လေဟာနယ် (၁)
Vol. 99 Ch. 982
စုချန်၏ ကျွန်းပေါ်သို့ အတင်း ဝင်ရောက်ရန် ကြိုးစားနေသည့် သားရဲမဟာဧကရာဇ်မှာ ပင်လယ်မြင်းတကောင်ပင် ဖြစ်သည်။
လေဟာနယ် ပင်လယ်မြင်းဟူသည် ရှားပါးမျိုးစိတ် ပင်လယ်သားရဲတမျိုးဖြစ်ပြီး မွေးဖွားချိန်တွင် ရေထဲ၌ မွေးဖွားကြ၏။ ထို့နောက် ၎င်းတို့သည် သက်လတ်ပိုင်းအရွယ်အများစုကို ကောင်းကင်ယံတွင် ကုန်ဆုံးကြပြီး အသက်ကြီးပိုင်းသို့ရောက်ချိန်တွင် ကုန်းပေါ်သို့ ပြန်လည်ဆင်းသက်လာကြ၏။
သို့သော် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကြောင့် အနှီလေဟာနယ်ပင်လယ်မြင်းကား ၎င်း၏ ပုံမှန် နေထိုင်မှုဓလေ့စရိုက်ကို ချိုးဖောက်ကာ ပင်လယ်ထဲတွင်သာ နေထိုင်ခဲ့ရပုံပေါ်သည်။
လေဟာနယ်ပင်လယ်မြင်းတို့ဟူသည် လေဟာနယ်ကို သိမြင်နိုင်သည့် မွေးရာပါ စွမ်းရည်ကို ပိုင်ဆိုင်ထားကြ၏။ ထို့ကြောင့်လည်း ပျက်စီးနေသော လေဟာနယ်အတွင်းရှိ အတည်ငြိမ်ဆုံးသောနေရာကို လေဟာနယ် ပင်လယ်မြင်း သိမြင်ခဲ့ပုံပေါ်သည်။ ထို့ကြောင့်လည်း စုချန်းပိုင် ကျွန်းထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားနေခြင်းပင်။
ကံကောင်းသည်မှာ ပင်လယ်မြင်း ကျွန်းပေါ်ရောက်သည်နှင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း၏အစွမ်းကြောင့် နံရံပေါ်ရှိအက်ကွဲကြောင်းက ပြန်လည်တည်ငြိမ်သွားခြင်းပင်။ ထိုအခါကျမှ ပင်လယ်မြင်းသက်ပြင်းချရင်း မြေကြီးပေါ် ပစ်လဲလိုက်လေသည်။
ထိုအချိန်မှာပင် တစုံတရာကို အာရုံခံမိဟန်ဖြင့် ပင်လယ်မြင်း ခေါင်းမော့ကြည့်လိုက်သည်။ စုချန်းတယောက် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြောင်း လေဟာနယ်မြင်း မြင်လိုက်ရ၏။
ပင်လယ်မြင်းသည် ချက်ချင်း မာန်ဖီလိုက်သည်။
သို့သော် စုချန်း ဘေးနားမှ ရုပ်သေးများ နှင့် ကမ္ဘာဖျက်ပိုးကောင်များကို သတိပြုမိသွားဟန်ဖြင့် ပင်လယ်မြင်း ထိတ်လန့်သွား၏။
စုချန်း အေးစက်စက်အသံဖြင့် ရယ်မောလိုက်သည်။ သားရဲမဟာဧကရာဇ်တကောင်တည်းကိုတော့ သူ မကြောက်ရေးချမကြောက်ချေ။
သို့သော် ပင်လယ်မြင်း၏လုပ်ရပ်ကြောင့် စုချန်း အံ့အားသင့်သွား၏။
အကြောင်းမှာ ပင်လယ်မြင်းသည် စုချန်း နောက်မှ နံရံကို ကြည့်ပြီး ဓားဖြင့် ခုတ်ဖြတ်ဟန် လုပ်ပြလိုက်သောကြောင့်ပင်။
ပင်လယ်မြင်းကား စုချန်းကို ခြိမ်းခြောက်နေခြင်းပေတကား။
ငါ မင်းကို နိုင်ချင်မှနိုင်မယ် ဒါပေမဲ့ တိုက်ခိုက်မှုရဲ့ အကျိုးဆက်ကတော့ သိတဲ့အတိုင်းပဲ…… ဟဲဟဲ...
