ဆုတ်ခွာခြင်း
Vol. 99 Ch. 980
လှိုဏ်ဂူ အပြင်ဘက်တွင် ဖြစ်သည်။ ရုတ်ချည်းဆိုသလို ကုချိန်းလွှာ၏ ဘေးတွင် ရပ်နေသည့် စုချန်း၏ ကိုယ်ပွား ရုတ်တရက် တုန်ခါသွား၏။ ၎င်းကိုမြင်သည်နှင့် စုချန်း ပြန်ရောက်လာပြီမှန်း ကုချိန်းလွှာ သိရှိလိုက်သည်။
“ပြီးသွားပြီလား”
သူမက မေးလိုက်၏။
“ပြီးပြီ"
“ဒါဆိုလဲ ကျွန်မတို့ အမြန်ဆုံး ထွက်သွားသင့်ပြီ”
“ကျုပ်တို့ လောစရာမလိုသေးဘူး အနည်းဆုံးတော့ ပင်လယ်လူသားတွေကို သက်သေပြရအုံးမယ်လေ"
စုချန်းက တချက်ပြုံးပြရင်း ပြန်ဖြေလိုက်၏။
ထို့နောက် သူက ပုံရိပ်ဖမ်းမူလပုံစံငွေပြားကို ဖွင့်ကာ ရုပ်တုဘက်သို့ ချိန်ရွယ်ထားလိုက်၏။ ထိုအချိန်မှာပင် ပေါက်ကွဲသံကြီးတချက် ထွက်ပေါ်လာပြီး မီးတောက်မီးလျံများက ရုပ်တုကို ဝါးမြိုသွား၏။ ကျောက်သားအပိုင်းအစများ အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွားလေသည်။
စုချန်း ကြိုတင်နေရာချထားသည့် ပေါက်ကွဲစေတတ်သော ဆေးဝါးများ၏ အစွမ်းပေတည်း။
နောက်ဆုံးတော့ ကြီးမားလှသောရုပ်တုကြီး ပြိုကျပျက်စီးသွားလေပြီ။ ရုပ်တုကြီးပေါက်ကွဲသွားပုံကို မှတ်တမ်းတင်ထားသည့် ပုံရိပ်ဖမ်းငွေပြားက နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို စုချန်း မည်သို့မည်ပုံ ဖျက်ဆီးလိုက်ကြောင်း ရှင်းပြပေးပေလိမ့်မည်။
“ဝုန်း"
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးသည် ရေအောက်ရှိ ပင်လယ်သားရဲများကို အချက်ပေးလိုက်သလို ဖြစ်သွား၏။ သားရဲမဟာဧကရာဇ်အုပ်ကြီး ဒေါသတကြီးနှင့် ရေပေါ်သို့ ထွက်ပေါ်လာကြလေပြီ။
ရှင်သန်ခြင်းနွေဦး၏ ရေစီးကြောင်း ရပ်တန့်သွားခြင်းကြောင့် တခုခု မှားယွင်းနေကြောင်း ၎င်းတို့အားလုံး သိရှိထားပြီးသားဖြစ်သော်လည်း အဖြစ်အပျက်များမှာ လျင်မြန်လွန်း၍ ဘာတွေဖြစ်နေမှန်း သားရဲတကောင်တလေမျှပင် မသိထားကြပေ။ သို့သော် ယခုတော့ ပေါက်ကွဲမှုကြီးက ၎င်းတို့၏ အဖိုးတန်အရင်းအမြစ် မည်သို့ ပျက်စီးသွားကြောင်း ဖော်ပြနေခဲ့လေပြီ။
ထိုအခါ သားရဲမဟာဧကရာဇ်များသည် ကြောက်မက်ဖွယ် အရှိန်အဝါများကို အမြင့်ဆုံးအနေအထားထိ ထုတ်လွှတ်ပြီး ကျွန်းဆီသို့ အရပ်မျက်နှာတိုင်းမှ စုပြုံတိုက်ခိုက်လိုက်ကြတော့၏။ သိပ်သည်းလှသောဖိအားထုကြီးနှင့် ရင်ဆိုင်မိသည့်ခနမှာပင် ကုချိန်းလွှာ၏ ကိုယ်ထဲမှ တောက်ပခြင်းနဂါးအရှိန်အဝါ စတင်ထွက်ပေါ်လာ၏။
