မှုသည် တခြားလူများထက် များစွာ ပို၍ နက်ရှိုင်းနေ၏။
ထို့အပြင် ဒိုင်အိုမီဒီးစ်တယောက် သစ်ပင်နှင့် ချိတ်ဆက်ရန် အသုံးပြုခဲ့သော နည်းလမ်းမှာ စုချန်၏ စိတ်ဝိညာဉ် လက်နက်များ ထုတ်လုပ်သည့် နည်းလမ်းနှင့် အတော်လေး တူညီနေခြင်းပင်။ ထို့ကြောင့် သစ်ပင်ကိုယ်တိုင် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းမှန်း စုချန်း သိလိုက်ကတည်းက ဒိုင်အိုမီဒီးစ် သည်လည်း ဝိညာဉ် ကိရိယာတခု ဖြစ်နေနိုင်ကြောင်း ကြိုတင်တွေးတောပြီးသားပင် ဖြစ်သည်။
ထို့အပြင် ဒိုင်အိုမီဒီးစ်ကို ဝိညာဥ်ကိရိယာမှန်း သိလိုက်ရပြီးနောက်တွင် နောက်ထပ် အဖြေမဖော်နိုင်သေးသည့် မေးခွန်းတခုကိုပါ စုချန်း အလိုအလျောက် နားလည်သွားတော့၏။
ထိုမေးခွန်းမှာကား ကောနီဂါသည် ရှုပ်ထွေးလှသည့် ညွှန်ကြားချက်များကို သားရဲမဟာဧကရာဇ်များခေါင်းထဲသို့ မည်သို့ ရိုက်သွင်းခဲ့လေသနည်းဟူသော မေးခွန်းပင်။
ယခုတော့ ထိုမေးခွန်း၏ အဖြေကို စုချန်း သိရှိသွားခဲ့လေပြီ။
ထိုအဖြေမှာကား ဒိုင်အိုမီဒီးစ်ပင် ဖြစ်သည်။
နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထာဝရတည်ရှိနေတော့မည့် ဒိုင်အိုမီဒီးစ်အနေနှင့် ကောနီဂါ၏ အမိန့်အတိုင်း ဆက်လက် ဆောင်ရွက်နိုင်ခြင်းမှာ သဘာဝကျနေ၏။
ဒိုင်အိုမီဒီးစ်က ကောနီဂါကို ကူညီပေးနေခဲ့ခြင်းမှာလည်း ၎င်း၏ သေရေးရှင်ရေး အခြေအနေတခုနှင့် သက်ဆိုင်ကြောင်း ထင်ရှားနေခဲ့လေပြီ။
ဒိုင်အိုမီဒီးစ်အနေနှင့် ဤအမိန့်များကို မထုတ်ပြန်ပဲ ရပ်တန့်လိုက်ပါက သူ့ကံကြမ္မာ ဆိုးရွားသွားမည်မှာ သေချာနေ၏။
သူ အလိမ်ပေါ်သွားမှန်း သိလိုက်ပြီဖြစ်၍ ဒိုင်အိုမီဒီးစ် အကြီးအကျယ် မျက်နှာပျက်သွားသည်။
“အဲဒီ ခွေးသူတောင်းစား နှစ်ကောင် ငါ့ကို နှစ်ပေါင်း နှစ်သောင်းကြာ အကျဉ်းချထားခဲ့တာပေါ့ နှစ်ပေါင်း နှစ်သောင်းကွာ နည်းနည်းလေးမဟုတ်ဘူး နှစ်ပေါင်းနှစ်သောင်းတောင် ဒီကောင်တွေ ငါ့ကို ဝိညာဉ်ကိရိယာအဖြစ်သုံးပြီး ချောက်နက်ကို ထိန်းချုပ်ဖို့နဲ့ ပင်လယ်လူသားတွေကို တိုက်ခိုက်ဖို့ ငါ့ကို အတင်း အကျပ်ကိုင်ခဲ့ကြတယ်လေ ငါ့မှာ ဒီလိုလုပ်ချင်စိတ် လုံးလုံးကိုမရှိခဲ့ဘူး ဟေ့ ကောင်လေး မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းဟာ မင်းအပိုင်ပဲ ငါ ဒီလို ဘယ်တော့မှ ထပ်မလုပ်တော့ဘူး ငါ လွတ်လပ်မှုကိုပဲ လိုချင်တော့တယ် ငါ လွတ်လွတ်လပ်လပ်နေရရင် တော်ပြီ"