“ထွီ ငါ သားရဲတစ်ကောင် ခြိမ်းခြောက်တာကို ခံနေရတယ်ဆိုပါကလား မယုံနိုင်စရာပဲ”
စုချန်း ကျိန်ဆဲလိုက်၏။
သို့သော် သူ ဘာမှမတတ်နိုင်ချေ။
ကျွန်းသည် ဤအတိုင်းအတာခန့်သာ ကျယ်ဝန်း၏။ သူတို့ နှစ်ဦးသာ တကယ်တမ်း တိုက်ပွဲဖြစ်ပါက ကျွန်းတကျွန်းလုံး ပျက်စီးသွားဖွယ်ရာ ရှိနေ၏။
ထို့ကြောင့် လက်ရှိအခြေအနေအရ ငြိမ်းချမ်းရေးသည်သာ အကောင်းဆုံး ရွေးချယ်ရာ ဖြစ်သည်။
“ကောင်းပြီ မင်း အဲဒီမှာ နေ ငါ ဒီမှာ နေမယ်”
စုချန်း သူ့လက်ဖြင့် မျဉ်းကြောင်း ဆွဲကာ ကျွန်းကို ပိုင်းခြားလိုက်၏။
ပင်လယ်မြင်းကိုယ်တိုင်လည်း မိုက်မဲသူ မဟုတ်လေရာ ခေါင်းတချက်ညိတ်ပြီး လှဲအိပ်လိုက်၏။ ထင်ရှားသည်မှာ ၎င်းအနေနှင့် စုချန်း၏ ချုံခို တိုက်ခိုက်မှုကို အနည်းငယ်မှ ကြောက်ရွံ့ဟန်မရှိပုံပင်။
ဤအခိုက်အတန့်ဝယ် ကျွန်းအပေါ်ဘက် ကောင်းကင်ကား လုံးဝ ကွဲအက်နေခဲ့လေပြီ။
ဤဧရိယာတဝန်းလုံးရှ်ိ ရေအားလုံးသည် ကောင်းကင်သို့ စုပ်ယူခံနေရပြီး ဘယ်ကိုဦးတည်နေမှန်းမသိသည့် လမ်းကြောင်းဆီသို့ ဦးတည်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ ကျန်သည့် သက်ရှိအားလုံး သေဆုံးသွားကြလေပြီ။
နှစ်နာရီအကြာတွင်တော့ လေဟာနယ် တခုလုံး လုံးဝ ရှင်းလင်းသွား၏။ စုချန်း၏ကျွန်းသည်သာ လုံးဝ မပျက်စီးပဲ ကျန်ရစ်နေလေသည်။
ကျွန်းသည် လေဟာနယ်ထဲတွင် ပေါ်လော ပေါ်လော မျောပါနေ၏။ စမ်းချောင်းတချောင်းသည် ကျွန်းကိုပတ်ကာ အကြိမ်ကြိမ်အဖန်ဖန် လည်ပတ်နေလေသည်။ ဤကျွန်းနှင့် ဤစမ်းချောင်းသည်ပင် လေဟာနယ်အတွင်းရှိ တခုတည်းသော လှုပ်ရှားမှုဖြစ်သည်။
စုချန်းနှင့် ပင်လယ်မြင်းတို့သည် ကျွန်းပေါ်တွင် ထိုင်လျက် အချင်းချင်း အပြန်အလှန် စိုက်ကြည့်နေကြ၏။
အတန်ကြာသော် စုချန်းက ရုတ်တရက် ရယ်မောလိုက်လေသည်။
“ကောင်းပြီလေ ငါတို့ ဒီမှာ ခနတဖြုတ်တော့ နေရတော့မယ် မင်း အဲဒီအတွက် ပြင်ဆင်ထားပြီးပြီလား”
ပင်လယ်မြင်း နှာမှုတ်သံပြုလိုက်၏။ သို့သော် ၎င်း ဘာပြောချင်နေသည်ကို စုချန်း နားမလည်ချေ။
“အင်း ငါ့ရဲ့ တဦးတည်းသော အဖော်က စကားတောင်မပြောတတ်တဲ့ ကောင်လေး ဖြစ်နေပါလား”