မူလသားရဲကြီး၏ ခန့်ညားထည်ဝါသော အရှိန်အဝါသည် ဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထို့နောက် သားရဲမဟာဧကရာဇ်များ၏ အစွမ်းကို တန်ပြန် ဖိနှိပ်လိုက်လေသည်။
“သွားကြစို့”
စုချန်း ပုံရိပ်ဖမ်းငွေပြားကို ပြန်လည် သိမ်းဆည်းပြီး ကုချိန်းလွှာကို ဆွဲခေါ်သွား၏။ သူမ၏ တောက်ပခြင်းနဂါး သွေးဗီဇသည် အစွမ်းထက်သော်လည်း အချိန်အကြာကြာ နှိုးဆွထား၍ မရပေ။
ထို့ကြောင့် သူတို့ နှစ်ဦး ကျွန်းနှင့်ခပ်လှမ်းလှမ်းသို့ရောက်သည်နှင့် ကုချိန်းလွှာက သူမ၏ အရှိန်အဝါကို ပြန်လည်ထိန်းချုပ်လိုက်ရ၏။ တောက်ပခြင်းနဂါး၏ အစွမ်း ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သားရဲများ သူတို့နောက်သို့ ကမူးရှုးထိုး လိုက်လာကြပြန်သည်။
အနှီသားရဲများသည် ဉာဏ်ရည်နိမ့်ပါးကြလေရာ ၎င်းတို့၏ လုပ်ဆောင်ချက်ကလည်း အတော်ပင် ရိုးရှင်းလှ၏။
၎င်းတို့၏ ပြိုင်ဘက် အားကောင်းပါက ၎င်းတို့အနေနှင့် ကြောက်ရွံ့တုန်လှုပ်နေကြပေလိမ့်မည်။ ၎င်းတို့၏ ပြိုင်ဘက် အားနည်းပါက ၎င်းတို့က လိုက်လံ ဖမ်းဆီးကြပေလိမ့်မည်။
အကယ်၍ ကုချိန်းလွှာနေရာတွင် တကယ့်မူလသားရဲတောက်ပခြင်းနဂါးသာဆိုပါက အနှီပင်လယ်သားရဲမဟာဧကရာဇ်များအနေနှင့် မလိုက်ပဲကျန်နေရစ်ကြပေလိမ့်မည်။ သို့သော် ကုချိန်းလွှာသည် မူလသားရဲ စင်စစ် မဟုတ်။
ထို့ကြောင့် တောက်ပခြင်းနဂါး၏ အစွမ်း ပျောက်ကွယ်သွားသည်နှင့် သားရဲမဟာဧကရာဇ်များက စုချန်းနှင့် ကုချိန်းလွှာတို့ နောက်သို့ ပြန်လည် လိုက်လာကြခြင်းပင် ဖြစ်သည်။
ထိုအခါ ကုချိန်းလွှာ သူမ၏ အရှိန်အဝါကို ပြန်လည်နှိုးဆွလိုက်တိုင်း သားရဲများ နောက်ဆုတ်သွားကြ၏။ သို့သော် ကုချိန်းလွှာ သူမ၏ အရှိန်အဝါကို ပြန်လည်ထိန်းချုပ်လိုက်သည်နှင့် သားရဲများက လိုက်လံဖမ်းဆီးကြပြန်သည်။
သို့နှင့် စုချန်းနှင့် ကုချိန်းလွှာတို့ ပျံသန်းရာလမ်းတလျှောက် ထူးထူးဆန်းဆန်း ကြောင်နှင့်ကြွက်ကစားပွဲတပွဲ ပေါ်ပေါက်နေတော့၏။ အခြေအနေကို အကဲခတ်ရင်း စုချန်းက ကုချိန်းလွှာကို အားပေးလိုက်သည်။
“ခနလေးတောင့်ထားအုံး ရှေ့နားဆိုရင် ကျုပ်တို့လွတ်ပြီ"
