← Chapters

လေဟာနယ် ၃

Vol. 99 Ch. 984

လေဟာနယ် ၃

Vol. 99 Ch. 984

ယခင်က လေဟာနယ်ကြယ်သတ္တုများ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို မည်သူမှ မသိခဲ့ကြပေ။ သို့သော် ဤမေးခွန်း၏ အဖြေကို ယခုတော့ စုချန်းတယောက် သိရှိသွားလေပြီ။

လေဟာနယ်ကြယ်သတ္တုများသည် အစွမ်းထက်သက်ရှိတဦး လေဟာနယ်ကြောင့် သေဆုံးပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်ပုံရနေ၏။

ဤသတ္တုအဖြစ်သို့ ပြောင်းလဲသွားရန် ထိုသက်ရှိ မည်မျှ အားကောင်းရန် လိုအပ်မှန်းတော့ စုချန် မသိချေ။ သို့သော် သက်ရှိတိုင်း ဤထူးခြားသော သတ္တုအဖြစ်သို့ မပြောင်းလဲနိုင်ဟုတော့ သူ အခိုင်အမာ ယူဆထား၏။

ကြည့်ရသည်မှာ အစွမ်းထက်သက်ရှိတဦး၏ သွေးအဆီအနှစ်နှင့် လေဟာနယ်၏ အားကောင်းလှသော စွမ်းအားများအကြား ရောနှောပေါင်းစပ်မှုကြောင့် ဤသတ္တုများ ပေါ်ပေါက်လာခြင်း ဖြစ်ပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း ဤသတ္တုတွင် လေဟာနယ်စွမ်းအားများ ပါဝင်နေခြင်းပင်။

ဓားငါးမန်း၏ လေဟာနယ် ကြယ်သတ္တုကို စုပ်ယူပြီးနောက် အလင်းမဲ့ဓား၏ မျက်နှာပြင်တွင် လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားများ ကိန်းဝပ်နေကြောင်း စုချန်း ခံစားမိနေ၏။

သို့သော် အဆိုပါလေဟာနယ် စွမ်းအားသည် ပုံသဏ္ဌာန်အဖြစ် ဖြစ်တည်လာခြင်းမရှိသေးချေ။ ထိုအတွက် တစုံတရာသောစွမ်းအင်ကို ဖော်ထုတ်ရန် စုချန်း၏ ဆန္ဒဖြင့် အမိန့်ပေးရန် လိုအပ်နေသေး၏။

ကံကောင်းသည်မှာ စုချန်း၏ လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားအပေါ် နားလည်နိုင်စွမ်းကလည်း အမြင့်ဆုံးနီးပါးသို့တိုင် ရောက်ရှိနေခဲ့လေပြီ။ ထို့ကြောင့် လေဟာနယ်စွမ်းအင် စီးဆင်းမှုကို ထိန်းချုပ်ရန်မှာ သူ့အတွက် မည်သည့်ပြဿနာမှ မရှိပေ။

ထို့နောက် စုချန်းက ခေတ္တ စဉ်းစားပြီး လေဟာနယ်စွမ်းအားကို ဓား၏အသွားတွင် စုစည်းရန် ကြိုးစားလိုက်၏။ ဓားသွားတွင် စွမ်းအားများ ကိန်းဝပ်လာစေရန် သူ ကြိုးပမ်းနိုင်ခဲ့လျင် အလွန်အစွမ်းထက်သော တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။

သိပ်မကြာမှီ စုချန်း၏ ထိန်းချုပ်မှုအောက်တွင် လေဟာနယ်စွမ်းအားများ တဖြည်းဖြည်း စုစည်းစပြုလာ၏။

စွမ်းအားကို လုံလောက်အောင် စုစည်းပြီးသည်နှင့် စုချန်းက အလင်းမဲ့ဓားကို လွှဲခုတ်လိုက်တော့သည်။