စုချန်း အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်၏။
“ဟေ့ ကောင်လေး မင်း ဘာကို ဆိုလိုတာလဲ မင်း ငါ့ကို မေ့နေပြီလား”
ထိုအချိန်မှာပင် ဒိုင်အိုမီဒီးစ် ရုတ်တရက်ပေါ်လာပြီး ပြောလိုက်၏။
သို့သော် စုချန်းက အောက်ပါအတိုင်း ပြန်ပြောလိုက်လေသည်။
“သူကမှ အနည်းဆုံးတော့ အသက်ရှိနေသေးတယ် ဒါပေမဲ့ ခင်ဗျားကတော့ ပါးစပ်ပါတဲ့ ဝိညာဉ်တကောင်ထက် မပိုဘူး”
ဒိုင်အိုမီဒီးစ် ဒေါသထွက်သွားလေသည်။
“ပါးစပ်ပိတ်ထားစမ်း ဝိညာဥ်မျိုးစိတ်ဝင်တွေဟာ ဝိညာဉ်တွေ မဟုတ်ဘူးကွ”
“တကယ်တော့ ဘာမှ ကြီးကြီးမားမား မကွာခြားပါဘူးဗျာ"
ဒိုင်အိုမီဒီးစ် ရယ်မောလိုက်သည်။
“ကောင်လေး ငါ့က အကျဉ်းကျနေတာ နှစ်ပေါင်းနှစ်သောင်းကြာသွားပြီ ခုလဲ ငါ့အတွက်တော့ မထူးဘူး ငါ အကျဉ်းကျတဲ့ နေရာပြောင်းသွားရုံပဲ ရှိတာ ဒါပေမဲ့ အခြေအနေကို မထိန်းချုပ်နိုင်တဲ့ မင်းအတွက်ကတော့......”
ထိုအချိန်မှာပင် စုချန်းက မူလလက်စွပ် ထဲမှ အစားအသောက်ပုံကြီးကို ဆွဲထုတ်လိုက်၏။ ၎င်းကိုမြင်သည်နှင့် ဒိုင်အိုမီဒီးစ်၏ ပါးစပ် တခါတည်းပိတ်သွားလေသည်။
ထို့နောက် ဒိုင်အိုမီဒီးစ် အထစ်ထစ်အအနှင့် ပြောလိုက်၏။
“မင်း…… မင်း…… ဘာလို့ အစားအသောက် ဒီလောက် အများကြီး ယူလာရတာလဲ”
“ဒီလို အတွေ့အကြုံ ရှိထားဖူးလို့ပေါ့ဗျာ ဒါကြောင့် ဒီတခါ ကျုပ် သေသေချာချာ ပြင်ဆင်လာတယ်”
စုချန်း ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။
သူသည် ယခင်က အဆိပ်တစ်သောင်း တောင်တွင် ပိတ်မိနေခဲ့ဖူးလေရာ မူလလက်စွပ်ထဲရှိ အစားအစာနှင့် ရေကိုသာ အမှီပြု၍ အသက်ရှင်ခဲ့ရ၏။
ထိုအချိန်မှစ၍ ဤအခြေအနေမျိုး ထပ်ကြုံရမည်ကို စုချန်း အကြီးအကျယ် ကြောက်ရွံ့သွားခဲ့လေပြီ။
ထို့ကြောင့် ဤတကြိမ်တွင်တော့ အစားအသောက်အများအပြားကို ကြိုတင်ယူဆောင်လာခဲ့၏။ အံ့ဩစရာကောင်းသည်မှာကား ဤအခြေအနေမျိုးကို စုချန်း နောက်တကြိမ် ထပ်မံကြုံတွေ့လိုက်ရခြင်းပင်။
ဒီကောင်လေး……အတော်ကိုထူးဆန်းတယ် ဘယ်လိုအတွေးနဲ့များ အစားအသောက် ဒီလောက်အများကြီးကို ယူလာသလဲမသိဘူး ဒီကောင်လေးယူလာတဲ့အစားအသောက်က အနည်းဆုံး ၇နှစ်လောက် ထိုင်စားလို့ရတယ်...