စုချန်း၏ ကိုယ်ပွားသည် ဝင်ပေါက်တနေရာတွင် ရှိနေ၏။ လုံလောက်သောအကွာအဝေးတခုသို့ရောက်သည်နှင့် စုချန်းက ကုချိန်းလွှာကိုခေါ်ကာ ကိုယ်ပွားဆီသို့ ခုန်ကူးနိုင်ပေလိမ့်မည်။
ထိုအချိန်မှာပင် စုချန်း အကြီးအကျယ် မျက်နှာပျက်သွား၏။
“သေစမ်း ကျုပ်တို့တော့ ဒုက္ခရောက်ပြီ"
ကုချိန်းလွှာ ထိတ်လန့်သွား၏။
“ဘာဖြစ်တာလဲ”
“ကျုပ်ရဲ့ ကိုယ်ပွား ဖျက်ဆီးခံလိုက်ရပြီ”
စုချန်း လေးနက်သောအမူအရာနှင့် ပြန်ဖြေလိုက်သည်။ ကုချိန်းလွှာက ပြန်မေးလိုက်၏။
“ရေတပ် အန္တရာယ် ရှိနေပြီလား”
စုချန်း၏ ကိုယ်ပွားသည် ရေပေါ် နန်းတော်ထဲတွင် စောင့်ဆိုင်းနေခဲ့သည်မဟုတ်ပါလား။ နန်းတော်ထဲရှိ ကိုယ်ပွား ဖျက်ဆီးခံလိုက်သည်မှာ ရေတပ် အခြေအနေမကောင်းဟု ဆိုလိုက်သည်နှင့် အတူတူသာ။
သို့သော် စုချန်းက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး သားရဲတွေလက်ချက်မဟုတ်ဘူး”
“ဒါဆိုရင်……”
“ဂိုဏ်းဝင်တပည့်တယောက်ရဲ့ လက်ချက်ပဲ”
စုချန်း၏ ကိုယ်ပွားသည် စိတ်ဝိညာဥ်နှင့် ဆက်သွယ်ထားသည်ဖြစ်လေရာ အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်တဦး သူ့ကိုယ်ပွားကို ခိုးကြောင်ခိုးဝှက် လုပ်ကြံခဲ့ကြောင်း စုချန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
အချုပ်အနှောင်ဂိုဏ်း၏ တပည့်တိုင်းလိုလိုသည် သစ္စာရှိကြသူများ ဖြစ်သည်။ အထူးသဖြင့် စုချန်း၏ ကိုယ်ရံတော်များအဖြစ် ရွေးချယ်ခံရသူများသည် အကောင်းတကာ့ အကောင်းဆုံးများပင် ဖြစ်သည်။
သို့သော် ဂိုဏ်းဝင်တဦး သစ္စာမဲ့ခဲ့လေပြီ။
ဝိညာဥ်မျိုးစိတ်ဝင်များ၏ လက်ချက်လား...
သို့မဟုတ် တော်ဝင်မျိုးနွယ်စုများဘက်မှ စေလွှတ်ထားသော သူလျှိုတဦးပေလား...
စုချန်း မသိချေ။
သို့သော် ရန်သူသည် သူ အားနည်းဆုံးအချိန်ကို ရွေးချယ်တိုက်ခိုက်ခဲ့သည်ကတော့ သေချာနေ၏။
ယခုပင်လျင် ကုချိန်းလွှာ၏ တောက်ပခြင်းနဂါး သွေးဗီဇစွမ်းအားက စတင် ခန်းခြောက်လာပြီမဟုတ်ပါလား။ ဤအတိုင်းဆိုလျှင် သူ့တို့နှစ်ယောက် ရေတပ်ဆီသို့ အချိန်မီပြန်ရောက်တော့မည်မဟုတ်ချေ။
အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်လိုက်သော စုချန်းက အောက်ပါအတိုင်း ပြောလိုက်လေသည်။
"ဒီအခြေအနေမှာ ကျုပ်တို့ လုပ်နိုင်တဲ့ တခုတည်းသော အရာက ကျုပ် ဒီသားရဲတွေကို မျှားခေါ်သွားဖို့ပဲ”
“ရှင် မလုပ်ရ..."