ထိုအခါ ဓားသွားထံမှ မမြင်ရသည့် လေဟာနယ်ဆိုင်ရာ စွမ်းအားကြီး ထွက်ပေါ်လာပြီး ရှေ့တည့်တည့်မှ လေဟာနယ်ကြီးကိုပင် လှိုင်းထန်သွားစေ၏။ စွမ်းအားကား ဓားသွား၏ လမ်းကြောင်းရှိ မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေခဲ့လေပြီ။ တပြိုင်နက်တည်းမှာပင် ထူးခြားသောစွမ်းရည်သစ်နှင့် အလင်းမဲ့ဓားသည်လည်း နတ်ဘုရား ကိရိယာအဆင့်သို့ ရောက်ရှိရန် တဖြည်းဖြည်း နီးစပ်လာခဲ့လေပြီ။

သို့သော် အစွမ်းထက်သော နတ်ဘုရား ကိရိယာတမျိုးတွင် စွမ်းရည်သုံးလေးမျိုးခန့် ရှိတတ်၏။ ထို့ကြောင့် လေဟာနယ်ဓားသွားတခုတည်းနှင့် အလင်းမဲ့ဓားကို နတ်ဘုရားအဆင့်ဟု သတ်မှတ်၍မရ။ တဖက်တွင်လည်း စုချန်းတွင် ဘက်စုံသုံး နတ်ဘုရား ကိရိယာတမျိုးဖန်တီးရန် အခြေအနေ မပေးတော့ချေ။

သို့သော် နတ်ဘုရား ကိရိယာတိုင်းသည် မူလစွမ်းရည်များစွာကို ပေါင်းစပ်ထည့်သွင်းပေးရန် မလိုအပ်ပေ။ စွမ်းအား မျိုးတည်းသာ ရှိသော်လည်း အလွန်အမင်း ဖျက်ဆီးနိုင်သော အခြေအနေတွင် ရှိပါက ၎င်းကို နတ်ဘုရား ကိရိယာအဖြစ် သတ်မှတ်နိုင်၏။

ထိုအခါ စုချန်းလည်း နောက်ထပ် လေဟာနယ်ကြယ်သတ္တုများ တွေ့နိုးနိုးနှင့် လိုက်လံရှာဖွေလိုက်တော့သည်။

ဤလေဟာနယ်တွင် တစ်ချိန်က သားရဲမဟာဧကရာဇ် ရာပေါင်းများစွာ နေထိုင်ခဲ့သည် မဟုတ်ပါလား။ ၎င်းတို့ထဲမှ တချို့ ပင်လယ်ချောက်နက်ထဲမှ လွတ်မြောက်နိုင်ခဲ့သော်လည်း မထွက်ပြေးနိုင်ခဲ့သော တချို့လည်း သေချာပေါက် ရှိနေပေလိမ့်မည်။

တစ်နည်းအားဖြင့် ရှာဖွေတွေ့ရှိရန် စောင့်ဆိုင်းနေသော လေဟာနယ် ကြယ်သတ္တု အများအပြားသည် အပြင်ဘက်တွင် မျောပါနေကြဆဲပင် ဖြစ်သည်။

ဤလေဟာနယ်ကြယ်သတ္တုများကို သူ မုချပိုင်ဆိုင်ရပေလိမ့်မည်။

ဤသို့ဤနှယ် ရည်မှန်းချက်အသစ်တရပ် ချမှတ်ပြီးနောက် စုချန်း၏ နေ့စဉ်ဘဝသည် ပို၍ပင် ပျော်စရာကောင်းလာ၏။

နောက်ပိုင်းတွင် သူသည် သားရဲမဟာဧကရာဇ်ရုပ်တုများစွာကို ထပ်မံရှာတွေ့လိုက်ပြန်၏။ ၎င်းတို့ အားလုံးထဲတွင် လေဟာနယ်ကြယ်သတ္တုများ ပါဝင်နေလေရာ အဆိုပါသတ္တု မည်သို့ ဖြစ်ပေါ်လာသည်ဟူသော စုချန်း၏ သံသယများကို အတည်ပြုနိုင်ခဲ့၏။