ဒိုင်အိုမီဒီးစ် တကယ်ကြီး အံ့သြနေ၏။
“အော် ဒီတော့ မင်းက ဒီမှာ ခနတဖြုတ်နေဖို့ ပြင်ဆင်ထားပြီးသားပေါ့လေ ဒီအတောအတွင်း မင်းရဲ့ မိန်းမက မင်းကို ကယ်တင်မဲ့ နည်းလမ်း ရှာတွေ့ဖို့ပဲ မျှော်လင့်ရမှာပေါ့ ဒါပေမဲ့ ဒီလိုလေဟာနယ်ကနေ တယောက်ယောက်ကို ကယ်တင်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး ပြီးတော့ လေဟာနယ်ဆိုင်ရာ နိယာမတွေကိုလဲ အတော်အသင့် နားလည်ထားဖို့ လိုတယ်”
ပြောရင်းနှင့် ဒိုင်အိုမီဒီးစ် ရယ်မောလိုက်သည်။
“ဒါကြောင့်ပဲ ကျုပ်အနေနဲ့ သူတို့အပေါ် ရာနှုန်းပြည့်အားကိုးဖို့ အစီအစဥ်မရှိတာပေါ့ဗျာ”
စုချန်း အစားအစာများကို သိမ်းဆည်းပြီး မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူက ကျွန်း၏ နယ်နိမိတ်အစပ်သို့ လျှောက်သွားပြီး စတင် စစ်ဆေးလိုက်လေသည်။
“ဒါက…… အာကင်နာမျက်လုံးလား”
ဒိုင်အိုမီဒီးစ်ကား အတော်လေး အမြင်စူးရှဟန်တူသည်။ စုချန်း ဘာလုပ်နေမှန်း ချက်ချင်းပင် သိရှိသွား၏။
သို့သော် တခနအကြာမှာပင် သူက ခေါင်းယမ်းပြီး ပြောလိုက်ပြန်သည်။
“မင်း ဒါကို ဘယ်လိုရခဲ့သလဲဆိုတာတော့ ငါ မသိဘူး ဒါပေမဲ့ လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအား ဆိုတာ အာကင်နာမျက်လုံးက မင်းကို ပေးနိုင်တဲ့ အရာ မဟုတ်ဘူး”
စုချန်း ပြန်ဖြေလိုက်သည်။
“ကျုပ်ကိုယ်တိုင်က လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားကို အတော်အသင့် နားလည်ထားပြီးသားဆိုရင်ကော”
“ဘာ”
ဒိုင်အိုမီဒီးစ် တုန်လှုပ်သွား၏။
“ဒါ မဖြစ်နိုင်ဘူး မင်း ဒီလောက်တော့ အားမကောင်းသေးဘူး......”