ကုချိန်းလွှာ တားဆီးရန် ကြိုးစားလိုက်၏။ သို့သော် စုချန်းက ဖြတ်ပြောလိုက်သည်။
“ခေါင်းမမာနဲ့ မင်း ကျုပ်ရဲ့ကိုယ်ပွားကို ခေါ်ပြီး အမြန် ထွက်သွားပေတော့ ကျုပ် ဒီကောင်တွေကို တခြားတနေရာဆီ မျှားခေါ်သွားမယ် ကျုပ်တို့မှာ တခြား ရွေးချယ်စရာ မရှိဘူး”
ကုချိန်းလွှာ၏ နှလုံးသား ဒိန်းခနဲ တုန်ယင်သွား၏။ သို့သော် စုချန်း၏ စကား အမှန်မှန်း သူမ ကိုယ်တိုင်လည်း သဘောပေါက်ထားပြီးသားပင်။
ထိုအခါ သူမက စုချန်းကို စိုက်ကြည့်လိုက်၏။
“ရှင် သတိထားနော် ကြားလား ရှင် ဘာမှ မဖြစ်ရဘူး"
စုချန်း ပြုံးလိုက်၏။
“စိတ်မပူပါနဲ့ကွာ ကျုပ်တို့ အကြီးမားဆုံးအခက်အခဲကိုတောင် ကျော်ဖြတ်ပြီးပြီ ဒီအခက်အခဲလေးက ဘာမို့လို့လဲ"
ထို့နောက် စုချန်းက သူ့သွေးတချို့ပါဝင်သော ပုလင်းငယ်ကို ကုချိန်းလွှာလက်ထဲသို့ ထည့်ပေးလိုက်၏။ ထိုအခါ ကုချိန်းလွာသည်လည်း သူမ၏ တောက်ပခြင်းနဂါး သွေးဗီဇကို ဖော်ထုတ်ကာ ရှေ့သို့ ဆက်လက်ပျံသန်းသွားလေသည်။ စုချန်းသည်လည်း မတူညီသော လမ်းကြောင်းကို ရွေးချယ်ကာ ပျံသန်းလာခဲ့၏။
မျှော်လင့်ထားသည့်အတိုင်း နဂါးသွေးဗီဇကြောင့် ကုချိန်းလွှာနောက်သို့ လိုက်ရန် မဝံ့မရဲ ဖြစ်နေကြသော သားရဲကြီးများအားလုံး စုချန်းထံသို့ စုပြုံလိုက်လာကြတော့သည်။
စုချန်းအနေနှင့် သားရဲများကို ဖိနှိပ်ထားနိုင်စွမ်းမရှိသော်လည်း ကုချိန်းလွှာထက် ပိုမို လျင်မြန်ပြီး သူ၏ လေဟာနယ်ကို ထိန်းချုပ်နိုင်စွမ်းကလည်း များစွာ သာလွန်နေ၏။ သားရဲမဟာဧကရာဇ်များ သူ့အနီးသို့ ကပ်လာတိုင်း စုချန်းက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းကိုသုံးကာ ခုန်ထွက်နိုင်ပေသည်။
သို့သော် ထိုအကွာအဝေးသည် သားရဲမဟာဧကရာဇ်များအတွက် ခြေလှမ်းနှစ်လှမ်းစာမျှသာ ဖြစ်နေ၏။ ထို့ကြောင့် စုချန်းအနေနှင့် သားရဲများကို မည်သို့မှ မျက်ချေဖြတ်နိုင်စွမ်းမရှိပဲ ဖြစ်နေ၏။
တဖက်တွင်လည်း သူ လွှတ်လိုက်သမျှ ကိုယ်ပွားများကို နောက်မှလိုက်လာသော သားရဲများက ဖျက်ဆီးပစ်နေကြလေရာ စုချန်းအဖို့ အလင်းတုန်ခါခြင်းတစ္ဆေကိုလည်း မည်သို့မှ ထုတ်မသုံးနိုင်ပဲ ရှိနေ၏။
