ခိုလှုံရာကျွန်း
Vol. 99 Ch. 981
သူ့ကိုယ်ပွားနှင့် ဆက်သွယ်မှု ပြတ်တောက်သွားမှန်း သိလိုက်ရသည်နှင့် တပြိုင်နက် သူ ဒုက္ခရောက်နေပြီဖြစ်ကြောင်း စုချန်း သိလိုက်သည်။
ဤလေဟာနယ်ကား မကြာမီ ပျက်စီးပြိုကွဲသွားပေတော့မည်။
လေဟာနယ်ပျက်စီးခြင်းဟူသည် အထူး ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်တမျိုး ဖြစ်သည်။ လေဟာနယ်ပျက်စီးသည်နှင့် လေဟာနယ်အတွင်း၌ သက်ရှိတိုင်း သေကြေပျက်စီးရပေလိမ့်မည်။
လေဟာနယ်မပျက်စီးမီ ထွက်ပေါက်သို့ ပြန်မရောက်နိုင်ခဲ့လျင် စုချန်းတယောက် အကြီးအကျယ် ဒုက္ခရောက်ရပေတော့မည်။
ထိုအခါ စုချန်းသည် ထွက်ပေါက်ဆီသို့ ရောက်နိုင်ရန် ခြေကုန်သုတ်ရတော့သည်။ သားရဲမဟာဧကရာဇ်များသည်လည်း အော်ဟစ်ကာ သူ့နောက်သို့ လိုက်လာကြ၏။
ဤအခြေအနေမျိုးတွင် မည်သည့် လှည့်ကွက်မှ အသုံးမဝင်တော့။ အမြန်နှုန်းသာလျင် အရေးကြီးတော့၏။
ထိုအခါ စုချန်းက မူလစွမ်းအင်ကိုဖြည့်တင်းပေးသည့် ဆေးတလုံးကို ထုတ်ကာ မျိုချလိုက်သည်။ အမှန်အတိုင်းဆိုလျင် ဤဆေးကို ယခုအချိန်ထိ စုချန်း ထုတ်မသုံးချင်သေး။ သို့သော် မတတ်နိုင်တော့။ ဆေးသောက်ပြီးသည်နှင့် စုချန်းလည်း အမြန်နှုန်းကို အမြင့်ဆုံးအနေအထားထိ မြှင့်တင်လိုက်တော့သည်။
သို့သော် သူ မည်မျှပင် မြန်နေစေကာမူ သားရဲမဟာဧကရာဇ်များကိုတော့ မျက်ချေဖြတ်နိုင်လိမ့်မည်မဟုတ်။ အကြောင်းမှာ သူသည် ကျင့်ကြံမှုအဆင့်အတန်းအရ အနှီသားရဲများထက် အလွှာနှစ်လွှာမျှ နိမ့်ကျနေသောကြောင့်ပင် ဖြစ်သည်။
တဖြည်းဖြည်း နီးကပ်လာသည့် သားရဲများကိုကြည့်ရင်း စုချန်း၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်ဟန် အရိပ်အယောင်တခု ပေါ်လာ၏။
သို့ဆိုလျင် သူ အနှီလေဟာနယ်ထဲမှာ ပင် အချည်းနှီး သေဆုံးရတော့မည်လား...
သူ့အနေနှင့် လေဟာနယ်ပျက်စီးခြင်းကြောင့် မသေလျှင် သားရဲမဟာဧကရာဇ်များ၏ သတ်ဖြတ်ခြင်းကို ခံရမည်မှာ သေချာနေခဲ့လေပြီ။
မဟုတ်ဘူး...
ငါ ဒီလောက် လွယ်လွယ်နဲ့ လက်မလျှော့နိုင်ဘူး...