သူ စကား မဆုံးသေးမီမှာပင် စုချန်း ကျွန်းအပြင်ဘက်သို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက်တွင်တော့ ထိတ်လန့်စရာ မြင်ကွင်းတခု ထွက်ပေါ်လာ၏။
ကျွန်း၏ အကာအကွယ်သည် ခိုင်မာသင့်၏။ စုချန်းသာ သူ၏ လက်ကို ကျွန်းအပြင်ဘက်သို့ ဆန့်ထုတ်လိုက်ပါက အကာအကွယ်၏ တစ်စိတ်တစ်ပိုင်းကိုတော့ ဖျက်ဆီးမှရပေလိမ့်မည်။
သို့သော် စုချန်း၏ လက်သည် ဒြပ်ထုမရှိသည့်ပမာ ကျွန်းနယ်နိမိတ်ကို ကျော်လွန်၍ အပြင်သို့ ရောက်သွား၏။
ထိုအချိန်မှာပင် လေဟာနယ်၏ ထူးဆန်းသောစွမ်းအင်စီးဆင်းမှုကြောင့် စုချန်း၏လက်သည် လျင်မြန်စွာ ညှိုးနွမ်းမဲချောက်သွား၏။
စုချန်း သူ့လက်ကို ချက်ချင်းပြန်ရုပ်လိုက်ပြီး ကျန်လက်တဖက်ကို ထိုလက်ကို ဖြတ်ခနဲ ပုတ်ချလိုက်သည်။ ထိုအခါ အက်ကွဲသံတချက်ပေါ်လာပြီး သူ့ညာလက်သည် လက်ကောက်ဝတ်မှနေ၍ မြေကြီးပေါ် ပြုတ်ကျသွား၏။
ဤကား လေဟာနယ်၏ ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းပေတည်း။ မည်သည့် သက်ရှိ သတ္တဝါမဆို လေဟာနယ်၏ ဆွဲဖြဲအားအောက်တွင် ပျက်စီးသွားရပေလိမ့်မည်။ ကျောက်တုံးကဲ့သို့ သက်မဲ့ အစိတ်အပိုင်းများသာ ကျန်ရှိနေပေလိမ့်မည်။
အပြင်ဘက် လေဟာနယ်တွင်ကား ကြီးမားသော ကျောက်တုံးများနှင့် တခြားအရာဝတ္ထုများစွာသည် ပန်းတိုင်မဲ့စွာ မျောပါနေကြ၏။ ထိုအရာများကား အပြင်ဘက် လေဟာနယ်၏ တမျိုးတည်းသော အရာဝတ္ထုများပင် ဖြစ်သည်။ ၎င်းတို့သည် မူလက ပင်လယ်ရေ၊ ပင်လယ်သားရဲများ သို့မဟုတ် တခြားသက်ရှိများ ဖြစ်နိုင်သော်လည်း လေဟာနယ်ပျက်စီးသွားပြီးနောက် ကျောက်တုံးများအဖြစ် ပြောင်းလဲသွားကြရှာလေပြီ။
စုချန်းအနေနှင့် လက်တဖက် ဆုံးရှုံးခဲ့ရသည့်တိုင် အနည်းငယ်မျှ ဂရုမစိုက်ချေ။ သူ၏ ခွန်အားအဆင့်အတန်းအရ ဆုံးရှုံးသွားသော ကိုယ်လက်အင်္ဂါများကို ပြန်လည်ပေါ်ပေါက်စေနိုင်သည့် အစွမ်းမျိုး ပိုင်ဆိုင်ထားပြီ မဟုတ်ပါလား။
သို့သော် လေဟာနယ်ဆိုင်ရာ အားလှိုင်းတချို့က စုချန်း၏ လက်ကောက်ဝတ်တွင် ကျန်ရစ်နေဆဲဖြစ်၍ သူ့လက် ပြန်ပေါက်လာခြင်းမရှိတော့ချေ။
ထိုလေဟာနယ်ဆိုင်ရာအားလှိုင်းသည်ပင် စုချန်း ရှာဖွေနေသည့်အရာ ဖြစ်သည်။
သူသည် သူ့လက်ကောက်ဝတ်ကို စိုက်ကြည့်နေ၏။