ထိုအခါ စုချန်းအနေနှင့် ထွက်ပြေးရန်မှတပါး အခြားမရှိတော့ချေ။ သို့သော် နောက်မှလိုက်လာသော သားရဲများသည် သူ ထွက်ပြေးရာ လမ်းကြောင်းအားလုံးကို ဖြတ်တောက်ရန် ကြိုးစားလာကြပြန်၏။ အခြေအနေမှာ သနားစရာသိုးငယ်တစ်ကောင်ကို ဝံပုလွေများ ဝန်းရံထားသည်နှင့်သာ တူနေတော့၏။
တစ်ချိန်တည်းမှာပင် စုချန်းကိုယ်တိုင်လည်း အားလျော့စပြုလာခဲ့ပေပြီ။ အဖြုရောင်မျှော်စင်ပို့ဆောင်ခြင်းကို ဆက်တိုက်ထုတ်သုံးနေရသောကြောင့် စွမ်းအင်ကုန်ခန်းစပြုလာခြင်းပင်။
ထိုအချိန်မှာပင် သူ့ကိုယ်ပွားနှင့် အဆက်အသွယ် ရုတ်တရက် ပြတ်တောက်သွားသည်ကို စုချန်း သတိထားမိလိုက်၏။
စုချန်းတယောက် အထက်ပါအခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ကုချိန်းလွှာသည်လည်း အဆုံးစွန်သောအမြန်နှုန်းနှင့် လျင်မြန်စွာ ပျံသန်းနေ၏။ အတော်လေးကွာဝေးသည့်နေရာသို့အရောက်တွင် သူမက ကိုယ်ပွားကို ပြောလိုက်သည်။
“စုချန်း ခုလောက်ဆို ရှင် ပြန်လာလို့ရပြီ” ဟု ပြောသည်။
သို့သော် စုချန်း၏ ပုံတူကိုယ်ပွားသည် သူမကို လျစ်လျူရှုထားနေပုံရ၏။
ကုချိန်းလွှာ အတော်လေး တုန်လှုပ်သွားလေသည်။
“စုချန်း ဘာဖြစ်တာလဲ”
တခနအကြာတွင် ကိုယ်ပွားက မျက်လုံးဖွင့်လိုက်၏။
“ကျုပ်ရဲ့ ခန္ဓာကိုယ် အစစ်အမှန်ကို ကျုပ် အာရုံမခံနိုင်တော့ဘူး”
“ဘာ ဘာဖြစ်လို့လဲ”
“ဒီလေဟာနယ်... ဒီလေဟာနယ်မှာ တစ်ခုခု ဖြစ်နေပြီ”
ထို့နောက် စုချန်း၏ ကိုယ်ပွားက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်၏။
ထူးထူးဆန်းဆန်းပင် ကောင်းကင်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာနေ၏။ အဆိုပါ အက်ကွဲကြောင်းများမှာ အချိန်နှင့်အမျှ ပိုမို များပြားလာနေသည်။
“ဒီလေဟာနယ်... နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကြောင့်လား”
ကုချိန်းလွှာ ချက်ချင်း နားလည်လိုက်လေသည်။
ကိုယ်ပွား ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် တိတိကျကျ ပြောရရင် ဒါ ရုပ်တု ပျက်စီးသွားတာကြောင့် ဖြစ်လိမ့်မယ် ရုပ်တုဟာ ဒီလေဟာနယ်ရဲ့ အဓိကအနှစ်သာရပဲ ခု ရုပ်တုပျက်စီးသွားတော့ လေဟာနယ်တခုလုံး ပျက်စီးကုန်တော့မယ် အဲဒိအချိန်ကျရင် ကိုယ်ပွားတွေနဲ့အဆက်အသွယ် ပြတ်တောက်သွားလိမ့်မယ်”
“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ ရှင် ဘယ်လို ပြန်လာတော့မှာလဲ”
ကုချိန်းလွှာ ပို၍ စိတ်လှုပ်ရှားလာ၏။