စုချန်း အံကိုတင်းတင်းကြိတ်ရင်း နောက်ဆုံး နည်းလမ်းအနေနှင့် ဒဏ္ဍာရီလာအဆင့် ရုပ်သေးများ နှင့် ကမ္ဘာဖျက်ပိုးကောင်များကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်၏။
သို့သော် ထိုအချိန်မှာပင် ဧရာမ ဓားငါးကြီးတကောင်သည် ရှေ့သို့ အတင်းပြေးဝင်လာပြီး စုချန်းနားသို့ ချဉ်းကပ်လာ၏။ စုချန်း ဆီးကြိုတိုက်ခိုက်ရန်ဟန်ပြင်လိုက်ချိန်မှာပင် အဆိုပါ ထိုဓားငါးသည် သူ့ကိုဖြတ်ပြီး ရှေ့သို့ အားသွန်ခွန်စိုက် ပြေးသွား၏။
ဟင်...
ဘာဖြစ်နေတာလဲ...
ထွက်ပေါက်ဆီသို့ ဦးတည်ပြေးလွှားနေသည့် ဓားငါးကိုကြည့်ရင်း စုချန် အံ့အာံ့သြတကြီး ဖြစ်နေ၏။ သို့သော် ဓားငါးကဲ့သို့ပင် ကျန်သားရဲမဟာဧကရာဇ်များသည်လည်း အော်ဟစ်ကာ စုချန်းဘေးမှ ဖြတ်ပြေးသွားကြလေသည်။
ထိုအခါကျမှ ဘာဖြစ်နေမှန်း စုချန်း သဘောပေါက်လိုက်၏။
သားရဲမဟာဧကရာဇ်များသည်လည်း ၎င်းတို့ ပတ်ပတ်လည်ရှိ လေဟာနယ် ပျက်စီးနေသည်ကို ခံစားမိကြပြီး သေရေးရှင်ရေးအတွက် ထွက်ပြေးကုန်ကြပေပြီ။
“ဒီလိုလား”
စုချန်း တီးတိုးရေရွတ်လိုက်၏။
ထို့နောက် သူကိုယ်တိုင်လည်း ထွက်ပေါက်ဆီသို့ ဦးတည်လိုက်လေသည်။
ထိုအခိုက်မှာပင် ထူးခြားသော ခံစားချက်တခုကြောင့် စုချန်း ကောင်းကင်ကို မော့ကြည့်လိုက်၏။
ကောင်းကင်သည် ရုတ်တရက်ဆိုသလို ကွဲအက်သွားပြီး အပေါက်ကြီးတပေါက် စတင်ပေါ်ပေါက်လာနေခဲ့လေပြီ။
လေဟာနယ်ပျက်စီးခြင်း စတင်နေခဲ့ချေပြီတည်း။
ဤပျက်စီးမှုသည် ပို၍ ပို၍ လျင်မြန်စွာ ဖြစ်ပေါ်လာပေလိမ့်မည်။ အက်ကွဲကြောင်းများ ပေါ်လာသည်ကိုကြည့်လျင် လေဟာနယ်အနေနှင့် အချိန်အကြာကြီး မတည်ရှိနိုင်တော့ကြောင်း သိသာနေ၏။
ဤအတိုင်းဆိုလျင် စုချန်းတယောက် ထွက်ပေါက်သို့ မည်သည့်နည်းနှင့်မှ အချိန်မီမရောက်နိုင်တော့။
ထွက်ပေါက်တွင် ဖြစ်သည်။