နောက်ထပ် သားရဲမဟာဧကရာဇ်နှစ်ကောင်၏ လေဟာနယ်ကြယ်သတ္တုများကို ထပ်မံစုပ်ယူပြီးနောက် အလင်းမဲ့ဓားသည် သူ့အပြောင်းအလဲကို ထင်ထင်ရှားရှားကြီးပင် ပြသလာတော့သည်။ မူလက ရိုးရိုးရှင်းရှင်းပုံစံရှိသော အလင်းမဲ့ဓားသည် ယခုတွင်တော့ ထူးဆန်းသော အလင်းတမျိုးဖြင့် တောက်ပနေ၏။ ဖြတ်ခနဲကြည့်လိုက်ရုံနှင့် ဤဓားတွင် မှော်ဆန်ဆန်ပုံရိပ်ယောင်အနှစ်သာရများ ပါဝင်နေကြောင်း မြင်သာနေ၏။ သို့သော် ၎င်း၏ အနှစ်သာရကို သိမြင်ရန်ကား အလွန် ခက်ခဲပေလိမ့်မည်။

အလင်းမဲ့ဓား၏ အဆိုပါ ပုံရိပ်ယောင်ကိုယ်ထည်သည် လေဟာနယ် ကြယ်သတ္တုများကို လုံလောက်စွာ စုပ်ယူပြီးနောက် ထူးထူးခြားခြား ဖြစ်တည်လာပုံရ၏။ တနည်းအားဖြင့် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာအခြေအနေတွင် ရှိမနေတော့ပဲ ထိုအစား ၎င်းသည် လက်တွေ့ဘဝနှင့် စိတ်ကူးယဉ် အလွှာတခုကြားတွင် ရှေ့မှ နောက်သို့ အဆက်မပြတ် ရွေ့လျားနေသည်ဟု ထင်ရသည်။ ၎င်း၏ ရွေ့လျားမှုတိုင်းသည် မှုန်ဝါးနေပြီး ရှင်းလင်းပြတ်သားသောပုံစံမျိုးတွင် ရှိမနေတော့ချေ ။ စုချန်းသာ ဓားကို လေထဲသို့ ပစ်ပေါက်လိုက်ပါက ၎င်းသည် လေထဲတွင် ရိုးရိုးပျံသန်းမသွားတော့ပဲ သူ ပစ်ပေါက်လိုက်သော ဦးတည်ရာသို့ ပေါ်လိုက်ပျောက်လိုက်နှင့် ရွေ့လျားသွားပေလိမ့်မည်။

ဤသို့သော လေဟာနယ်ဆိုင်ရာ ရွေ့လျားမှု ဂုဏ်သတ္တိသည် ဓား၏ဦးတည်ရာကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သလောက် ခက်ခဲသွားစေလိမ့်မည်မှာ သေချာနေ၏။ ထို့အပြင် အာကင်နာနည်းစနစ်နှင့် လေဟာနယ်စွမ်းအင်များ ပေါင်းစပ်ထားခြင်းကြောင့်အလင်းမဲ့ဓားသည် မူလစွမ်းအင်ကိုပါ ဆန့်ကျင်ချေဖျက်နိုင်စွမ်း ရှိလာပေလိမ့်မည်။

နောက်ဆုံးတွင် စုချန်းက အဆိုပါလေဟာနယ်ဆိုင်ရာ တိုက်ခိုက်မှုကို လေဟာနယ်ဓားဟု အမည်ပေးလိုက်၏။ လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်မည့် ဤလေဟာနယ်ဓားသည် ရှောင်တိမ်းရန် မဖြစ်နိုင်သလောက်ပင်တည်း။

ထို့ကြောင့် အလင်းမဲ့ဓားသည် မူလကမ္ဘာ၏ အစွမ်းအထက်ဆုံးဓားများအနက် တလက်ဟု ဆိုရပေလိမ့်မည်။

အလင်းမဲ့ဓား သို့မဟုတ် နတ်ဘုရားအဆင့်မူလကိရိယာ။

ထိုမျှသာမကသေး ကျန်ရှိသော လေဟာနယ်ကြယ်သတ္တုများကိုလည်း စုချန်း အကျိုးရှိရှ်ိပင် အသုံးချခဲ့၏။

သူ့အနေနှင့် လေဟာနယ်အတွင်း အလွန် လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ရန် လိုအပ်နေသည် မဟုတ်ပါလား။

ထို့ကြောင့် စုချန်းက လက်ကျန်လေဟာနယ်ကြယ်သတ္တုများကိုသုံးပြီး လေဟာနယ် ဖိနပ်တရံ တည်ဆောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