သဘာဝစွမ်းအားဟူသည် လေ့လာတွေ့ရှိရသည့် အရာမဟုတ်ပဲ ခံစားသိရှိရသည့် အရာဖြစ်၏။
စုချန်း၏ ပရမတ်မျက်လုံးသည် သဘာဝစွမ်းအားကို ရုပ်ပိုင်းဆိုင်ရာအရ မြင်နိုင်စွမ်းမရှိချေ။ သို့သော် ၎င်းသည် သဘာဝစွမ်းအား၏ ပတ်ဝန်းကျင် အရာဝတ္ထုများအပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှုများကိုတော့ မြင်နိုင်စွမ်းရှိနေ၏။ ဤနည်းအားဖြင့် စုချန်းသည် သဘာဝစွမ်းအား၏ တည်ရှိမှုကို နားလည်လာနိုင်ပေလိမ့်မည်။
ထို့နောက်တွင်တော့ စုချန်းသည် ထိုနေရာတာမှာပင် ငြိမ်သက်စွာထိုင်နေရင်း သူ၏လက်ကို ခွဲခြမ်းစိတ်ဖြာနေ၏။
စုချန်း၏ လုပ်ရပ်က်ိုမြင်သည်နှင့် ဒိုင်အိုမီဒီးစ် ချက်ချင်းနားလည်သွား၏။
“မင်းရဲ့ ကိုယ်ခန္ဓာကို အသုံးပြုပြီး သဘာဝစွမ်းအားကို သိမြင်ဖို့ကြိုးစားတယ် ပြီးတော့ လေဟာနယ်နဲ့ အပြန်အလှန် ဆက်သွယ်ဖို့ ကြိုးစားမယ်ပေါ့ ဟုတ်လား......ကြည့်ရသလောက် မင်းမှာ လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားနဲ့ပတ်သက်ပြီး နားလည်မှု တချို့တော့ ရှိနေပြီ ဒါပေမဲ့…… ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ မင်းက အသက်ငယ်လွန်းသေးတယ်"
ဒိုင်အိုမီဒီးစ်ကား စုချန်းကိုကြည့်ရင်း မည်သို့မှ နားမလည်နိုင်ပဲဖြစ်နေ၏။
သို့သော် စုချန်းအနေနှင့် ဒိုင်အိုမီဒီးစ်ကို အရေးစိုက်နေရန် အချိန်မရှိ။
သူ့အနေနှင့် သူ့လက်ကောက်ဝတ်မှ လေဟာနယ်ဆိုင်ရာစွမ်းအားအရိပ်အယောင်များကို လေ့လာရန် အထူးပင် အရေးကြီးနေသည်မဟုတ်ပါလား။
ဤအရာသည် စစ်မှန်သော လေဟာနယ်ဆိုင်ရာ စွမ်းအား ဖြစ်ပြီး မည်သည့် သက်ရှိသတ္တဝါကိုမဆို ဖျက်ဆီးပစ်နိုင်လောက်အောင် အားကောင်း၏။ သို့သော် လေဟာနယ်စွမ်းအားဟူသည် ပုံမှန် အခြေအနေအောက်တွင် တည်ရှိခြင်း မရှိချေ။ စုချန်းကိုယ်တိုင်က သူ့လက်ကို စတေးလိုက်မှသာ လေဟာနယ်စွမ်းအားကို ရရှိနိုင်ခဲ့ခြင်းမဟုတ်ပါလား။
မည်သို့ဆိုစေ စုချန်း၏ လက်ကောက်ဝတ်မှ လေဟာနယ်စွမ်းအားလှိုင်းသည် တည်ငြိမ်မှုမရှိပဲ လှိုင်းထန်နေ၏။ ထို့နောက် ၎င်းသည် စုချန်း၏ ဒဏ်ရာကို တိုက်စားနေသလို တချိန်တည်းမှာပင် သူ့ကိုယ်သူလည်း ပြန်လည်စားသုံးလျက်ရှိသည်။
သိပ်မကြာမီ စုချန်း၏ လက်ကောက်ဝတ်ရှိ လေဟာနယ်သဘာဝစွမ်းအားလှိုင်း ပျောက်ကွယ်သွား၏။ ထို့နောက် စုချန်၏ သိမြင်မှု မှာလည်း အဆုံးသတ်သွားတော့သည်။