ရေတပ်ကြီး ဆုတ်ခွာနေချိန်မှာပင် သားရဲမဟာဧကရာဇ်များ ရှေ့သို့ ကမူးရှုးထိုး ပြေးဝင်လာကြ၏။ သို့သော် တိုက်ခိုက်ရန် ပြေးလာကြခြင်းတော့မဟုတ်။ ထွက်ပြေးရန် ကြိုးစားကြခြင်းသာ ဖြစ်သည်။
မြင်ကွင်းကိုကြည့်ရင်း အခြေအနေကို သဘောပေါက်လိုက်သော လီကုန်းရှန်နှင့် ကျန်ခေါင်းဆောင်များက ချက်ချင်း အမိန့်ပေးလိုက်ကြ၏။
“တိုက်ခိုက်တာ ရပ်ပြီး ထွက်ကြတော့ အခုပဲ ဒီနေရာက ထွက်ကြတော့”
“အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပြီ လူတိုင်း ဆုတ်”
“ဆုတ်ဟေ့ ဆုတ်ကြ”
“ဝူး”
ခရုသင်းမှုတ်သံ ကျယ်လောင်စွာ ပျံ့လွင့်သွား၏။ ရေတပ်ကြီးလည်း တရွေ့ရွေ့ တပ်ဆုပ်စပြုလေပြီ။
ချောက်နက်၏ အပြင်ဘက်တွင် ကြီးမားသော လှိုင်းလုံးတလုံးပေါ်ပေါက်လာပြီး လူများစွာ လေထဲသို့ လွင့်စင်ကုန်ကြ၏။ တခါတရံတွင် သားရဲမဟာဧကရာဇ်တချို့လည်း ပါလာကြောင်း မြင်တွေ့နေရသည်။
ဝဲကယက်ကြီးသည် လေရှူထုတ်နေသော ဝေလငါးတကောင်ကဲ့သို့ လူအများအပြားကို အဆက်မပြတ် ထွေးထုတ်နေ၏။ အချိန်မီ အပြင်သို့ ထွက်ပြေးနိုင်ခဲ့သော သားရဲများသည်လည်း ရေတပ်ကို လှည့်၍ပင်မကြည့်တော့ပဲ အဝေးဆီသို့ တပျော်တပါးကြီး ထွက်သွားကြကုန်၏။
သို့သော် ကုချိန်းလွှာတယောက်ကတော့ ယခုတိုင် ချောက်နက်ထဲမှာပင် ရှိနေသေးပြီး စုချန်းကို စောင့်မျှော်နေရှာ၏။
“စုချန်း စုချန်း…… အမြန်ဆုံး ပြန်လာပါတော့”
သို့သော် စုချန်း၏ အရိပ်အယောင်ကိုမျှ မမြင်ရချေ။
ကောင်းကင်သည် ပြိုကွဲနေဆဲဖြစ်ပြီး ပင်လယ်ရေများ ကောင်းကင်သို့ လွင့်ပျံတက်နေ၏။
ထိုအခိုက်အတန့်မှာပင် လီကုံးရှန်တယောက် ကုချိန်းလွှာဆီသို့ ပျံသန်းလာရင်း ပြောလိုက်သည်။
"ချိန်းလွှာ အမြန် ထွက်သွားတော့ လေဟာနယ်ကြီး ပြိုကျတော့မှာ မင်း အခု မသွားရင် နောက်ကျသွားလိမ့်မယ်”
“ဒါပေမဲ့ စုချန် မလာသေးဘူး......”