အဆိုပါလေဟာနယ်ဖိနပ်များကို သားရဲ အရေပြား၊ ကောင်းကင် ပိုးထည်နှင့် လေဟာနယ် ကြယ်သတ္တုတို့ဖြင့် ပြုလုပ်ထား၏။ ကောင်းကင် ပိုးထည်မှာ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း ခရီးစဉ်အတွက် စုချန်း ယူဆောင်လာခဲ့သော ပစ္စည်း ဖြစ်သည်။ သားရဲ အရေပြားကိုတော့ လေဟာနယ် ပင်လယ်မြင်းထံမှပင် ဖြတ်ယူလိုက်၏။ မူလက လေဟာနယ် ပင်လယ်မြင်းသည် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိသော်လည်း စုချန်း သူနားလည်ထားသည့် လေဟာနယ်သဘာဝစွမ်းအားကို ပြသပြီး အကယ်၍ သူသာတိုက်ခိုက်လိုက်ပါက ကျွန်းကို မပျက်မစီးစေပဲ ထိန်းထားနိုင်မည်ဟု လိမ်ညာလှည့်ဖြားခဲ့၏။ ထိုအခါကျမှ လေဟာနယ် ပင်လယ်မြင်းလည်း စုချန်း၏ အမိန့်ကို နာခံတော့သည်။

သို့တိုင်အောင် ဖိနပ်ပြုလုပ်ရာတွင် အထစ်အငေါ့တခုကိုတော့ စုချန်း ကြုံခဲ့ရသေး၏။ ဤမူလကိရိယာတွင် ထူးခြားသော ဂုဏ်သတ္တိများ ထည့်သွင်းပေးရန် စုချန်းအနေနှင့် ဖိနပ်တွင် မူလပုံစံတခုကို ထည့်သွင်းပေးရပေလိမ့်မည်။ ပြသနာမှာကား မူလပုံစံတည်ဆောက်ခြင်းကို စုချန်း မကျွမ်းကျင်ခြင်းပင်။

ရက်ပေါင်းများစွာ စဉ်းစားပြီးနောက် စုချန်းတယောက် ထိုပြဿနာကို အရဲစွန့်ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့၏။

သူသည် မူလပုံစံကွက်ကို ထည့်သွင်းတော့မည် မဟုတ်။

သဘာဝစွမ်းအားကိုသာ ပေါင်းစပ်ပုံဖော်ပေတော့မည်။

သူ၏ လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအား နားလည်မှုအတိုင်းအတာအရ သူသာ ၎င်းကို ကိရိယာတခုပေါ် ပုံဖော်နိုင်ပါက မူလပုံစံကွက်ထက်ပင် သာကောင်းသာသွားနိုင်သေး၏။

ဤစမ်းသပ်မှုကလည်း သဘာဝစွမ်းအားကို ပစ္စည်းတခု၏အဓိက အစိတ်အပိုင်းအဖြစ် အသုံးပြုမည့် ပထမဆုံး စမ်းသပ်မှုပင် ဖြစ်ဖွယ်ရာရှိနေသည်။

စုချန်းအနေနှင့် ရလဒ် မည်သို့ ဖြစ်လာမည်ကို မသိနိုင်။ သို့သော် လေဟာနယ် ကြယ်သတ္တုများနှင့် သားရဲ အရေပြား အများအပြား ရှိနေလေရာ ကြိုးစားကြည့်သင့်သည်ဟု သူ ဆုံးဖြတ်လိုက်သည်။

ဤသို့နှင့် စုချန်းသည် သဘာဝစွမ်းအားကို ဖိနပ်များအတွင်းသို့ စတင်ထည့်သွင်းလို​က်၏။

ဤလုပ်ရပ်မှာ မူလပုံစံကွက်တခု ရေးဆွဲသည်နှင့် များစွာ ကွဲပြားလှသည်။

မူလပုံစံများဟူသည် စည်းမျဉ်းများ ၊သတ်မှတ်ချက်များဖြင့် လည်ပတ်ရန် ဒီဇိုင်းထုတ်ထား၏။ မူလပုံစံများကို ထည့်သွင်းပြီးသည်နှင့် ကြိုတင်သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီသော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ပေးပေလိမ့်မည်။