လေဟာနယ်ဆိုင်ရာ စွမ်းအား ပျောက်ကွယ်သွားသည်နှင့် စုချန်း၏ လက်သည်လည်း တဖန် ပြန်လည်ကြီးထွားလာ၏။ ထို့နောက် ပြီးပြည့်စုံသော လက်တချောင်းအဖြစ် ပြန်လည် ပုံပေါ်လာလေသည်။
ထိုအခါ စုချန်းသည် သူ့လက်ကို လေဟာနယ်အတွင်း နောက်တကြိမ် ဆန့်ထုတ်ပြီး လေဟာနယ်ဆိုင်ရာ စွမ်းအားက သူ့လက်ထဲရှိ အသက်စွမ်းအားကို ဖျက်ဆီးပစ်ရာမှ ပေါ်ပေါက်လာသည့်နာကျင်မှုကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပြန်၏။
တဖန် သူက လက်ကို ပြန်ရုပ်ပြီးနောက် လေဟာနယ်ဆိုင်ရာစွမ်းအား သူ့လက်အား စားသုံးနေသည်ကို သူ ခံစားကြည့်ပြန်သည်။
စုချန်းကား ဤပုံစံအတိုင်း ထပ်ခါတလည်းလည်း ပြန်လည်ပြုလုပ်ပြီး လေဟာနယ်ဆိုင်ရာ စွမ်းအားကို ခံစားကြည့်ရန် ကြိုးစားနေ၏။ ထိုအခါ သူ့လက်သည် အကြိမ်ကြိမ် ဖျက်ဆီးခံရပြီး အကြိမ်ကြိမ် ပြန်လည်ပေါက်ဖွားလာနေတော့သည်။
ကျွန်းပေါ်တွင် နေ့ညဟူ၍ မရှိလေရာ အချိန်မည်မျှ ကုန်သွားသည်ကို ပြောဖို့ရန် ခက်လှ၏။ ဤကျွန်းပေါ်တွင် ငုတ်တုတ်ထိုင်နေရုံမှအပ တခြားလုပ်စရာ ဘာမှ မရှိပေ။ ဤအနေအထားတွင် လူအများစုအဖို့ အထီးကျန်မှုကြောင့် ရူးသွပ်ကောင်းရူးသွပ်သွားနိုင်၏။ သို့သော် စုချန်းကား သူ၏ သုတေသနထဲတွင် နစ်မြုပ်နေလေသည်။
တဖက်တွင် ဒိုင်အိုမီဒီးစ်သည် အလွန် ပျင်းရိလှ၍ လေဟာနယ်ပင်လယ်မြင်းကို စကားပြောသင်ပေးရင်း ပျင်းရိခြင်းကို ဖြေဖျောက်နေရရှာသည်။ အချိန်အတော်ကြာသွားသည့်နောက်တွင် ဒိုင်အိုမီဒီးစ်၏ကြိုးပမ်းမှုက အရာထင်လာပုံရ၏။ အကြောင်းမှာ လေဟာနယ် ပင်လယ်မြင်း စတင်စကားပြောဆိုလာသောကြောင့်ပင်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေ၏။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို မည်သူမျှ မသိနိုင်ချေ။ သို့သော် သုံးဦးသားအဖို့မူကား ဘဝတခုစာမျှ အချိန် ကုန်ဆုံးသွားသကဲ့သို့ ခံစားနေရလေသည်။
ဤအတောအတွင်းတွင် စုချန်း၏ လေဟာနယ်အပေါ် နားလည်နိုင်စွမ်းကလည်း ပို၍ပို၍ တိုးတက်လာခဲ့ပေပြီ။
အချိန်တချို့ ထပ်မံကုန်ဆုံးသွား၏။
နောက်ဆုံးတော့ စုချန်း လက်တချောင်းလုံးကို လေဟာနယ်ထဲသို့ ဆန့်ထုတ်နိုင်ခဲ့လေသည်။