“သူ့ကို စောင့်ဖို့ အချိန် မရှိတော့ဘူး”
လီကုံးရှန် မနေနိုင်တော့ပဲ အော်ဟစ်လိုက်မိ၏။
“မင်းသာ သူ့ကို ဒီမှာ ဆက်စောင့်နေရင် မင်းကိုယ်တိုင် အန္တရာယ်ကြုံရလိမ့်မယ်”
“မသွားဘူး ကျွန်မမသွားဘူး”
ကုချိန်းလွှာ မျက်စေ့စုံမှိတ်ကာ ထအော်လိုက်၏။
ထိုအချိန်မှာပင် ရှီကိုင်းဟွမ် ထိုနေရာသို့ ရောက်ရှ်ိလာပြန်သည်။
"စုချန်းက သိပ်ကိုသန်မာတယ် သူ ဒီလောက် လွယ်လွယ်နဲ့ မသေနိုင်ဘူး ဒါပေမဲ့ မင်း ဒီမှာ ဆက်နေမယ်ဆိုရင် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားလိမ့်မယ်"
“တကယ်လား”
ကုချိန်းလွှာက ရှီကိုင်းဟွမ်ကို စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။
ထိုအချိန်မှာပင် ရှီကိုင်းဟွမ်နှင့် လီကုံးရှန်တို့သည် တယောက်မျက်နှာကို တယောက်ကြည့်ရင်း ကုချိန်းလွှာကို ပြိုင်တူ ဖိအားပေးလိုက်ကြ၏။ အစွမ်းထက်သော မူလစွမ်းအင်လှိုင်းကြီး သူမ၏ လှုပ်ရှားမှုကို ရုတ်တရက် ကန့်သတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်က သူမကို ထွက်ပေါက်ဆီသို့ ပြိုင်တူတွန်းထုတ်လိုက်ကြလေသည်။
“မဟုတ်ဘူး”
ကုချိန်းလွှာ သူမ၏ သွေးဗီဇကို ဖော်ထုတ်ရင်း ခုခံရန် ဟန်ပြင်လိုက်သည်။
“ ဂိုဏ်းချုပ်ကတော် ကျေးဇူးပြုပြီး ထွက်သွားပါတော့”
လီကုံးရှန် အော်ဟစ်လိုက်၏။
“ဂိုဏ်းချုပ်ကတော် ကျေးဇူးပြုပြီး ထွက်သွားပါ”
ထိုအခါ အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များကလည်း စွမ်းအင်လှိုင်းကြီးတခုကို ဖော်ထုတ်ကာ ကုချိန်းလွှာကို တွန်းထုတ်လိုက်ကြပြန်သည်။
သူမသာ ပြန်လည်တိုက်ခိုက်ပါက လူတိုင်းထိခိုက်ဒဏ်ရာရကုန်မည်ကို စိတ်ပူရှာသော ကုချိန်းလွှာတယောက် မည်သို့မှမတတ်နိုင်တော့ပဲ ဝဲဂယက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ထို့နောက် လီကုံးရှန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။
“ကျန်တဲ့သူတွေ ထွက်ကြတော့”
ထိုအချိန်တွင် ချောက်နက်ထဲ၌ အချုပ်အနှောင်မဲ့ဂိုဏ်း၏ သစ္စာအရှိဆုံးသူများသာ ကျန်တော့၏။ သူတို့အနေနှင့်လည်း ထွက်သွားရန် အလျင်မလိုကြပေ။ တချို့က အောက်ပါအတိုင်းသာ ပြန်မေးလိုက်ကြ၏။
"ဒါဆို ဂိုဏ်းချုပ်ကို ဘယ်လိုလုပ်ကြမလဲ”
လီကုံးရှန် အံတချက် ကြိတ်လိုက်သည်။
“ဂိုဏ်းချုပ်က ဒီလိုအခြေအနေမျိုးကို အများကြီးကြုံဖူးတယ် သူ အဆင်ပြေမှာပါ အခုပဲ မင်းတို့ အားလုံး ထွက်သွားဖို့ ကျုပ် အမိန့်ပေးတယ်”
အားလုံး တွန့်ဆုတ်ဆုတ်ဖြစ်နေကြ၏။ ရှီကိုင်ဟွမ်က ထပ်မံအော်ဟစ်လိုက်ပြန်သည်။
"ဒီနေရာက အကုန် ထွက်ကြစမ်း”
ထိုအခါကျမှ အချုပ်အနှောင်မဲ့ဂိုဏ်း၏ တပည့်များ ဝဲဂယက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။