တစ်ဖက်တွင်မူကား သဘာဝစွမ်းအားသည် ကမ္ဘာကြီး၏ လည်ပတ်မှုကို အုပ်ချုပ်သည့် နိယာမများနှင့် သက်ဆိုင်နေ၏။ ၎င်းသည် အရာအားလုံး၏ မူလဘူတ ဇစ်မြစ်ပင် ဖြစ်သည်။ ထို့ကြောင့် သီအိုရီအရပြောရလျင် ဤဖိနပ်၏ ဖြစ်န်ိင်ချေမှာ အဆုံးမရှိချေ။

ဖိနပ်များ ပြီးမြောက်ရန် သဲနာရီ သုံးနာရီ ကြာမြင့်သွား၏။

နောက်ဆုံးကျန်ရှိသည့် လေဟာနယ်ဆိုင်ရာသဘာဝစွမ်းအားကို ထည့်သွင်းပြီးနောက် စုချန်းသည် ၎င်းတို့ကို လေထဲသို့ မြှောက်လိုက်၏။ ဖိနပ်များသည် သူ့လက်ထဲတွင် ပုံပြောင်းနေပုံရပြီး နက်နဲဆန်းကြယ်သောအလင်းရောင်များ ထွက်ပေါ်နေ၏။

ထို့နောက်တွင်တော့ ဖိနပ်များပေါ်ရှိ သဘာဝစွမ်းအားသည် အသက်ဝင်လာပြီး ၎င်း၏ကိုယ်ပိုင်ဆန္ဒအတိုင ဖိနပ်များကို သီးသန့်ပုံစံတခုအဖြစ်အဖြစ်သို့ ပုံဖော်နေ​တော့သည်။

ထိုအခါ စုချန်းလည်း ဖိနပ်များပေါ်ရှိ သဘာဝစွမ်းအားကို ကန့်သတ်ထားခြင်းမရှိပဲ လွတ်လပ်ခွင့် ပေးထားလိုက်၏။

မျက်စေ့တမှိတ်အတွင်းမှာပင် ဖိနပ်များပေါ်တွင် စာသားများ အလိုအလျောက် ပေါ်ပေါက်လာ၏။ ဤကား မူလပုံစံကွက်ပင် ဖြစ်သည်။ သို့သော် ဤပုံစံကို ထွင်းထုခဲ့သူမှာ စုချန်း မဟုတ်။ သဘာဝစွမ်းအား၏ကိုယ်ပိုင်ဖန်တီးမှုကြောင့် ပုံသဏ္ဌာန် ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။

ကောင်းကင်နှင့် မဟာပထဝီမြေထုကြီး၏ နိယာမများက ဤဖိနပ်များပေါ်ရှိ မူလပုံစံ ဖွဲ့စည်းခြင်းကို လမ်းညွှန်ခဲ့ခြင်းပေတည်း။

ဤဖိနပ်များကို အခြေခံအားဖြင့် ကောင်းကင်ဘုံမှ ဖန်တီးထားခြင်းဟု ဆိုနိုင်သည်။ စုချန်းကား သမိုင်းတွင်လောက်မည့် တီထွင်မှုတရပ်ကို ဖော်ထုတ်နိုင်ခဲ့လေပြီ။

ဖိနပ်များပေါ်ရှိ မူလပုံစံကွက်၏ စာသားများသည် တစ်စုံတစ်ဦးက စုတ်တံကိုင်ကာ ရေးဆွဲနေသကဲ့သို့ အလွန် နှေးကွေးစွာ ပေါ်ပေါက်လာနေ၏။ အဆုံးသတ်နားရောက်လေလေ စာသားများသည် ဆီအိုင်ထဲမှ စုတ်တံကို ဆွဲယူနေသည့်နှယ် အလွန် နှေးကွေးစွာ ပေါ်ပေါက်လာနေသည်။

စာသားများ ပို၍ နှေးကွေးစွာ ပေါ်လာလေလေ ဤဖိနပ်များတွင် ထူးခြားသော စွမ်းအားများ ကိန်းဝပ်နေကြောင်း ပို၍ ထင်ရှားလေလေပင် ဖြစ်သည်။ စုချန်းပင်လျှင် ဖိနပ်များမှ ထွက်ပေါ်လာသော အငွေ့အသက်များကို ကြောက်ရွံ့တုန်လှုပ်လာ၏။

ဒါ ဘာလဲ...

သူ မသိချေ...