စုချန်း ခေါင်းခါလိုက်၏။
“ခင်ဗျားသာ အစကတည်းက အမှန်အတိုင်းပြောခဲ့ရင် ခင်ဗျားကို လွှတ်ပေးဖို့ ကျုပ် စဉ်းစားပေးအုံးမယ် ဒါပေမဲ့ ခင်ဗျား ကျုပ်ကို လိမ်ခဲ့တယ် ဝမ်းနည်းပါတယ်ဗျာ ဒီအပင်ထဲမှာပဲ ခနတဖြုတ် နေလိုက်ပါအုံး"
စကားဆုံးသည်နှင့် စုချန်းက သစ်ပင်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူက သစ်ပင်တွင် ရှိနေသည့် မူလကာကွယ်ရေးအစီအစဉ်များကို မပိတ်သည့်အပြင် နောက်ထပ် ကာကွယ်ရေး အလွှာတချို့ကို ထည့်သွင်းပြီး သစ်ပင်ကို အမြစ်မှတိုင် ဆွဲနှုတ်လိုက်တော့သည်။
“မလုပ်နဲ့”
ဒိုင်အိုမီဒီးစ် အသည်းအသန် အော်ဟစ်လိုက်၏။
သို့သော် စုချန်းက သူ့ကို လှည့်၍ပင် မကြည့်ချေ။ ဧရာမ သစ်ပင်ကြီး မြေကြီးပေါ်သို့ တဖြည်းဖြည်း ရောက်လာ၏။ တချိန်တည်းမှာပင် အဆက်မပြတ် စီးဆင်းနေသော ရေစီးကြောင်းမှာလည်း ရပ်တန့်သွားတော့သည်။
သစ်ပင်ကား အပြင်သို့ လုံးလုံးလျားလျား ရောက်ရှိလာခဲ့ပေပြီ။ ပြသနာမှာ သစ်ပင်၏လေဟာနယ်ဆိုင်ရာဂုဏ်သတ္တိများကြောင့် ၎င်းကို မူလလက်စွပ်ထဲသို့ ထည့်သွင်း၍ မရနိုင်ခြင်းပင်။
ဤအတိုင်းဆိုလျင် သစ်ပင်ကြီးကို လှိုဏ်ဂူပြင်ပသို့ သယ်ဆောင်သွားရန်မှာ မည်သို့မှ မလွယ်ကူနိုင်တော့ချေ။
ထိုအချိန်တွင် ဒိုင်အိုမီဒီးစ်သည် သူ့ဆန္ဒမပါဘဲ သစ်ပင်ထဲသို့ ပြန်လည် ဆွဲသွင်းခံလိုက်ရ၍ သစ်ပင်တပင်လုံးကို ဒေါသတကြီး လှုပ်ယမ်းလိုက်၏။
၎င်းကို မြင်သည်နှင့် စုချန်း စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူက အောက်ပါအတိုင်း အမိန့်ပေးလိုက်တော့သည်။
“ဒိုင်အိုမီဒီးစ် ခင်ဗျား ဒီသစ်ပင်ကို ပိုသေးအောင် လုပ်လိုက်”
သို့သော် မည်သည့် တုံ့ပြန်မှု မရှိ။ စုချန်း ထပ်ပြောလိုက်ပြန်၏။
“ခင်ဗျား ကျုပ် စကား နားထောင်တာ ပိုကောင်းလိမ့်မယ် ကျုပ်စကားကို နားထောင်ရင် ခင်ဗျားကို ဒီငရဲဆန်တဲ့ကမ္ဘာထဲကနေ ကျုပ် ခေါ်ထုတ်ပေးသွားမယ် ခင်ဗျား အပြင်လောကကို မရောက်ချင်တော့ဘူးလား"
စုချန်း၏စကားဆုံးသည်နှင့် သစ်ပင်သည် ပျိုးပင်တပင် အရွယ်အစားသို့တိုင် လျင်မြန်စွာ ကျုံ့ဝင်လာ၏။
“သိပ်ကောင်းတယ်”
စုချန်း အားရပါးရကြီး ပြုံးရင်း ပြောလိုက်လေသည်။
“အခု ပိတ်လော့မှာ အဖော်တယောက် ရသွားပြီ”