သို့သော် ကိုယ်ပွားက မည်သည့်ခံစားချက်မှ မရှိဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒါ အခုအချိန်မှာ အရေးမကြီးတော့ဘူး လောလောဆယ် မင်း အမြန်ဆုံး ပြန်သွားပြီး ရေတပ်ကို တပ်ဆုတ်ခိုင်းရမယ် လေဟာနယ်ကြီးပျက်စီးသွားရင် သူတို့အားလုံး သေကုန်ကြလိမ့်မယ်"
“ဒါပေမဲ့ ရှင်ကော ရှင်ကျတော့ ဘာလုပ်မလဲ”
ကုချိန်းလွှာ ရူးတော့မတတ် ခံစားလိုက်ရ၏။
သို့သော် ကိုယ်ပွားက ပြုံးရင်း ပြန်ဖြေလိုက်သည်။
“မစိုးရိမ်ပါနဲ့ကွာ ကျုပ် ဒီထက် ပိုဆိုးတဲ့ အခြေအနေတွေကို ကျော်ဖြတ်ပြီး အသက်ရှင်ခဲ့ဖူးပါပြီ"
ထို့နောက် ကိုယ်ပွားက ဆက်ပြောလိုက်ပြန်၏။
“တခြားသူတွေကို စိတ်မပျက်စေပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းဟာ ကျုပ်ရဲ့ ဇနီးတင်မကဘဲ အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကတော်လဲ ဖြစ်တယ် မင်း သူတို့အတွက် တာဝန်ယူရလိမ့်မယ်"
“ကျွန်မက ရှင်ရဲ့မိန်းမပဲ ဖြစ်ချင်တာပါ”
ကုချိန်းလွှာက တီးတိုးပြောရင်း စတင် ငိုကြွေးလိုက်၏။
“ဖြစ်နေပါတယ်ကွာ အမြဲတမ်းလည်း ဖြစ်နေမှာပါ"
ကိုယ်ပွားသည် ကုချိန်းလွှာ၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ထိုအခါ ကုချိန်းလွှာလည်း မည်သို့မှ မတတ်နိုင်တော့ပဲ ဝင်ပေါက်သို့ ဆက်လက်ထွက်ခွာလာခဲ့ရလေသည်။
တခနအကြာတွင် ကုချိန်းလွှာတယောက် ဝင်ပေါက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေသည်။ ကုချိန်းလွှာကို မြင်သည်နှင့် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များ၏ တခဲနက်အော်သံ ထွက်ပေါ်လာသည်။
“ဂိုဏ်းချုပ်ကတော် ပြန်လာပြီဟေ့ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကို သေချာပေါက် ဖျက်ဆီးနိုင်ခဲ့ပြီ"
“ဟေး"
လက်ခုပ်သြဘာသံများ၊ အားပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်မှာပင် ကုချိန်းလွှာ တစုံတရာကို ရုတ်တရက် နားလည်လိုက်သည်။
ထို့နောက် သူမ မျက်ရည်များကို သုတ်ပြီး အောက်ပါအတိုင်း အမိန့်ပေးလိုက်လေသည်။
“ကျွန်မ ကုချိန်းလွှာပါ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း ပျက်စီးသွားပြီကျွန်မတို့ရဲ့ စစ်ဆင်ရေး အောင်မြင်သွားပြီ အခုပဲ ကျွန်မ အမိန့်ပေးတယ်... အားလုံး ခုချက်ချင်း တပ်ဆုတ်မယ်"