သို့သော် သူ ဘာမှမတတ်နိုင်တော့။ စောင့်ကြည့်ရုံသာ ရှိတော့၏။

နောက်ဆုံးတွင် အရာအားလုံး ငြိမ်သက်သွား၏။ အလင်းများအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ ဖိနပ်များ၏ ပုံစံမှာလည်း တည်ငြိမ်သွားခဲ့လေပြီ။

သို့သော် တစုံတရာ ထူးခြား​သောခံစားချက်တမျိုးကို စုချန် ခံစားမိနေ၏။

ထ်ိုခံစားချက်မှာ အန္တရာယ်မကင်းသော ခံစားချက်ဖြစ်သည်။

စုချန်း ချက်ချင်းဆိုသလို ရုပ်သေးများကို ထုတ်ဖော်လို​က်၏။ ဤလုပ်ရပ်ကြောင့် လေဟာနယ် ပင်လယ်မြင်း ဒေါသထွက်သွားဟန် ပေါ်လာသည်။ ဒိုင်အိုမီဒီးစ်ပင်လျှင် စုချန်၏ လုပ်ရပ်ကိုကြည့်ရင်း ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။

ထို့နောက် ဒိုင်အိုမီဒီးစ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။

“ငါတို့ ပတ်ပတ်လည်မှာ ဘာမှမရှိဘူးဆိုတာ သိပ်ကိုသေချာပါတယ်ကွာ"

သို့သော် စုချန်းက ချက်ချင်းဆိုသလိုပင် လေထဲသို့ ခုန်တက်လိုက်၏။

"ဝှီး"

ပြင်းထန်သော လေဟာနယ် အားလှိုင်းတခု သူ့ဘေးမှ လျင်မြန်စွာ ဖြတ်ကျော်သွား၏။ လေဟာနယ်ဆိုင်ရာသဘာဝစွမ်းအားကို နားလည်ထားသူသာလျှင် ထိုတိုက်ခိုက်မှု မည်မျှ ကြောက်စရာကောင်းကြောင်း သိမြင်နိုင်ပေလိမ့်မည်။

ထိုအခါ စုချန်းက ကိုယ်ကိုတပတ် လှည့်လိုက်ပြီး တိုက်ခိုက်မှု လာရာကို ဓားနှင့်လှမ်းခုတ်လိုက်၏။ သို့သော်မည်သည့် တုံ့ပြန်မှု မရှိချေ။

ပတ်ဝန်းကျင်သည် ကြည့်လိုက်တိုင်း ဟာလာဟင်းလင်းဖြစ်နေပြီး မည်သည့်တိုက်ခိုက်မှုမှ မရှိခဲ့သည်နှင့်ပင် တူနေသေးသည်။

“ဘာဖြစ်နေတာလဲ ဘယ်သူ ငါတို့ကို တိုက်ခိုက်နေတာလဲ”

ဒိုင်အိုမီဒီးစ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

“ငါတို့ သုံးယောက်ကလွဲပြီး တခြားဘယ်သူမှလဲ မတွေ့ရပါလား”

စုချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ရေရွတ်လိုက်၏။

“ကျုပ်တို့ကို တိုက်ခိုက်တဲ့သူ ဒီအနီးအနား​က မဟုတ်ဘူး"

ပြောပြောဆိုဆို သူက ရှေ့တည့်တည့်ကို ဓားနှင့် ထိုးချလိုက်၏။ အဆိုပါဓားချက်သည် လေထုကိုသာ ထိုးဖောက်သွားပုံရသော်လည်း ဓားမှထွက်လာသော သက်တံရောင် အလင်းတန်းများက အရပ်ရှစ်မျက်နှာသို့တိုင် ပျံ့လွင့်သွား၏။

တချိန်တည်းမှာပင် သက်တံ့ရောင် အလင်းများကြားတွင် မီးခိုးရောင် ပုံရိပ်တခုကို သူတို့ မြင်လိုက်ရသည်။ အဆိုပါပါပုံရိပ်သည် လူသားတယောက်နှင့် ခပ်ဆင်ဆင် တူနေ၏။

ထိုအရိပ်ကား စုချန်းဆီသို့ ဦးတည်မျောပါလာခဲ့ချေပြီတည်း။

All Chapters