လီကုံးရှန်နှင့် ရှီကိုင်းဟွမ်တို့သည်လည်း အဝေးတနေရာကို စိုက်ကြည့်ရင်း ရေရွတ်လိုက်ကြ၏။
“စုချန်း မင်း အသက်ရှင်လျက် ပြန်လာရမယ်”
ထိုအချိန်တွင် စုချန်းကား အကြီးအကျယ် ဒုက္ခရောက်နေခဲ့လေပြီ။
လက်ရှိအခြေအနေအရ သူ မည်သို့မှ အဝေးကြီးသို့ မရောက်နိုင်တော့ချေ။
ကောင်းကင်သည် ဤအချိန်တွင် ပြဲနေသော အမိုးကဲ့သို့ အပေါက်များနှင့် ပြည့်နှက်နေ၏။ လေထုကား အလုံးစုံ ငြိမ်သက်လျက်ရှိသည်။
လေဟာနယ်၏ ယိုယွင်းပျက်စီးမှုကား ကြောက်မက်ဖွယ် မုန်တိုင်းတခုကို ဖြစ်ပေါ်စေခဲ့လေပြီ။
ဤအနေအထားတွင် ထွက်ပေါက်သ်ို့ မည်သည်နည်းနှင့်မျှ မရောက်နိုင်ကြောင်း စုချန်းအဖို့ သေချာသွားပြီ ဖြစ်သည်။
သူ့အခြေအနေကို သဘောပေါက်သွားသည်နှင့် စုချန်း စိတ်အေးသွား၏။ ထွက်ပြေးရန် မဖြစ်နိုင်ပါက သူ ရှင်သန်ရန် ကြိုးစားရပေတော့မည်။
သူ့ပတ်ပတ်လည်ရှိ လေဟာနယ် ပျက်စီးခြင်းသည် ကြောက်ဖွယ်ရာကောင်းလှပြီး သူ အသက်ရှင်သန်နိုင်ချေမှာ မရှိသလောက်ပင်။ သို့သော် မရှိသလောက်ဟူသောစကားက လုံးဝမရှိဟူသောစကားနှင့် မတူချေ။ ထို့ကြောင့် စုချန်းအတွက် မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေသေး၏။
ထိုခနမှာပင် စုချန်း၏ စိတ်ဝိညာဥ်သလင်းက အသက်ဝင်လာပြီး မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများစွာကို ဆက်တိုက်ဆိုသလို တွက်ချက်နေတော့၏။ နောက်ဆုံးတော့ အောင်မြင်နိုင်ချေ အများဆုံးအဖြေကို သူ သိရှိခဲ့ပေပြီ။
ထိုအခါ စုချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်၏။
“နောက်ဆုံးတော့ မင်းကိုပဲ မှီခိုရမယ်လို့ ငါ ထင်မထားဘူး"
စကားဆုံးသည်နှင့် သူ ပျိုးပင်ငယ်ကို ဆွဲထုတ်လိုက်၏။
ပျိုးပင် ပေါ်လာသည်နှင့် တပြိုင်နက် သူ့ပတ်ပတ်လည်ရှိ အက်ကွဲကြောင်းများ အတော်အသင့် တည်ငြိမ်သွားကြောင်း စုချန်း တွေ့လိုက်ရသည်။
နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းဟူသည် မရေမတွက်နိုင်သော အဖိုးတန် ပစ္စည်းများဖြင့် ပြုလုပ်ထားသော နတ်ဘုရား ကိရိယာတပါးပင် ဖြစ်၏။ သက်ရှိများ၏ ကြီးထွားမှုဖြစ်စဥ်ကို အရှိန်မြှင့်တင်ပေးနိုင်သည့်အပြင် ၎င်းကိုယ်တိုင်က လေဟာနယ်ဆိုင်ရာနတ်ဘုရားကိရိယာတပါးဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်လည်း လေဟာနယ်ပျက်စီးမှု စတင် တည်ငြိမ်လာခြင်းပေတည်း။
အကျိုးရှိလျင် အကြောင်းလည်းရှိရပေလိမ့်မည်။
နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းသည် လေဟာနယ် ပျက်စီးရခြင်း၏ အကြောင်းရင်းဖြစ်ပါက ၎င်းသည်ပင် တည်ငြိမ်မှု၏ ရင်းမြစ် ဖြစ်ရပေလိမ့်မည်။
သို့သော်...
ဖျက်ဆီးခြင်းဟူသည် တည်ဆောက်ခြင်းထက် အမြဲတစေ ပိုမို လွယ်ကူနေတတ်၏။ ထို့ကြောင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းသည် လေဟာနယ် ပြိုလဲရခြင်း၏ အကြောင်းရင်း ဖြစ်သော်လည်း လေဟာနယ်တခုလုံးကို ကိုယ်တိုင် ပြန်လည် တည်ဆောက်နိုင်သည်ဟုတော့ မဆိုလိုပေ။
အိမ်တလုံးမှ ထောက်တိုင်များကို ဆွဲထုတ်လိုက်ပါက အနှီအိမ် ပြိုလဲသွားပေလိမ့်မည်။ သို့သော် ထိုသို့ ပြိုလဲနေချိန်တွင် ထောက်တိုင်များကို ပြန်လည် ထည့်သွင်းလိုက်ရုံနှင့် အိမ်ကို အလုံးစုံပြန်လည်ကောင်းမွန်စေလိမ့်မည်မဟုတ်ချေ။ ထိုထောက်တိုင်များသည် အချိန်အနည်းငယ်မျှကိုသာ ဆွဲဆန့်ပေးနိုင်ပေလိမ့်မည်။
စုချန်း၏ အစီအစဥ်မှာလည်း လေဟာနယ်တခုလုံးကို ပြန်လည်တည်ဆောက်ရန် မဟုတ်။ နကရှိုင်းပင်လယ်ဝမ်းနည်းခြင်းကိုသုံး၍ သူ့ကိုယ်သူ ကာကွယ်နိုင်မည့် အခန်းတခန်းမျှ ဖန်တီးရန်သာ ဖြစ်သည်။
ပျိုးပင်ငယ် စတင် ကြီးထွားလာသည်နှင့် တပြိုင်နက် ၎င်း၏ အရွက်များမှ ရေများ ပြန်လည်စီးကျလာ၏။ ထို့နောက် အဆိုပါရေများသည် သစ်ပင်ကြီးကို ဖဲကြိုးများသဖွယ် လှည့်ပတ်ပြီး သီးခြားလေဟာနယ်တခုကို စတင်ဖွဲ့စည်းလျက်ရှိသည်။ နောက်ထပ်စက္ကန့်တချို့အကြာတွင်တော့ စုချန်း၏ ခြေထောက်အောက်တွင် ကျွန်းငယ်တကျွန်း စတင်ဖြစ်တည်လျက် ရှိချေပြီတည်း။
နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းသည် အစွမ်းထက်လှပေရာ သီးခြားလေဟာနယ်တခု တည်ဆောက်ရန်မှာ မည်သည့်အခက်အခဲမှ မရှိချေ။ သို့သော် ကံမကောင်းသည်မှာ စုချန်းတွင် အသေးစိတ်ဆန်သော လေဟာနယ်တခု တည်ဆောက်ရန် အချိန်ရှိမနေခြင်းပင်။ ထို့ကြောင့် သူ့အနေနှင့် အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများကို လေဟာနယ်အတွင်း ထည့်သွင်းရန်သာ လုပ်ဆောင်နိုင်ရှာ၏။
စိတ်ချရသော သီးခြားလေဟာနယ်တခု ဖန်တီးပြီးချိန်မှာပင် အက်ကွဲသံတသံကို စုချန်း ရုတ်တရက် ကြားလိုက်ရသည်။ သူ ကြိုးစားတည်ဆောက်၍မှ မပြီးသေး သူ့ကျွန်းသည် ထပ်မံ အက်ကွဲသွားခဲ့ပြန်လေပြီ။
စုချန်း အတော်လေး တုန်လှုပ်သွားသည်မှာ အမှန်ပင်။
ထိုအချိန်မှာပင် သူ့ပိုင်ကျွန်းထဲသို့ သားရဲမဟာဧကရာဇ်တကောင် ချည်းနင်းဝင်ရောက်လာသည်ကို စုချန်း မြင်လိုက်ရလေသည်။